ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Monday, June 14, 2021

ဝေသာလီခေတ်အကြောင်းကို ပြောပြနေသော သူရိယစန္ဒြမင်းဒင်္ဂါးမှ နွားလားဥဿဘအမြီးနှင့် ပုတီးကုံး

 


ဆရာကြီးဦးစံသာအောင် - ရေးသားသော “ရခိုင်ဒင်္ဂါးများ”စာအုပ်၊ (ပုံ-၁၃ က)နှင့် “အာနန္ဒစန္ဒြရှစ် ရာစု ရခိုင်ဝေသာလီမင်း” စာအုပ်၊(ပုံ -၂၆)ပါ သူရိယစန္ဒြမင်းဒင်္ဂါးကို ရခိုင်ရာဇ၀င်လာ (မဟာသူရိယတိုဉ်း စန္ဒရား) ဖြစ်သည်ဟူ၍လည်းကောင်း၊ အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ ရခိုင်ဝေသာလီ ကို နတ်ပြည်တမျှ လှပအောင် ပြုလုပ်ခဲ့သော (ဒွေင်္စန္ဒြမင်း) နှင့် မင်းတစ်ပါးတည်း ဖြစ်သည်ဟူ၍ လည်း ကောင်း၊ ရခိုင်ဝေသာလီဘုရားကြီးကို တည်ထားခဲ့ သောမင်းဖြစ်သည် ဟူ၍ လည်းကောင်း၊ ရခိုင်ဝေသာလီ သမိုင်းကို လေ့လာရေးသားနေသော ဆရာတစ်ချို့မှ ရေးသားဖော်ပြကြသည်။

 

အာနန္ဒစန္ဒြမင်းကျောက်စာပါမင်းအမည်များနှင့် ရခိုင်ရာဇ၀င်လာမင်း အမည်များကို ဇယားချဖော်ပြရာ တွင်လည်း အာနန္ဒ စန္ဒြမင်းကျောက်စာမှ မိမိလိုသည့်မင်းကို ယူ၍ ထပ်တူပြုဖော်ပြကြသလို၊ ရခိုင်ရာဇ၀င် တွင်မပါသော၊ မင်းအရေအတွက် မကိုက်ညီသော ကျောက်စာပါမင်းများကို ချန်လှပ်ကာ ရေးသား ဖော်ပြကြသည်။

 

သူရိယစန္ဒြမင်းဒင်္ဂါးသည် ရခိုင်ရာဇ၀င်လာ(မဟာသူရိယတိုဉ်းစန္ဒရား)ဒင်္ဂါးပြား မဟုတ်သလို၊ အာနန္ဒ စန္ဒြမင်းကျောက်စာ ပါ ဒွေင်္စန္ဒြမင်းဒင်္ဂါးလည်း မဟုတ်ပေ။ ယင်းအပြင် သူရိယစန္ဒြမင်းဒင်္ဂါးသည် ရခိုင် ဝေသာလီ မင်းနေပြည်တော်သုံး ဒင်္ဂါးလည်း မဟုတ်ပေ။

 အာနန္ဒစန္ဒြမင်းကျောက်စာတွင် မင်းသုံးဆက်ပါရှိသည်။ ပထမမင်းဆက်တွင် မင်း(၁၅)ပါး၊ ဒုတိယမင်းဆက်တွင် မင်း(၁၃) ပါး၊ တတိယမင်းဆက်တွင် မင်း(၉)ပါး ပါရှိသည်။

 အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်မှ မင်းတို့သည် ခရုသင်းအရုပ်ပါသော ဒင်္ဂါးများကို ခပ်နှိပ်ခဲ့ကြသည်။ ပထမမင်းဆက်ပါ မင်း(၁၅) ပါးတွင် (သူရိယစန္ဒြ) ဟူသော မင်းအမည်မပါသောကြောင့်၊ သူရိယစန္ဒြမင်းဒင်္ဂါးသည် ပထမ မင်းဆက်မှ မင်းတစ်ပါး၏ ဒင်္ဂါးမဟုတ်ကြောင်းသိနိုင်သလို၊ ဒင်္ဂါးကိုနွားလားဥဿဘအရုပ်ဖြင့် ခပ်နှိပ်ထားသောကြောင့်  ပထမမင်းဆက်မှ မင်းမဟုတ်ကြောင်း သိနိုင်သည်။

