ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
▼
ရခိုင်လူငယ် ရဲမင်းဦး နှင့် နိရဉ္စရာ သတင်းဌာန အမေးအဖြေ
ပုဒ်အ
အမျိုးမျိုးနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ရခိုင်ကျောင်းသား လူငယ်
ကိုရဲမင်းဦးဟာ ကုန်လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီခန့်မှာ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့
အင်းစိန်ထောင်ကနေ လွှတ်မြောက်လာခဲ့ပါတယ်။ လွှတ်မြောက်လာတဲ့ ကတည်းက သူ့နဲ့
အဆက်အသွယ်ရရှိဖို့ နိရဉ္စရာက ကြိုးစားခဲ့ပေမယ့် ဒီနေ့မနက်ကဘဲ
အဆက်အသွယ်ရတာကြောင့် ထောင်ထဲက လွှတ်လာတဲ အပေါ်မှာ သူ့သဘောထား အမြင်တွေကို
သိရှိနိုင်အောင် မေးကြည့်တော့ သူက အခုလို ပြောကြားထားပါတယ်။
(ကိုရဲမင်းဦး အခုလို ထောင်ထဲက လွတ်လာတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။)
ရဲမင်းဦး။ ။ ကျွန်တော် ဘယ်လိုခံစားရလည်းဆိုရင် ၀မ်းသာ၊ ၀မ်းနည်း
ဖြစ်မိပါတယ်။ နိုင်ငံမှာက လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ဒီကနေ့အထိ
အာဏာရှင်တွေကြီးစိုးနေသေးတော့ ကိုင်တွယ်စရာတွေ အများကြီး ရှိတယ်။
ကျွန်တော်တို့ကို ဒီကနေ့ကြိုဆို ဂုဏ်ပြုတဲ့ အခမ်းအနားလေး တစ်ခုတောင်
ရှိသေးတယ်။ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ရောက်နေတဲ့ မိသားစုတွေနဲ့
တွေ့ဆုံပွဲလေး တခုရှိနေသေးတယ်။ လွတ်လာတဲ့ အပေါ်မှာ ဘာဘဲဖြစ်ဖြစ်
ကြိုဆိုပါတယ်။ ၀မ်းသာစရာပါ၊ ကျွန်တော်တို့ ဆက်ပြီတော့ လုပ်ကြရမှာပေါ့။
(ဟုတ်ကဲ့ – အခု လွှတ်ပေးလိုက်တဲ့ အပေါ်မှာ ဘာပြောချင်ပါသလဲ။)
ရဲမင်းဦး။ ။ ဒါက နိုင်ငံတကာမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က
ပြောထားပြီးသား စကား ဖြစ်ပါတယ်။ ပြောထားပြီး စကားဖြစ်တော့ ဒီနှစ်မကုန်မီ
လွတ်ပေးမယ်လို့ ဂတိစကားကို သူက အကောင်အထည်ဖော်တာသာ ဖြစ်ပါတယ်။ သို့သော်လည်း
ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေက နိုင်ငံရေး
အကျဉ်းသားတွေ ရှိနေသေးတော့ နိုင်ငံရေး ပြစ်မှုတွေနဲ့ကျနေတဲ့ ကရင်၊
ကချင်စသဖြင့် တိုင်းရင်းသားတွေ ကိုလည်း လွတ်ပေးဖို့လိုသေးတယ်။ ဒါမှ
အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့စာသားနဲ့ ကိုက်ညီမယ်။ နိုင်ငံတကာ
ပြောနေတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦး တစ်ယောက်မှ မကျန်ရဘူးဆိုတဲ့
