ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Saturday, April 18, 2020

နတ်ရွာစံသည် ဟူသော စကားအစ အာနန္ဒစန္ဒြမင်းကျောက်စာက


*********************************************
 
 
ဗုဒ္ဓဘာသာနယ်ပယ် လူ့အသိုင်းအ၀ိုင်းအဖွဲ့အစည်းများ၌ မြတ်စွာဘုရားနှင့် ရဟန္တာများ သေဆုံးသည်ကို “ပရိနိဗ္ဗာန်ပြုသည်” ပြောဆိုခေါ်ဝေါ်ရးသားကြ သည်။
ပုထုစဉ် ရဟန်းသံဃာ၊ဘုန်းကြီး ကိုရင်များ သေဆုံးသည်ကို “ပျံလွန်တော်မူသည်” ဟုပြောဆိုခေါ်ဝေါ်ရေးသားကြသည်။
လူတို့သည်ဆုံးသည်ကို “ကွယ်လွန်သည်”ဟု ခေါ်ဝေါ်ရေးသားကြပြီး၊ တိရိစ္ဆာန်များ သေဆုံးသည်ကို “သေသည်” ဟု ရေးသားဖော်ပြကြသည်။
တစ်ချို့က (သေသွားပြီ) ဟူသော ဝေါဟာရကို ဘန်းစကားဖြင့် (ချောသွားပြီ-ဂန့်သွားပြီ- ကြွသွားပြီ) ဟူ၍လည်း အရပ်စကား၌ ပြောဆိုကြသည်ကိုတွေ့ရသည်။
လောကုတ္တရာစာပေများ နှင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့အကြောင်းကို ရေးသားမှတ်တမ်းတင်ထားသော လောကီစာပေမှတ်တမ်း သမိုင်းရာဇ၀င်တို့တွင် ဘုရင်မင်းတို့ ကွယ်လွန်လျှင် “နတ်ရွာစံသည်(၀ါ) နတ်ရွာလားသည်” ဟု ရေးသားဖော်ပြကြသည်။
ထိုစကားရပ်သည် မည်သည့်အချိန် ကာလ၊ ခုနှစ်သက္ကရာဇ်က စတင်အသုံးပြုခဲ့ကြသည်ကို တိတိကျကျပြောရန်ခက်ခဲ့လှပေသည်။
သို့သော်လည်း “နတ်ရွာစံသည်” ဟူသော ထိုစကားရပ်ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရား တွင်ရှိသော ရခိုင်ဝေသာလီခေတ်၊ လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်သုံးရားကျော်က၊ တိတိကျကျပြောရလျှင် ရခိုင်သက္ကရာဇ် (၁၁)ခုနှစ်၊ ခရစ်နှစ် (အေဒီ ၆၄၉) ခုနှစ်၊ (သာသနာနှစ်- ၁၁၉၃) နှစ်တွင် ရေးထိုးခဲ့သော အာနန္ဒစန္ဒြမင်း သင်္ဂါယနာတင်မော်ကွန်း ကျောက်စာတွင် “နတ်ရွာစံသည်” စကားရပ်ကို အကြိမ်ကြိမ် အခါခါ ရေးထိုးသုံးစွဲထားသည်ကို အောက်ပါအတိုင်းတွေ့ရရှိသည်။
အာနန္ဒစန္ဒြမင်းကျောက် ကြောင်းရေ (၁၀)၊ (ဂါထာ-၁၁)တွင် အဏ္ဏဝေဏမင်းကို “ဒိဝံဂတား- နတ်ရွာစံသည်” ဟူ၍လည်းကောင်း၊
ကျောက်စာကြောင်းရေ(၁၆) ၊ ဂါထာအမှတ်(၁၇)တွင် လင်္ကီမင်းကို (တြိဒိဝဟိတး-နတ်ရွာကြွမြန်းသည်-နတ်ရွာစံသည်။) ဟူ၍လည်းကောင်း၊
