ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Tuesday, February 11, 2020

ဝေသာလီခေတ်ဦး အစောပိုင်းဒင်္ဂါးများ (အေဒီ ၂ ရာစု ၃ ရာစု)


ဝေသာလီခေတ် ဒင်္ဂါးများအကြောင်းကိုရေးမည်ဆိုလျှင် အာနန္ဒစန္ဒြမင်းကျောက်စာ မပါမဖြစ် အဓိက အခန်း ကဏ္ဍ၌ ရှိနေ သည်။ အဘယ်ကြောင့်ဆိုသော် ရှာဖွေတွေ့ရှိရသမျှသော ရခိုင်ဝေသာလီခေတ် ခပ်နှိပ်ခဲ့ သောမင်း အမည် များ အားလုံး နီးပါး ကို အာနန္ဒစန္ဒြမင်းကျောက်စာတွင် တွေ့ရသောကြောင့် ဖြစ်သည်။  အာနန္ဒစန္ဒြမင်း ကျောက် စာတွင်  ပထမမင်းဆက်၊ ဒုတိယမင်း ဆက်၊ တတိယမင်းဆက်ဟူ၍ မင်းဆက်သုံးဆက် ရေးထိုးပါရှိသည်။    

             မင်းဆက်သုံးဆက်တွင် ပထမင်းဆက်၌ မင်း(၁၅)ပါး၊ဒုတိယမင်းဆက်၌ မင်း(၁၃)ပါး၊ တတိယမင်းဆက်၌ မင်း (၉)ပါး စုစုပေါင်း မင်း (၃၇)ပါး ရှိသည်။ နန်းစံနှစ်ပေါင်းမှာ ကျောက်စာအလို အားဖြင့် နှစ်ပေါင်း(၁၄၁၈ နှစ် ၉ လ) ဖြစ် သည်။ နန်းစံ နှစ် (၁၂၀) ပါသောမင်း(၇)ပါးပါရှိပြီး ကျန်သော မင်း(၃၀)ပါးတို့၏ နန်းစံနှစ်များကို အတိအကျရေးထိုး မှတ်တမ်းတင်ထားသည်။ ပထမ မင်းဆက်သည် အာနန္ဒစန္ဒြမင်း ကျောက် စာကြောင်းရေ (၃)၊ ဂါထာ(၃)မှ ၊ ကျောက်စာ ကြောင်း ရေ (၁၇)၊ ဂါထာ(၁၈)ထိ ဖြစ်သည်။  နန်းစံနှစ်(၁၂၀)ပါသော  မင်းများမှအပ ကျန်မင်းများအားလုံးသည် ဒင်္ဂါး များ ခပ်နှိပ် ခဲ့ကြမည်ဟု ယုံ ကြည်ရသည်။  ထိုမင်းတို့ ခပ်နှိပ်ခဲ့သော  ဒင်္ဂါးများ၌ ခရုသင်းအရုပ်ကို ခပ်နှိပ်ထားကြသည်။ ထိုခရုသင်းအရုပ်ဒင်္ဂါးများတွင်လည်း အက္ခရာစာလုံးမပါသော ဒင်္ဂါးများနှင့် အက္ခရာစာလုံးပါသော ဒင်္ဂါးများဟူ၍ ၂ မျိုးတွေ့ရသည်။   
    
                 ကျွန်တော်အပါအ၀င် ရှေးက သုတေသီများသည် ရခိုင်ဝေသာလီခေတ်အစောပိုင်းသုံး ဒင်္ဂါးပါ အရုပ်များကို ခရုသင်းအရုပ်နှင့်တူသည်။ကင်းမြီးကောက်အရုပ်နှင့်တူသည်၊ဒေါင်းအရုပ်နှင့်တူသည်ဟု မှတ်ချက်ပြုခဲ့ကြသည်။။
 





