ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
▼
Wednesday, September 18, 2013
သံဘုံးတီးပြီး ရခိုင်ပြည်မှ နှင်ထုတ်သင့်သော သူတစ်ဦး
စစ်တွေ ၊ ၀၉ စက်တင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]
ရခိုင်နှစ်ပါတီ ပေါင်းစည်းရေးကို ပုတ်ခတ်ရေးသားသူ ALD ပါတီဝင် ဦးမောင်မောင်စော အား အသစ်ပေါင်းစပ်ဖွဲ့စည်းမည့် ရခိုင်အမျိုးသားပါတီ (ANP) တွင် ALD ဘက်ခြမ်းမှ ဦးဆောင်ပါဝင်မည့်သူ ဆယ့်ငါးဦး စာရင်းတွင် ထည့်သွင်းပေးပို့ထားသည့်ကိစ္စမှာ ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ၏ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး အကြိတ်အနယ် ဆွေးနွေးခဲ့ရသည့် အကြောင်းအရာတစ်ရပ်ဖြစ်ကြောင်း RNDP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Coral Arakan News အား ပြောကြားသည်။
ဦးမောင်မောင်စောသည် ၄င်း၏ ဖေ့စ်ဘွတ် timeline ပေါ်တွင် ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့က
“ALD နန့် RNDP ပေါင်းဖို့စွာက
မအံ့မရာ
မဟုတ်က ဟုတ်က
မဆီမဆိုင်
ခုနှစ်ရီမှာ တစ်ရီမစပ်
လူပျက်ဆွမ်းတင်ပါတီ နန့်ရာ တစ်ခု
ရခိုင်ပြည် နန့် ရခိုင်လူမျိုး
သိက္ခာကျဖို့ ကိစ္စကိုတချ မပျင်ကတ်ပါကေ့” ဟူသော ရေးသားချက်အား ပို့စ်တင်ခဲ့ရာ ယနေ့အထိ ပြန်လည်ဖြုတ်ချဖြင်းမရှိပဲ နဂိုအတိုင်း တင်ထားလျက်ရှိနေဆဲဖြစ်သည်။
ထိုကဲ့သို့တစ်ဘက် RNDPပါတီကိုပုတ်ခတ်ခြင်း တစ်ဘက်ပါတီနှင့် ပေါင်းစည်းရေးကို ပုတ်ခတ်ခြင်းတို့အား လောလောလတ်လတ် ပြုမူလုပ်ဆောင်ခဲ့သူ ဦးမောင်မောင်စောကို နှစ်ဘက်ပါတီများ ပေါင်းစည်းတည်ထောင်ရာတွင် ပါဝင်ရမည့် ALD ဘက်မှ ဆယ့်ငါးယောက်စာရင်းတွင် ထည့်သွင်းပြီး RNDP ပါတီထံသို့ သြဂုတ်လ (၂၅) ရက်နေ့က ALD က စာရင်းပေးပို့ခဲ့သည်။
ALD ဘက်ခြမ်း ဦးဆောင် (၁၅) ဦးတွင် ပါဝင်လာပြီးဖြစ်သော်လည်း ဦးမောင်မောင်စော ၏ အဆိုပါရေးသားချက်ကို ပြန်လည်ဖြုတ်ချခြင်းမရှိသေးဘဲ ရှိနေသေးရာ ဦးမောင်မောင်စောအနေဖြင့် RNDP ပါတီအား “ခုနစ်ရီမှာ တစ်ရီမစပ် လူပျက်ဆွမ်းတင်ပါတီ” အဖြစ် သဘောထားမှာ မပြောင်းမလဲဘဲ ရှိနေသေးသည် ဆိုသည့် သဘောရှိနေသေးရာ ဦးမောင်မောင်စောမှာ ပေါင်းစည်းရေး၏ အဖုအထစ် ခလုတ်ကန်သင်းပမာ ဖြစ်နေသေးသည့်အခြေအနေပင် ဖြစ်ကြောင်း သုံးသပ်သူများက ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၇)ရက် နှင့် (၈)ရက် နေ့တို့တွင် ကျင်းပခဲ့သော RNDP ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးတွင် ALD နှင့် ပေါင်းစည်းရေးကိစ္စများကို အဓိက ဆွေးနွေးခဲ့ကြပြီး အသစ်ပေါင်းစပ်ဖွဲ့စည်းမည့် ရခိုင်အမျိုးသားပါတီတွင် RNDP ဘက်မှ CEC အဖြစ်ပါဝင်လာကြမည့် သူ ဆယ့်ငါးဦးကို ရွေးချယ်ခဲ့ကြသည်။
