ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Thursday, April 12, 2018

ပဉ္စမ သင်္ဂါယနာ (မန္တလေး)

ပဉ္စမ သင်္ဂါယနာ (မန္တလေး)

==================
အမရပူရပြည်ရှင် မင်းတုန်းမင်းသည် သာသနာပြုမင်းတစ်ပါးဖြစ်သည်နှင့်အညီ သူတင်ထားခဲ့သည့် သင်္ဂါယနာမူသည် သာသနာ(၅၀၀၀) ကာလပတ်လုံး တည်တံ့စေရန် ရွယ်ရည်ပြီး ကျောက်ထက်အက္ခရာတင်လိုသော ဆန္ဒတော်ရှိသဖြင့် မင်းတိုင်ပင် ဆရာတော်များ၊ မှူးမတ်ပညာရှိများနှင့် တိုင်ပင်ကာ စကျင်တောင်မှ သလင်းကျောက်ဖြူများကို ချောမွေ့ညီညွတ်စွာ ကျောက်ချပ်တို့ကို ထုဆစ်စေပြီးလျှင် တတ်ကျွမ်းလိမ်မာသော ကျောက်ဆစ်ဗိသုကာ ပညာရှင်များကို ခေါ်ယူတော်မူကာ ကြီးစွာသော မဏ္ဍာပ်တန်ဆောင်တော်ကြီးဆောက်လုပ်စေပြီး ကျောက်ထက်အက္ခရာသင်္ဂါယနာတင်တော်မူလေသည်။
ထိုမင်းသင်္ဂါယနာတင်သည့်အခါလည်း ကျမ်းဂန်တတ် ပါမောက္ခတစ်ဆူဖြစ်တော်မူကြသော ဆရာတော်အသျှင်သူမြတ်တို့အား သဝေ၊ပုဒ်မ ကအစ မတိမ်းမစောင်း မချွတ်ယွင်းရအောင် စီစစ်တည်းဖြတ် ကြပ်မတ်ပေးကြပါရန် လျောက်ထားသောကြောင့် သာသနာပိုင် ဆရာတော်အသျှင်သူမြတ်များသည်၊ အောက်ပါ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များအား တာဝန်ချ ကြပ်မတ်ဆောင်ရွက်စေလေသည်။

၁။ မဟာအဘယရာမတိုက်တွင် သီတင်းသုံးသော ပုညာဘိဓဇဓမ္မလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု-တံဆိပ်တော်ရ အင်းကန်းဆရာတော်။
၂။ ၄င်းကျောင်းတိုက်အတွင်း သီတင်းသုံးနေတော်မူသော ဇာဂရဓမ္မပရမကိတ္တိ မဟာဓမ္မ ရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ဗန့်ဂျီဆရာတော် ၊
၃။ ၄င်းတိုက်အတွင်း သီတင်းသုံးနေတော်မူသော ဥာဏမဉ္ဇူသာ ဓမ္မလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ မိတ္ထိလာဆရာတော်။
၎။ မဟာဝိဇိတာရုံကျောင်းတိုက်အတွင်း သီတင်းသုံးနေတော်မူသော သီရိပရမာလင်္ကာရ ဓဇမဟာ ဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ စည်ပုတြာ ဆရာတော်။
၅။ ၄င်းကျောင်းတိုက်အတွင်း သီတင်းသုံးနေတော်မူသော ဥတ္တမစာရ ပရမဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ - မင်းတဲဆရာတော်။
၆။ ၄င်းတိုက်အတွင်း သီတင်းသုံးနေတော်မူသော ပညာသာမိ သီရိက၀ိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ မောင်းထောင်းဆရာတော်။
