ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Monday, August 11, 2014

1967-ခုနှစ် စစ်တွေ ဆန်ပြသနာ




ရခိုင်သားပေါင်းမြောက်များစွာ သနတ်နန့် အပစ်ခံရပြီးကေ သွီးမြီကျခရရေ သြဂုတ်လ(၁၃)ရက်နိန့်ကို မှတ်တမ်းတင်ရေ အနီနန့် ဖေါ်ပြပါရေ။ ဒေဆောင်ပါရေ ၁၉၆၇-ခုနှစ် သြဂုတ်လ(၁၃)ရက် စနီနိန့် ရခိုင်၊ စစ်တွေမြို့မာ ဖြစ်ပွားခရေ ဆန်ရှားပါးမှု ပြဿနာနန့် ဆန္ဒပြပွဲမာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြုံတွိ့ဖူးခရေ ဦးမောင်နု(မြောက်ဦး)၏ ကိုယ်တိုင်ရွီးဆောင်းပါဖြစ်ပါရေ။ သြဂုတ်လ(၁၃)ရက်နိန့် ရခိုင်ပြည် ဆန်ရှားပါးမှု ပြဿနာနန့် ပတ်သတ်လို့ လေ့လာ စုဆောင်းနီရေလူတိအတွက်လည်း ဆက်စပ်မှု အထောက်အကူကောင်း ဆောင်းပါးတစ်ပုဒ် ဖြစ်ပါရေ။
အကျွန် မမိနိုင်သော နိန့်ရက်များ
======================
ဦးမောင်နု(မြောက်ဦး)
စစ်တွေမြို့၊ ဆင်ကူးလမ်းအမှတ်(၃) ရပ်ကွက်သည် အကျွန့်၏ မွီးရာဇာတိ မဟုတ်သော်လည်း ၄င်းနီရာ၌ပင် ကြီးပြင်းလာသူတစ်ဦး ဖြစ်ပါသည်။
အကျွန် ငယ်စဉ်က ပါလီမန် ဒီမိုကရေစီခေတ်အတွင်း ဖဆပလနန့် ရတညပါတီရို့ မဲပြိုင်ရာ ရတညပါတီက ရခိုင်တစ်ပြည်လုံးတွင် အနိုင်ရသည့်အတွက် ရခိုင်တိုင်းရင်းသားဟု သတ်မှတ်ထားသည့် ရခိုင်ပြည်ကို သီးခြားကိုယ်ပိုင် အုပ်ချုပ်ရေးပီးရန် တောင်းဆိုသည့် ဆန္ဒပြပွဲ ပြုလုပ်ပါသည်။ ရတညပါတီ ဦးဆောင်လျက် ၀န်ကြီးချုပ်ဦးနုအား ရခိုင်ပြည်နယ် အမြန်ပီး၊ မဲပုံးထောင်စနစ်အလိုမရှိ၊ ဦးနုကတိတည်ပါစေဟူသော ပိုစတာများကို ကိုင်ဆောင်ကာ စစ်တွေမြို့ပေါ်ရှိ ရုပ်ကွက်အသီးသီးမှ လူကြီးလူငယ်အများအပြား လှုပ်ရှားမှုတွင် နှစ်ကြိုမ်တိုင်တိုင်ပါဝင်ဖူးခပါသည်။

ပထမအကြိမ်းတွင်ကား မိမိအိမ်သို့ မည်သို့မည်ပုံ ပြန်ရောက်လာသည်ကိုပင်အမှတ်မိပါ။ သို့သော် ယခုလောကာနန္ဒာတောင်ဖက် ချောင်းကိုဖြတ်ထိုးထားသော တံတားအနီသို့ ရောက်ခသည်ကိုမှတ်မိပါသည်။ ဒုတိယအကြိမ်တွင်ကား ရခိုင်ရီတပ်စခန်းဌါနချုပ်တည်ရှိရာ ဗုဒ္ဓေါမော်အနီးတွင်ဖြစ်ပြီး ရီတပ်စခန်းခွဆုံ၏ မြောက်ဘက် လမ်းမကြီးတစ်လျှောက် ကြွေးကြော်သံဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး အသင့်စောင့်ဆိုင်နီစဉ် ၀န်ကြီးချုပ်ဦးနုစီးသည့် ဆလုံကားအပါအ၀င် ကားသုံးလေးစီးဖြင့် ၄င်းလမ်းအတိုင်း မောင်နှင့်လာသည်။ ဦးနုမှာ ခေါင်းပေါင်းတစ်ကားကားဖြင့် မကြေမနပ် ကြည့်လားခသည်ကို မြင်ဖူးခပါသည်။ ကျွန်ရို့ အိမ်ခြံတပ်များတွင်လည်း ရတညဟူသော ပိုစတာစာရွက်များ တပ်ထားသည်ကိုလည်း ကောင်းစွာမှတ်မိပါသည်။ ဤသို့ဖြင့် ရတညပါတီက ဖဆပလပါတီကို မဲအပြတ်အသတ် အနိုင်ရသည့်အတွက် ရခိုင်ပြည်အား သီးခြားပြည်နယ်အဖြစ်သို့ မလွဲမသွေ ပီးအပ်ရမည်ဆဲဆဲ ၁၉၆၇-ခုနှစ်၊ သြဂုတ်လတွင် ရခိုင်တစ်ပြည်လုံး ဆန်စပါးပြတ်လတ်ကာ အငတ်ဘေးနန့် ရင်ဆိုင်လာရပါသည်။