အာနန္ဒစန္ဒြမင်းကျောက်စာ ပထမမင်းဆက်တွင် သူရိယစန္ဒြမင်းအမည်မပါသောကြောင့်  ဒုတိယမင်းဆက်ပါ      ဒွေစန္ဒြ မင်း၊ ရာဇစန္ဒြမင်း၊ ကာလ စန္ဒြမင်း၊ ဒေ၀စန္ဒြမင်း၊ ယဇစန္ဒြမင်း၊ စန္ဒြဗ္ဒုမင်း၊ ဘူမိစန္ဒြမင်း၊ ဘူတိစန္ဒြမင်း၊ နီတိစန္ဒြမင်း၊ ၀ီရစန္ဒြ မင်း၊ ပြီတိစန္ဒြ မင်း၊ ပထိဝီစန္ဒြမင်း၊ ဓတိစန္ဒြမင်း ဟူသော မင်း (၁၃)ပါး အမည်များသာ ပါရှိသည်။ ထိုမင်းတို့ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများအားလုံးကိုလည်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။  ဒုတိယမင်းဆက်ပါ မင်းအမည်များတွင်လည်း သူရိယစန္ဒြမင်း အမည် မပါရှိပေ။ ထို့ကြောင့် သူရိယစန္ဒြမင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ မင်းတစ်ပါးမဟုတ်ကြောင်း သိနိုင်သည်။

 ယင်းအပြင် ဒုတိယမင်းဆက်မှ မင်းတို့ခပ်နှိပ်သော ဒင်္ဂါးများ၌ နွားလားဥဿဘအရုပ်သည် သက်တောင့်သက်သာ ၀ပ်နေ သည့်အနေအထားဖြစ်ပြီး၊ နွားလားဥဿဘ အမြီးသည်လည်း အောက်သို့ချထားသည်။ နွားလားဥဿဘ၏ လည်ပင်းတွင် လည်း ပုတီးကုံးများ ပါရှိကြသည်။

   သူရိယစန္ဒြမင်းဒင်္ဂါးတွင် နွားလားဥဿ ဘအရုပ်၌ ပုတီးကုံးပါရှိသော်လည်း နွားအမြီးမှာ အောက်သို့ချထားခြင်း မဟုတ် ဘဲ၊ အပေါ်သို့ထောင်တက်နေခြင်းမှာလည်း ကွဲပြားသောအချက်တစ်ခုဖြစ်ကြောင့် သူရိယစန္ဒြမင်းသည် အာနန္ဒစန္ဒြမင်း ကျောက်စာပါ ဒုတိယမင်းဆက်မှ မင်းတစ်ပါးမဟုတ်ကြောင်း ပြသနေသည်။

သူရိယစန္ဒြမင်းအမည်ကို အာနန္ဒစန္ဒြမင်းကျောက်စာပါ တတိယမင်းဆက်၌ ဆက်လက်ရှာဖွေရာ တတိယမင်းဆက်တွင် ဓမ္မရာဇး၊ ဝြယ ဇပ်၊ သေ၀ိင်္ရေင်၊ဓမ္မသူရ၊ ၀ဇြသတ္တိ၊ ဓမ္မ၀ိဇယ၊ နရေန္ဒြ၀ိဇယ(ခ) နရေန္ဒြစန္ဒြ၊ ဓမ္မစန္ဒြ၊ အာနန္ဒစန္ဒြမင်းဟူ၍ မင်း(၉)ပါးပါရှိသည်။ ထိုမင်းအမည်စာရင်းတွင်လည်း သူရိယစန္ဒြမင်းအမည် မပါရှိပေ။

 တတိယမင်းဆက်မှ ဓမ္မရာဇမင်း၊ ဓမ္မ၀ိဇယမင်း၊ ဓမ္မစန္ဒြမင်း၊ အာနန္ဒစန္ဒြမင်းတို့ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ ထိုဒင်္ဂါးများ၌ နွားလားဥဿဘသည် သက်တောင့် သက်သာ ၀ပ်နေသည့်အနေအထားဖြစ်ပြီး၊ နွားလားဥဿဘအမြီးမှာ အောက်သို့ချ ထား သည့် ပုံစံဖြင့် ခပ်နှိပ်ထားကြပြီး၊ နွားလားဥဿဘလည်ပင်းတွင် ပုတီးကုံးများ မပါရှိကြပေ။

