ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Tuesday, December 24, 2013

လက်နက်ကိုင်လှုပ်ရှားနေဆဲဖြစ်သောတိုင်း ရင်း သား အဖွဲ့ အစည်း များ

၁။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နှင့် ဖွဲ့စည်းခဲ့သော UNFC ၏ ဌာနချုပ်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှိပါသည်။ ၂၀၁၁ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ တပ်ပေါင်းစု ဖြစ်ပါသည်။ UNFC တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU) နှင့် “၀” အမျိုးသားအဖွဲ့ချုပ် (WNO) တို့ ပါဝင်ကြပါသည်။


၂။ “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲတွင် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်းတွင် ဌာနချုပ်ရှိပြီး ပန်ဆန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်းနှင့် ဟိုပန်ဒေသများတွင် လှုပ်ရှားပါသည်။ ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ခေါင်းဆောင်မှာ ပေါက်ယူချန်း ဖြစ်ပါသည်။ ခန့်မှန်းအင်အား ၃၅၀၀၀ ကျော် ရှိပါသည်။

၃။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)
၁၉၆၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဌာနချုပ်မှာ ကချင်ပြည်နယ်၊ လိုင်ဇာတွင် ရှိပါသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် အဓိကလှုပ်ရှားပြီး ခန့်မှန်းအင်အား ၁၀၀၀၀ ကျော်ခန့် ရှိပါသည်။ KIO ၏ ဥက္ကဋ္ဌမှာ ဦးဇောင်းဟရားဖြစ်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ဂမ်ရှောင် ဖြစ်ပါသည်။

၎။ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)
ရှမ်းပြည်တောင်ပိုင်း တပ်မတော်ဖြစ်သည် RCSS/SSA ကို ၁၉၆၄ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လွယ်တိုင်းလျန်ဒေသတွင် ဌာနချုပ်ရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊ မောက်မယ်၊ မိုင်းကောင်း၊ နမ့်ဆမ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ခမ်းဒေသများတွင် လှုပ်ရှားသည်။ ခန့်မှန်းအင်အား ၆၀၀၀ ကျော်ခန့်ရှိပြီး ခေါင်းဆောင်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်ဖြစ်ပါသည်။

၅။ ကရင်အမျိုးသား အစည်းအရုံး (KNU)
၁၉၄၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး သံတောင်၊ ညောင်လေးပင်၊ လှိုင်းဘွဲ့၊ ဘားအံ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံနှင့် တနင်္သာရီ မြောက်ပိုင်းဒေသများတွင် လှုပ်ရှားပါသည်။ ရွှေ့ပြောင်းဌာနချုပ်ဖြင့် ရပ်တည်လျက်ရှိပြီး အင်အား ၅၀၀၀ ကျော်ခန့်ရှိကာ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက ဦးဆောင်ပါသည်။

၆။ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)
ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ဖြစ်သည့် SSPP/SSA ကို ၁၉၆၄ ခုနှစ်နှင့် ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၀မ်ဟိုင်းတွင် ဌာနချုပ်ရှိပြီး နမ့်ခမ်း၊ ခိုလန်၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရှူး၊ တန့်ယန်း၊ မုန်းယိုင်၊ ကျေးသီး၊ လားရှိုးမြို့နယ်များတွင် လှုပ်ရှားပါသည်။ အင်အား ၄၀၀၀ ကျော်ခန့်ရှိပြီး ခေါင်းဆောင်မှာ ဗိုလ်ချုပ်ပန်ဖနှင့် ဗိုလ်ချုပ်ဆေထင်တို့ ဖြစ်ပါသည်။

၇။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် သို့မဟုတ် ကလို့ထူးဘောအဖွဲ့ (DKBA)
၂၀၁၀ ပြည့်နှစ်အတွင်းက တည်ထောင်ခဲ့ပြီး ဌာနချုပ်မှာ ကရင်ပြည်နယ်၊ မြ၀တီမြို့၊ ဆုံဆည်းမြိုင်ဒေသတွင် ရှိပါသည်။ ဘုရားသုံးဆူ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး မြို့နယ်နှင့် မာနယ်ပလော ဒေသများတွင် လှုပ်ရှားကာ အင်အား ၁၅၀၀ ကျော်ခန့် ရှိပါသည်။ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်စောလားပွယ် ဖြစ်ပါသည်။

၈။ မွန်ပြည်သစ်ပါတီ (NMSP)
၁၉၅၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မွန်ပြည်နယ် ရေးချောင်းဖျားတွင် ဌာနချုပ် ရှိပါသည်။ အင်အား ၈၀၀ ကျော်နှင့် အရန်အင်အား ၂၀၀၀ ကျော်ရှိပြီး ဦးဆောင်သူမှာ နိုင်ထောမွန် ဖြစ်ပါသည်။ သထုံ၊ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ရေဖြူ၊ ဘုရားသုံးဆူ၊ မြိတ်-ထားဝယ်၊ ကျိုက်မရော မြို့နယ်များတွင် လှုပ်ရှားပါသည်။

၉။ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA/ESS)
မိုင်းလားအဖွဲ့ဖြစ်သည့် NDAA/ESS သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မုန်းလားဒေသတွင် ဌာနချုပ်ရှိပြီး ခန့်မှန်းအင်အား ၃၀၀၀ ကျော် ရှိပါသည်။ ၁၉၈၉ ခုနှစ်က တည်ထောင်ခဲ့သော NDAA ကို လက်ရှိအချိန်တွင် ဦးစိုင်းလင်းက ဦးဆောင်နေပါသည်။