ဆန္ဒမပြမီ တစ်ရက်အလို သြဂုတ်လ (၁၂)ရက်၊ စနီနိန့်က အကျွန်သည် လမ်းမတော်မြောက် အ.ထ.က အမှတ်(၃) စာသင်ကျောင်း နန့်ရှိဆိုင် တည်ဟိသော သွားဒီဂျာ ကျောင်းနားရွာ ဆရာတော်ကြီး ဦးဝါယမ၏ သာသနာဝိရူဠ ကျောင်းတိုက်မှ မိမိအိမ်သို့ ည(၄)နာရီအချိန်လောက်တွင် ၄င်းလမ်းအတိုင်း အနောက်ဖက်သို့ လျှောက်လာပါသည်။ မင်းဘာကြီးလမ်းသို့ မရောက်မှီ “ဒိုင်းဒိုင်း” ဟူသော ရိုင်ဖယ်သေနတ်သံ နှစ်ချက်ကြားရသည်။ အကျွန့်မှာ မည်သည့်အတွက်ကြောင့် သေနတ်ပစ်ဖောက်ရသည်ကို သိချင်သည့်အတွက် သေနတ်သံကြားရဖက်သို့ အပြီးအလွှားလားကြည့်ရာ စစ်တွေသင်္ဘောကျင်း၏ အနောက်ဘက်တွင် ဆောက်လုပ်ထားသည့် ဆန်သိုလှောင်ရာ ကုန်သွယ်ရေးဂိုဒေါင်များမှာ ဆန်ကို ဖွင့်ယူရန် မည်သည့်အချိန်ကပင် ရောက်ရှိနီသည်မသိသော လူအုပ်ကြီးကိုလားတွိ့ပါသည်။
သေနတ်ပစ်ဖောက်ရသည့်အကြောင်းမှာ ဂိုဒေါင်အစောင့်ရဲသား တစ်ဦးအား ဒေါသထွက်နီသော လူအုပ်က ကျောက်ခဲဖြင့် လှမ်းပစ်သည့်အတွက် ရဲသားမှာ ဒဏ်ရာမပြင်းထန်သော်လည်း စိတ်ဆိုးမာန်ပါ ခြောက်လှန့်ပစ်ခတ်သော သေနတ်သံဖြစ်သည်။ ၄င်းဂိုဒေါင်ခြံဝင်းအတွင်း၌ကား ရဲတပ်စစ်တပ်ဟိမည် ထင်ပါသည်။ ရဲအရာရှိမှာ မြန်မာလူမျိုးဖြစ်ပြီး ရဲတပ်သားများမှာမူ ရခိုင်လူမျိုးများဖြစ်သည်။ ထိုသို့ ခြံအပြင်လမ်းမတစ်လျှောက် လူအုပ်ကြီးက ဆဲဆိုအော်ဟစ် လှုပ်လှုပ်ရွရွဖြစ်နီသည့် အချိန်တွင် ရိုင်ဖယ်သေနတ်ကို မောင်းတင်ကာ အသင့်စောင့်နီကြသော ရဲသားများက သူရို့၏ ရဲအရာဟိ အခြားတစ်ဖက်သို့ မျက်နှာလှည့်တိုင်း လူထုဖက်သို့ မျက်ရိပ်ပြကာ ဂိုဒေါင်ထဲသို့ ၀င်ရောက်ဖွင့်ယူကြရန် မျက်ရိပ်ပြနီကြသည်ကိုလည်း အကျွန်မျက်မြင် ကြုံတွိခဲ့ရပါသည်။
သို့သော် လူထုကမ၀င်ရဲကြ။ ရဲသားများက လူထုဖက်မှရပ်တည်လျှက်ရှိကြသော်လည်း ရဲအရာဟိအမိန့်ကို လွန်ဆန်နိုင်မည့်ပုံကားမပေါ်။ အကျွန် ၄င်းနီရာသို့ရောက်ပြီး အများမကြာပါ မြူနီစပါယ် ဥက္ကဌ ဦးမောင်ဦးကျော် ကားတစ်စီးဖြင့် ရောက်ဟိလာပြီး ချက်ချင်းပြန်ထွက်လာပါသည်။ ဦးမောင်ဦးကျော်က လူထုအား မကြေမနပ်ကြည့်ကာ မည်သည့်စကား တစ်ခွန်းကိုမှလည်းမပြော၊ လူထုကလည်း မောင်ဦးကျော်ထံမှ မည်သည့်တောင်းဆိုမှုမျှ မပြုလုပ်ကြပါ။ ဦးမောင်ဦးကျော်က လူတစ်ဦးလျှင် ဆန်ဗူးလတ်ဆိုလျှင် တစ်ရက်စားရသည်မက ဆွမ်းလည်းလောင်းလှူ၍ လောက်ငှကြောင်း ပြောဆိုသည်ဟု တစ်ဆင့်စကား ပြောဖူးပါသည်။ ဦးမောင်ဦးကျော်လာပြီး များအကြာပါ ဂိုဒေါင်မြောက်ဖက်ဆိပ်ကမ်း ဖောင်တော်တွင် နိုင်ငံခြားသင်္ဘောသို့တင်ရန် ဆန်အပြည့်ဖြင့် အသင့်ဖြစ်နီသော စီဘီခေါ် ကုန်တင်ဆွဲ သင်္ဘောပေါ်သို့ လူများအလုအယက် တက်ရောက်လာကာ အထဲမှ ဆန်အိတ်များကို ယူနိုင်သမျှ ဖွင့်ယူကြသည်ကို အကျွန့်မှာ အစပိုင်းတွင်မသိ၊ ၄င်းဂိုဒေါင်းများ၏ အနောက်ဖက် သံတော်လီကုတိုးဆိပ်သို့ လူများအပြီးအလွှား လာကြသည်ကိုမြင်၍ အကျွန်လည်း လိုက်ပါလားပါသည်။