သူရိယစန္ဒြမင်းဒင်္ဂါးပါ နွားလားဥဿဘအရုပ်မှာ ရှေ့ခြေနှစ်ချောင်း သည် ဒူးထောက်ရိုကျိုးနေသော အနေအထား ဖြစ်နေသည်။ ထို့အပြင် နွားလားဥဿဘလည်ပင်း၌ ပုတီးကုံးပါရှိပြီး၊ နွားလား၏အမြီးမှာလည်း အပေါ်သို့ထောင် နေသောကြောင့် သူရိယစန္ဒြမင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ တတိယမင်းဆက်မှ မင်းတစ်ပါးလည်းမဟုတ်ကြောင်း သိရှိနိုင်သလို၊ သူရိယစန္ဒြမင်းဒင်္ဂါးသည် ရခိုင်ဝေသာလီမင်း နေပြည်တော်မှ ခပ်နှိပ်သော ဒင်္ဂါးမဟုတ်ကြောင်း ဖော်ပြနေသည်။  အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်ဒင်္ဂါး၊ ဒုတိယမင်းဆက်ဒင်္ဂါး၊ တတိယမင်းဆက်ဒင်္ဂါး (ပုံ-၁)

 

 
 
 
 

                               ဤသို့ဆိုလျှင် သူရိယစန္ဒြမင်းသည် ရခိုင်ဝေသာလီ၏ မည်သည့်မင်းဆက်က မင်းဖြစ်သနည်း ? ။ အာနန္ဒစန္ဒြမင်းကျောက်စာတိုင် မြောက်ဘက်မျက်နှာစာတွင် သိံဃဂဏ္ဍစန္ဒြ အမည်ပါရှိသည်ဟု ပင်မလာ ဂတ်တမင်က ဖော်ပြခဲ့သည်။ ထိုသိံဃဂဏ္ဍစန္ဒြမင်းဒင်္ဂါးကိုလည်း  ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ သိံဃဂဏ္ဍစန္ဒမင်း ဒင်္ဂါးတွင် နွားလားဥဿဘအမြီးမှာ အောက်သို့ချ ထားသည့် ပုံစံဖြင့်သာ ခပ်နှိပ်ထားခြင်းဖြစ်ပြီး၊နွားလား၏လည်ပင်းတွင် ပုတီးကုံး မပါချေ။

 သူရိယစန္ဒြ မင်း ဒင်္ဂါးတွင်  နွားလားဥဿဘအမြီးမှာ အပေါ်သို့ ထောင်နေပြီး၊နွားလားဥဿဘ လည်ပင်း၌ ပုတီးကုံး ပါရှိခြင်းတို့ ကွဲပြားခြားနားကြသည်။   

ကျောက်တော်မြို့နယ်မှ တွေ့ရှိရသော ရခိုင်ဝေသာလီဒင်္ဂါးများဖြစ်သည့် မေဠစန္ဒြ၊ မေလစန္ဒြ၊ ဒါလစန္ဒြမင်း၊ ဂါ-စန္ဒြ မင်းအမည်ပါ ဒင်္ဂါးများတွင်လည်း နွားလားဥဿဘအမြီးသည် အောက်သို့ချထားသည့် ပုံစံဖြင့်သာ ခပ်နှိပ်ထားကြသည်။ မေဠစန္ဒြ၊ မေလစန္ဒြ၊ ဒါလစန္ဒြမင်း၊ ဂါ-စန္ဒြမင်းတို့သည် အာနန္ဒစန္ဒြမင်းကျောက်စာ မြောက်ဘက် မျက်နှာမှ မင်းများဖြစ်မည်ဟု ယူဆရသည်။

သူရိယစန္ဒြမင်းဒင်္ဂါးမှ နွားလားဥဿဘအမြီးထောင် ဖြစ်သောကြောင့် ထိုမင်းဆက်မှ ဒင်္ဂါးလည်း မဖြစ်နိုင်ချေ။

 သိံဃဂဏ္ဍစန္ဒြး၊ မေဠစန္ဒြ၊ မေလစန္ဒြ၊ ဒါလစန္ဒြ၊ ဂါ-စန္ဒြမင်းဒင်္ဂါးပုံ (ပုံ-၂)

 


 

 

သူရိယစန္ဒြမင်းဒင်္ဂါးသည် ရခိုင်ဝေသာလီမင်းနေပြည်တော်သုံး ဒင်္ဂါးမဟုတ်ကြောင်းကို ခိုင်လုံသော အချက်တစ် ချက်မှာ ရခိုင်ဝေသာလီမင်းနေပြည်တော်မှ ခပ်နှိပ်သော ဒင်္ဂါးအားလုံး၌ နွားလားဥဿဘအမြီးသည် အောက်သို့ချထားသည့် ပုံစံဖြင့်သာ ခပ်နှိပ်ကြပြီး၊ သူရိယစန္ဒြမင်းဒင်္ဂါးပါ နွားလား ဥဿဘအမြီးသည် အထက်သို့ထောင်တက်နေသည်မှာ ရခိုင်ဝေသာလီမင်းေ နပြည်တော်မှ ခပ်နှိပ်သော ဒင်္ဂါးပြားမဟုတ်ကြောင်း ခိုင်လုံသော သက်သေတစ်ခုဖြစ်သည်။

