ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Friday, September 9, 2022

ဆရာ ဦးဌေးဝေ(ကျောက်ဖြူ)သို့

******************
ရခိုင်သမိုင်း ၊ ပျူသမိုင်းများကို စာအုပ်စာတမ်းများ ရေးသားထုတ်ဝေခဲ့သော ဆရာ ဦးဌေးဝေ-(ကျောက်ဖြူ)) အွန်လိုင်းမီဒီယာတစ်ခုဖြစ်သော ဖေ့ဘုတ်ပေါ်တွင်လည်း ရခိုင်သမိုင်း၊ ပျူသမိုင်းများကို ရေးသားဖော်ပြနေသော ဆရာဌေးဝေ၊ ယင်းအပြင် “ရခိုင်သက္ကတကျောက်စာပညာရှင်” ဟု ကျွန်တော်ထံ၌ မရှိသော ဂုဏ်ပုဒ်များကို အမွန်းတင်ကာ ရေးသားနေသော ဦးဌေးဝေ(ကျောက်ဖြူ) မှ ရခိုင်ဝေသာလီခေတ် ပယင်းကျောက် တံဆိပ်တုံး တစ်ခု အပေါ်၌ ရေးသားထားသော အက္ခရာစာလုံးများကို ဖတ်ပေးပါရန် အကူအညီတောင်းခံလာသောကြောင့် မိမိ၏ မတောက်တခေါက် လေ့လာထားသော တတ်သိပညာဖြင့် ဖတ်ပီးလိုက်ပါယင့်။ ဆရာကျေနပ်ပါစေ။ ဤတံဆိပ်တွင် ရေးထိုးပါရှိသော စာလုံးများမှာ “ဒယာဒါနံ” ဟု ဖတ်ရှူရပါသည်။ ရေးထိုးထားသော စာလုံးပုံသဏ္ဍာန်များမှာ ပြောင်းပြန် (မှန်စာ) ဖြစ်နေပြီး၊ လက်ရေးကို လေးထောင့်ဆန်သော လက်ရေးပုံစံဖြင့် ရေးသားထားသော်လည်း ( ယ ) စာလုံးသည် ( အေဒီ ၆- ၇) ရာစု အက္ခရာဖြစ်နေခြင်း၊ ( -ာ) သရများမှာ ရခိုင်ဝေသာလီခေတ် ကြေးနီးပြားစာပါ သရကပ်နည်းနှင့် တူနေသောကြောင့် ဤတံဆိပ်တုံးပါ အက္ခရာစာလုံးများမှာ (အေဒီ ၅ ရာစုမှ အေဒီ ၇ ရာစု) အတွင်း ပြုလုပ်ခဲ့သော တံဆိပ်တုံးတစ်ခု ဖြစ်သည်ဟု မှတ်ချက်ပြုလိုသည်။ ယင်းကာလထက် စောသည်ဟု ရခိုင်ဝေသာလီခေတ်တွင် သက်သေပြစရာ ကျောက်စာမရှိဟု ယူဆသည်။ ဤသို့ယူဆရခြင်းမှာ ကျွန်တော်၏ လေ့လာမှု အားနည်းချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ကျွန်တော် ကတော့ ယနေ့အထိ မတွေ့မိသေးပါ။ အခြားသော စာလုံးများဖြစ်သော ( ဒ. ယ. န) စာလုံးများမှာလည်း ယင်းထက်စောသော အက္ခရာများ မဖြစ်နိုင်ပေ။ ယင်းထက်စောသည့် အက္ခရာများ ဖြစ်သည်ဟု စာဖတ်သူများမှ သက်သေပြစရာ ကျောက်စာများ ရှိနေပါကလည်း သက်သေအထောက်အထားများဖြင့် ပြပေးကြပါရန် မေတ္တာရပ်ခံပါ၏။ ဝေသာလီခေတ် အက္ခရာများ ရေးထိုးပါရှိသော ဤပယင်းကျောက် တံဆိပ်တုံးသည် ယနေ့ကာလတွင် မည်သည်နေရာ ၊ မည်သူ့ လက်ထဲတွင် ရှိနေသည်ကို မသိရပါ။ ပယင်းကျောက်စာ အက္ခရာစာလုံးများဖြစ်သော “ဒယာ ဒါနံ” ဟူသော စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုရလျှင် ဒယာ = သနားခြင်းသို့ရောက်သည်။ ဒါနံ = ပေးလှူခြင်း၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ ဖြစ်သည်။ ထို့ကြောင့် “ဒယာဒါနံ” ဟူသော စကာလုံး၏ အဓိပ္ပာယ်မှာ “ရင်ထဲ နှလုံးသား၌ အမှန်တကယ် သနားကြင်နာခြင်းဖြစ်၍ ပေးကမ်းလှူဒါန်းသည်” ဟု အဓိပ္ပာယ် ဖွင့်ဆိုလိုပါသည်။ ကျွပ်န်ု၏ အယူအဆမှာ မှန်ကန်သည်ဟု ယူဆပါက “ဒယာဒါနံ” ဟူသော စကားလုံးအဓိပ္ပာယ်မှာ “တိုင်းသူပြည်သူများ အတိဒုက္ခ (၀ါ) ဘေးဒုက္ခရောက်နေသော အချိန်၌ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူဘုရင်က သနားကြင်နာ၍ ပေးကမ်းလှူဒါန်းသည့်အလှူ” တံဆိပ်တုံးဟု ဖွင့်ဆိုလိုပါသည်။ တစ်နည်း (ဒယာဒါနံ) ဟူသော စကားလုံးမှာ ဘုရင်ပေးလှူသော ပစ္စည်းများအပေါ်၌ ခပ်နှိပ်ထားသော အမှတ်အသား တံဆိပ်တော်တစ်ခု ဖြစ်သည်ဟု မှတ်ချက်ပြုလိုပါသည်။ မောင်ဖြူ (ကြွီဲတဲကျွန်း)

No comments:

Post a Comment