
ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ်
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို
စတင်စမ်းသပ် ပို့လွှတ်နေပြီဖြစ်ကြောင်း CNPC မှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။"သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ သဘာဝဓာတ်ငွေ့တွေကို ဇူလိုင် ၁၅ ရက်ကစပြီး
စတင်စမ်းသပ် ပို့လွှတ်နေ ပါပြီ" ဟု CNPC မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူသဘာဝဓာတ်ငွေ့
စခန်းမှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်သော ကိရိယာ (ဗား) ကို
ပြီးခဲ့သည့် တနင်္လာနေ့က ဖွင့်လှစ်ခဲ့ကြောင်း တရုတ် အစိုးရပိုင် CNPC က
၎င်း၏၀က်ဘ်ဆိုက် တွင် ဖော်ပြထားချက်အရ သိရသည်။
အရှည် ၇၉၃ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့
ပိုက်လိုင်း သည် ကျောက်ဖြူမှစတင်၍ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊
မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို
ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံတွင်းသို့
ဝင်ရောက်မည်ဖြစ်ကြောင်း၊ အဆိုပါ ပိုက်လိုင်းဖြင့် ကနဦး ကာလပိုင်းတွင်
တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅ ဒသမ ၂ ဘီလျံ
ပို့ဆောင်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့
ကုဗမီတာ ၁၂ ဘီလျံ ပို့ဆောင်နိုင်မည်ဖြစ်ကာ Process Station ခြောက်ခု
တည်ဆောက်ထားမည် ဖြစ်ကြောင်းလည်း CNPC မှ ထုတ်ပြန်ချက်များအရ သိရ သည်။
လက်ရှိတွင် ပင်မဓာတ်ငွေ့ သန့်စင်စက်ရုံမှ ဓာတ်ငွေ့များကို မဒေးကျွန်း
(Verb Station) သို့ ဇူလိုင် ၁၅ ရက်က ပို့လွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းမှတစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ သို့
တင်ပို့သွားမည်ဖြစ်ကြောင်း Punj Lloyd အိန္ဒိယကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက
ပြော ကြားသည်။
From...EMG
No comments:
Post a Comment