၁၀။ ချင်းအမျိုးသားတပ်ဦး (CNA)
၁၉၈၈ ခုနှစ်က တည်ထောင်ခဲ့ပြီး အင်အား ၂၀၀ ကျော်ခန့် ရှိပါသည်။ ချင်းပြည်နယ် ထန်တလန်မြို့တွင် ဌာနချုပ်ရှိပြီး ထန်တလန်မြို့နယ်နှင့် အနီးတစ်ဝိုက်တွင် လှုပ်ရှားပါသည်။ ခေါင်းဆောင်မှာ ပူးဇင်ကျုံးနှင့် ဒေါက်တာရွှေခါးတို့ ဖြစ်ပါသည်။

၁၁။ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)
၁၉၅၇ ခုနှစ်က တည်ထောင်ခဲ့ပြီး ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ဌာနချုပ် ရှိပါသည်။ လွိုင်ကော်၊ ရှားတော၊ ဖရူးဆိုးမြို့နယ်နှင့် ဒီမောဆိုးမြို့နယ်များတွင် လှုပ်ရှားကာ ခန့်မှန်းအင်အား ၆၀၀ ကျော်ခန့် ရှိပါသည်။ ခေါင်းဆောင်မှာ ပါတီဒုတိယဥက္ကဋ္ဌ အေဘယ်တွိဒ် ဖြစ်ပါသည်။

၁၂။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ
၂၀၀၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုးကော့ထိုးတွင် ဌာနချုပ် ရှိပါသည်။ ဗိုလ်ချုပ်ထိန်မောင်က ဦးဆောင်ပြီး အင်အား ၂၀၀ ကျော်ခန့် ရှိပါသည်။ ထိုးကော့ထိုးကျေးရွာ၊ ကော့ကရိတ်မြို့နယ်၊ မဲလထကျေးရွာနှင့် လှိုင်းဘွဲ့မြို့နယ်များတွင် လှုပ်ရှားပါသည်။

၁၃။ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)
၁၉၈၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်း လဟယ်၊ လေရှီး၊ ခန္တီး၊ နန်းယွန်း ဒေသများတွင် လှုပ်ရှားပါသည်။ ခန့်မှန်းအင်အား ၅၀၀ အောက်တွင်ရှိပြီး ခေါင်းဆောင်မှာ အက်စ်အက်စ်ကပ်ပလန် ဖြစ်ပါသည်။

၁၄။ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့
၁၉၄၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုမိန်းဒေသတွင် ဌာနချုပ် ဖွင့်ထားသည်။ ရှမ်းပြည်နယ် ဆီဆိုင်၊ ဟိုပုန်းနှင့် မောက်မယ်ဒေသများတွင် အဓိက လှုပ်ရှားပါသည်။ အင်အား ၂၀၀ ကျော်ခန့်ရှိပြီး ခေါင်းဆောင်မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဖြစ်ပါသည်။

၁၅။ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)
၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်လမ်၊ လားရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ မန်ဆန်၊ မန်းပန်ဒေသများတွင် လှုပ်ရှားပါသည်။ ခန့်မှန်းအင်အား ၁၀၀၀ ကျော်ခန့်ရှိပြီး ခေါင်းဆောင်မှာ တာအိုက်ဖုန်း ဖြစ်ပါသည်။

၁၆။ ရခိုင်တပ်မတော် (AA)
၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယာယီဌာနချုပ်မှာ KIO ထိန်းချုပ်နယ်မြေအတွင်း ရှိပါသည်။ ခန့်မှန်းအင်အား ၅၀၀ ကျော်ခန့်ရှိပြီး ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်က စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူပါသည်။

၁၇။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)
၁၉၈၈ ခုနှစ်က တည်ထောင်ခဲ့ပြီး KIO ထိန်းချုပ်နယ်မြေနှင့် KNU ထိန်းချုပ်နယ်မြေများတွင် ဌာနချုပ်များ ရှိပါသည်။ ဥက္ကဋ္ဌမှာ ဦးသံခဲဖြစ်ပြီး ခန့်မှန်းအင်အား ၆၀၀ ခန့် ကျန်ရှိပါသည်။

၁၈။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALA)
၁၉၆၈ ခုနှစ်က တည်ထောင်ခဲ့ပြီး ၁၉၇၃ ခုနှစ်နှင့် ၁၉၈၁ ခုနှစ်များတွင် ပြန်လည်တည်ထောင်ပါသည်။ ခန့်မှန်းအင်အား ၁၀၀ ၀န်းကျင်ခန့်နှင့် ပါတီဝင်၂၀၀၀ ကျော် ရှိပါသည်။ အဖွဲ့ခေါင်းဆောင်မှာ ဦးခိုင်ရဲခိုင်ဖြစ်ပြီး ပါတီလက်အောက်ခံ ရခိုင်လွတ်မြောက်ရေး တပ်မတော် (ALA) သည် အိန္ဒိယ-မြန်မာ နယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်တို့တွင် လှုပ်ရှားလျက် ရှိပါသည်။

၁၉။ ရခိုင်ပြည်တပ်မတော်
၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး DKBA ထိန်းချုပ်နယ်မြေအတွင်း ဌာနချုပ်ဖွင့်ကာ အင်အား ၁၀၀ ခန့်ဖြင့် ကရင်ပြည်နယ်အတွင်း လှုပ်ရှားလျက် ရှိပါသည်။ ခေါင်းဆောင်မှာ ဗိုလ်မှူးမိုးဟိန်း ဖြစ်သည်။

ကိုးကား – မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၃ အစီအရင်ခံစာ

No comments:

Post a Comment