ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Wednesday, May 27, 2020

မင်းအမည်တစ်ခုသည် သမိုင်းဖြစ်စဉ်များ၌ မည်မျှအရေးပါကြောင်းကို ရှင်းလင်းချက်။ (သို့မဟတု) သီရိစန္ဒြမင်းအမည် ရခိုင်ဝေသာလီခေတ် စန္ဒြဘွဲ့ခံမင်းတစ်ပါး၏ အမည်အင်္ဂါရပ်နှင့် မပြည့်စုံကြောင်း ရှင်းလင်းတင်ပြချက်။

မင်းအမည်တစ်ခုသည် သမိုင်းဖြစ်စဉ်များ၌ မည်မျှအရေးပါကြောင်းကို ရှင်းလင်းချက်။ (သို့မဟတု) သီရိစန္ဒြမင်းအမည် ရခိုင်ဝေသာလီခေတ် စန္ဒြဘွဲ့ခံမင်းတစ်ပါး၏ အမည်အင်္ဂါရပ်နှင့် မပြည့်စုံကြောင်း ရှင်းလင်းတင်ပြချက်။
 
 
==============================
************************************************
ရခိုင်သမိုင်းသုတေသီ ဦးအောင်လှသိန်း(စစ်တွေ)မှ #အာနန္ဒစန္ဒြမင်းကျောက်စာနှင့်ရခိုင်ဝေသာလီသင်္ဂါယနာ# စာအုပ်ပါ (စာ-၃၂၂) ကိုဖတ်ပြီး “စန္ဒြားမင်းများကို သီရိစန္ဒြားဟုခေါ်ခြင်းမှာ အထူးအထွေမဟုတ် ဆိုနိုင်ပေသည်။” ဟု မှတ်ချက်ပြုထားသည်ကိုတွေ့ရသည်။
မင်းအမည်တစ်ခုသည် သမိုင်းဖြစ်ရပ်များနှင့် ပက်သက်၍ မည်မျှအရေးကြီးကြောင်းကို ရှေ့တင်ရှင်းလင်း တင်ပြသွားပါမည်။ ရခိုင်ဝေသာလီခေတ်တွင် မင်းအမည်တစ်ခု၌ (ဂုဏ်ပုဒ်+ကိုယ်ပိုင်အမည်+ မျိုးရိုးအမည်) ရှိသည်ကို သိဟန်မတူသော ကြောင့် ဤသို့မှတ်ချက်ပြုလာသည်ဟု ယူဆရသည်။ (ပညာမေဓာမော်ကွန်းပါ ရခိုင်ရာဇ၀င်များတွင်ပါသော သီရိစန္ဒြမင်းသည် မင်းအမည်တစ်ခု၏ ဂုဏ်အင်္ဂါရပ်များဖြင့် မပြည့်စုံကြောင်းကို ကျောက်စာအထောက်အထား၊ ကျမ်းဂန် အထောက်အထား များဖြင့် တင်ပြသွားပါမည်။
ယနေ့ခေတ် ရဟန်းပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်အမည်တို့တွင် အမည်လေးနက်မှုရှိစေရန် အမည်ရှေ့မှ ဂုဏ်ပုဒ်အဖြစ်၊ ဘဒ္ဒန္တ၊ ဦး၊ ဒေါ် တပ်၍ခေါ်လေ့ရှိကြသလို ရခိုင်ဝေသာလီခေတ် စန္ဒြဘွဲ့ခံမင်းများတွင်လည်း အမည်တစ်ခု၏ရှေ့တွင် ဂုဏ်ပုဒ်တစ်ခုအဖြစ် (သီရိ) တပ်၍ ခေါ်ဝေါ်ကြသည်ကိုတွေ့ရသည်။ ယင်းနောက်တွင် ကိုယ်ပိုင်နာမည်၊မျိုးရိုးနာမည်တို့ ပါရှိသည်ကိုတွေ့ရသည်။ ထို့ကြောင့် “သီရိစန္ဒြ” မင်းနာမည်ကို ဝေသာလီခေတ်စန္ဒြဘွဲ့ခံမင်း၏ ဂုဏ်ပုဒ်နှင့် မကိုက်ညီကြောင်း၊ မပြည့်စုံကြောင်း အတိအကျပြောလိုသည်။
