ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
▼
Thursday, March 17, 2022
အာနန္ဒစန္ဒြမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာကို တည်းဖြတ်ကြည့်ခြင်း
======================================
အာနန္ဒစန္ဒြမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာဆိုသည်မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ သျှစ်သောင်းဘုရား (ခေါ်) ရန်အောင်ဇေယျဘုရား တက်လမ်းမုခ်ဝ လက်ဝဲဘက်၊ ကျောက်စာရုံရှိ ကျောက်စာတိုင်၏ အနောက်ဘက် မျက်နှာစာ ကို ခေါ်ဆိုခြင်းဖြစ်သည်။
ထိုကျောက်စာသည် နောက်ဆုံးလေ့လာတွေ့ရှိချက်များအရ အာနန္ဒစန္ဒြမင်းကြီး ရခိုင်ဝေသာလီ၌ သင်္ဂါယနာတင်သည့်အခါ ကြိုတင်ပြင်ဆင်ခဲ့ရသည့်လုပ်ငန်းစဉ်များကို ရေးထိုးမှတ်တမ်း တင်ထားသော ကျောက်စာဖြစ်သည်။
အာနန္ဒစန္ဒြမင်း သင်္ဂါယနာတင်မော်ကွန်းကျောက်စာသည် ရခိုင်ပြည် နယ်ရှိ ပါဠိ - သက္ကတရော ကျောက်စာများ ထဲတွင် စာလုံးရေ အများဆုံးနှင့် အရှည်ဆုံး၊ အကြီးဆုံး ကျောက်စာတစ်ခုလည်း ဖြစ်ပေသည်။ အာနန္ဒစန္ဒြမင်းကျောက်စာတိုင်သည် အမြင့်မှာ “၃.၃မီတာ” ( ၉ ပေ ၇ လက်မ) ခန့်ရှိပြီး၊ အနံမှာ “၀.၇ မီတာ” (၂ ပေ ၄ လက်မ) မီတာခန့် ရှိသည်။ကျောက်စာ တိုင်၏ မျက်နှာလေးခုအနက် ယခုစိုက်ထူထားသည့် အတိုင်း ဆိုလျှင် အရှေ့ ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့တွင် စာရေးထိုးထား၏။ တောင်ဘက်မျက်နှာ၌် ကျောက်စာရေးထိုးထားခြင်း မရှိပေ။
အာနန္ဒစန္ဒြမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာခေါ် အနောက်ဘက်မျက်နှာစာတွင် ဂါထာ(၆၅)ပုဒ်၊ စာကြောင်းရေ (၇၃) ကြောင်းပါရှိသည်။
အာနန္ဒစန္ဒြမင်းသင်္ဂါယနာတင် မော်ကွန်းကျောက်စာသည် စာတစ်ပုဒ်ရေးရာတွင် မဖြစ်မနေပါရှိရမည့် ပါသင့်ပါထိုက်သော စာ၏အင်္ဂါရပ်များဖြစ်သော နိဒါန်းပိုင်း၊ စာကိုယ်ပိုင်း၊ နိဂုံးပိုင်း တို့နှင့်အညီ အဆင့်မြင့်မြင့် ရေးထိုးထားသော ကျောက်စာတစ်ချပ်ဖြစ်သည်။ ယင်းအပြင် ဂါထာစာပိုဒ်များကို ဂါထာအလိုက်၊ကဏ္ဍအလိုက်၊ ပုဒ်ထီး(၊)၊ ပုဒ်မ(။)တို့ဖြင့် သေချာစွာ ခွဲခြားကာ စာတစ်ပုဒ်တွင် ပါသင့်ပါထိုက်သော အင်္ဂါရပ်များဖြင့် ပြည့်စုံစွာ ရေးထိုးထားသောကြောင့် ကမ္ဘာမှာ ရှာမှရှားသော အလွန်ဂုဏ်ယူဖွယ်ကောင်းသည့် ကျောက်စာတိုင်ဖြစ်သည်။
