ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Sunday, March 2, 2014

ANPအတွက် ကျောခင်းပေးထားတယ်


==========================
Arakan National Party ၏အတိုကောက် (ANP)ပါတီတွင် ၂၀၁၅အတွက် အမတ်လောင်းရွေးချယ်မှုများအား များမကြာမှီကာလ၌ ပြုလုပ်လာကြပေတော့မည်။ANPသည် RNDPနှင့် ALDကိုပေါင်းစည်းထားခြင်းဖြစ်သည်။ လျင်မြန်ချောမွေ့စွာ ပေါင်းစည်းပြလိုက်နှိင်သော်လည်း လောကီလူသားများပေမို့ အဖုအထစ်တော့ အနည်းငယ်စီရှိကြပေလိမ့်မည်။

ပေါင်းစည်းနှိင်ခြင်း၏ အဓိကသော့ချက်မှာလည်း မဲဆန္ဒရှင် ရခိုင်ပြည်သူ/သားများ၏ `တွန်းအားကြောင့်´ဟုဆိုက မှားအံ့မထင်ပါ။ဤအချက်ကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်သူ/သားများသည် မိမိ၏အဓိက သက်မွေးဝမ်းကျောင်းမှာ မည်သည့်အလုပ်ပင်ဖြစ်နေပါစေ နှိင်ငံရေးအမြင်၌မျက်ခြေမပြတ်ပဲ အမြဲစောင့်ကြည့်နေကြသည်မှာ ပေါ်လွင်နေပါသည်။ထို့ကြောင့်လည်း အလုပ်ကြမ်းသမားမှစ၍ သူဌေး/သူကြွယ်အထိ မည်သူ့ကိုပင်မေးမေး…ရခိုင်ပြည်တွင် ပါတီတစ်ခုသာဖြစ်ရမည်ဟုသာ လူ၁၀၀တွင် ၉၅ယောက်ခန့်(လျှော့ရေးထားတာ)က ပြောဆိုကြခြင်းဖြစ်သည်။



ယခုလက်ရှိအချိန်အခါ၌မူကား ANPပါတီသည် မည်သည့်နေရာ၌ ရုံးစိုက်မည်၊မည်သူက အမတ်အရွေးခံမည်၊ပါတီ၏မူဝါဒက မည်သို့ရှိမည်ကို ဘယ်ရခိုင်မှ သေချာမသိသေးဘဲနှင့်ပင် ၂၀၁၅ရွေးကောက်ပွဲမှာ ANPကိုသာ မဲပေးရမည်ဟု ရခိုင်လူထုတွေ ဖြစ်နေကြလေပြီ။

ဤမျှ မိမိတို့ပြည်နယ်၊လူမျိုးအတွက် တက်ကြွစည်းလုံးနေကြသည့် မဲဆန္ဒရှင် ရခိုင်ပြည်သူ/သားများအတွက် ANPပါတီမှ အထူးတလည် ဂရုစိုက်ပြီး `ပြန်လည်ပေးဆပ်ရမည့်´ အရာတစ်ခုရှိပါသည်။၎င်းမှာANPပါတီမှ ရွေးချယ်ခံမည့် `အမတ်များ´ ဖြစ်ပါသည်။

ရွေးချယ်ခံမည့်အမတ်များကို အားမနာတမ်း ရွေးချယ်ရပါမည်။RNDPထက်ဝက်၊ALDထက်ဝက်ဟု ခွဲတမ်းချ၍မဖြစ်ပါ။ယခင်RNDPမှလူ၊ ယခင်ALDမှလူဟု ခွဲခြားမြင်နေ၍မရပါ။လူတော်/ကောင်းများကိုသာ အရွေးခံခွင့်ပြုရပါမည်။

လွှတ်တော်အသီးသီးသို့ တက်ရောက်နှိင်ရန် ရွေးချယ်ခံကြမည့် ANPပါတီ၏ `အမတ်လောင်း´များသည် အမှန်တကယ်………

*နှိင်ငံရေးပရိယာယ် ကျွမ်းကျင်သူ

*နှိင်ငံရေးလုပ်လိုသူ

*နှိင်ငံရေးလုပ်ရန်လည်း အချိန်ပေးနှိင်သူ

*စစ်ဝတ်စုံကို မကြောက်သူ

*အမျိုးသားရေးကို ရှေ့တန်းတင်လုပ်ကိုင်ရဲသူ

*ရာထူးဂုဏ်ရှိန်ရရှိလာမူကြောင့် အောက်ခြေမလွတ်နှိင်သူ

*လာဘ်လာဘကြောင့် စာရိတ္တယိုင်လဲမသွားနှိင်သူ………

အစရှိသူတွေဖြစ်နေရပါမည်။`အီးယောင်ဝါးများ´ ဖြစ်နေ၍မရပါ။

ထို့ကြောင့် ယခု၂၀၁၅မတိုင်မှီ ကြားကာလအချိန်၌ `စင်းလုံးချော´အမတ်များရရှိရန် ကြိုတင်စဉ်းစား ရွေးချယ်ထားရပါမည်။သို့မဟုတ်ပါက ၂၀၁၀ရွေးကောက်ပွဲ၌ RNDPပါတီတုန်းကလို `အရေးပေါ်ဆွဲခန့်သုံး´ အီးယောင်ဝါး အမတ်လောင်းများကို လွှတ်တော်ထဲသို့ ပို့လိုက်ရသလို ဖြစ်နေပါမည်။

