ဝေသာလီခေတ်ကို သက်တမ်းသတ်မှတ်ကြရာဝယ်
==========================
အာနန္ဒစန္ဒြမင်းကျောက်စာကိုဖတ်ခဲ့ကြသော သုတေသီ ပါမောက္ခ အီးအိပ်ခ်ျ ဂျွန်စတင် က (350 A.D မှ 709 A.D ) အိန္ဒိယကျောက်စာဝန်ဟောင်း ဒေါက်တာဆာကား က ( 370 A.D မှ 729 A.D) ဆရာကြီးဦးစံသာအောင်က ( 355 A.D မှ 714 A.D) ဟု အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက် ဒွင်္စန္ဒြမင်းအစ အာနန္ဒစန္ဒြမင်းအဆုံးထိကို ယူကာ ဝေသာလီခေတ်ကာလကို အသီးသီး ခန်းမှန်းခဲ့ကြသည်။
ကျောက်စာတွင် မင်းအမည် နန်းစံနှစ်များနှင့်တကွ သေသေချာချာ ရေးထိုးထားသော ဗဟုဘလီအမည်ပါ ပထမမင်းဆက်ကို ထည့်သွင်းရေတွက်ခဲ့ကြသည်ကို မတွေ့ရပေ။
အာနန္ဒစန္ဒြမင်းကျောက်စာတွင် မင်းဆက် ၃ ဆက် မင်းပေါင်း ၃၇ ပါးကို ရေးထိုးထားသော်လည်း မင်းဆက် ၂ ဆက်ကို သာ ထည့်သွင်းရေတွက်ကာ ခေတ်ကာလကို ခန့်မှန်းခဲ့ကြပေသည်။ ပထမမင်းဆက်ပါ မင်း(၁၅) ကို ချန်လှပ်ထားခဲ့ကြသည်။
ရခိုင်ရာဇ၀င်အစောင်စောင်တို့တွင်လည်း ရခိုင်မင်းဆက်များနှင့် နန်းစံနှစ်များကို ဖေါ်ပြကြရာ၌ ပထမ ဓည၀တီ မာရာယုမင်းဆက်၊ ဒုတိယဓည၀တီ ကံမ္မရာဇာ(၀ါ) ကံရာဇာကြီးမင်းဆက် တတိယဓည၀တီခေတ် စန္ဒာသူရိယမင်းဆက်၊ ပြီးလျှင် ဝေသာလီခေတ် စိုင်းဒြားမင်းဆက်၊ လေးမြို့ခေတ်မင်းဆက်၊ မြောက်ဦးခေတ်မင်းဆက် တို့ကိုသာဖေါ်ပြကြပြီး အာနန္ဒစန္ဒြမင်း ကျောက်စာပါ ဗဟုဘလီ မင်းဆက်၊ ဒွင်္စန္ဒြမင်းဆက်၊ မဟာဝီရမင်းဆက် ၊မင်းဆက်(၃)ဆက် မင်းပေါင်း (၃၇)ပါးတို့ကို တစ်ပါးမှ စာရင်းသွင်း မဖေါ်ခဲ့ကြချေ ၊
တဖန် သုတေသီတစ်ချို့တို့သည်လည်း ရာဇ၀င်လာ မင်းဆက်များနှင့် အာနန္ဒစန္ဒြမင်းကျောက်စာလာ မင်းဆက်များကို ထပ်တူပြု ဆက်စပ် ဖေါ်ပြကြရာ၌လည်း အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်း ၃ ဆက်ထဲမှ ဗဟုဘလီ မင်းဆက်ကို ချန်လှပ်ထားခဲ့ကြသည်။ နောက်တစ်ခါ ကျန်မင်းဆက် ၂ ဆက်တွင်လည်း မိမိတို့လိုအပ်သည့် မင်းများကိုသာ ဖဲထုတ်ယူပြီး ဆက်စပ်၍မရသော မင်းများကို ချန်လှပ်ကာ ဖေါ်ပြကြသည်ကိုလည်းတွေ့ရ၏။
ဗဟုဘလီ ပါ ပထမမင်းဆက်မှ မင်း (၁၅)ပါးကို ကျောက်စာတွင် သေချာစွာ ရေးထိုးထားပါလျှက်နှင့် နန်းလည်းမရ၊ တိုင်းပြည်လည်းမရ၊ မင်းစဉ်ဇယားတို့၌လည်း ဖေါ်ပြမခံကြရသည်မှာ ယင်းမင်းဆက်အတွက် ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ ကျောက်စာလောက် အကိုးအကား မခိုင်လုံသောမင်းဆက်များကို နေရာပေးကြပြီး ကျောက်စာပါ မင်းဆက်များကို လစ်လျူရှုထားကြသည်မှာ ရခိုင်သမိုင်းအတွက် ကြီးမားသော လွဲချော်ချက်တစ်ခုဖြစ်နေသည်ဟု ယူဆမိပါသည်။