နိဒါန်းပိုင်းသည် အာနန္ဒစန္ဒြမင်းကျောက် စာ တွင် (စာကြောင်းရေ ၁ မှ ၄၄ အထိ)ဖြစ်သည် ။ နိဒါန်းပိုင်းစာကြောင်းရေ ၁-၂ တွင် သုံးလောကထွတ်ထား မြတ်စွာဘုရား ကို ဦးထိပ်တင် ပူဇော်ထားသော စကားဦးနိဒါန်းဖြင့် အစပျိုးထားပြီး၊ ကျောက်စာကြောင်းရေ (၃ မှ ၄၄ အထိ) ၊ ဂါထာအားဖြင့် (ဂါထာအမှတ် ၃ မှ ၄၅ အထိ) တွင် အာနန္ဒစန္ဒြမင်းကြီးသည် သူ၏ ဘိုးလောင်းတော် ဘေးလောင်းတော် ဘုရင်မင်းများသည် သီလ၊ သမာဓိ၊ ပညာ နှင့် ပြည့်စုံသော မင်းများဖြစ်ကြကြောင်း၊ ဘုန်းတန်ခိုး အာနဘော် ကြီးမားကြောင်း၊ စန္ဒြဘွဲ့ခံမင်း အားလုံးသည် မင်းမျိုးမင်းနွယ်ဖြစ်ကြောင်း၊ အမြောက်အမြင်ကြီးကြောင်း၊ ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး၊ ရာဇပရိယာယ်ကြွယ်ဝကြကြောင်း၊ မင်းအမည်များကို နန်းစံနှစ်များနှင့် တကွ မင်း ဆက်သုံးဆက်၊ မင်းပေါင်း(၃၇)ပါးကို ဂုဏ်ဖော်ရေးထိုးမှတ်တမ်းတင်ထားသည်။
စာကိုယ်ပိုင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာကြောင်းရေ (၄၄ မှ ၆၂) အထိ၊ ဂါထာအားဖြင့် ဂါထာ ၄၅ နှင့် ၄၆ ကြားတွင်ပါရှိသော စကားပြေပိုဒ်မှ ဂါထာ(၆၁)အထိ ဖြစ်သည်။
စာကိုယ်ပိုင်း၌ အာနန္ဒစန္ဒြမင်းကြီးသည် ရခိုင်ဝေသာလီတွင် မင်း တကာ့မင်းတို့ ပြုလုပ်ရန် ခဲ့ယဉ်းလှ သော သင်္ဂါယနာတင်ခြင်း (၀ါ) သာသနာေ တ်ာအဓွန့်ရှည်တည်တံ့ရေးအတွက် ပြုလုပ်ဆောင်ရွက်ခဲ့ သည်ကိုရေးထိုးထားသော အဓိကအပိုင်းဖြစ်သည်။ စာကိုယ်ပိုင်း၌ ကမ္ဗည်းရေးထိုးရခြင်း၏ အဓိက အကြောင်းအရာများကို ဖော်ပြသောအပိုင်း ဖြစ်သည်။
စာကိုယ်ပိုင်း၌ အာနန္ဒစန္ဒြမင်းကြီးသည် သင်္ဂါယနာတင်ရန်အတွက် ကြိုတင်ပြင်ဆင်ခဲ့ရသည့် လုပ်ငန်းစဉ် များဖြစ်သော ပြည်တွင်းပြည်ပ သံဃာတော်များ ပင့်ဖိတ်ခြင်း၊ ကြွရောက်လာကြမည့် သံဃာတော်များ အဆင်ပြေစွာ သီတင်းသုံးနိုင်စေရန် အာနန္ဒောဒယ အမည်ရှိသော ကျောင်းပေါင်းများကို ကြိုတင်ဆောက်လုပ်ခြင်း၊ နေရာထိုင်းခင်းမလောက်မငှ ဖြစ်မည်စိုးရိမ်၍ မြို့တော်၌ ယခင်ရှိနှင့်ပြီးသော ဘာသာရေး အဆောက်အဦဟောင်းများကို အသစ်တဖန်ပြုပြင်ခြင်း၊ အရပ်လေးမျက်နှာမှ သင်္ဂါယနာတင်ရန် ကြွရောက်လာကြသော သင်္ဃာတော်များအား ကြေးသပိတ်၊သင်္ကန်းများ လှူဒါန်းပူဇော်ခြင်း၊ ထိုထိုသော ရဟန်း သံဃာတော်များ သီတင်းသုံးရန်ကျောင်းများ၌် ကိုးကွယ်ပူဇော်ရန်ဟု ယူဆရသော ကြေးဖြူ၊ ကြေးဝါ၊ ကြေးနီ တို့ဖြင့် မဟာမုနိဘုရားဆင်းတု ပုံစံတူများသွန်းလုပ်ခြင်း၊ ဗောဓိသတ္တဆင်းတုများ၊ သစ်သားဆင်းတုများ၊ ကျောက်ဆင်းတုများ ပြုလုပ်ခြင်း၊ ထိုဆင်းတုတော် များအား အမြဲပူဇော်ထားရန် ရွှေကြာပန်း ငွေကြာပန်းများပြု လုပ်ခြင်းတို့ကို ရေးထိုးမှတ်တမ်းတင်သည်။