ခရုသင်းအရုပ်၊ ကင်းမြီးကောကအ်ရုပ်၊ ဒေါင်းအရုပ်ဟု အယူအဆအမျိုးမျိုး ဖြစ်နေကြသော ဒင်္ဂါး(၅)ပြားကို ကွန်ပျူတာထဲ ထည့်ပြီး ပုံကြီးချဲ့ကာ၊  ဒင်္ဂါးပါအရုပ်များကို မူလပုံအတိုင်း ကောက်ကြောင်းဆွဲ၍ ပုံဖေါ်လိုက်သောအခါ ခရုသင်း ရုပ်များသာဖြစ် ကြောင်း သိလာရပေသည်။  ထိုသို့ ကွန်ပျူတာဖြင့် ပုံဖေါ်ရရှိလာသော အရုပ်များကို ၊ဒင်္ဂါးများရှိ ခရုသင်းရုပ်လိုလို ကင်းမြီး ကောက် အရုပ်လိုလို၊ ဒေါင်းရုပ်လိုလိုဟူ၍ ယူဆနေကြသော ဒင်္ဂါးများနှင့် နှိုင်းယှဉ်ကြည့် လိုက် သောအခါ  ဒင်္ဂါးပါအရုပ်များ သည် ခရုသင်း အရုပ်များသာဖြစ်ကြောင်း ထင်ရှားသွားလေသည်။ ဝေသာလီခေတ်ဦး ခရုသင်းအရုပ်ပါ ဒင်္ဂါးများသည် မင်းတစ် ပါးနှင့်တစ်ပါး ခပ်နှိပ် သော ခရုသင်းအရုပ်ဒီဇိုင်း များ၏ အပြင်အဆင် အနည်းငယ်ကွာခြားသွားခြင်းမှအပ အခြေခံအားဖြင့် တူညီနေကြသည်ကို တွေ့မြင် နိုင်သည်။




               ရခိုင်ဝေသာလီခေတ်ဒင်္ဂါးများကို လေ့လာကြည့်သောအခါ အခြေခံအားဖြင့် တူညီသော ဒင်္ဂါးနှစ်မျိုးကိုတွေ့ရသည်။ ခရုသင်းအရုပ်ပါ ဒင်္ဂါးနှင့် နွားလားဥဿဘ အရုပ်ပါ ဒင်္ဂါးများဖြစ်သည်။ ထို ဒင်္ဂါးနှစ်မျိုးမှာ  နွားရုပ်ပါ ဒင်္ဂါးများသည် အာနန္ဒ စန္ဒြမင်း ကျောက်စာပါ ဒုတိယမင်းဆက်ဖြစ်သော “ဒွေင်္စန္ဒြ” အစ “ဓတိ စန္ဒြ” အဆုံး မင်း(၁၃)ပါးတို့၏ဒင်္ဂါးများ၊ အာနန္ဒစန္ဒြမင်း ကျောက်စာ ပါ တတိယမင်းဆက်မှ “မဟာဝိရမင်း အစ အာနန္ဒစန္ဒြ” မင်းအဆုံး၊ မင်းများခပ်နှိပ် ခဲ့သည့် ဒင်္ဂါးတို့၌  နွားလားဥဿ ဘ အရုပ်များနှင့် ခပ်နှိပ်ထားကြသည်ကိုတွေ့ရသည်။ ယင်းအပြင် အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်နှင့် တတိယ မင်း ဆက် တို့မှ မင်းများခပ်နှိပ်ခဲ့သော နွားရုပ်ဒင်္ဂါးများအားလုံးတွင် မင်းအမည်ကို နွားလားဥဿဘအရုပ်၏ အပေါ်တွင် ရေးထိုးပါရှိကြသည်။  ထို့ကြောင့် ခရုသင်းအရုပ်ပါ ဒင်္ဂါးများသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်မှ ဒင်္ဂါးများဖြစ်ကြောင်း သိနိုင်လေသည်။ 