၎င်းစီဘီထဲမှ ဆန်အိတ်များကို ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းမှ လူများက လောင်းသဗ္ဗာန်များဖြင့် တစ်မျိုး၊ ဆင်ကူးလမ်းဖက်မှ လူများက ထမ်၍ပါနိုင်သမျှ ဖွင့်ယူနီကြသည်ကို မြင်ရသဖြင့် အကျွန့်မှာလည်း စီဘီထဲသို့ ရောက်ဟိလာပါသည်။ သို့သော် ခြောက်တောင်းထည့်ထားသော ဆန်အိတ်များကိုထမ်းယူရန် မတတ်နိုင်ပါ။ တစ်ခြားသူများက ထမ်းမပါသော ဆန်အိတ်များကို ဖွင့်ကာ ဆန်းများကိုသွန်ချပြီး ပါနိုင်သမျှ ထမ်းကြသည့်အတွက် စုပုံ၍ ကျန်ခသည့်ဆန်များကို မိမိဝတ်ပါလာသော ဒယောထဲသို့ လုံးထည့်ပြီး ၄င်းစီဘီထက်မှ ဆင်ရန် တံတားဖက်သို့ လှည့်ကြည့်ရာ လူထုများ အလုအယက်တက်နီကြသည့်အတွက် တံတားမှဆင်းရန်မလွယ်ပါ။ သို့ဖြစ်၍ ရပ်ပြီး စဉ်းစားနီစဉ် ရဲသားများက စတန်းဂန်းကျည်တစ်ကပ်လောက်ဖြင့် အထက်သို့ ပစ်ဖောက်သော်လည်း လူထုမှာကား ကြောက်မည်ကိုထား လှည့်၍မျှပင်မကြည့်သည်ကို အကျွန်မြင်တွိခရပါသည်။ အကျွန်လည်း တံတားဖက်မှ မဆင်းပဲ ဆန်ထုတ်ကို နောင်းနောင်းကိုင်ပြီး စီဘီထက်မှ ရီထဲသို့ ခုန်ချလိုက်ရာ ဆန်အလီဖြင့် ဗြုန်ခနဲ မပေါ်နိုင်။ သို့သော်လည်း ရီကူးကျွမ်းသည့်အတွက် အခက်အခဲမဟိပဲ ကမ်းထက်သို့တက်ကာ ဆန်နန့်လူပါ ရီအစွတ်ဖြင့် အိမ်သို့ရောက်ဟိလာပါသည်။ ၄င်းနီရာသို့ နောက်တစ်ခေါက် မလားနိုင်ခသဖြင့် ယင်းဆန်လုပွဲကြီးမည်သည့် အချိန်ခါတွင် မည်ကဲ့သို့ အဆုံးသတ်လားသည်ကို အကျွန်မပြောနိုင်ပါ။ ယင်းဆန်လုပွဲဖြစ်ပွာသည့် ညပိုင်းတွင် ဦးမောင်ဦးကျော်အား စစ်တွေသားများက မကျေနပ်၍ အိမ်ကိုကျောက်ခဲဖြင့် ၀ိုင်းဝန်ပစ်ခတ်သည့်အတွက် အိမ်မှ ပြတင်းများ၊ ထရံများ ပေါက်ပြဲပျက်စီးနေသည်ကို မြင်တွိခရသည်။ ဤသည်ကာ ၁၉၆၇-ခုနှစ်၊ သြဂုတ်လ (၁၂)ရက်၊ စနီနိန့်တွင် ကိုယ်တိုင်ကြုံတွိခရသော အဖြစ်အပျက်များပင် ဖြစ်ပါသည်။
သြဂုတ်လ(၁၃)ရက်
===========
သြဂုတ်လ(၁၃)ရက် တနင်္ဂနွီနိန့်သည် ကောဇာသက္ကရာဇ် (၁၃၂၉)ခု၊ ၀ါခေါင်လဆန်း (၈)ရက်၊ ဥပုသ်နိန့်ဖြစ်သည့်အလျောက် အငတ်ဘေးနန့် ကြုံတွိ့နီရသော်လည်း ဗုဒ္ဓဘာသာဝင်ရို့ပီပီ ဥပုသ်သည်များ အနည်းအကျဉ်းလားလာနီကြသည်ကို မြင်တွိ့ရသည်။ ရာသီးဥတုမှာ ၀ါခေါင်လဆိုသော်လည်း ၄င်းနိန့်ရက်များအတွင်းကား မိုးမရွာဘဲ အလွန်သာယာနီပါသည်။ စစ်တွေတစ်မြို့လုံး ရပ်ကွက်အသီသီရှိလူများမှာ ဆန်ရှာမရသည့် အကြောင်းကို ပြောယင်း မရွှင်မလန်းသော မျက်နှာများဖြင့် စိတ်သောကရောက်နီ ကြသည်မှအပ ၄င်းနိန့်မိုးထက်ဖက်အချိန်အထိ ထူးခြားမှုမရှိသည်ကိုလည်း သတိပြုမိပါသည်။ မွန်းတည်းထမင်းစားပြီး၍ အကျွန်လည်း သူငယ်ချင်းများနှင့် မင်းဘာကြီးလမ်း ခွဆုံအနီးတွင် ကဇာပ်နီယင်း မွန်းလွဲတစ်နာရီခန့်ရှိမည် ထင်ပါသည်။ လမ်းတွင်လာနီကြသည့် လူများအပါအ၀င် လမ်းဘေးအိမ်မှ လူများလည်း တောင်ဖက်အရပ်သို့ ရုပ်ရုပ်သဲသဲ လှမ်းကြည့်နီကြသည်ကို မြင်သော အကျွန့်မှာလည်း အပြီးအလွှား လားကြည့်ရာ တောက်ပြောင်မှုမရှိသော အဖြူရောင်ဆိုင်းဘိုးတွင် “ဆန်ပြဿနာဖြေရှင်းပါ” ဟူသော အနီရောင်စာကို ရွီးထားပြီး ၀ါးလုံးတစ်ဖက်တစ်လုံး ချည်ကာ ကိုင်ဆောင်ပြီး ကြွေကြော်တက်လာသော လူတစ်စုကိုမြင်လိုက်ရပါသည်။
၎င်းဆန္ဒပြသမားများ မည်သည့်နေရာမှ စတင်စုရုံးတက်လာသည်ကို မသိ၊ အကျွန် မြင်လိုက်ရသော အချိန်တွင် ၄င်းလူအုပ်မှာ ခေါင်းလောင်းကျောင်းလွန်လာပြီး မင်းဘာကြီးလမ်းခွဆုံနန့် မလှမ်းမကမ်းတွင် ရောက်ရှိနေပြီးဖြစ်ပါသည်။ အစပိုင်ချီတက်လာသော လူအရေအတွက်မှာ သုံးဆယ်ကျော်၊ လေးဆယ်နီပါးလောက်သာ ရှိမည်ထင်ပါသည်။ ချီတက်လာသော လူများက “ဆန်ခွဲမစား ရခိုင်သား”၊ “ပြုတ်ဆန်မစား ရခိုင်သား”၊ “ဆန်ပြသနာဖြေရှင်းပါ” အစရှိသည်ဖြင့် ကြွေးကြော်လာပြီး မင်းဘာကြီးလမ်းခွဆုံမှ အရှိဖက် စက်ရုံလမ်းအတိုင်း ချီတက်လားခသည်ကို မြင်ရပါသည်။
အကျွန့်မှာ ဘုတ်ဆိတ်ဝမှ ဆိုင်သည်ကြီး ဦးစံကျော်အောင်၏သား အသက် (၁၂)အရွယ် မောင်ကျော်ယဉ်ဆိုသည့် သူငယ်ချင်းတစ်ဦးနန့် ၄င်းဆန္ဒပြသမားများ ချီတက်လာသည့်လမ်းအတိုင်း နောက်ယောင်ခံလိုက်ကြည့်ရာ အကျွန်ရို့ နှစ်ယောက် လမ္မတော်ခွဆုံသို့ ရောက်ရှိလာသည့် အချိန်တွင် ဆန္ဒပြသမားများက ဆတ်ရိုးကျ ကုတိုးဆိပ်လမ်းအတိုင်း ဗမာနေဗီ စခန်းအနီးလမ်းမှ တောင်ဖက်သို့ ချီတက်လာပြီး လမ္မတော်ခွဆုံမှ ပြန်ထွက်ကာ လမ်းမကြီးအတိုင်း တောင်ဘက်သို့ အကွေ့တွင်လာတွိ့ပါသည်။
ထိုအချိန်တွင် လူအုပ်မှာ (၃၀၀) နီးပါးလောက် ဖြစ်လာပါပြီ။ အကျွန်ရို့နှစ်ယောက်မှာလည်း ထိုခွဆုံမှပင် ဆန္ဒပြသူလူအုပ်ထဲသို့ စတင်ဝင်ရောက်လိုက်ပါလာရာ မီးသတ်ခွဆုံအလွန်တွင် ဗိုလ်ချုပ်စောဖြူ စစ်ရောင်ဆလုံကားတစ်စီးဖြင့် ရောက်ရှိလာပြီး အကျွန်ရို့ ဆန္ဒပြခေါင်းဆောင်များကို ဆန္ဒပြ၍ရကြောင်း၊ သို့သော် အကြမ်းဖက်လုပ်ရပ်များကို မလုပ်ကြရန် အသိပီးပြောကြားသဖြင့် ဆန္ဒပြခေါင်းဆောင်များက အကြမ်းမဖက်ကြောင်း ကတိပီးရာ ဗိုလ်ချုပ်စောဖြူမှာ ၄င်းနီရာမှ ပြန်၍ထွက်ခွာလား ပါသည်။
ဤသို့ဖြင့် လမ်းကကြီးအတိုင်း ချီတက်လာရာ လူဦးရေမှာ တစတစများပြားလာပြီး အကျွန်မှတ်မိသလောက် ညဈီး ဦးသာဇံလှ ခွဆုံလောက်အရောက်တွင် လူဦးရေမှာ တစ်ထောင်နီးပါလောက်ပင်ရှိမည် ထင်ပါသည်။ ထိုစဉ်က မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီရုံးသည် လမ်းမကြီးအရှိဘက် ဦးသာဇံလှ လမ်းခွဆုံအလွန်တွင် တည်ရှိရာ ဆန္ဒပြချီတက်လာသည့် လူအုပ်ကို ပါတီရုံးမှ ပါတီဝင်များ ထွက်ကြည့်သဖြင့် ဆန္ဒပြလူထုက အတိုင်အဖောက် ကြွေးကြော်ကြပါသည်။ “ဆိုရှယ်လစ်ပါတီ လီးပါတီ”၊ “ဆိုရှယ်လစ်ဝါ လီးဝါဒ”၊ “နှစ်ခေါင်းပိုင်း နေ၀င် လီးနေ၀င်း”၊ “ဆိုရှယ်လစ်ပါတီ ကျဆုံးပါစီ” ဆိုသည့် ကြွေးကြော်သံများကို အကျွန်ကိုယ်တိုင် အသံကုန်အောင်ဟစ် ခဖူးပါသည်။