သင်္ဂါယနာတင်ခြင်းသည် နှစ်ကာလရှည်စွာ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သောကြောင့် နွေရာသီ သောက်ရေ သုံးရေ ပြတ်လပ်ရှား ပါးမှုမရှိစေရန် ရေတွင်းရေကန်များကြိုတင် တူးဖော်ပြုလုပ်ထားခြင်းတို့ကို ရေးထိုး မှတ်တမ်း တင်သည်။
စေတီပုထိုးများတည်ထားခြင်း၊ ထိုစေတီပုထိုးများတွင် ဌာပနာထည့် သွင်းရန် မြေမီးဖုတ်အုတ်ပြား ဘုရားဆင်း တု တော်များစွာ ပြုလုပ်ခြင်း၊ သင်္ဂါယနာတင်ပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ရဟန် ရှင်လူများ ကြွရောက်လာ ကြ မည်ဖြစ်သော ကြောင့် မင်းနေပြည်မြို့တော်အား သာယာလှပစေရန် အထူးထူးသော လမ်း၊ တံတား၊ ဥ ယျာဉ်ပန်းခြံ တို့ကို ပြုလုပ်ခြင်း၊ ပိဋကတ်တိုက်များ ကြိုတင်ဆောက်လုပ်ထားခြင်း၊ များ စသော အကြောင်းအရာများကို ရေးထိုးမှတ်တမ်းတင်ထားသည်။
သင်္ဂါယနာတင်ပြီးသောအခါ၌ သေဒဏ်အပေးခံထားထိုက်သော ရာဇ၀တ်သားများအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း၊ သီဟိုဠ်မှ သင်္ဂါ ယနာတင် ပင့်သံဃာတော်များအား ပြန်လည်ပို့ဆောင်တော်မူခြင်း တို့ကိုရေး ထိုးမှတ်တမ်းတင်သည်။
ထို့အပြင် သင်္ဂါယနာတင်ပြီးသောအခါ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် နယ်တကာ ပြည်အနှံ့မှ ရောက်နေ၊ ရောက်လာကြမည့်သူများအား ပျော်ရွင်စေရန် အတီးအမှုတ် ကချေသည်များနှင့် ကဇာတ်ရုံများ တည်ဆောက် ခြင်း၊ ဖြေဖျော်ခြင်း တို့ကို ရေးထိုးမှတ်တမ်းတင်ထားသည်။
အာနန္ဒစန္ဒြမင်းကျောက်စာ နိဂုံးအပိုင်းသည် ကျောက်စာကြောင်းရေ ( ၆၂ မှ ၇၃) အထိ) ဖြစ်ပြီး၊ ဂါထားအားဖြင့် ( ၆၂- မှ ၆၅) အထိ ဖြစ်သည်။ နိဂုံးပိုင်းတွင် အာနန္ဒစန္ဒြမင်းကြီးအား နိုင်ငံတကာမှ သမီးကညာ လက်ရောက် ဆက်သပုံများ၊ နိုင်ငံတကာမှ ချစ်ကြည်ရေးမဟာမိတ်ပြုရန်ေ
ရာက်လာကြပုံ၊ သမီးကညာလာဆက်သသောတိုင်းပြည်၌ ရေတွင်း ရေကနု၊ တူးဖော်လှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း တို့ကိုရေးထိုးထာြး့ပီး၊ ယင်းအောက်တွင် ကျောက်စာရေးထိုးပြီးစီး ကြောင်းကို (ဂြီ့ကိတ္တိသံပုဏ္ဏ၀ိဇယ= မင်္ဂလာ ကျက်သရေရှိစွာ ပေါ်လွင်ထင်ရှား၍ ပြည့်စုံစွာ ပြီးမြောက် အောင်မြင်သည်။ ဟု ရေးထိုးထားသည်။
ယင်းပြီးမှ အောက်ဆုံးစာကြောင်းဖြစ်သော စာကြောင်းရေ (၇၃) တွင် အာနန္ဒစန္ဒြမင်းကြီးသည် သင်္ဂါယနာတင်ခြင်းပြီးဆုံးသောခုနှစ် (၀ါ) ကျောက်စာရေးထိုးသည့် သက္ကရာဇ်ကို “ဧကာဒဂ့ါမဗ္ဒေ=ဧကာ+ ဒဿမ +အဗ္ဒ= ၁၁- ခုနှစ်” ဟူ ၍ ရေးထိုးကာ နိဂုံး အဆုံးသတ်ထားသည်။