 သူရိယစန္ဒြဒင်္ဂါးပါ အက္ခရာစာလုံးများကို လေ့လာရသော် အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ  မင်း များ အုပ်စိုးခဲ့သော အေဒီ ၄- -၆ ရာစု အက္ခရာမျိုးဖြစ်နေကြသည်။ ထို့ကြောင့် သူရိယစန္ဒြမင်းဒင်္ဂါးသည် အေဒီ ၄-၆ ရာစုအတွင်းခပ်နှိပ်ခဲ့သော ဒင်္ဂါးဖြစ်ကြောင်း မှတ်ချက်ပြုနိုင်သည်။ ပုံစံအားဖြင့်လည်း ဘူမိစန္ဒြ ဒင်္ဂါးများနှင့် တူညီကြသည်။ (ပုံ-၃)

 

 


 

 

ယင်းကို ထောက်ခံနေသည်မှာ (အေဒီ ၂၉၀ -၅၂၀) အတွင်း ရခိုင်ဝေသာလီကို စိုး စံ အုပ်ချုပ်ခဲ့ကြသော အာနန္ဒ စန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ မင်း(၁၃)ပါး တို့ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများ အားလုံးတွင် နွားလားဥဿဘ လည်ပင်း၌ ပုတီးကုံးပါရှိကြသလို၊ သူရိယစန္ဒြမင်းဒင်္ဂါးပါ နွားလားဥဿဘ လည်ပင်းတွင်လည်း ပုတီးကုံးပါရှိသည်မှာ တူညီနေသော တစ်ချက်တစ်ချက်ဖြစ်သည်။

  ဒါဆို ရခိုင်ဝေသာလီဒင်္ဂါးပါ အမှတ်အသားများဖြင့် တစ်ပုံစံတည်း တူညီအောင် ခပ်နှိပ်ထားသော သူရိယစန္ဒြမင်းဒင်္ဂါးသည် ရခိုင်ဝေသာလီနှင့် လုံးဝမသက်ဆိုင်သော ဒင်္ဂါးပြားမဟုတ်လားဟု စောဒကတက်စရာရှိသည်။ ယင်းသို့မဟုတ်ပေ။ သူရိယစန္ဒြမင်း ဒင်္ဂါးသည် ရခိုင်ဝေသာလီမင်းနေပြည်တော်နှင့် သက်ဆိုင်သော ဒင်္ဂါးပြားဖြစ်သည်။

မည်ကဲ့သို့ သက်ဆိုင်ပက်သက်နေသနည်းဟူမူကား- ရခိုင်ဝေသာလီခေတ်၌ နိုင်ငံတော်၏ ကျယ်ဝန်းသော အနောက်ဘက် နယ်မြေကို ထိန်းသိမ်းအုပ်ချုပ်အုပ်နိုင်ရန် အနောက်ဘုရင်ခံများ ခန့်၍ အုပ်ချုပ်ခဲ့ကြဟန်ရှိသည်။ ဤ အုပ်ချုပ်ရေးစနစ် အစဉ်အလာသည် ဒုတိယမြောက်ဦးခေတ်ထိ ရှိနေခဲ့သည်။

ဝေသာလီခေတ် အနောက်ဘုရင်ခံများမှာ သီးခြား လွတ်လပ်စွာ အုပ်ချုပ်ခွင့်၊ ဒင်္ဂါးသွန်းလုပ်ခွင့်၊ စီမံခန့်ခွဲ့ခွင့်ရသော အခွန် ဆက် မင်းများဖြစ်ကြဟန်ရှိသည်။ ဒင်္ဂါးခပ်နှိပ်ရာတွင် ရခိုင်ဝေသာလီတိုင်းပြည်၏ ထီးရိပ်အောက်မှ အခွန်ဆက် မင်းဖြစ် ကြောင်းသိရှိစေရန် ဒင်္ဂါးတွင် ရခိုင်ဝေသာလီမင်းနေပြည်တော် တံဆိပ်တော်နှင့် နွားရုပ်ကို ထည့်သွင်း ခပ်နှိပ် ကြရသည်။ အနောက် ဘုရင်ခံ များခပ်နှိပ်သော  ဒင်္ဂါးဖြစ်ကြောင်း ကွဲပြားခြားနားစွာ သိရှိစေရန် ဒင်္ဂါးပါ နွားလား ဥဿဘအမြီးကို ရခိုင်ဝေသာလီဒင်္ဂါးများကဲ့သို့ အောက်သို့ချထားခွင့်မပြုဘဲ၊ အပေါ်သို့ထောင်နေ သောပုံစံဖြင့် သာ ဒင်္ဂါးများကိုသာ ခပ်နှိပ် ကြရသည်။ ဒင်္ဂါးတွင် ခေတ်အလိုက် ရာစုအလိုက် မင်းအမည်ကိုသော် လည်း ကောင်း၊ ဒေသအမည်ကို သော် လည်း ကောင်း ထည့်သွင်းခပ်နှိပ်ခွင့်ရရှိကြဟန်ရှိသောကြောင့် တစ်ချို့သော ဝေသာလီအနောက်ဘုရင်ခံဒင်္ဂါးများတွင်၊ ဒေသအမည်၊ တစ်ချို့ ဒင်္ဂါးများတွင် မင်းအမည်ကို ထည့်သွင်းခပ်နှိပ်ပါရှိကြသည်ကိုတွေ့ရသည်။