ထိုကြောင့် အာနန္ဒစန္ဒြမင်းကျောက်စာပါ သင်္ဂါယနာတင်မင်းအမည် အာနန္ဒစန္ဒြနှင့် ပညာမေဓာ သင်္ဂါယနာတင် မော်ကွန်းပါ သီရိစန္ဒြ သည် အတူတူဖြစ်မည်ဟု သုံးသပ်ရခြင်းဖြစ်သည်။ အကြောင်းမှာ ကျောက်စာတွင် သင်္ဂါယနာတင်မင်းအမည်ကို အာနန္ဒစန္ဒြမင်း ဟုရေးထိုးထားပြီး၊ ပညာမေဓာမော်ကွန်တွင်လည်း သင်္ဂါယနာတင်မင်းကို သီရိစန္ဒြမင်း ဟု၍ ရေးစပ်ထားသောကြောင့်ဖြစ်သည်။ မော်ကွန်းပါ သီရိစန္ဒြမင်းသည် သက္ကရာဇ်ဖြိုခဲ့သောမင်းဖြစ်သလို ၊ အာနန္ဒစန္ဒြမင်းသည်လည်း သက္ကရာဇ်ဖြိုသောမင်းဖြစ်နေသည်။ ယင်းအပြင် ကျောက်စာပါ အ ကြောင်းအရာများနှင့် မော်ကွန်းပါအကြောင်းအရာတို့မှာ အလွန်တူညီနေသည်ကလည်း အကြောင်းရင်း တစ်ခုဖြစ်နေသည်။ ထို့ကြောင့် သီရိအာနန္ဒစန္ဒြမင်းနှင့် သီရိ----စန္ဒြ မင်းသည် အတူတူဖြစ်ကြောင်း သုံးသပ်ရခြင်းဖြစ်သည်။ ဆက်လက်ရှင်းအံ့။
ပညာမေဓာမော်ကွန်းပါ “သီရိစန္ဒြား” မင်းအမည်နှင့်ပက်သက်၍ ရခိုင်ရာဇ၀င်အစောင်စောင်တို့ ၌ မင်းဆက်များပါ အမည်များကိုလေ့လာကြည့်လျှင် မျိုးရိုးအမည်ကို ထိန်းသိမ်းခဲ့သော မင်းဆက်များကို တွေ့ရ၏။ ပထမဓည၀တီခေတ် တွင် မာရယုမင်း မှအစပြုကာ “မာရ” ဟူသော မျိုးရိုးအမည်ကိုခံယူခဲ့ကြောင်း တွေ့ရ၏။ ထို့နောက် “ဒေါလစန္ဒား မှ ဂုဏစန္ဒား” အထိ မင်းတို့သည်လည်း မျိုးရိုးအမည်အား ဆက်ခံထိန်း သိမ်းကြောင်းတွေ့ရသည်။ ယင်းနောက် တတိယ ဓည၀တီခေတ်တွင်၌ စန္ဒာသူရိယမင်း မှ အစပြုကာ “သူရိယ” ဟူသောအမည်ကို မျိုးရိုးအမည်အဖြစ် ဆက်ခံထိန်းသိမ်းကြသည်ကိုတွေ့ရသည်။ ဝေသာလီခေတ်တွင်လည်း မဟာတိုင်းစန္ဒြားမင်း မှ စူလစန္ဒြားမင်းအဆုံး “စန္ဒြား” ဟူသော မျိုးရိုးအမည်ကို လက်ဆင့်ကမ်းထိမ်းသိမ်းခံယူကြသည်။ ဤကား ရခိုင်ရာဇ၀င်အလိုများတည်း။ (ဇယား-၁)
 