အာနန္ဒစန္ဒြမင်းကျောက်စာသည် ရေးပုံရေးနည်း အလွန်အဆင့်မြင့်သော ကျောက်စာဖြစ်သော်လည်း၊ ခြောက်ပြစ်ကင်းသော ကျောက်စာတစ်တိုင်တစ်ခုတော့ မဟုတ်ချေ။ စာရေးရာ၌ သူသူငါငါ မည်မျှပင် စာရေး နည်းကို ကျွမ်းကျင်ကြပါစေ စာလုံးအမှား၊သတ်ပုံအမှား၊ ၀ါကျအမှား၊ စာကျန်၊ စာပို၊ စာထပ် များ ရှိကြ စမြဲပင်ဖြစ်သည်။
ထိုနည်းတူ အာနန္ဒစန္ဒြမင်းကျောက်စာတွင်လည်း ကျောက်စာ ရေးထိုးသူသည် ထိုကဲ့သို့ စာကျန်၊ စာကျ၊ စာပိုများ ရှိခဲ့သည်။ ဤသို့ စာရေးသူပြောလိုက်လို့ အာနန္ဒစန္ဒြမင်းကျောက်စာ၏ စာပို၊စာကျန်များကို တည်းဖြတ်နိုင်လောက်အောင် မင်းကဘာကောင်လဲ၊ ဘာအဆင့်လဲ၊ ဘာရေးထုံးစံ တည်းဖြတ်မှာလဲဟု စောဒကမတက်ပါနဲ့၊ စာကို ဆုံးအောင်ဖတ်ပြီးမှ ဟုတ်မဟုတ်ကို သေချာ စဉ်းစားဆုံးဖြတ်ပါ။ ဟုတ်မှန်သည်ဟု ယူဆလျှင် Like ပေးဖို့လည်း မတောင်းဆိုပါ၊ Share လုပ်ပေးပါဟုလည်း မပြောပါ၊ မှားသည်ဟု ထင်မြင်ယူဆ ပါက အချက်အလက်ဖြင့် ထောက်ပြဝေဖန်ပေးဖို့သာ တောင်းဆိုပါသည်။
အာနန္ဒစန္ဒြမင်းကျောက်စာပါ စာလုံးများကို တည်းဖြတ်ရာတွင် အာနန္ဒစန္ဒြမင်းကျောက်စာပါ ရေးထုံးကို (စံ)ထား၍သော်လည်းကောင်း၊ ဝေသာလီဒင်္ဂါးပါ ရေးထုံးကို စံထား၍သော်လည်းကောင်း တည်းဖြတ် သွားပါမည်။
အာနန္ဒစန္ဒြမင်းကျောက်စာကို ရေးထိုးခဲ့သူသည် ကျောက်စာရေးထိုးရာ၌ တစ်ချို့သော နေရာများတွင် လိုအပ်ချက်များ ရှိခဲ့သည်ကို ထုတ်နှုတ်တင်ပြရလျှင် -
အာနန္ဒစန္ဒြမင်းကျောက်စာကြောင်း (၂၄)၊ ဂါထာ (၂၆) တွင် (သပ္တသမွတ်သရာ= ၇ နှစ်) ဟု ရေးထိုးပါရှိသည်။ ဤကား (ခုနစ် နှစ်) ဟူသော စကားရပ် ရေးထုံးအမှန်ဖြစ်သည်။ (ပုံ-၁ - က)
အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ (၂၇)၊ ဂါထာ(၃၀)တွင်လည်း အလားတူ စကားရပ်ဖြစ်သော (သပ္တ သမွတ်သရာ= ၇ နှစ်) ဟူသော စကားရပ်ပါရှိသည်။ ထို စကားရပ်ကို ရေးရာ၌ “ သပ္တ - မွတ်သရာ” ဟုရေးထိုးပါရှိသည်။ (သ) စာလုံးတစ်လုံး ရေးရန် ကျန်နေခဲ့သည်။ (ပုံ-၁- ခ)
အလားတူ ရေးထုံးမျိုး အာနန္ဒစန္ဒြမင်းကျောက်စာကြောင်းရေ (၃၅-၃၆) ၊ ဂါထာ (၃၈) တွင် “ပေါ့ဍပ့-- ၀တ်သရမ်) = ၁၆ နှစ် ဟု ရေးထိုးပါရှိသည်။ ထိုစကားရပ်တွင် (သမ) စာလုံးနှစ်လုံး ရေးရန် ကျန်နေခဲ့သည်။ (ပုံ ၁ - ဂ)
စာလုံးမျာသည် ကွန်ပျူတာဖောင့် မရှိသောကြောင့် ပုံမှာ ပါသော အက္ခရာစာလုံးများကိုသာ အတည်ယူကြပါ