အဆိုပါအမတ်များသည် ရွေးချယ်ခံဒေသအတွက် `မည်သည့်အနှောင့်အယှက်မှ မပြုလုပ်´သော်လည်း ထူးခြားသောကောင်းကျိုးလည်း စွမ်းဆောင်မပေးနှိင်ခဲ့ပါ။မိမိရောက်ရှိရာ လွှတ်တော်တွင်း၌လည်း ချက်ကျလက်ကျ မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ချေပခြင်းများကို အထူးတလည်ပြုလုပ်ခဲ့နှိင်စွမ်း အားနည်ကာ…တစ်ခါတစ်လေတွင်မူ မိမိပါတီမှအမတ်က လွှတ်တော်ထဲ၌ ဘာတွေတင်ပြထားသည်ကိုပင် မသိသေးတာမျိုးတွေ ရှိနေခဲ့ပြန်သည်။

အထက်ပါဖြစ်ရပ်များကို ကျွန်တော်က သိနေခဲ့သည်မှာ ကျွန်တော့်တွင် RNDPပါတီ၌ ဆွေမျိုးရင်းချာ လွှတ်တော်အမတ်သုံးဦး၊ဆွေစပ်မျိုးစပ် လွှတ်တော်အမတ်တစ်ဦး၊မိတ်ဆွေအဖြစ် လွှတ်တော်အမတ်တစ်ဦး ပေါင်းငါးဦးထံမှ ဟိုစပ်စပ် ဒီစပ်စပ် ကြားနေရ၍ သိနေရခြင်းဖြစ်ပါသည်။

`အထူးသတိပြုရန်မှာ´ ကျွန်တော်သည် RNDP(သို့)အဖွဲ့အစည်းတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးဦး၏ လိုအပ်ချက်များ၊ဟာကွက်များ၊မကောင်းကြောင်းများကို ဖော်ထုတ်ရေးသားနေခြင်းမဟုတ်ပါ။ ယခုလက်ရှိ ANPပါတီ၏ ရွေးချယ်လာမည့် အမတ်လောင်းများသည် စွမ်းရည်မြင့်သူများသာ ဖြစ်နေကြစေရန် ရည်ရွယ်ချက်ဖြင့် အကြံပြုနေခြင်းသာ ဖြစ်ပါသည်။

(((မိမိတို့ ရွေးချယ်ပေးလိုက်သော အမတ်တစ်ဦးသည် ကောင်းလျှင်/တော်လျှင် အမြတ်၊မကောင်း/မတော်က သရေဟု ကျွန်တော့်အနေဖြင့် မမှတ်ယူပါ။ကျွန်တော်ကတော့ မိမိတို့ရွေးချယ်လိုက်သော အမတ်သည် ကောင်းလျှင်/တော်လျှင် သရေ၊မကောင်း/မတော်က အရှုံးဟုသာ ခံယူပါသည်။)))

ရခိုင်ပြည်သူ/သားများ ANPအပေါ်၌ တာဝန်ကျေပါလိမ့်မည်။ANPအနေဖြင့် မည်သည့်မက်လုံးမှ/မည်သည့်စည်းရုံးရေးစကားမှ ရခိုင်လူထုအပေါ်၌ အထူးတလည်ပြောစရာ လိုအံ့မထင်။ANPလျှောက်မည့်လမ်းကို ရခိုင်ပြည်သူတွေက `ကျောခင်းပေးထား´ပါသည်။

အခွင့်အရေးနှင့် မက်လုံးမျိုးစုံပေးနေသည့် ပါတီကြီးတစ်ခု၏ ဖြားယောင်းခေါ်ဆိုမှုများကို ရခိုင်တွေ မျက်စိမှိတ်၊နားပိတ်ပြီး ANPအတွက် `ကျောခင်းပေးထား´ပါသည်။သို့ဖြစ်ပါ၍ ANPအနေဖြင့် ပါတီတွင်းစည်းလုံးရေးနှင့် ရွေးချယ်ခံမည့်အမတ်လောင်းများကို `အကောင်းများသာ´ ရွေးပေးကြပါဟုသာ တိုက်တွန်းလိုက်ရပါသည်။

မျှော်လင့်လျက်…………………။
https://www.facebook.com/photo.php?fbid=275455852609605&set=a.124596107695581.25291.100004355761589&type=1&theater

No comments:

Post a Comment