 
*
ရခိုင်ရာဇ၀င်ကျမ်းအစောင်စောင်တို့၌ ရခိုင်သမိုင်းကို ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေး မြို့ခေတ်၊မြောက်ဦးခေတ်ဟူ၍ ခေတ်အားဖြင့်(၄)ခေတ်ခွဲ၍ ဖေါ်ပြကြ၏။ထိုခေတ်လေးခေတ်တွင် မျိုးရိုး အမည်ကို ထိန်းသိမ်းကြသော မင်းတို့မှာ ဓည၀တီခေတ် ၊ ဝေသာလီခေတ်တွင် စိုးစံခဲ့သော မင်းအမည် များ၌သာတွေ့ရပြီး၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်တို့တွင် မျိုးရိုးအမည်ကို ဆက်ခံသော မင်းဆက်ကို မတွေ့ရပေ။
အာနန္ဒစန္ဒြမင်းကျောက်စာ၌ ဒုတိယမင်းဆက်တွင် ဂါထာ(၁၉)ပါ ဒွေင်္စန္ဒြမင်းမှ အစပြု၍၊ ဂါထာ (၃၁)ပါ ဓရိတိစန္ဒြမင်းထိ “စန္ဒြ” အမည်ကို မျိုးရိုးအမည်အဖြစ် စန္ဒြမင်းဘွဲ့ခံယူ၍ လက်ဆင့်ကမ်းထိန်း သိမ်းကြသည်ကိုတွေ့ရ၏။ ယင်းနောက် တတိယမင်းဆက်တွင် စန္ဒြဘွဲ့ခံမင်းမဟုတ်သောမင်းဆက်တစ် ခု အုပ်စိုးခဲ့ပြီးနောက် ဓမ္မစန္ဒြမင်းမှ အာနန္ဒစန္ဒြမင်းထိ စန္ဒြဘွဲ့ခံမင်းများ ပြန်လည် အုပ်စိုးလာသည်ကိုတွေ့ ရသည်။ ထိုမင်းတို့သည် “စန္ဒြ” ဟူသောမျိုးရိုးအမည်ကို ဆက်ခံထိန်းသိမ်းကြသည်။ (ဇယား -၂)