နောက်တစ်ခါ အာနန္ဒစန္ဒြမင်းထံသို့ သမီးကညာ လာရောက်ဆက်သသော ဘုရင်မင်း၏ တိုင်းပြည်ကို “ဂြီ့တာမြပတ္တန=သိရီတာမြပတ္တန” ဟု အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ(၆၅)၊ ဂါထာ(၆၂) တွင် ရေးထိုးပါရှိသည်။ (ပုံ ၂ -က)
အာနန္ဒစန္ဒြမင်း၏ ဘုန်းတန်ခိုး အာနုဘော်နှင့် ထင်ရှားကျော်ကြားသော ဂုဏ်သတင်းတို့ကြောင့် သီရိပတ္တနပြည်ရှင်မင်းသည် မိမိရင်၌ဖြစ်သော “ဓေန္ဒာ” အမည်ရှိသော သမီးလှကို များစွာသော ဥစ္စာရတနာများဖြင့် အာနန္ဒစန္ဒြမင်းထံသို့ အလွန်ရိုသေလေးမြတ်စွာဖြင့် လာရောက်ဆက်သသည် ကို အကြောင်းခံ၍ အာနန္ဒစန္ဒြမင်းကြီးသည် သီရိတာမြပတ္တနပြည်ရှင်မင်း၏ ပိုင်နက်နယ်မြေအတွင်း၌ ထာဝရ ကုသိုလ်ကောင်းမှုဖြစ်စေသော ရေကန်တစ်ကန် နှင့် ကျောင်းတစ်ဆောင်ကိုအလျင်အမြန် ပြီးမြောက်အောင် ပြု လုပ်သည်ကို ဂါထာ(၆၅) တွင် ရေးထိုးထားသည်။ ထိုဂါထာ(၆၅)တွင် “ဂြီ့တာမြပတ္တန=သိရီတာမြပတ္တန” စကားရပ်ကို ရေးထိုးရာတွင် ကျောက်စာရေးထိုးသူသည် (တာမြ) ဟူသော စာလုံးနှစ်လုံး ရေးရန်ကျန်နေခဲ့ သည်။ (ပုံ ၂- ခ)
( ဂြီ့ )စာလုံး ဖောင့် ရေးမရသောကြောင့် (ပုံ ၂) တွင်ပါသော စာလုံးကိုသာ အတည်ယူကြပါရန်။
ယင်းအပြင် အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ(၂၈)၊ ဂါထာ(၃၀) တွင် စန္ဒြဘွဲ့ခံ(၁၂)ပါးမင်း ဖြစ်သော မင်းအမည်စာလုံးများကို ရေးထိုးရာတွင် “ပဓိထွီစန္ဒြ”= ပဓိထ၀ီစန္ဒြ ဟုရေးထိုးထားသည်ကို တွေ့ရသည်။ ထိုမင်းခပ်နှိပ်ခဲ့သော ဒင်္ဂါး၌ ရေးထိုးပါရှိသော မင်းအမည် စာလုံးမှာ “ပထိဝီစန္ဒြ” သာဖြစ်၍ ၊ ကျောက်စာကို ရေးထိုးသူသည် (ဓိ) စာလုံးတစ်လုံ အပိုရေးထိုးမိသွားပြီး၊ “ထ” စာလုံးတွင် ( -ိ ) လုံးတင် ရေးရန်ကျန်နေခဲ့သည်ကို တွေ့မြင်နိုင်သည်။ ( ပုံ -၃)
စာလုံးတစ်ချို့ ကွန်ပျူတာဖောင့် မရှိသောကြောင့်( ပုံ-၃)မှာ ပါသော စာလုံးကိုသာ အတည်ယူကြပါရန်။
အထက်တွင် ဖော်ပြခဲ့သကဲ့သို့ အာနန္ဒစန္ဒြမင်း
ကျောက်စာတွင် စာကျန် ၊ စာမှားများ နောက်ထပ်လည်း အနည်းငယ် ရှိနေသေးကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ပုံများကို ထောက်၍လည်း ဖတ်နိုင်သည်။
...
မောင်ဖြူ(ကြွီတဲကျွန်း)
ဘုန်းကြီးကျောင်းသား
.....
ကျမ်းကိုး
၁။ ရန်ကုန်တက္ကသိုလ်- (၁၉၅၆)။ မြန်မာတိုင်းရင်းကျောက်စာများ-စတုတ္ထထုပ်။
၂။ မောင်ဖြူ (ကြွီတဲကျွန်း) (၂၀၂၀)။ အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ရခိုင်ဝေသာလီသင်္ဂါယနာ။ရန်ကုန်မြို့။
No comments:
Post a Comment