ကျောက်စာကြောင်းရေ(၂၁)၊ဂါထာအမှတ်(၂၂)တွင် ရာဇစန္ဒြမင်းကို “ဒိဝံယာတော-နတ်ရွာစံသည်” ဟူ၍လည်းကောင်း၊
ကျောက်စာကြောင်းရေ (၂၂) ၊ ဂါထာအမှတ်(၂၃)တွင် ကာလစန္ဒြမင်းကို “သွဂံယာတော-နတ်ရွာစံသည်” ဟူ၍လည်းကောင်း၊
ကျောက်စာကြောင်းရေ(၂၃)၊ ဂါထာအမှတ်(၂၄)တွင် ဒေ၀စန္ဒြမင်းကို “သွဂဘာဂ်-နတ်ရွာစံသည်” ဟူ၍လည်းကောင်း၊
ကျောက်စာကြောင်းရေ(၂၅)၊ဂါထာအမှတ်(၂၇)တွင် ဘူတိစန္ဒြမင်းကို (ယာတောဒိဝံသုခံ-နတ်စည်းစိမ်ကိုခံစားရန်ကြွသည်(၀ါ)နတ်ရွာစံသည်။ ဟူ၍လည်းကောင်း၊
ကျောက်စာကြောင်းရေ (၂၉)၊ ဂါထာ အမှတ် (၃၁) တွင် ပထိဝီစန္ဒြမင်း “ဒိဝံဂတး-နတ်ရွာစံသည်။” ဟူ၍လည်းကောင်း ၊
ကျောက်စာကြောင်းရေ(၃၃)၊ဂါထာအမှတ်(၃၄)တွင် ဝြယဇပ်မင်းကို “သွဂံဥပဘောဂဘာဂ်-နတ်စိမ်းစည်ခံးစားရန်ကြွမြန်းသည်-နတ်ရွာစံသည်” ဟူ၍လည်ကောင်း၊
ကျောက်စာကြောင်းရေ(၃၄ )၊ ဂါထာအမှတ်(၃၆)တွင် ဓမ္မသူရမင်းကို “သွဂံယာတော-နတ်ရွာစံသည်။” ဟူ၍လည်းကောင်း၊
ကျောက်စာကြောင်းရေ(၃၆)၊ ဂါထာအမှတ်( ၃၈) တွင် ၀ဇြသတ္တိမင်း “ဒေ၀လောကံ ယာတ၀ါန်- နတ်တို့၏လောကသို့ ကြွမြန်းသည်(၀ါ) နတ်ရွာစံသည်။” ဟူ၍လည်းကောင်း၊
ကျောက်စာ ကြောင်းရေ( ၃၈) ၊ ဂါထာအမှတ်(၄၀)တွင် ဓမ္မ၀ိဇယမင်းကို “ဒေ၀လောကံ တုဆိတာ ပြယာတ်း-တုသီတာနတ်ပြည်သို့ ကြွမြန်းသည် (၀ါ) နတ်ရွာစံသည်” ဟူ၍လည်းကောင်း၊
ကျောက်စာကြောင်းရေ(၄၁) ၊ဂါထာအမှတ်(၄၃)တွင် ဓမ္မစန္ဒြမင်းကို “သွဂံပြယာတ၀ါန်- နတ်ရွာစံသည်” ဟူ၍လည်းကောင်း၊ ရေးထိုးထားသည်ကိုတွေ့ရှိရသည်။
ထို့ကြောင့် “နတ်ရွာစံသည်” ဟူသော စကားရပ်အသုံးအနှုန်းမှာ ကျောက်စာအကိုးအကားဖြင့် ပြောကြမည်ဆိုလျှင် ရခိုင်ဝေသာလီမှ အာနန္ဒစန္ဒြမင်းသည် နှစ်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်ကပင် သူ၏ သင်္ဂါယနာတင်မော်ကွန်းကျောက်စာ၌ ဘိုးလောင်းတော် ၊ ဘေးလောင်းတော်မင်းများအား ဖော်ပြရာတွင် အစောဆုံး စတင် သုံးစွဲခဲ့သော မင်းတစ်ပါးဖြစ်မည်ဟု ယူဆမိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
မောင်ဖြူ(ကြွီတဲကျွန်း)
18.4.2020၊ 1း46 PM

No comments:

Post a Comment