လူသားတို့သည် မျက်မှောက်ခေတ်တိုင် မိမိတို့၏ မျိုးရိုးအမည်ကို ခံယူနေကြသေးကြောင်း မြင် တွေ့နိုင်သည်။ မျိုးရိုးနာမည်ကို တစ်ချို့မှာ နာမည်၏ရှေ့တွင်တပ်၍ တစ်ချို့နာမည်၏နောက်တွင် ထား ကာ မှည့်ခေါ်ကြသည်။ ယခုခေတ်တွင် ယင်းသို့ မှည့်ခေါ်သောအမည်များကို အများအားဖြင့် အနောက် နိုင်ငံများတွင် တွေ့ရ၏။ မျိုးရိုးနာမည်ကို မှည့်ခေါ်ခြင်းအားဖြင့် နာမည်တစ်ခုကို ကြားလိုက်သည်နှင့် ထို လူမျိုး၏ မျိုးရိုးကိုသိနိုင်၏။ ရှေးခေတ်ရခိုင်ပြည်တွင် မျိုးရိုးအမည်ကို ထိန်းသိမ်းသော ဓလေ့ရှိခဲ့သည်ကို ရခိုင်ရာဇ၀င်မင်းဆက်၊ ကျောက်စာပါ မင်းဆက်များကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ယနေ့ မြန်မာနိုင်ငံတွင် နာမည်မှည့်ခေါ်ကြရာ၌ အရွယ်ကိုလိုက်၍ ထိုပုဂ္ဂိုလ်အား လေးနက်ခံ့ ညားစေရန် နာမည်ရှေ့တွင် “ဦး၊ ဒေါ်၊ မောင်၊ မ”တပ်၍ မှည့်ခေါ်ကြ၏။ ရဟန်းသံဃာများ၏ဘွဲ့နာမည် များရှေ့၌ “ဘဒ္ဒန္တ” ဟူ၍ စာလုံးကိုထည့်ကာ မှည့်ခေါ်ကြသည်။ ပါဠိဝေါဟာရ “သီရိ”ပါသော နာမည် များကို နိုင်ငံတော်က ချီးမြှောက်သော လူမှုထူးချွန်ဆု ဘွဲ့နာမည်များရှေ့တွင် ထည့်သွင်း မှည့်ခေါ်ကြ သည်ကိုတွေ့ရသည်။ ဥပမာ- သီရိသုဓမ္မသင်္ဂီ ကဲ့သို့သော အမည်ပင်တည်း။ မျိုးရိုးဆက်ခံထိန်းသိမ်းသော အမည်တစ်ခုတွင် ကိုယ်ပိုင်နာမည်၊ မျိုးရိုးနာမည် ဟူ၍ ရှိကြသည်။ ပညာမေဓာမော်ကွန်းပါ သင်္ဂါယနာတင်မင်းဖြစ်သော “သီရိစန္ဒြ” အမည်ကို ခွဲခြမ်း စိတ်ဖြာ ကြည့်သော် “သီရိ” ဟူသောစာလုံးသည် ထိုပုဂ္ဂိုလ်အမည်ကို လေးနက်မှုရှိစေရန် ရှေ့မှတပ်၍ခေါ်သော ဂုဏ်ပြု စာ လုံးသာဖြစ်၏။ “သီရိ=ဘုန်းကျက်သရေ” ဟူသောပုဒ်ကို မည်သည့်မင်း၏အမည်ရှေ့တွင်မဆို လေး နက်မှုရှိစေရန် ထည့်ခေါ်သော စကားရပ်သာဖြစ်သည်။ “စန္ဒြ” ဆိုသော စာလုံးသည် စန္ဒြဘွဲ့ခံ မင်းတို့၏ မျိုးရိုး အမည်ဖြစ်ကြောင်းကို ရခိုင်ရာဇ၀င်လာ ဝေသာလီစန္ဒြမင်းဆက်နာမည်များ၊ အာနန္ဒစန္ဒြကျောက် စာလာ ဝေသာလီမင်းဆက် နာမည်များက သက်သေခံနေ၏။ ပညာမေဓာမော်ကွန်းပါ သင်္ဂါယနာတင်မင်းနာမည် “သီရိစန္ဒြ”သည်၊ နာမည်တစ်ခု၏ ဂုဏ်အင်္ဂါ နှင့် မပြည့်စုံကြောင်း အောက်ပါဇယားကိုကြည့်ကသိနိုင်၏။ စန္ဒြဘွဲ့ခံမင်းတိုင်းတွင် ကိုယ်ပိုင်နာမည်၊ မျိုး ရိုးနာမည်တို့ ရှိကြသည်ကို တွေ့ရပြီး “သီရိစန္ဒြ” ၌ ကိုယ်ပိုင်အမည်မတွေ့ရချေ။ (ဇယား-၃ အောက်ပုံ)
 