၇။ ၄င်းတိုက်အတွင်း သီတင်းသုံးနေတော်မူသော သုဒဿန ၀ရဓမ္မသာမိ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ပုခန်းကြီးဆရာတော်။
၈။ ၄င်းတိုက်အတွင်း သီးတင်းသုံးနေတော်မူသော ကလျာဏဓဇ သာသနာ့ဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ စလင်းဆရာတော်။
၉။ ၄င်းကျောင်းတိုက်အတွင်း သီတင်းသုံးနေတော်မူသော အာစာရာရ မ္ဘ က၀ိဓဇဥာဏ မဟာဓမ္မရာဇာဓိရာဇ တံဆိပ်တော်ရ မက္ခရာဆရာတော်။
၁၀။ ၄င်းကျောင်းတိုက်အတွင်း သီတင်းသုံးနေတော်မူသော ဧသိသာရ ဓမ္မပါလကိတ္တိ မဟာဓမ္မ ရာဇာဓိရာဇဂုရု တံဆိပ်တော်ရ သစ်ဆိမ့်ကြီးဆရာတော်။
အထက်ပါ ဆရာတော်အသျှင်မြတ်(၁၀)ပါးတို့ကို မင်္ဂလာပိဋကတ် တန်ဆောင်းတော်၌ အကြပ်အမ ထားတော်မူသည့်အပြင် ၄င်းဆရာတော်များနှင့်အတူ ဒိသာပါမောက္ခ မဟာလှေကားတော်မှူး ကြာပင်းမြို့စားနှင့် သံတော်ဆင့် မင်းလှ သီရိဇေယျသူ တို့ကိုလည်း ပိဋကတ်တော် အကြပ်အမ ဆောင်ရွက်တော်မူစေသည်။
၎င်းအပြင် ပရိယတ္တိ ၀ိသာရဒ ပိဋကတ္တယဆေက ဖြစ်တော်မူကြသော ဆရာတော် အရှင်မြတ်တို့အား သန့်ရှင်း ကောင်းမွန်သော မူတော် တို့ကို သုတ်သင်ပြင်ဆင် သွင်းတော်မူကြပါရန် မင်းတရားကြီးလျှောက်ထားချက် အရ
သုတ္တံပိဋကတ်တွင်
မဇ္ဈိမနိကာယ် (၃)ကျမ်း၊ ပါဠိတော်. အဌကထာ ၊ မဟာနိဒ္ဒေသပါဠိတော်.အဌကထာ၊ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်. အဌကထာတို့ကို သာသနာပိုင်ဆရာတော် ဦးဥေယျ ပြင်ဆင်သွင်းတော်မူသည်။
ဒီဃနိကာယ် (၃)ကျမ်း ပါဠိတော်. အဌကထာတို့ကို မေဓာဘိဝံသ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ညောင်ကန်ဆရာတော် ပြင်ဆင် သွင်းတော်မူသည်။
သံယုတ္တနိကာယ် (၅) ကျမ်း၊ ပါဠိတော်.အဌကထာတို့ကို မဏိဇောတ သဒ္ဓမ္မာ လင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ခင်မကန်ဆရာတော် က ပြင်ဆင် သွင်းတော်မူသည်။
အင်္ဂုတ္တရနိကာယ် (၁၁)ကျမ်း ၊ပါဠိတော်.အဌကထာတို့ကို ပညာဇောတ ဓမ္မသီရိ က၀ိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ဗားကရာဆရာတော် ပြင်ဆင် သွင်းတော်မူသည်။
ဝိမာန၀တ္ထု ပါဠိတော် .အဌအထာ ၊ပေတ၀တ္ထုပါဠိတော်.အဌကထာ၊ နေတ္တိပါဠိတော်. အဌကထာ၊ ပေဋကောပဒေသပါဠိတော်.အဌအထာတို့ကို ဇာဂရ န္တ သဓ္ဓမ္မာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ မိတ္ထိလာဆရာတော် ပြင်ဆင်သွင်းတော်မူသည်။