နွားလားဥဿဘလည်ပင်းတွင်  (ပုတီးကုံးပါ ၊ နွားအမြီးထောင်)  ဝေသာလီအနောက်ဘုရင်ခံဒင်္ဂါးများ  (ပုံ- ၄)

 


 

 နွားလားဥဿဘလည်ပင်းတွင် (ပုတီးကုံးမပါ ၊ နွားအမြီးထောင်)  ဝေသာလီအနောက်ဘုရင်ခံဒင်္ဂါးများ  (ပုံ- ၅)

 

 

အာနန္ဒစန္ဒြမင်းကျောက်စာ ဒုတိယမင်းဆက်မှ ဒင်္ဂါးများတွင် နွားလားဥဿဘလည်ပင်း၌ ပုတီးကုံးပါသော ဒင်္ဂါးများ ဖြစ်ကြပြီး၊ တတိယမင်းဆက်မှ ဒင်္ဂါးများတွင် နွားလားဥဿဘလည်ပင်း၌ ပုတီးကုံးမပါရှိကြပေ။ ထိုနည်းတူ ရခိုင် ဝေသာလီအနောက်ဘုရင်ခံဒင်္ဂါးများ၌လည်း နွားလားဥဿဘ လည်ပင်းတွင် ပုတီးပါသော ဒင်္ဂါးများရှိကြသလို၊ ပုတီးကုံး မပါသော ဒင်္ဂါးများလည်း ရှိကြသည်။

 ယင်းသို့သော ရခိုင်ဝေသာလီမင်းနေပြည်တော်၏ တံဆိပ်တော်နှင့် နွားလားဥဿဘအမြီးထောင်နေသော  ဒင်္ဂါးများကို သူရိယစန္ဒြမင်းဒင်္ဂါးအပါအ၀င်၊ အိန္ဒိယနိုင်ငံ၊တရိပူရပြည်နယ်နှင့် ဘင်္ဂလား ဒေခ်ျ့နိုင်ငံ ဟရိကေ ဠဒင်္ဂါးများ၊ ဆမတတ ဒေသမှတွေ့ရသောဒင်္ဂါးများ၊ မီနာမီတီ၊ ဆီလတ် ရှေးဟောင်းဒေသများမှ တွေ့ရှိရသော ဒင်္ဂါးများတွင် ပါရှိကြသည်။

 ထို့ကြောင့် သူရိယစန္ဒြမင်းဒင်္ဂါး၌ နွားလားဥဿဘအမြီးထောင်နေခြင်းနှင့် နွားလားဥဿဘလည်ပင်းတွင် ပုတီးကုံး ပါရှိခြင်းမှာ သူရိယစန္ဒြမင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်၊(အေဒီ ၂၉၀-၅၂၀) အတွင်းစိုးစံခဲ့သော မင်း(၁၃)ပါးထဲမှ မင်းတစ်ပါးပါးက မင်းနေပြည်တော်နှင့် အလှမ်းဝေးကွာသော အနောက် ဘက် နယ်မြေများကို အုပ်ချုပ် ရန် ခန့်အပ်ခဲ့သော ဘုရင့်ဆွေတော်မျိုးတော်ထဲမှ တော်ဝင်မင်းမျိုးမင်းနွယ် အနောက်ဘုရင်ခံမင်း တစ်ပါး၏ ဒင်္ဂါးပြားသာ ဖြစ်ကြောင်း  တင်ပြလိုက်ရပါသည်။

 

မောင်ဖြူ(ကြွီတဲကျွန်း)

14.6.2021

 

No comments:

Post a Comment