အဆိုပါ ဆယ့်ငါးဦးစာရင်းကို RNDP က ALD ပါတီသို့ စက်တင်ဘာလ (၁၃) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်သည်။ ထိုစာရင်းကို RNDP မှ ထုတ်ပြန်ကြေငြာခြင်း မရှိသေးသော်လည်း ပါတီမှ အဓိက ဦးဆောင်လှုပ်ရှားသူများဖြစ်သည့် ဒေါက်တာအေးမောင်၊ ဦးဦးလှစော နှင့် ဦးခိုင်ပြည်စိုး တို့ပါဝင်ကြသည် ဟု RNDP ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ရခိုင်နှစ်ပါတီတို့ မှ တစ်ဘက်ဆယ့်ငါးဦးစီမျက်နှာချင်းဆိုင် ထိုင်ပြီး ဆွေးနွေးကြရတော့မည့် အဆင့်များ မကြာမီ ရောက်လာတော့မည်ဖြစ်ရာ ဦးမောင်မောင်စော နှင့် RNDP ဘက်မှ ဆယ့်ငါးဦးတို့ မျက်နှာချင်းဆိုင် စကားပြောရေးမှာ အခက်အခဲ အဖုအထစ်များရှိလာနိုင်သည် ဟု ၄င်းက သုံးသပ်ပြောကြားသည်။
ပေါင်းစည်းရေးဖြစ်စဉ်ကို အနှောင့်အယှက်မဖြစ်စေလိုသည့်အတွက် ဦးမောင်မောင်စောအား (၁၅) ဦးစာရင်းမှ ထုတ်ပယ်ပေးရန် RNDP ဘက်မှ မတောင်းဆိုသေးသော်လည်း၊ ပေါင်းစည်းရေးအတွက် သဘောရိုးဖြင့် လုပ်ဆောင်နေကြောင်း ALD ဘက်မှ ပြသနိုင်ရန်အလို့ငှာ ဦးမောင်မောင်စော နှင့် ALD အနေဖြင့် အောက်ပါလုပ်ရပ်များထဲမှ တစ်ခုခုကို ပြုလုပ်ပြသင့်သည် ဟု စစ်တွေမြို့မိမြို့ဖတစ်ဦးက Coral Arakan News အားပြောကြားသည်။
(တစ်) ယခင်အတိုင်း ပေါင်းစည်းရေးကို မလိုလားသည့် သဘောထား၊ RNDP ပါတီကို ပုတ်ခတ်စော်ကားလိုသည့် သဘောထား ရှိနေသေးသည် ဆိုပါက ဦးမောင်မောင်စောအနေဖြင့် သတ္တိရှိရှိ ယောင်္ကျားပီသစွာ ဆယ့်ငါးဦးစာရင်းမှ နှုတ်ထွက်ပေးခြင်း၊ (သို့မဟုတ်) ALD ပါတီမှ နှုတ်ထွက်ပေးခြင်း။
(နှစ်) ထိုသို့မဟုတ်ပါကလည်း၊ ALD ပါတီအနေဖြင့် ဦးမောင်မောင်စောအား ဆယ့်ငါးဦးစာရင်းမှ ဖယ်ရှားခြင်း၊ (သို့မဟုတ်) ALD ပါတီမှ ထုတ်ပယ်ခြင်း။
(သုံး) ထိုသို့မဟုတ်ပါကလည်း၊ ဦးမောင်မောင်စောအနေဖြင့် အဆိုပါစော်ကားရေးသားချက်အား ၄င်း၏ ဖေ့ဘွတ် wall ပေါ်မှ ဖယ်ရှားပြီး ၄င်း၏ အပြုအမှုအတွက် RNDP နှင့် ရခိုင်ပြည်သူတို့အား တောင်းပန်ခြင်း၊ မိမိသည် ပေါင်းစည်းရေးကို လိုလားသည့် သဘောထားအား ပြောင်းလဲခံယူလိုက်ကြောင်း ထုတ်ပြန်ကြေငြာခြင်း၊ တစ်ဘက်မှ RNDP ဆယ့်ငါးဦး နှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြပြောဆိုခြင်း။
၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံကာ ရွေးကောက်ပွဲဝင်သော ရခိုင် RNDP ပါတီသည် ခွေးအံဖတ်ထံမှ အသားစများကို ကောက်စားသည့် အပြုအမူကို ပြုမူနေခြင်းသာဖြစ်ကြောင်း အစရှိသည့်စကားများကို ဦးမောင်မောင်စောသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလက စစ်တွေမြို့ မြရိပ်ညို လက်ဖက်ရည်ဝိုင်းများတွင် ပြောဆိုနေခဲ့ကြောင်း အဆိုပါ မြို့မိမြို့ဖကပင် Coral Arakan News အား ပြောကြားသည်။
ပေါင်းစည်းရေးအတွက် ကနဦးဆွေးနွေးပွဲများတွင် ALD ဘက်မှ ဦးဦးလှမြင့်က ALD ပါတီမှ ပေါင်းစည်းရေးကို မလိုလားသော ပါတီဝင်များအား ပါတီမှ ထုတ်ကာ ပေါင်းစည်းရေးကို ဆက်လက်လုပ်ဆောင်သွားမည် ဟု RNDP ကိုယ်စားလှယ်များအား အာမခံပြောကြားခဲ့သည် ဟု ဆိုသည်။
( Coral Arakan News )
===================================
ဦးမောင်မောင်စော ရေးသားထားသော ပို့စ် လင့်-
https://www.facebook.com/ko.maungmaungsaw/posts/3117331470190
https://www.facebook.com/photo.php?fbid=653639707988940&set=a.537044512981794.123895.536963452989900&type=1&theater ကူးယူသည်
No comments:
Post a Comment