ပါဌဇာတ်ပါဠိတော်. အဌကထာကို ပညာသီဟ သာသနာ့လင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ဆရာတော်က ပြင်ဆင်သွင်းတော်မူသည်။
ဓမ္မပါဒပါဠိတော်. အဌကထာ၊ ဥဒါန်းပါဠိတော်.အဌကထာ၊ ဣတိဝုတ်ပါဠိတော်.အဌကထာ၊ သုတ္တံနိပါတ်ပါဠိတော်.အဌကထာ၊တို့ကို နေမျိုးဓမ္မသင်္ကြန်ဘွဲ့ခံ လူပညာရှိ က၀ိသုခမိန် ပြင်ဆင်ရေးသွင်းသည်။
ထေရဂါထာပါဠိတော်.အဌကထာ၊ ထေရီဂါထာပါဠိတော်.အဌကထာ၊ အပါဒါန်ပါဠိတော်.အဌကထာတို့ကို မဟာဓမ္မသင်္ကြန် ဘွဲ့ခံ မင်းတိုင်ပင်အမတ်ပညာရှိ ပြင်ဆင်သွင်းရသည်။
ဤသို့ ကျမ်းတတ်ဆရာတော်များနှင့် လူပညာရှိများကို သုတ်သင်ပြင်ဆင်တင်သွင်းစေပြီး မင်းတုန်းမင်းကိုယ်တိုင်ပင်လျှင် ကြီးမှူးကြပ်မတ် တော်မူသည်။
အဘိဓမ္မာ ပိဋကတ်တော်
အဘိဓမ္မာ ပိဋကတ်တော်တွင် ဓမ္မသင်္ဂဏီပါဠိတော် .(အဌသာလိနီ) အဌကထာတို့ကို မုနိန္ဒပရမ သီရိမဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ စကုတိုက်ဆရာတော် ပြင်ဆင်သွင်းတော်မူသည်။
ဝိဘင်းပါဠိတော်.အဌကထာ၊ ဓတုကထာပါဠိတော်၊ အဌကထာတို့ကို တေဇိန္ဒာဘိဥာဏသဒ္ဓမ္မ မဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ရ ဆရာတော် က ပြင်ဆင်သွင်းတော်မူသည်။
ပုဂ္ဂလညတ်ပါဠိတော်၊ အဌကထာကို အရှင်နန္ဒိယမထေရ်နှင့် အရှင်ပညာသီဟ မထေရ်နှစ်ပါးတို့က ပြင်ဆင်သွင်းတော်မူသည်။
ကထာဝတ္ထုပါဠိတော်၊အဌကထာကို က၀ိန္ဒာဘိအရိယာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ငါးစို့ဆရာတော်က ပြင်ဆင်သွင်းတော်မူသည်။
ယမိုက်ပါဠိတော်၊အဌကထာကို ဥာဏကိတ္တိယတိသာရ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ဆင်တဲဆရာတော်နှင့် သာဂရဓဇသီရိပရ၀ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ဆူးခါးဆရာတော်တို့က ပြင်ဆင်သွင်းတော်မူသည်။
ပဌာန်းပါဠိတော်၊အဌကထာကို ဇမ္ဗုဒီပဓဇ မုနိပရ၀ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ မာရ်အောင်ဆရာတော်က ပြင်ဆင်သွင်းတော်မူသည်။
ဤအဘိဓမ္မာပိဋကတ်တော်များကို တောင်နန်းမတော် မိဖုရားခေါင်ကြီးက ကြီးမှူးကြပ်မတ်ရေးကူးစေတော်မူသည်။
ဝိနည်းပိဋကတ်
ဝိနည်းပိဋကတ်တော်တွင် ပါရာဇိကဏ်ပါဠိတော်၊ အဌကထာကို ပညာသာမိ က၀ိသာရဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ဘုံကျော်ဆရာတော်က ပြင်ဆင်တော်မူရသည်။
