မြောက်ဦးခေတ် (၁၅)ရာစုမှ (၁၇) ရာစုအတွင်း ရခိုင်ပြည်သည် ဘင်္ဂလားပင်လယ်အော်တစ်လျောက်၌ တင့်တင်းသော ရေတပ်တော်ရှိခဲ့သည့် နိုင်ငံတစ်ခုဖြစ်ခဲ့သလို ဓနဥစ္စာကြွယ်ဝသောတိုင်းပြည်လည်းဖြစ်ခဲ့သည်။ ယင်းအပြင် သွင်းကုန်ထုတ်ကုန် သယံဇာတပစ္စည်းပေါများသော တိုင်းပြည်တစ်ခုလည်း ဖြစ်ခဲ့သည်ကို ယင်းခေတ်ယင်းအခါ ရောက်ခဲ့ကြသော နိုင်ငံရေး၊ ကုန်သွယ်ရေ၊ စစ်ရေး၊ သာသနာကိစ္စများနှင့် ရောက် လာခဲ့ကြသည့် နိုင်ငံခြားသား မှတ်တမ်းများက ဖော်ပြနေကြသည်။
မြောက်ဦးခေတ်တွင် ရခိုင်ပြည်မှ ဆန်စပါး၊ ဆေးရွက်၊၀ါဂွမ်း၊ လဘက်၊ ကြက်သွန်၊ ငရုပ်၊ မဲနယ်၊ ရှားစေး၊ ကွမ်းသီးတို့နှင့် သက်ရှိတိရစ္ဆာန် တို့ကို ဘုရင်များက စနစ်တကျ အကွက်ချ စိုက်ပျိုးထုတ်လုပ် ရောင်းချကြသည်။ ပုလဲလုပ်ငန်းကိုလည်း အထူးလုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်ကြသည်။ ခရစ်နှစ် ၁၆-၁၇ ရာစုတွင် မြောက်ဦးမြို့တော်သို့ ပေါ်တူဂီ နှင့် ဒတ်(ခ်ျ) တို့ ရောက်ရှိလာသည့်အခါ ဆန်၊စပါးနှင့် လယ်ယာ ထွက်ကုန်လုပ်ငန်းမှာ ယခင်ကထက် အဆများစွာ တိုးတက်ခဲ့သည်။
အခြားသော လယ်ယာထွက်ကုန် သီးနှံများကိုလည်း ၀ယ်ယူကာတင်ပို့ရောင်းချကြသည်။
ပေါ်တူဂီ နှင့် ဒတ်(ခ်ျ) လူမျိုး ကုန်သည်များသည် ရခိုင်ပြည်မှ ရသမျှ ဆန်စပါးများကိုဝယ်ယူ၍ ယခု အင်ဒိုနီးရှားနိုင်ငံ ဂျာဗာ၊ ဂျာကာတာ (ဘတ်တေးဗီးယား) ဒေသများသို့ တင်ပို့ခဲ့ကြသည်။ ယင်းအပြင် ပေါ်တူဂီ နှင့် ဒတ်(ခ်ျ) လူမျိုး ကုန်သည်များသည် ပဲခူး ဟံသာဝတီပြည်မှ ဆန်စပါးများကိုလည်း ၀ယ်ယူတင်ပို့ကြလေသည်။
ပေါ်တူဂီ နှင့် ဒတ်(ခ်ျ)တို့ ၀င်ရောက် ကုန်သွယ်ရန် ရောက်လာခဲ့စဉ် ရခိုင်ပြည်မှ ထုတ်ကုန်များအဖြစ် ယင်း ကုန်များကို (Export) ကုန်များအဖြစ် တင်ပို့ရောင်းချခဲ့လေသည်။ ကျွန်ဈေးကွက်လည်း ရှိခဲ့သည်။
ဝါဂွမ်း၊ လဘက်၊ မဲနယ်၊ ဆေးရွက်တို့ကို ရမ်းဗြဲကျွန်း၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ အမ်း၊ ဂွ၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြား၊ပလက်ဝမြို့များတွင် စီးပွားဖြစ် စိုက်ခင်းကြီးများ စိုက်ပျိုးကြလေသည်။ စပါး စိုက်ပျိုးခြင်းကိုမူ ရခိုင်တစ်ပြည်လုံးတွင် စိုက်ပျိုးကြသည်။ ပြည်တွင်းလိုအပ်ချက်မှ ပိုလျှံသည်များ ကိုသာ ပြည်ပထုတ်ကုန်(Export) အဖြစ် ရောင်းချကြရလေသည်။ ရံဖန်ရံခါ ဘုရင်၏အထူးအမိန့်တော်ဖြင့် သတ်မှတ်ထားသော ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားခွင့် ပြုလေသည်။ ပုလဲလုပ်လုပ်ငန်းကိုမူ ဘုရင်နှင့်တကွ မှူးကြီးမတ်ရာများက အထူး အလေးပေး ထိန်းချုပ်လုပ်ကိုင်ကြသည်။