လူထုမှာ ဒေါသပေါက်ကွဲနီသည့် အတွက် ပွဲကြမ်းစပြုလာပါပြီး။ အကျွန့်အနေဖြင့် မဖွယ်မရာစကားများကိုဖေါ်ပြနီခြင်းမဟုတ်ပါ။ ကိုယ်တွိ့ခံစားခရသော အကြောင်းအရာများကို တိကျစွာ ဖေါ်ပြခြင်းသာဖြစ်ပါသည်။ ဤသို့ဖြင့် လမ်းမကြီးအတိုင်း တောင်ဖက်သို့ ဆက်လက်ချီတက်ရာလာ ပြည်တော်သာရပ်ကွက်အလွန် လင်္ကျာဖက်သို့ကွေ့ကာ အကျည်းထောင်လမ်းတည့်တည့် အနောက်ဖက်သို့ ရောက်လာလတ်ပါသည်။ ထောင်အနီသို့ ရောက်သည့်အခါ ထောင်တံခါးကိုပွင့်အောင် တိုးသူကတိုးပြီး တချို့က ထောင်အခေါင်ကို ရနိုင်သမျှကျောက်ခဲများဖြင့် ပစ်ပေါက်ကြပါသည်။ ထိုအခိုက် ထောင်ဝန်ထမ်းတစ်ဦးက ပြတင်းပေါက်မှ လှမ်းကြည့်ရာ အောက်မှကျေက်ခဲနန့် လှမ်းပစ်သဖြင့် ပြတင်းတံခါးကို အပိတ်ယင်၍သာ လွတ်မြောက်လားပါသည်။ ယင်းနောက် မြောက်ဖက်သို့ ဆက်လက်ချီတက်လာရာ အကျွန်သည် လူအုပ်ရှိပိုင်းမှ လိုက်ပါလာပါသည်။
အကျွန်ရို့လည်း လက်ဝဲဖက်သို့ ကွေ့ပြီး ခရစ်ယာန်သာသနာပြု ကျောင်းရှိသို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း ထောင်အခေါင်မိုး၌ ကျောက်ခဲကျသံများကို ကြားနီရတုံး ဖြစ်ပါသည်။ ဆန္ဒပြလူထုအရေအတွက် မည်မျှများပြားသည်ကို ခန့်မှန်းနိုင်သည်။ ဤသို့ ခရစ်ယာန်ကျောင်းလမ်းအတိုင်းလာပြီး လက်ျာဖက်သို့ကွေ့ကာ ဆောက်လုပ်ရေး ဂိုဒေါင်များဟိရာ လမ်းအတိုင်း မြောက်ဘက်သို့ တဖန်ချီတက်လာကြပါသည်။ ပုလုပ်တောင်ခွဆုံနန့် အနောက် ဖက်သို့ကွေ့ကာ မီးစက်ကြီးလမ်းအတိုင်း မီးစက်ကြီးခွဆုံမှ အရှိဖက်နာဇီရွာလွန်၍ ကသဲရွာခွဆုံနန့် “မြဆန်စက်” သို့ ရောက်သည့်အခါ လူထုမှာ ရှိသို့မတိုးနိုင်ဘဲ သံဆူးကြိုးအကာအရံများဖြင့် အသင့်စောင့်နီသော စစ်တပ်၊ ရီတပ်၊ ရဲတပ်သားများ အပါအ၀င် လက်နက်ကိုင်များနန့် ရင်ဆိုင်တိုးမိ ကြပါသည်။
လူအများ ရုန်းရင်းဆံခတ်ဖြစ်နီကြသည်ကို ရှိပိုင်းမလှမ်မကမ်းတွင် လိုက်ပါလာသည့် အကျွန့်မှာ အစပိုင်းတွင် သတိမထားမိပါ။ ရှိသို့လှမ်းကြည့်မှ စစ်သားများကို မြင်ရသဖြင့် အတူပါလာသော သူငယ်ချင်း၏လက်ကိုဆွဲပြီး လူအများကြားမှ တွန်းဖောက်ကာ ရှိပိုင်းသို့ တိုးဝင်လာခပါသည်။ ကသဲရွာချောင်းအုပ်ခေါင်း တံတားတစ်ဖက်၌ရှိသော ထင်းဆိုင်နန့် အိမ်းကြားရှိ လက်ကြားထဲသို့ဝင်ကာ စစ်သားများ တားထားသည့်ကြားမှ လားမည်ကြိုးစားသော်လည်း သေနတ်ကိုယ်စီဖြင့် ချိန်ထားသည့် ရဲသားများကို တွိ့ရပါသည်။ ချောင်းငယ်တစ်ဖက်မှ လူထုနှင့် ချောင်းရှိဖက်မှ ရဲသားများအကြားတွင် ပိတ်မိနေရာ အကျွန်ရို့ သူငယ်ချင်းနှစ်ဦးမှာ ၄င်းနီရာ၌ပင် ထိုင်လျှက်ရှိနီကြပါသည်။ ဆဲသံ၊ ဆိုသံများ၊ ထင်းပုံ၊ ကျောက်ပုံများမှ ထင်းပိုင်းများနန့် သွင်ကျောက်သီးများဖြင့် ပစ်ပေါက်ခြင်းမှ လွန်ရန် ကြိုးစာရှောင်တိမ်းနီရသည်ကို မြင်ရပါသည်။