မခိုင်လုံသော ရာဇ၀င်လာ သမိုင်းအထောက်အထားများကို ဖက်တွယ်ထားကြပြီး ခိုင်လုံသော ကျောက်စာပါ သမိုင်းအထောက် အထားကို ဥက္ခောပြုထားကြပေသည်။
အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းတို့၏ နန်းစံနှစ်များနှင့် ခေတ်ကာလကို အနီးစပ်ဆုံး သုံးသပ်၍ ပြောရမည်ဆိုလျှင်
ပထမမင်းဆက်(၁၅) ပါး၌ နန်းစံနှစ် (၁၂၀)ပါသော မင်း၇ ပါး ၊ နန်းစံနှစ်အတိ အကျပါသော မင်း ၈ ပါးပါရှိသည် ။
ဒုတိယမင်းဆက်တွင် နန်းစံနှစ် အတိအကျပါသော မင်းဆ(၁၃)ပါး ပါရှိသည်။
တတိယမင်းဆက်တွင် နန်းစံနှစ်အတိအကျပါသော မင်း(၉)ပါး ပါရှိသည်။
မင်းဆက်(၃)ဆက်တွင် မင်းပေါင်း (၃၇)ပါးရှိပြီး နန်းစံနှစ်အတိအကျပါသောမင်းမှာ (၃၀) ဖြစ်သည်။
အာနန္ဒစန္ဒြမင်းကျောက်စာ အောက်ဆုံးစာကြောင်းပါ ဧကာဒဿမ-၁၁ ခု ဂဏန်းကို ခရစ်နှစ်ပြောင်းကာ ကျောက်စာပါ နန်းစံနှစ်အတိအကျပါသော မင်းတို့၏ နန်းစံနှစ်များ အတိုင်း နောက်ပြန်ဆုတ်၍ ရေတွက်ကြည့်သော် ပထမဆုံးမင်းသည် (ဘီစီ ၆၃ )ထက် နောက်မကျဘဲ နောက်ဆုံး အာနန္ဒစန္ဒြမင်းသည် ( အေဒီ ၆၄၉ ) တွင် အဆုံးသတ်နေကြောင်း တွေ့ရမည်ဖြစ်သည်။
အဘယ်ကြောင့် ဤသို့ မှတ်ချက်ပြုရသနည်းဟူမူကား
ကျောက်စာပါ နန်းစံနှစ်အတိအကျပါသော မင်း ၃၀ ပါး တို့၏ နန်းစံနှစ်ပေါင်း ၅၇၉ နှစ်ကို ပျှမ်းမျှ တွက်သော် မင်းတစ်ပါး၏ နန်းစံနှစ်သည် ၁၉ နှစ် ဖြစ်၏။ ထိုကြောင့်
ကျောက်စာတွင် နန်းစံနှစ် ၁၂၀ ပါသော မင်း ၇ ပါးကို ထိုပျှမ်းမျ ၁၉ နှစ်ဖြင့် တွက်ယူသော် ပထမမင်းဆက်သည် ( 63 B.C ) တွင် အစပြုကြောင်း မြင်ရပေမည်။
နိဂုံးချုပ်အနေဖြင့် အာနန္ဒစန္ဒြမင်းကျောက်စာ အနောက်ဖက်မျက်နှာစာပါမင်းတို့၏ နန်းစံနှစ်များအရ ရခိုင်ဝေသာလီခေတ်သည် 63 B.C ထက် နောက်မကျဘဲ 649 A.D ထိ ဖြစ်ကြောင်း တင်ပြလိုက်ရသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
21.12.2018
ကိုးကား-အာနန္ဒစန္ဒြမင်းကျောက်စာမင်ကူးဓါတ်ပုံ
ဦးစံသာအောင်- အာနန္ဒစန္ဒြရခိုင်ဝေသာလီမင်း
E.H Johnston - Some Sanskrit Inscriptions of Arakan.

No comments:
Post a Comment