စကားနဲ့လည်း ညီညွှတ်မယ်။ အဓိက ကျွန်တော်တို့က အခု လွတ်မြောက်လာပြီဆိုပေမဲ့
ကျန်ရှိနေတဲ့သူတွေကို ထပ်ပြီး လွတ်မြောက်အောင် ကြိုးစားရဦးမှာ ဖြစ်ပါတယ်။
(အခုလို ကိုရဲမင်းဦးကို နေ့ရက်တွေ အများကြီး ဖမ်းဆီး ထိမ်းသိမ်းထားခဲ့တဲ့အပေါ်မှာကော ဘယ်လို ပြောချင်ပါလဲ။)
ရဲမင်းဦး။ ။ဖမ်းဆီးထိမ်းသိမ်းထားတာနဲ့ ပတ်သတ်လို့ အဓမ္မကြီးစိုးနေတဲ့
တိုင်းပြည်မှာ ပထမ တစ်ခေါက် ကျတုန်းက လွတ်လာတယ်။ တနှစ်နီးပါး နေခဲ့ရသေးတယ်။
နိုင်ငံရေး ဆက်လုပ်တယ်ဆိုပြီးတော့ ဆက်ဖမ်းတယ်။ နိုင်ငံရေး ဆက်လုပ်တယ်
ဆိုတဲ အထဲမှာ တက်တက်ကြွကြွ ဆက်လုပ်တယ်လို့ စွပ်စွဲပြီး ဖမ်းတဲ့သဘော၊
ဆက်စပ်ကြည့်လိုက်ရင် ဒီရန်ကုန်တိုင်း ရဲမှူးကြီးကဖမ်းတယ်။ ဖမ်းပြီးတော့ ၅
ရက်ခန့် စစ်ကြောရေးလုပ်တယ်။ ပြီးတော့ တရားရုံးတင် တယ်။ ဆိုတော့
ဒီအမှုကိုကြည့်လိုက်ရင် ၅၀၅ (ခ)——- ။ မြို့နယ် သုံးခုက တစ်မြို့နယ်မှာ ၅၀၅
(ခ)ကို မြို့နယ်မှူးတွေက အထက်ပေးတဲ့ ညွန်ကြားချက်အတိုင်းတရားစွဲရတယ်။
ဒီတော့ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က လုံးဝ
စွပ်ဖက်ဝင်ရောက်နေတယ်ဆိုတာကို သိသာထင်ရှားတဲ့ အတွက် ဒီမိုကရေစီ စနစ်နဲ့
လုံးဝဆန့်ကျင်တယ်။ ဆန့်ကျင်နေတဲ့အတွက် ဒါမျိုးတွေ ဒီမိုကရေစီ
လမ်းကြောင်းကို ချီတက်နေချိန်မှာ လုံးဝ မဖြစ်သင့်တော့ဘူးလို့ ယူဆယ်။
ကျွန်တော်တို့အနေနဲ့လည်း ထပ်ပြီးတော့ ကြိုးစားရဦးမယ်။ ဒီမိုကရေစီ
စံချိန်စံနှုန်းတွေနဲ့မညီဘူး။ မြန်မာနိုင်ငံက တရားစီရင်ရေးစနစ်မှာ
ဒါမျိုးတွေ လုပ်ဆောင်နေရင် ကျွန်တော်တို့ ဆက်ပြီးကန့်ကွက်နေရဦးမယ်။ ဒီလို
ကန့်ကွက်ရင် ဆက်ပြီးတော့ နိုင်ငံရေး အကျဉ်းသားဆိုတာလည်း ရှိနေဦးမယ်။
လူတိုင်းစဉ်းစားစရာ ဖြစ်နေဦးမယ်။ အဲဒါကြောင့် ကျွန်တော့်ကို ဖမ်းတာကို
ပြောရရင်လည် လုံးဝမတရားဆိုတာ သိသာတယ်။ တတ်နိုင်ရင် တရားစွဲလို့ရရင်
ကျွန်တော်က သူတို့ကို တရားတောင် စွဲချင်သေးတယ်- အဲဒီလူတွေကို။
အဲလိုခံစားရတယ်။ မိမိအပြစ်တစုံ တရာကျူးလွန်ခြင်းမရှိဘဲနဲ့ ဒီလိုဖမ်းဆီး
အရေးယူခံရတဲ့အတွက်လည်း ၀မ်းနည်းဖို့ကောင်းတယ်။ တိုင်းပြည်အတွက်လည်း
မကောင်းဘူး။ နောက်အနာဂါတ်အတွက် လည်းမကောင်းဘူး အဲလိုခံစားရတယ်။
(ကိုရဲမင်းဦး လွတ်မြောက်ဖို့အတွက် ရဟန်းတော်တွေ၊ အပေါင်းအသင်း
လုပ်ဖေါ်ကိုင်ဘက်တွေ အများကြီး တောင်းဆိုခဲ့ကြတယ်။ အဲဒီလို တောင်းဆို