တစ်ချို့မှာ အနားတွင်ရှိသော အိမ်ခေါင်ထက်သို့ တက်လျှက် အောက်မှစစ်သားများအား “ယာဝေယာ ဒေချင့်ကိုပစ်ကာ” ဆိုပြီးကေ ဖင်ကိုလှန်၍ တစ်မျိုး၊ အင်္ဂါကိုလှန်၍ တစ်ဖုံ ယမ်းပုံမီးကျ ဒေါသအိုးပေါက်ကွဲ နီကြပါသည်။ လူတို့မှာ သီမထူးနီမထူး ဆိုသည့် ပြင်းထန်သောခံယူချက်ဖြင့် တိုက်ပွဲဝင်နီကြခြင်းဖြစ်ပါသည်။ ၄င်းနိန့်သည် ဥပုသ်နိန့်ဖြစ်သည့်အတွက် ကိုယ်တင်ပတ်လျှက် ဦးပုသ်စောင့်ရာမှ ပါလာသော အမျိုးသမီ သုံးလေးယောက်ကိုလည်း ရှိပိုင်းတွင် မြင်တွိရပါသည်။
ဤသို့ဖြစ်ပျက်နီချိန်တွင် အကျွန်ရို့ အနားသို့ စစ်ဗိုလ်တစ်ယောက် ရောက်လာပါသည်။ အကျွန်က လားခွင့်ပြုရန် တောင်းပန်သဖြင့် ချက်ချင်း “သွား သွား” ဟု လားခွင့်ပီးရာ အကျွန်ရို့ သူငယ်ချင်းနှစ်ဦးမှာ ၀မ်းသာအားရ ရှိသို့ သုံးလေးလှမ်းလောက်ပင် မလှမ်းလိုက်ရပါ။ ရှိမှ ရဲ အရာရှိတစ်ဦးက “ဟေးကောင်တွေမသွားနဲ့” ဟု ဟောက်လိုက်သည့်အတွက် ၄င်းနီရာ၌ပင် ပြန်ထိုင်ကြရပါသည်။ ထိုစဉ် လူအုပ်ကြီးမှ “ဗိုလ်ချုပ် စောဖြူကိုခေါ်ပီး”ဟူသော တောင်းဆိုသံကို ကြားရပြီး အများမကြာ ဗိုလ်ချုပ်စောဖြူရောက်ရှိလာပါသည်။ ဗိုလ်ချုပ်စောဖြူ စပီကာဖြင့် ဥပဒေ ပုဒ်မများ အမျိုးမျိုးထုတ်ပြန်သံကိုလည်း ကြားရသည်။ သဲသဲကွဲကွဲ မမှတ်မိပါ။ ယင်းနောက်များမကြာမှီ စစ်သား၊ ရဲသားများကို ၄င်းနီရာမှ ဆုတ်ရန် အမိန့်ပီးလိုက်ရာ စစ်သားများမှာ ကားများတန်းစီရပ်ထားရာသို့ အပြီးအလွှားတက်လျက် အပြင်းမောင်နှင်ထွက်ခွာကြပါသည်။ ထိုသို့ စစ်သားများ ဆုတ်ခွာသည်နန့် တပြိုင်နက် ဆန္ဒပြသူလူထုကြီးမှာ သစ်သားဘောင်ဖြင့်ပြုလုပ်ထားသော (ဘားဝါယာ) သံကြက်စူး အတားအဆီးကို ဖယ်ရှားကာ စစ်ကားများဆုတ်ခွာရာ အရှိဘက် ကုန်တန်းလမ်းအတိုင်း ဆက်လက်ချီတက်ကြပါသည်။ အကျွန်ရို့ သူငယ်ချင်းနှစ်ယောက်မှာလည်း ရှိပိုင်းကို လှမ်းမြင်ရသည့် အကွာလောက်တွင် ပါလာပါသည်။ လူထုကြီးကား ဒေါသအိုးပေါက်ကွဲနီသည့်အတွက် ခြီလှမ်းပြင်းပြင်းဖြင့် အမြနိချီတက်လာစဉ် ရှိမှ (၈)စီး ထက်မနည်းသော စစ်ကားတန်းကြီး၏ နောက်ဆုံးကားနန့် အဖြည်းဖြည်း နီးကပ်လာပါသည်။ အကျွန်နားမှ တစ်ဦးက ကျောက်ခဲဖြင့် လှမ်ပစ်းရာ အကျွန်က “ဇာဖြစ်လို့ ကျောက်ခဲပစ်လဲ” ဟု လှမ်း၍ အပြစ်တင်လိုက်ပါသည်။
ထိုသို့ ကျောက်ခဲပစ်လိုက်သည် ချက်ချင်း နောက်ဆုံး စစ်ကားရပ်ပြီး စစ်သားများ ဆင်းသည်ကို မြင်ရသည်။ စစ်သားများသည် ကားထက်မှ ဆင်းသည်နှင့် တစ်ပြိုင်နက် ဂျီသရီးသေနပ်များကို မြင်လိုက်ရသော အကျွန့်မှာ အနားမှ သူငယ်ချင်း၏ လက်ကိုဆွဲကိုင်လျှက် လမ်း၏လက်ဝဲဖက် ထမင်းဆိုင်တံခါးဝဖက်သို့ “ပစ်ဖို့ဒေဝေး” ဟု ဆိုပြီး တအား တိုးသွင်းလိုက်ပါသည်။ ထိုသူ မည်သည့်ဖက်သို့ ရောက်လားသည်ကို မသိ။ အကျွန့်မှာကား ထမင်းဆိုင် စာရေနီရာ ဆိုင်ခန်းနန့် လမ်းအနီမှ ကာထားသော မျက်ကွင်းတပ်ထရံကြား လူတစ်ယောက်စာမျှ ကြားနီသည့်နီရာတွင် အနောက်ဘက်သို့ ဦးခေါင်းထားလျှက် ပြားပြားဝပ်နီလိုက်ပါသည်။