တစ်ဘက်ပါ ဇယားကွက်ကို ကြည့်ပါက၊ ပညာမေဓာမော်ကွန်းပါ(သီရိ--စန္ဒြ)မင်းအမည်၌ ဂုဏ် ပုဒ်နှင့် မျိုးရိုးအမည် နှစ်ခုသာပါသည်ကို တွေ့မြင်နိုင်ပြီး၊ ကိုယ်ပိုင်အမည်ပျောက်နေ၏။ ဤသို့ အမည် မ ပြည့်မစုံဖြစ်ရသည်မှာ ရှေးကဖေါ်ပြခဲ့သလို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ကူးယူလာကြသည့် အ ခါ မူလအက္ခရာစာလုံးများ ပျက်စီးနေ၍သော်လည်းကောင်း၊ဖတ်မရစာလုံးများ ဖြစ်နေခြင်းကြောင့်သော် လည်းကောင်း၊ ရေးကူးသူ၏ လိုအပ်ချက်ကြောင့်သော်လည်းကောင်း၊ အခြားသော အကြောင်းအမျိုးမျိုး ကြောင့်သော်လည်းကောင်း၊ ( သီရိ --- စန္ဒြ ) အမည်၌ ကိုယ်ပိုင်နာမည် ပျောက်နေရခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။ ထိုကြောင့် ပညာမေဓာ သင်္ဂါယနာတင်မော်ကွန်းပါ သင်္ဂါယနာတင်မင်းဖြစ်သော ( သီရိ---စန္ဒြ ) အမည်ကို ပြည့်စုံအောင် ဖြည့်စွက်မည်ဆိုလျှင် ကျောက်စာပါ သင်္ဂါယနာတင်မင်းဖြစ်သော အာနန္ဒစန္ဒြ မင်းမှအပ အခြားမင်း မဖြစ်နိုင်ချေ။ ကျောက်စာတွင် သင်္ဂါယနာတင်သောမင်းသည် အာနန္ဒစန္ဒြမင်း ဖြစ်နေပြီး၊ ပညာမေဓာ သင်္ဂါ ယနာ မော်ကွန်းလင်္ကာတွင် သီရိစန္ဒြမင်း ဖြစ်နေသောကြောင့် သင်္ဂါယနာတင်မင်းနှစ်ပါး၏ အမည်ကွဲလွဲ မှုရှိနေသည်ကို ရှင်းလင်းတင်ပြပါအံ့။ ပညာမေဓာမော်ကွန်းလင်္ကာသည် ရှေ့တွင်ရေးခဲ့သလို မူလအစ သက္ကဋဘာသာဖြင့်သာ ရှိခဲ့ မည်ဟု ယူဆရပါသည်။ ပညာမေဓာမော်ကွန်းတွင် ရေးစပ်ထားသော အကြောင်းအရာများသည် အာ နန္ဒစန္ဒြကျောက်စာပါ အကြောင်းအရာများနှင့် ထပ်တူကျသလောက် ရေးဖွဲ့ထားသောကြာင့် သင်္ဂါယနာ မော်ကွန်းလင်္ကာကို ရေးစပ်ခဲ့သောပုဂ္ဂိုလ်သည် အာနန္ဒစန္ဒြမင်း သင်္ဂါယနာ တင်သည့်ပွဲတွင် ကိုယ်တိုင် ကိုယ်ကျပါဝင်ခဲ့သူဖြစ်ဟန်ရှိ၏။ သို့မဟုတ် ယင်း သင်္ဂါယနာတင်ပွဲကို မျက်ဝါးထင်ထင် သိမြင်ခဲ့သူ (၀ါ) ယင်းသင်္ဂါယနာတင်ပွဲ မှတ်တမ်းမှတ်ရာများကို ရရှိထားသောသူတစ်ဦး ဖြစ်သောကြောင့်သာ ဤကဲ့သို့ အာနန္ဒစန္ဒြမင်းကျောက်စာနှင့် အကြောင်းခြင်းရာ ထပ်တူနီးပါးကျအောင် ရေးစပ်နိုင်ခြင်းဖြစ်သည်ဟု ယူ ဆရပေလိမ့်သည်။ သို့ရာတွင် မူလ သက္ကဋဘာသာဖြင့် ရှိနေသော ပညာမေဓာမော်ကွန်းလင်္ကာမှ၊ ခေတ်အဆက် ဆက် ဘာသာပြန်သူ၊ စာကူးသူတို့ကြောင့်၊ တစ်ချို့သော မော်ကွန်းပါ ဝေါဟာရ စကားလုံးတစ်ချို့သည် ယနေ့ ပီစာ၊ ကျမ်းဂန် ၊စာအုပ်၊ စာတမ်း၊ များပေါ်၌်ရှိနေသော ပညာမေဓာ သင်္ဂါယနာတင် မော်ကွန်းလ င်္ကာပါ စကားလုံးများနှင့် အနည်းငယ် ကွဲလွဲမှုရှိနိုင်သည်မှာ ငြင်းမရသော အချက်တစ်ချက်ဖြစ်သည်။
 