မြောက်ဦးခေတ်အစောပိုင်းတွင် ဆန်စပါးပေါများသည့်အတွက် စပါးတောင်း (၁၀၀)ကို ရခိုင်ငွေဒင်္ဂါး (၂ ) ပြားဖြင့် အရောင်းအ၀ယ်ရှိကြောင်း မှတ်တမ်း တစ်ချို့များ၌ ဖော်ပြကြသည်။ ရခိုင်တွင် တစ်တောင်း၏ အခြင်အတွယ်သည် မြန်မာတွင် (၆)ပြည်နှင့် ညီမျှသည်ကို ဆိုလိုသည်။ ယင်းခေတ်ယင်း အချိန်က တစ်နှစ်လျှင် ကျွဲနွားတိရစ္ဆာန် တစ်ခုတည်း၏ တင်ပို့ရောင်းချမှုမှာ ငွေ (တစ်သန်း)ခန့်ရှိသည်ဟု ဖော်ပြကြသည်။
မြောက်ဦးခေတ်တွင် ပြည်ပတိုင်းနိုင်ငံများသို့ ကုန်သွယ်မှုပြုကြရာတွင် တစ်ချိုသော တိုင်းနိုင်ငံများမှ အသုံးပြုသော ငွေကြေးများကို ဘုရင်၏ ခွင့်ပြုချက်ဖြင့် လက်ခံပေးရလေ့ရှိသလို ၊ ရခိုင်ပြည်သုံး ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကိုလည်း ပြည်ပတိုင်းနိုင်ငံများက လက်ခံခဲ့ကြရသည်။
ရခိုင်တွင် ဒင်္ဂါးသုံးစွဲမှုကို ခရစ်နှစ်အစပိုင်း အေဒီ ၁ ရာစု လောက်ကပင် ရွှေဒင်္ဂါး ငွေဒင်္ဂါးများ သုံးစွဲနေကြပြီဖြစ်ကြောင်း အထောက်အထားများ တွေ့ရှိထားပြီးဖြစ်သည်။ ဝေသာလီခေတ်ဒင်္ဂါးများအကြောင်းကို အလျဉ်းသင့်သည့်အခါ ဖော်ပြသွားပါမည်။
မြောက်ဦးခေတ်တွင် နိုင်ငံတော်၏ အရပ်ရပ်ဝင်ငွေများကို အပိုင်း (၃)ပိုင်း ခွဲ၍ သတ်မှတ်ထားကြောင်း တွေ့ရသည်။ ယင်းတို့မှာ-
၁။ ဘုရင်ဘဏ္ဍာတော်တိုက်ငွေ။
၂။ အများပြည်သူဆိုင်ရာ ဘဏ္ဍာတော်တိုက်ငွေ၊
၃။ သာသနာတော်ဆိုင်ရာ ဘဏ္ဍာတော်တိုက်ငွေ တို့ဖြစ်ကြသည်။
ဤနေရာ၌ ရခိုင်ပြည်သူပြည်သားသည် ဗုဒ္ဓ၀ါဒ ကိုလက်ခံကျင့်သုံးသော တိုင်းနိုင်ငံဖြစ်သည်နှင်အညီ သာသနာတော်စည်ပင်ပြန့်ပွားထွန်းကားရန် သာသနာတော်ဆိုင်ရာ ဘဏ္ဍာငွေကို ဥပဒေတစ်ရပ်အနေဖြင့် သီးသန့်ထားရှိမှုမှာ ဗုဒ္ဓဘာသာဝင် ရခိုင်ပြည်သူများအဖို့ ဂုဏ်ယူစရာကောင်းလှပေသည်။
၁။ ဘုရင့်ဘဏ္ဍာတော်တိုက်ငွေ။ ။ ။
