ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Monday, December 30, 2013

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၀ ကျော် မောင်တောတွင် ခိုလှုံ

မောင်တော၊ ဒီဇင်ဘာ ၂၉

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ ကျင်းပရေးနှင့် သက်ဆိုင်သည့် နိုင်ငံရေး ဆူပူမှုများကြောင့် ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၆ ဦး ကို ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင် ခိုလှုံနေကြောင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဘက်စုံ လူမှုကူညီရေး အသင်းထံမှ သိရှိရသည်။

အဆိုပါ ထွက်ပြေးလာသူ အိမ်ထောင်စု ၁၆ စု (လူဦးရေ ၆၆ ဦး) သည် မောင်တော မြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိလာပြီး ၎င်းတို့အတွက် အစားအသောက်များနှင့် အသုံးအဆောင်များအတွက် အကူအညီ ပေးထားကြောင်း ဘက်စုံ လူမှုကူညီရေး အသင်းမှ ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

နိုင်ငံရေး အကျပ်အတည်းကာလ ဆူပူများကြားတွင် ဆက်လက် မနေထိုင်ဝံ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွာတော်ခရိုင် ဆေးသမားရွာမှ အိမ်ထောင်စု ခြောက်စုနှင့် နတ်ဆောင်းချရီမြို့နယ် မော်ဒုတ်ကြီးရွာနှင့် အနီးအနားမှ အိမ်ထောင်စု ၁၀ စုတို့ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း အဆိုပါ ထွက်ပြေး လာသူများထံမှ သိရှိရသည်။


အဆိုပါ ထွက်ပြေးလာသူများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လက်အောက်ရှိ ဖွံ့ဖြိုးမှု တိုးတက်ရေး အဖွဲ့ရုံး၏ အစီအစဉ်ဖြင့် နေရာချပေးသွားမည် ဖြစ်ကြောင်း ဖွံ့ဖြိုးမှု တိုးတက်ရေး အဖွဲ့ရုံးမှ ရရှိသော အချက်အလက်များကို ကိုးကားကာ တောင်ပြို လက်ဝဲမြို့နယ်ခွဲ ဘက်စုံ လူမှုကူညီရေးအသင်းမှ ကော်မတီဝင်တစ်ဦးက ပြောဆိုသည်။

ထွက်ပြေးလာသူများအနက် အိမ်ထောင်စု ခြောက်စုမှာ ချင်းပြည်နယ် ပလက်ဝမြို့မှ တစ်ဆင့် မောင်တောမြို့နယ်သို့ လာရောက်ခြင်း ဖြစ်ပြီး ကျန် ၁၀ စုမှာ ဘင်္ဂလားဒေ့ရှ်နိုင် တက္ကနာမြို့မှ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို တောင်ပြို လက်ဝဲ မြို့နယ်ခွဲ စာသင်ကျောင်းတွင် ယာယီနေရာ ချထားပေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသူများထံမှ သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရခိုင်ပြည်နယ်သို့ ထွက်ပြေးလာသူများ၂၀၁၂ ခုနှစ်မှ ယနေ့အထိ ၁၅၀၀ ကျော်ရှိပြီ ဖြစ်သည်။

(ခင်မောင်အေး)
The Voice Weekly

http://www.thithtoolwin.info/2013/12/blog-post_1781.html#.UsGKFfvyF4E

No comments:

Post a Comment