ပါစိတ်ပါဠိတော်၊ အဌကထာကို ၀ိရိယ၀ရအရိယ၀ံသ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တောရ မင်းအိုဆရာတော်က ပြင်ဆင်တော်မူရသည်။
မဟာဝါပါဠိတော်၊ အဌကထာကို ကေတုဓမ္မ၀ရလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ အောင်မြေရွှေဘုံဆရာတော်က ပြင်ဆင်တော်မူရသည်။
စူဠ၀ါပါဠိတော်၊အဌကထာကို ပညာသီဟာဘိမုနိသဒ္ဓမ္မ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ဆရာတော်က ပြင်ဆင်တော်မူရသည်။
ပရိဝါပါဠိတော်၊ အဌကထာကို အရိယာဝံသ သဒ္ဓမ္မဃောသ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ မိုးထိဆရာတော်က ပြင်ဆင်တော်မူရသည်။
ဤ၀ိနည်းပိဋကတ်တော်ကို အိမ်ရှေ့မင်းက ကြပ်မတ်ကြီးမှူး ရေးကူးစေတော်မူသည်။
တင်ရသည့်အကြောင်းရင်း
- သာသနာနှစ် (၂၄၁၅) နှစ် ကြသော် ပေရွက်ပေါ်တင်ထားသော ပိဋကတ် (၃) ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း (၂၄၀၀) ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ကြသည်။ထိုသင်္ဂါယနာတွင် မင်းတုန်းမင်းသည် ရှေးရှေးသော မင်းများဖြစ်သည့် အဇာတသတ်မင်း၊ ကာဠာသောကမင်း၊ သီရိဓမ္မာသောက၊ ၀ဋ္ဋဂါမဏိမင်း တို့လက်ထက်ကကဲ့သို့ ပိဋကတ်တော်ကို နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာ တင်ပွဲကိုပြုလုပ်လိုသော ဆန္ဒလည်းဖြစ်ပေါ်သည့်အတွက် သင်္ဂါယနာတင်သည့် အခါ နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းလည်းပါဝင်ထည့်သွင်းလေသည် ။ နှုတ်ဖြင့်ရွတ်ဆို သင်္ဂါယနာတင်ခြင်းအချိန်သည် (၅) လနှင့် (၃) ရက် ကြာမြင့်ခဲ့သည်ဟု သိရပါသည်။
ပဉ္စမ သင်္ဂါယနာ တင်သည့်ခုနှစ် - သာသနာနှစ် (၂၄၀၄-၂၄၁၂) နှစ်
ခရစ်နှစ် –(1861-1868 A.D)
မြန်မာသက္ကရစ် - (၁၂၂၂)ခုနှစ် တန်းတောင်မုန်းလမှ စ၍ ရွှေရေး၊မင်ရေး၊ ကညစ်ရေးတို့ဖြင့် ကူးရေးစေရာ မြန်မာသက္ကရာဇ် ၁၂၃၀-ပြည့် ပြာသိုလ်လ၌ ပြီးပြည့်စုံသည်ဟု ပရိယတ္တိ သာသနဟိတ ဓမ္မစရိယ ရွှေကျင်နာယက ဆရာတော် ၊အသျှင်သံဝရာဘိဝံသ ရေးသည့် ဗုဒ္ဓနိုင်ငံတော်စာအုပ် တတိယတွဲ၊ စာ186 တွင် ဖေါ်ပြထားသည်။
မူကွဲ{မြန်မာသက္ကရာဇ် ၁၂၃၀..ခု}ကဆုန်လ္ဆန်း (၁၄)ရက်တွင် အဆုံးသတ်ပြီးစီးသည် ( ရာဇာ နှင့် သာသနာ P -312 မှ)
ပဉ္စမ သင်္ဂါယနာ တင်သည့်နေရာ - မြန်မာနိုင်ငံ မန္တလေးမြို့ ရတနာပုံနေပြည်တော်၊မန္တလေးတောင်ခြေ