ဘုရင်ဘဏ္ဍာငွေဆိုသည်မှာ တိုင်းပြည်အတွင်း မြေခွန်၊ ရေခွန်တို့တွင် ငွေတစ်ရာလျှင် (၁၀)ရာခိုင်နှုန်းဖြင့် ကောက်ခံရရှိသော ငွေသည်လည်းကောင်း၊ အခြားသော နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှ မင်းများနှင့် ကုန်သည်များမှ ဆက်သသော ဘဏ္ဍာငွေများသည်လည်းကောင်း ၊ ဘုရင့်ဘဏ္ဍာတော်တိုက်ငွေစာရင်းသို့ ပေးသွင်းရလေသည်။ ယင်းမှ ရသော ငွေအရပ်ရပ်တို့သည် ဘုရင့်ဘဏ္ဍာတော်တိုက် ငွေစာရင်းဖြစ်လေသည်။ ထိုဘုရင့်ဘဏ္ဍာငွေစာရင်းမှ ငွေများကို ဘုရင်နှင့်တကွ မင်းဆွေ မင်းမျိုး မှူးမတ် စသော ဘုရင့်ဝန်ထမ်းများအတွက် အသုံးပြုရလေသည်။
၂။ အများပြည်သူဆိုင်ရာ ဘဏ္ဍာတော်တိုက်ငွေ။ ။ ။
အများပြည်သူဆိုင်ရာ ဘဏ္ဍာငွေဆိုသည်မှာ လယ်ယာမြေလုပ်ငန်းလုပ်သူ တောင်သူလယ်သများတို့အား စိုက်ပျိုးရာတွင် လိုအပ်သော စိုက်ပျိုးရေးပစ္စည်းများ ပြုလုပ်ဝယ်ယူရာတွင် အခက်အခဲမရှိစေရန်အတွက် စိုက်ပျိုးစရိတ်အတွက်ကြိုတင်ငွေများ ထုတ်ချေးပေးရန်၊ ယင်းအပြင် ရခိုင်ပြည်သည် နှစ်စဉ်နှစ်တိုင်း သဘာဝ ဘေးအန္တရယ်ကျရောက်လေ့ရှိသဖြင့် သဘာဝဘေးအန္တရယ်ကျရောက်လာသောအခါ အသုံးပြုရန် ထားရှိသော ဘဏ္ဍာငွေများဖြစ်သည်။ တိုင်းပြည်တွင်းရှိ သူဌေးသူကြွယ် ကုန်သွယ်လယ်လုပ် ရောင်းဝယ်ဖောက်ကားမှုတို့၌ နှစ်စဉ်လုပ်ကိုင်လျှက်ရှိသော ပစ္စည်းအရပ်ရပ်တို့တွင် အသပြာငွေ (၁၀၀) လျှင် (၅) အသပြာနှုန်းဖြင့် ဆက်သွင်းရသော အခွန်ငွေများကို အများပြည်သူဆိုင်ရာ ဘဏ္ဍာငွေစာရင်းဟုခေါ်လေသည်။ ယင်းအပြင် တိုင်းတစ်ပါးသားများ ကုန်ရောင်းကုန်ဝယ်ပြုကြသည့်အခါ ဗားဘူလွှတ်တော်က အသပြာတစ်ရာလောက်မျှ ရောင်းခြင်းမှစ၍ သတ်မှတ်နှုန်းထားအတိုင်း ပြည်သူပြည်သား များ၏ အကျိုးကိုဆောင်ရွက်ရန် အများပြည်သူဘဏ္ဍာငွေစာရင်းသို့ ပေးသွင်းကြရလေသည်။
၃။ သာသနာတော်ဆိုင်ရာ ဘဏ္ဍာတော်တိုက်ငွေ ။ ။ ။
သာသနာဘဏ္ဍာတော်ငွေဆိုသည်မှာ ဘုရင်ထံသို့ ပြည်သူများက နှစ်စဉ်မပြတ် ဆက်သွင်းရသော ငွေအသပြာများအနက်မှ အသပြာငွေ (၁၀၀)လျှင် (၅)အသပြာနှုန်းထားဖြင့် နှစ်စဉ်မပြတ် သာသနာတော်ဆိုင်ရာ ဘဏ္ဍာတော်ငွေစာရင်းသို့ ပေးသွင်းရသည်။ ထိုငွေသည် သာသနတော်ဆိုင်ရာ ဘဏ္ဍာတော်ငွေပင် ဖြစ်လေသည်။ ယင်းငွေကို တိုင်းနိုင်ငံတော်အတွင်း မြတ်ဗုဒ္ဓသာသနာတောကို အကျိုးပြုနေသော ပရိယတ္တိ၊ ပရိပတ္တိ သာသနာဆိုင်ရာ တာဝန်များကို လုပ်ကိုင်ဆောင်ရွက်နေသော ရဟန်းသံဃာတော် အသျှင်သူမြတ်များအား လိုအပ်သော ပစ္စည်းလေးပါးအတွက် ကုန်ကျမည့် ငွေးကြေးများကို ကျခံပေးရာ၌ သုံးစွဲရန် ဘဏ္ဍာငွေများဖြစ်သည်။