အကျွန်ဝပ်လိုက်သည်နန့် တပြိုင်နက် သေနပ်သံများ အဆက်မပြတ်ထွက်လာပါတော့သည်။ အဖြစ်အပျက်ကား အလွန်မြန်ဆန်ပြီး မိနစ်ပိုင်းအတွင်း အခြေအနေ ပြောင်းလဲသွားခြင်း ဖြစ်သည်။
ကျည်ဆန်တစ်ကပ် ကုန်၍ နောက်ထပ် ထည့်သည်လော မည့်သည့်အတွက်ကြောင့် မသိ အပစ်ခဏ ရပ်လားပါသည်။ ထိုသို့ သေနတ်သံရပ်၍ ခေါင်းထောင်ကြည့်ရာ နောက်တစ်ခေါက် ဆက်တိုက် ပစ်ခတ်ပြန်သည့်အတွက် အကျွန့်မှာ ဘေးကိုလည်း လှည့်မကြည့်ဝံ့ဘဲ ပြားနီရပါသည်။ ဤသို့ ဒုတိယ တစ်ခေါက်ပစ်ပြီး သေနတ်သံရပ်လားသော်လည်း အကျွန့်မှာ ထိုနီရာမှ မထ၀ံ့ဘဲ ဟိနီပါသည်။ နောက်ထပ် သေနတ်သံထွက်ပေါ်မလာသည့်အတွက် အကျွန့်မျက်မှာမူရာ နောက်ဖက်သို့ ခေါင်းထောင်ကြည့်ရာ လူများချောင်းနားဖက်သို့ ပြီးလွှားနီကြသည်ကို မြင်ရသည့်အတွက် ကျွန်လည်း ထိုနီရာမှ ထက်ပြီးပါသည်။ ဒဏ်ရာရ၍ သွီးရဲရဲဖြင့် ပြီးလာသော လူများကိုမြင်ရသည်မှ အကျွန်ဝပ်နီခသည့် နီရာဖက်သို့ တစ်ချက်လှည့် ကြည့်မိရာ အကျွန်နီခသည့် နီရာဖက်သို့တစ်ချက် လှည့်ကြည့်မိရာ အကျွန်နီခသည့် နီရာမှ တပ်ထရံတဖက်တွင် မလှုပ်မရှား သီးပွဲဝင်နီကြရသော ဆန္ဒပြသူ၏ လောင်းများစွာကို မြင်တွိ့ရပါသည်။
ထိုသို့ တစ်ချက်လှည့်ကြည့်ပြီး ချောင်းနားဖက်သို့ဆင်းကာ ချောင်းကိုကူးရန်အတွက် ရီစပ်နား၌ ဒယောကို လောကျိုက်ရန် လုပ်နီစဉ် ချောင်းကိုကူပြီး ရန်လာသော လူအုပ်များ၏ကြားတွင် ညှပ်ပါလားပြီး ခြီထောက်မမှီနိုင်သော ရီအနက်သို့ ရောက်လားပါသည်။ ထိုမှတစ်ခေါက် ကမ်းနားသို့ ပြန်ကူး၊ အနားမှ ဖောင်တော်ထက်သို့တက်၊ ဒေယောကိုတဖန် နောင်းနောင်းဝတ်လျက် ရီိထဲသို့ ခုန်ဆင်းကာ ချောင်းတစ်ဖက်သို့ ကူးလားပါသည်။ ကမ်းနားသို့ မရောက်မှီ အကျွန့်ကဲ့သို့ ကူးပြီးလာသူ တစ်ဦးက “ကျွန်တော်ကိုတစ်ချက် ကူပါအကို” ဟု အကူအညီတောင်းပါသည်။ အကျွန်လည်း အနားသို့ မကပ်ရဲပါ။ တချက်ဆိုလျှင် နှစ်ဦးစလုံးမြုပ်မည်ကို စိုးရိမ်သည့်အတွက် “ငါမရနိုင်အကို” ဟုဆိုကာ ကမ်းသို့ အရောက်ကူးလာရပါသည်။ အကျွန့်သူငယ်ချင်း မည်သည့်ဖက်သို့ ရောက်လားခသည်ကိုမသိ၊ အကျွန့်နည်းတူ ချောင်းကူပြီးလာသူများ ချောင်းတစ်ဖက်၌စုမိရာ ချောင်းတဖက်မှနီ၍ အော်ဟစ်ဆဲဆိုကြပြန်သည်။ စစ်သားများက ချောင်းကူး၍ ပြီးလာသူများကိုလည်း သေနတ်ဖြင့်ချိန်ကာ “ဟေးကောင်မပြေနဲ့” ဆိုပြီး လိုက်တားသည်ကို ဂနိန့်တိုင်မြင်ယောင်မိပါသည်။ ဤသို့ ချောင်းတစ်ဖက်မှ ဆဲဆိုကြသည့် လူအုပ်ထဲတွင် ဘတ်(စ်)ကား ဒရိုင်ဘာ ဗရမ်းအောင် ကျော်ဇော(ခ) ဦးအောင်ကျော်ဇော တစ်ဦးကိုသာ အကျွန်ကောင်းစွာ မှတ်မိပြီး ကျန်လူများမှာ မည်သူမည်ဝါဆိုသည်ကို မမှတ်မိပါ။