(တစ်ချို့က) မန္တလေးနန်းတော်အရှေ့ဘက်သစ်တပ် မဏ္ဍပ်ဟုဆိုသည်။
အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ -
(၁)တောင်ဆောင် မိဖုရားကြီး၏ ဆရာ-ဇာဂရာဘိဝံသတိပိဋ္ဋကဓရမဟာဓမ္မရာဇာဓိရာဇဂုရု
(၂)မြတောင်မြို့စားသေနက်ဝန်ကြီးဆရာ-နရိန္ဒိာဓဇသိရိသဒ္ဓမ္မဇောတိပါလဓဇမဟာဓမ္မရာဇာဓိရာဇဂုရု (၃)စီးတောင်ပြင် ၀န်တိုက် ဆရာတော် သုမင်္ဂလသာမိ သီရိပ၀ရမဏိဓဇမဟာဓမ္မရာဇဓိရာဇဂုရု
ပဉ္စမ သင်္ဂါယနာ တင်ရာတွင် ပါဝင်သည့် သံဃာဦးရေ - ရိုးရိုးရဟန်းပေါင်း (၂၄၀၀)
ပဉ္စမ သင်္ဂါယနာကို အထောက်အပံ့ပြုသည့် ဘုရင်မင်း - မင်းတုန်းမင်း
ပဉ္စမ သင်္ဂါယနာ တင်ရာတွင် ကြာမြင့်သည့်အချိန် -နှုတ်ဖြင့်ရွတ် (၅) လ (၃) ရက်
ပဉ္စမ သင်္ဂါယနာ ကျောက်ထက်အက္ခရာတင်ရာတွင် ကြာသည့်အချိန် - (၇) နှစ် (၆) လ (၁၄) ရက်
ပဉ္စမ သင်္ဂါယနာ တင်သည့်အက္ခရာ - ကျောက်ထက်အက္ခရာ
ပိဋကတ်တော် တို့ကိုကျောက်စာအဖြစ်မှတ်တမ်းတင်ရာ၌ ....
{ ၁ } ၀ိနည်းငါးကျမ်း ပါဋ္ဌိတော် ၁၁၁ ချပ်
{ ၂ }အဘိဓမ္မာ (ရ) ကျမ်း ပါဋ္ဌိတော် ၂၀၈ ချပ်
{ ၃ } နိကာယ်ငါးကျမ်း သုတ္တန်ပါဋ္ဌိတော် ၄၁၀ ချပ်
ကျောက်ပြားရေ (၇၂၉) ချပ်
ကျောက်စာတစ်ချပ် အရွယ်အစား = အမြင့် (၅) ပေ ၊ အကျယ် (၃) ပေ ၊ ထု (၆)လက်မ ရှိသည်။
ထိုသို့ သင်္ဂါယနာတင်ရေးသွင်းပြီးသော ကျောက်ချပ်တော်များကို မြို့တော်တည်ရာ (၇) ဌာနတွင် အပါအ၀င် ဖြစ်သော လောကမာရဇိန်ကုသိုလ်တော် စေတီမြတ်ကြီးတွင် ပိဋကတ်တော်ကျောက်ချပ် တစ်ခုလျှင် ဂူတော်(၁) စီ ထားရန် ကျောက်စာဂူများပြုလုပ်ကာ နေရာချထားလေသည်။ ယင်းတို့မှာ
ပဌမ အာရာမ်တော်အတွင်း ကျောက်စာဂု တွင် ( ၄၂ ) ချပ်
ဒုတိယ အာရာမ်တော်အတွင်း ကျောက်စာဂူတွင် ( ၁၆၈) ချပ်
တတိယ အာရာမ်တော်အတွင်း ကျောက်စာဂူတွင် ( ၅၁၉) ချပ်
ပိဋကတ်တော် ထုလုပ်သည့်အကြောင်း ကျောက်ဂူတွင် ( ၁) ချပ်
--------------
စုစုပေါင်း ကျောက်စာဂူ (၄) ခုတွင် ၇၃၀ ချပ် တို့ဖြစ်ပါသည်။
- မင်းတုန်းမင်းကြီးသည် ပိဋကတ်တော်များကို ကမ္ဘာတည်သရွေ့ကြာရှည် မပျက်စီးရလေအောင် စကျင်ကျောက်ပြားအပေါ်၌ ထွင်းထုရေးသားခဲ့ရာ စကျင်ကျောက်ဖြူအပြားချပ်ပေါင်း (၇၂၉) ချပ်ရရှိခဲ့ပြီး အချိန်အားဖြင့် (၇) နှစ် (၆) လ နှင့် (၁၄) ရက် ကြာမြင့်ခဲ့ပြီး ယနေ့တိုင် မန္တလေးလောကမာရဇိန် ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ် (The World Biggest Book) ဟူသောအမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မှတ်တိုင်ကြီး အဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။