ငွေကြေးဆိုင်ရာအသုံးအနှုန်းများ
မြောက်ဦးခေတ်တွင်လည်း ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားကြရာ၌ ငွေကြေးဆိုင်ရာအသုံးအနှုန်း အခေါ်အဝေါ်များမှာ
“ရွေး ၊ ပဲ ၊ မူး ၊ မတ် ၊ ခပ် ၊ ဒိုင်း ၊ ချပ်၊” တို့ဖြစ်ကြသည်။
ဤသို့ ငွေကြေးအခေါ်အဝေါ်များအပြင် ငွေကြေးအချိန်အတွယ်အားဖြင့်လည်း အောက်ပါအတိုင်းတွေ့ရသည်။ ယင်းတို့မှာ-
၃ ကျင်ရွေး = ၁ ရွေး
၎ ရွှေး = ၁ အာနာ (တစ်ပဲ)
၈ ရွေး = ၁ မူး (နှစ်အာနာ)
၁၆ ရွေး= ၁မတ် (လေးအာနာ)
၃၂ ရွေး = ၅မူး ( ၈ အာနာ)
၆၄ ရွေး = ၁ ခပ်/ ( ၁၆အာနာ)
၁ ခပ်= (ယခု= ၁ ကျပ်)
၂၅ ခပ်/ (တစ်သုဂါ)
၂ သုဂါ = ( တစ်ဒိုင်းခွက်)
၂ ဒိုင်းခွက် = တစ်ချပ်
၎ သုဂါ= တစ်ချပ်
၁ ချပ် ငွေဒင်္ဂါး ၁၀၀ တို့ဖြစ်ကြသည်။
မြောက်ဦးခေတ်အလယ်(၁၆-၁၇)ရာစုတွင် စပါးရောင်းချသည့် စာချိုးလေးတစ်မှာ “စပါး(၁၀၀) တစ်သုဂါ၊ စပါး(၄၀၀) ငွေတစ်ချပ်” ဟူ၍တွေ့ရသည်။ ရခိုင်တွင် စပါးချိန်တွယ်ရာတွင် တင်း ကိုမသုံးဘဲ၊ တောင်းကို သာ သုံးကြသည်။ တောင်းဆိုသည်မှာ ယခု မြန်မာအခေါ်အဝေါ်အားဖြင့် (၆- ပြည် ) နှင့် ညီမျှသည်။ ထို့ကြောင့် ယင်းခေတ်က စပါးတောင်း (၁၀၀) တစ်ရာကို (ငွေသားဒင်္ဂါး တစ်သုဂါ=၂၅ ခပ်) ပေးရကြောင်းသိရသည်။ ပုံသေဈေးနှုန်း ဟုတ်ဟန်မတူချေ။ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပလိုအပ်ချက်များ သတင်းအချက်အလက်များ၌ အပေါ်အခြေခံကာ အချိန်ကာလအလိုက် ဈေးနှုန်းအပြောင်း အလဲရှိလေသည်။
တစ်ချို့က တစ်သုဂါကို တစ်မတ် (၀ါ) လေးအာနာ ဟူ၍ ယူဆကြပြီး စပါးတောင်း လေးရာကို ငွေဒင်္ဂါး ၁ ခပ် တန်ဘိုးရှိသည်ဟု ယူဆကြသည်။ “ငွေဒင်္ဂါးခပ်” နှင့် “ငွေဒင်္ဂါးချပ်” အဆတစ်ရာကွာဟသည်ကို သတိပြုရာသည်။ ငွေဒင်္ဂါးပြား၂၅ ခပ်တန် “တစ်သုဂါ ဒင်္ဂါး”၊ ငွေဒင်္ဂါး ၅၀ ခပ်နှင့် ညီမျှသော “ဒိုင်းခွက်ဒင်္ဂါး”၊ ငွေဒင်္ဂါးပြား ၁၀၀ ခပ်နှင့် ညီမျှသော “ချပ်ဒင်္ဂါး” တို့တွင်လည်း ဘုရင်တို့၏အမည်များကို ခပ်နှိပ်ရေးထိုး ပါရှိသည်ဟု အဆိုရှိသည်။ ထို ငွေဒင်္ဂါး နှစ်ဆယ့်ငါးခပ်နှင့် ညီမျှသော “တစ်သုဂါဒင်္ဂါးများ”၊ ငွေဒင်္ဂါး ငါးဆယ်ခပ်နှင့် ညီမျှသော “ဒိုင်းခွက်ဒင်္ဂါး”များ ၊ ငွေဒင်္ဂါးတစ်ရာနှင့် ညီမျှသော “ ချပ်ဒင်္ဂါး” များကို ယနေ့တိုင်ရှာဖွေမတွေ့ရပေ။
မောင်ဖြူ(ကြွီတဲကျွန်း)
No comments:
Post a Comment