 
သင်္ဂါယနာတင်မင်းသည် အာနန္ဒစန္ဒြမင်း လော ၊ သီရိစန္ဒြမင်း လော
**********************************************************
ရခိုင်ဝေသာလီ၌တင်သော သင်္ဂါယနာသည် ကျောက်စာတွင် အာနန္ဒစန္ဒြ မင်းဖြစ်နေပြီး ပညာ မေဓာမော်ကွန်းတွင် သီရိစန္ဒြ မင်းဖြစ်နေသော်လည်း ထိုသင်္ဂါယနာတင်မင်းနှစ်ပါးသည် အတူတူပင်ဖြစ် ဟန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပညာမေဓာမော်ကွန်းပါ သီရိစန္ဒြားမင်းဟူသော မင်းအမည်သည် စန္ဒြဘွဲ့ခံမင်း အမည်တစ်ခု၏ အင်္ဂါရပ်နှင့် မကိုက်ညီ မပြည့်စုံကြောင်းတင်ပြခဲ့ပြီးဖြစ်သည်။ အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်များ၌သော်လည်းကောင်း၊ ရာဇ၀င်လာ မင်းဆက်များ ၌သော်လည်းကောင်း မင်းအမည်တစ်ခုတွင် မိမိကိုကိုယ်စားပြုသောအမည်တစ်ခုနှင့် မျိုးရိုးကိုကိုယ်စား ပြုသော အမည်တစ်ခုတို့ ထည့်သွင်းမှည့်ခေါ်ကြသည်ကို ဇယား(၄)တွင် တွေ့မြင်နိုင်သည်။ 
 


ထိုကြောင့် ပညာမေဓာမော်ကွန်းပါ သင်္ဂါယနာတင်သော သီရိစန္ဒြမင်းအမည်သည် အမည်ရှေ့က ဂုဏ်ပုဒ်နှင့် မျိုးရိုးအမည် နှစ်ခုသာပါရှိပြီး မိမိကိုယ်ပိုင်အမည် မပါသောကြောင့် သီရိစန္ဒြမင်းအမည်သည် စန္ဒြဘွဲ့ခံမင်း အမည်တစ်ခု၏အင်္ဂါရပ်နှင့်ပြည့်စုံသော မင်းအမည်မဟုတ်ကြောင်း သုံးသပ်ရခြင်းဖြစ်သည်။ 
 
 
 ရှေးခေတ်က ရာဇ၀င်၌လည်းကောင်း၊ကျောက်စာ၌လည်းကောင်း မျိုးရိုးကိုဆက်ခံသော မင်းတစ် ပါး၏ အမည်တစ်ခုတွင် ( ဂုဏ်ပုဒ်+ကိုယ်ပိုင်အမည်+မျိုးရိုးအမည်) ဟူ၍ အပိုင်း (၃) ပိုင်း ပါရှိသည်ကို တွေ့ရသည်။ အမည်ရှေ့မှ ဂုဏ်ပုဒ်ပါရှိပြီး၊ အလယ်တွင် မင်း၏ကိုယ်ပိုင်အမည်ပါရှိကာ၊ အဆုံး၌ မျိုးရိုးအ အမည်ပါရှိကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာမေဓာ မော်ကွန်းပါ “သီရိစန္ဒြ” ဟူသောမင်းအမည်၌ “သီရိ” သည် ဂုဏ်ပုဒ်ဖြစ်ပြီး၊ “ စန္ဒြ ” သည် မျိုးရိုးအမည်ဖြစ်ကာ၊ အလယ်၌ အခြားမင်းများကဲ့သို့ ကိုယ်ပိုင်အမည်မရှိဖြစ်နေသည်။ ယင်းကဲ့သို့ အမည်ပေးထားသည်ကို အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ၀ီရန္ဒြမင်းကျောက်စာ၊ နိတိစန္ဒြမင်းကျောက်စာ တို့တွင် အောက်တွင် ဖေါ်ပြထား ဇယား(၅) တွေ့မြင်နိုင်သည်။
 