ခဲ့ကြတဲ့သူတွေကိုကောကိုရဲမင်းဦးဘာပြောလိုပါလဲ။)
ရဲမင်းဦး။ ။
ကျွန်တော် ဖမ်းဆီးခံရစဉ်က နေ့စဉ်နဲ့အမျှ
ဝိုင်းဝန်းပြီးဆုတောင်းမေတ္တာပို့ခဲ့ကြတဲ့ သံဃာတော် အရှင်သူမြတ်တွေ၊
ရခိုင်လူငယ်အဖွဲ့တွေ၊ ရခိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ လွတ်မြောက်ဖို့အတွက်
ကြိုးစား ဆော်ရွက်ခဲ့ကြတဲ့ အပေါ်မှာ အထူးကျေးဇူးတင်ပါတယ်။ သူတို့တွေ
ကြိုးစားကြပေမဲ့လည်း သူတို့က နိုင်ငံရေး ကစားကွက်အတွက် ကျွန်တော်ကို
နိုင်ငံရေး လက်နက်သဖွယ် အသုံးချဖို့ ဆောက်ရွက်နေတဲ့အခါကျတော့
ကျွန်တော်တို့ကို ချစ်ခင်တဲ့သူတွေ ဘယ်လောက်ဘဲ ကြိုးစားကြိုးစား အောင်မြင်မှု
မရှိခဲ့ကြဘူး။ ဒါပေမယ့် အခုတော့ အသုံးချခံရတဲ့ သူတို့ရဲ့ ကစားကွက်ထဲက
ကျွန်တော်တို့လွတ်မြောက်လာတယ်။ ဘာဘဲဖြစ်ဖြစ် လွတ်မြောက်လာပြီဖြစ်တဲ့အတွက်
အဘက်ဘက်က လူအင်အား ငွေအင်အားနဲ့ ကြိုးစားခဲ့ကြတဲ့ ကျွန်တော်တို့
ဒီရခိုင်လူထုတွေနဲ့တကွ ကျွန်တော့်လုပ်ဖော်ကိုင်ဘက်တွေ ရဟန်း
ရှင်လူပြည်သူတွေကို အားလုံးကို ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့
ကျွန်တော်ကြိုးစား တိုက်ပွဲဝင်ဦး မှာဖြစ်တယ်လို့ ကျွန်တော် ပြောလိုပါတယ်။
( ဟုတ်ကဲ့- နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောစရာတွေရှိရင် ပြောပြပေးပါ။)
ရဲမင်းဦး။ ။ ဖြည့်စွက်ပြောစရာတွေကတော့ ကျွန်တော်အခု
စပြီးလွတ်မြောက်လာပြီဆိုတော့ လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ လုပ်စရာတွေ
အထဲမှာ မြန်မာနိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးတွေမရှိသေးဘူး။ ဒီမိုကရေစီ
စံနှုန်းတွေ မပြည့်ဝသေးဘူး။ အရပ်သားအစိုးရ အမည်ခံ
ဒီစစ်ယူနီဖောင်းချွတ်ထားတဲ့ အစိုးရဟာ တကယ့်နိုင်ငံတကာအလယ်မှာ ဒီမိုကရေစီနဲ့
အညီ သွားနေတာမဟုတ်ဘူးဆိုတာ သိသာထင်ရှားတယ်။ ဒါကို ကျွန်တော်တို့
ဝိုင်းပြီးတော့ ပြည်သူတွေ လိုလားနေတဲ့ အကောင်းဘက်ကို ပြောင်းလဲလာအောင်
တဖြည်းဖြည်းနဲ့ အင်နဲ့အားနဲ့ ကြိုးစား နိုင်သလောက် ကြိုးစားကြရမှာပေါ့။
( မှတ်ချက်။ ။ ကိုရဲမင်းဦးဟာ ဗဟန်းမြို့နယ်က ဦးသာသနာ့
ဘုန်းတော်ကြီးကျောင်းတိုက်မှ ၂၀၁၃ ခုနှစ် မတ်လ ၂၅ ရက်နေ့က ဒုတိယ အကြိမ်
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က
ပြန်လွှတ်မြောက်လာတာ ဖြစ်ပါတယ်။)
(ပြီး)
No comments:
Post a Comment