           ရခိုင်ဝေသာလီခေတ်၏အစကို ရှေးက သုတေသီပညာရှင်များဖြစ်ကြသော အီး အိခ်ျ့ ဂျွန်စတင်က ( အေဒီ ၃၅၀ ) ၊ အိန္ဒိယ ကျောက်ဝန်ဟောင်း ဒီ စီ ဆာကားက( အေဒီ ၃၇၀ )၊ ဦးအောင်သာဦး က(အေဒီ ၃၂၀)၊ ဦးစံသာအောင် ( အေ ဒီ ၃၅၅ ) ၊ ပင်မလာ ဂတ်တမင်တို့ (အေဒီ ၃၇၀) ဟု အသီးသီးခန့်မှန်းဖော်ပြခဲ့ကြသည်။ ထိုသုတေသီပညာရှင် များ သည် အာနန္ဒစန္ဒြမင်း ကျောက်စာ (ဂါထာ ၁၉-၂၀-၂၁)၌ ရေးထိုး ပါရှိသော နတ်ပြည်၏လှပခြင်းကို ပျက်ရယ်ပြုနိုင် သော လှပသောမြို့တော်ကို ဒွင်္စန္ဒြမင်း ပြုလုပ်တော် မူသည် ဟူသောစာသားကို အကိုးအကားပြုပြီး ခန်းမှန်းခဲ့ကြဟန် တူပေသည်။

               ထိုပညာရှင်သုတေသီများသည် အာနန္ဒစန္ဒြမင်းကျောက်စာတိုင် အနောက်ဘက် မျက်နှာစာတစ်ခုတည်းမှာ မင်းဆက် သုံးဆက်ကို ၊ မင်းအမည် ၊ နန်းစံများနှင့်တကွ  သေသေချာချာ ရေးထိုးဖော်ပြထားသော်လည်း ခေတ်ကာလ သတ် မှတ်ကြရာဝယ် မင်းဆက်နှစ်ဆက်၏  နန်းစံနှစ်များကိုသာ လက်ခံအတည်ပြုကြပြီး သတ်မှတ်ခဲ့ကြသည်။ ပထမ မင်းဆက် ၌ မင်းအမည်၊နန်းစံနှစ် အတိအကျပါသော မင်းများကို  အသိအမှတ်မပြုဘဲ ချန်လှပ်ကာ၊ ရခိုင်ဝေသာလီခေတ် အစကို  ခန့်မှန်း ခဲ့ကြသည်မှာ သဘာဝ မကျ ဟု ယူဆမိသည်။

               ရခိုင်ဝေသာလီခေတ်သမိုင်း၌ အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်မှ မင်းများသည် တိုင်းပြည်လည်း မရှိ၊ ထီးနန်းလည်းမရဖြစ်နေကြသည်မှာဝေသာလီမြို့တော်“ဒွင်္စန္ဒြမင်း”တည်ထောင်ခဲ့သည်။ အစပြုခဲ့သည်ဟူသောကောက်ချက် ကြောင့် ဖြစ်သည်။ ဒွင်္စန္ဒြမင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်၏ပထမဆုံးသော မင်းတစ် ပါးသာဖြစ်ပြီး ၊ ကျောက် စာပါ ပထမမင်းဆက်၏ ပထမဦးဆုံး မင်းတစ်ပါးမဟုတ်ပေ။

               ခရုသင်းအရုပ်နှင့် မင်းအမည်အက္ခရာမပါ၊ အက္ခရာပါ ဒင်္ဂါးများသည် ဒွင်္စန္ဒြမင်း( အေဒီ ၂၉၀-၃၄၅) ဒင်္ဂါး ထက် စောသော၊ ရှေးကျသောဒင်္ဂါးများဟု ယူဆသည်။ တစ်နည်း အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်မှ  နန်းစံ နှစ်(၁၂၀) ပါသော မင်းကို့ကိုချန်လှပ်ပြီးမင်းအမည်၊ နန်းစံနှစ် အပြည့်အစုံ ရေးထိုးပါရှိသော (စနြေ္ဒာဒယမင်း အစ လင်္ကီ မင်းအဆုံး၊) မင်း(၈)ပါးထဲမှ မင်းများ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများဖြစ်သည်ဟု မှတ်ချက်ပြုလိုသည်။
                                                                                                                    

                                                                                                                     မောင်ဖြူ (ကြွီတဲကျွန်း)
                                                                                                                            11.1.2020
 


No comments:

Post a Comment