 
 
အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ၀ီရန္ဒြမင်းကျောက်စာ၊ နိတိစန္ဒြမင်းကျောက်စာတို့တွင် “ စန္ဒြ”ပါရှိ သော မင်းအမည်တို့၌ မျိုးရိုးအမည်ကို အမည်၏နောက်တွင်ထည့်၍ ခံယူကြသည်ကိုတွေ့ရပြီး ၊ ရာဇ၀င် လာ ပထမ ဓည၀တီခေတ် “မာရယု” မင်းဆက်နှင့် တတိယဓည၀တီခေတ် “သူရိယ” မင်းဆက်တွင် မျိုးရိုးအမည်ကို ရှေ့၌ထားကာ ခံယူကြသည်။
 
***
ကျောက်စာလာစန္ဒြမင်းဆက်နှင့် မော်ကွန်းပါ သီရိစန္ဒြမင်းအမည်ကို နှိုင်းယှဉ်တင်ပြခြင်း
---------------------------------------------------------------
စန္ဒြဘွဲ့ခံမင်းတို့၏ အမည်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို နှိုင်းယှဉ်ကြည့်သည့်အခါလည်း (ဇယား-၆)အောက်ဆုံး၌ မော်ကွန်းပါ သီရိစန္ဒြမင်းအမည်တွင် ကိုယ်ပိုင်အမည်ပျောက်နေသည်ကိုတွေ့ မြင်နိုင်သည်။(ပုံ-၆)

 
 
 
 
ထိုကြောင့် ပညာမေဓာမော်ကွန်း၌ သင်္ဂါယနာတင်သော သီရိစန္ဒြမင်း အမည်သည် ကျောက် စာ၌ သင်္ဂါယနာတင်သော အာနန္ဒစန္ဒြမင်း နှင့် အတူတူဖြစ်သည်ဟ သုံးသပ်တင်ပြလိုက်ရပါကြောင်း။
သီရိစန္ဒြမင်းအမည်သည် ရခိုင်ဝေသာလီခေတ်မင်းတစ်ပါး၏ အမည်အင်္ဂါရပ်နှင့် မပြည့်စုံကြောင်းကို ယခုရှင်းလင်းတင်ပြသော အထောက်အထား အကိုးအကားများကို ဆရာကြီးအနေဖြင့် လက်မခံနိုင်ပါက (သီရိ --- စန္ဒြမင်း)၏ ကိုယ်ပိုင်အမည်တစ်ခုကို ရှာဖွေတင်ပြပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
 
 
ကျမ်းကိုး
● စံသာအောင်၊ဦး။(မဟာဝိဇ္ဇာ-ဟားဗတ်)။ - (၁၉၇၅)၊ အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်း။ရန်ကုန်မြို့။
● မြင့်ဆွေ၊ဦး။မဟာဝိဇ္ဇာ(လန်ဒန်)။ - (၁၉၈၃)။ သက္ကတသဒ္ဒါကျမ်း၊ ရန်ကုန်မြို့၊သာသနာရေးဦးစီးဌာန။
● ရွေှ့အောင်၊ဦး၊(M.A.သက္ကတ)- (၁၉၈၉)။ ရှေးဟောင်းသက္ကဋသဒ္ဒါကျမ်း၊ ပါဏိနိ သိဒ္ဓန္ထကော်မုဒိပါဌ်နိဿယ အဓိပ္ပါယ်။ ရန်ကုန်၊သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။
● ဟုတ်စိန်၊ဦး၊(ဘီအေ-ဂုဏ်ထူး၊ဘီ အယ်)။ - (၁၉၉၉)။ ပဒတ္ထမဉ္ဇူသာ ဟူသော ပါဠိမြန်မာအဘိဓာန်။ ပြန်လည်ပုံနှိပ်ခြင်း။န်ကုန်မြို့၊ သာသနာရေးဦးစီးဌာန။

No comments:

Post a Comment