၎င်းနီရာမှ လယ်ကွင်းများကို ဖြတ်ပြီး မင်းဒြားချိပ် ကုတိုးဆိပ်မှ မြို့ဖက်သို့ ကူခဲ့ကြပါသည်။ အိမ်သို့ရောက်သည့်အချိန်တွင် အကျွန့်အမိဖများက သေနတ်ပစ်ခံရသည့်အထဲတွင် ပါလားပြီးဖြစ်သည် ထင်ကာ အလွန်စိုးရိမ်သောကရောက်နီ ကြသည်ကို တွိ့လာရသည်။ သို့သော် အကျွန့်အိမ်နန့် အများမကွာ ဦးဟာရီဖြူ၏သား အသက်(၂၀)ကျော် အရွယ် ကိုမောင်ရွှေသာ တစ်ယောက် ဆန္ဒပြရန်လိုက်ပါလားသည်မှ အိမ်သို့ပြန်မရောက်နိုင်ခဘဲ အစပျောက်လားခ ပါသည်။ ဆန္ဒပြသူများမှာ သေနတ်ထိမှန်၍ သီကြပါသည်။
တစ်ချို့မှာ သီလောက်သည့် ဒဏ်ရာ မဟုတ်သော်လည်း နီရာမှ မထနိုင်သူဟူသမျှကို တစ်ယောက်မကျန် သတ်ပစ်သည်ဟုသိရသည်။ ဒဏ်ရာနန့်ထ၍ ပြီးလားနိုင်သူများလောက်သာ အသက်ချမ်းသာကြသည်။ ဂျီးသရီးကျည်နှစ်ကပ်ဖြင့် ပြွတ်သိပ်နီသော လူအုပ်ထဲသို့ လက်တကမ်းအကွာမှ အပစ်ခံရသည်ကို လေ့လာကြည့်လျှင် လူမည်မျှလောက် အရေအတွက်ကို ထိမှန်နိုင်ကြောင်း သိနိုင်သည်။ ချက်ချင်းသီလားသူများကို အကျွန်မပြောလို၊ သီလောက်သည့် ဒဏ်ရာမဟုတ်ဘဲ အသတ်ခံရခြင်းက လူမဆန်စွာ ရက်စက်ခြင်း ဖြစ်သည်။ ယင်းအချိန်က ရခိုင်လူမျိုးတစ်မျိုးဖြစ်သည့် ဒု-ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်စောဖြူကိုယ်တိုင် ရက်စက်ခြင်း ဖြစ်သည်။ မိမိမျက်မှောက်တွင် မြင်တွိ့ရသည့် အဖြစ်အပျက်အတွင်း ရခိုင်လူမျိုးတစ်ဦးပီပီ ဒဏ်ရာရသူများကို ကယ်တင်သင့်သည်မဟုတ်ပါလား။ ယခုကား မိမိလူမျိုးများ အရှင်လတ်လတ် အသတ်ခံရသည်ကို ကြည့်နီနိုင်ခြင်းမှာကား အလွန်နာကျဉ်းစရာ ကောင်းလှပါသည်။ ၄င်းသြဂုတ်လ (၁၃)ရက်နိန့် ညမှစ၍ အိမ်ပြင်မထွက်ရ အမိန့်ကို ကြော်ငြာပါသည်။
စစ်တွေတစ်မြို့လုံးရှိ ကားလမ်းများကို သံဆူးကြိုးများတားဆီပြီး လူတ၀င်စာအပေါက် ငယ်တစ်ခုစီ တံခါးအဖွင့်အပိတ်ဖြင့် တပ်ဆင်ကာ စစ်သားများ အမြဲတမ်းစောင့်ကြည့် နီကြပါသည်။ ထိုအတားအဆီးများကို မည်သည့်အချိန်တွင် ရုပ်သိမ်းလားသည်ကို အကျွန်မပြောနိုင်ပါ။ ၄င်းရက်ပိုင်းအတွင်း ထွက်လာသော လုပ်သားပြည်သူ နေစဉ်သတင်းစာတွင် စစ်တွေမြို့၌ ဆန္ဒပြအကြမ်းဖက်မှုဖြစ်ပွာရာ (၂)ဦး သီပြီး (၉၀) ဦး ဒဏ်ရာရသည်ဟု ရွီးသားဖေါ်ပြသည်ကို ဖတ်လိုက်ရပါသည်။ အထက်ပါ အကြောင်းအရာများ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှ မီးမြန်းစုံစမ်း ဖေါ်ပြခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင် ကြုံတွိ့ခံစားခရသည့်အတွက် အကျွန့်တစ်သက်တာတွင် မိဖျောက်၍ မရနိုင်သော နိန့်ရက်များဖြစ်ကြောင်း မှတ်တမ်းတင်ရွီးသားလိုက်ရပါသည်။


ဦးမောင်နု(မြောက်ဦး)
ကိုယ်တွိ့မှတ်တမ်းတင်ပါသည်။

https://www.facebook.com/tun.ayemoe မှ ကူးယူဖေါ်ပြသည်။

No comments:

Post a Comment