- ဤမင်းတုန်းမင်းတင်သည့် ပဉ္စမသင်္ဂါယနာတင်ပွဲတွင် မင်းတုန်းမင်း၏ ပင့်ဖိတ်ချက်အရ ရခိုင်ပြည် စစ်တွေမြို့မှ သင်္ဃရာဇာကျောင်းတိုက်တွင် သီတင်းသုံးနေသော သင်္ဃရာဇာဆရာတော် သာရမေဓာဆရာတော်နှင့် ကွမ်းတောင်မှ ဆရာတော်အသျှင်အဂ္ဂ သူမြတ်နှစ်ပါးတို့ကို ဦးစီးကာ တပည့်ရဟန်းများခြံရံလျှက် ကြွရောက်ကာ ပဉ္စမသင်္ဂါယနာတင်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
သီလ၊သမာဓိ ၊ပညာ နှင့် ပြည့်စုံသော သာရမေဓာ ဆရာတော်အသျှင်သူမြတ်ကို ၁၂၀၈ ခုနှစ် သိက္ခာတော် (၂၅)၀ါတွင် အင်္ဂလိပ်မင်းအစိုးရမှ (သာရမေဓာလင်္ကာရဘိ တိ သာသနဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု) သာသနာပိုင်ဘွဲ့ကို ဆက်ကပ်ခြင်းခံရသော မထေရ်မြတ်တစ်ပါးဖြစ်ပေသည်။ ထူးထူးခြားခြား ဘာသာခြားမင်းတစ်ပါးမှ ဆက်ကပ်ခံသော ဘွဲ့တော်ဖြစ်ပါသည်။
၎င်းအပြင် သာရမေဓာအသျှင်သူမြတ် အား ၁၂၁၉ ခုနှစ် သိက္ခာတော် (၃၅) ၀ါ တွင် ဘင်္ဂလားဒေခ်ျ့နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှ သကျသာဂီဝင် သက်ဘုရင်မ (Chakma King) ကလင်ဒီ မှ ဆက်ကပ်လှူဒါန်းသော (ရခိုင်မြို့ သာသနာပိုင် ၀ိနည်းဓိုရ် ) ဘွဲ့ကို လည်းဆက်ကပ်ခံရသည့် အသျှင်သူမြတ်လည်းဖြစ်ပါသည်။
တဖန် အမရပူရပြည့်ရှင် ပဉ္စမသင်္ဂါယနာတင်မင်းတရားကြီး မင်းတုန်းမင်းမှလည်း ၁၂၂၉ ခုနှစ် သိက္ခာတော်(၄၆)၀ါ တွင် (သာရမေဓာဘိ တိ သာသနဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု) ဘွဲ့တံဆိပ်တော်ကို သာရမေဓာအသျှင်သူမြတ်အား ဆက်ကပ်ပူဇော်ခြင်း ခံရသည်။ အသျှင်သူမြတ် သာရမေဓာ သည် တိုင်းပြည်သုံးပြည်မှ မင်းသုံးပါးတို့၏ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ခံရသည့် ထူးမြတ်သော ရခိုင်အသျှင်သူမြတ်တစ်ပါးဖြစ်ပေသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့ (ရန်ကုန်)
ကျမ်းကျိုး
၁။ ရာဇာ နှင့် သာသနာ (ပါရဂူ) 2009 သြဂုတ်လ
၂။ ပရိယတ္တိ သာသနဟိတ ဓမ္မစရိယ ရွှေကျင်နာယက ဆရာတော် ၊အသျှင်သံဝရာဘိဝံသ ရေးသည့်
ဗုဒ္ဓနိုင်ငံတော် (တတိယတွဲ)2008-တတိယအကြိမ်

No comments:

Post a Comment