ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Saturday, August 31, 2024
ရခိုင်ဝေသာလီ ဒုတိယကြေးခေါင်းလောင်းစာ (အေဒီ ၄-၆ ရာစု)
*******************************************
ဒုတိယ ခေါင်းလောင်းစာကို ရခိုင်ပြည်နယ်၊ ဝေသာလီတော်မြို့ဟောင်း၊ အပေါင်တော် ဓာတ်တောင် စေတီတစ်ဆူမှ (၁၉၆၅) ခုနှစ်ခန့်လောက်ကရရှိခဲ့သည်။ ဤခေါင်းလောင်းကို ဆရာကြီး ဦးစံသာအောင်က ဒုတိယ ခေါင်းလောင်းစာ ဟု ရေးသားဖော်ပြခဲ့သည်။
ခေါင်းလောင်းမှာ (အမြင့် ၁၁ စင်တီမီတာ၊ အချင်း အ၀၏အတွင်းဘက် ၉.၉ စင်တီမီတာ) ရှိပါသည်။ ခေါင်းလောင်းမှာ ၂ ပေါင် ကျော်ကျော်ခန့်၊(သို့မဟုတ်) ၆၀ကျပ်သားခန့်ရှိသည်။ ခေါင်းလောင်းအလယ်တွင် စာနှစ် ကြောင်း ရေးထိုးပါရှိသည်။ ပထမစာကြောင်းတွင် စာလုံးရေ(၁၈)လုံးပါရှိပြီး၊ ဒုတိယစာကြောင်းမှာ စာလုံးရေ(၁၄) လုံး ပါရှိသည်။ ရေးထိုးသော ဘာသာစကားမှာ သက္ကတဘာသာစကားဖြစ်ကာ၊ ရခိုင်ဝေသာလီမှရရှိသော ကြေး နီပြားစာပါ လက်ရေးလက်သားနှင့် တူညီကြသည်။
ဆရာကြီး ဦးစံသာအောင်သည် ကြေးခေါင်းလောင်း၌ ရေးထားသော စာများပါ အကြောင်းအရာများ ကို သိလိုသဖြင့် မြန်မာနိုင်ငံမှ ပညာရှင်ပုဂ္ဂိုလ်များကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနသို့ လည်းကောင်း ဓာတ်ပုံများပေးပို့ကာ အဓိပ္ပာယ်ပြန်ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော်လည်း ယနေ့တိုင်အောင် ခေါင်းလောင်းပါ စာများ၏ အဓိပ္ပာယ်ကို အတိအကျ ဖော်ထုတ်နိုင် ခြင်းမရှိသေးဟု ဖော်ပြထားသည်။ ခေါင်းလောင်းတွင်ရေးထိုးပါရှိသော အက္ခရာများကိုကြည့်၍ အိန္ဒိယရှေးဟောင်းသုတေသနဌာန၏ ခန့် မှန်းချက်မှာ (အေဒီ ၆ ရာစု) ၀န်းကျင်ခန့်က ရေးထိုးခဲ့သော စာများ ဖြစ်သည်ဟုသိခဲ့ရသည်။ ယခုအခါ ဤဒုတိယ ခေါင်းလောင်းမှာ စစ်တွေမြို့၊ မဟာကုသလ ဘုန်းတောင်ကြီးကျာင်းတိုက်တွင် ခင်းကျင်းပြသထားသည်။
ကြေးခေါင်းလောင်းပါ စာလုံးများမှာ အောက်ပါအတိုင်ဖြစ်ပါသည်။ (ပုံစာများကိုသာ အတည်ယူကြပါရန်)
နမ ။ မာတာပိတြေားဟိရိတာထေတ္တြကိမာယန္နဓါနယား နာရာယဏာယဒ္ဒတ္တေယံပမရိရပွရား။ [O]>>>
ကျွန်ုပ်သည် ခေါင်းလောင်းပါစာများကို ဆရာ့ဆရာကြီးများထက် တော်တတ်၍ ဘာသာပြန်ခြင်းမဟုတ်ပါ။ မိမိလေ့လာထားသလောက်သော စာပေကျမ်းဂန်၊ အဘိဓာန်ကျမ်းများ၊ သဒ္ဒါကျမ်းများနှင့်ညှိနှိုင်းကာ ရနိုင်သ လောက်သော အဓိပ္ပာယ်ကို ဆီလျော်အောင် ဖော်ပြရမည်ဆိုလျှင် -
ဟိရိ - ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်ပြုရန် ရှက်ခြင်းသဘော၊ တာထေတ္တြ- အမှန်ရှိသော၊ မာတာပိတြေား-အနန္တဂိုဏ်းဝင် ကျေးဇူးရှင် အမိအဖနှစ်ပါးတို့အား၊ နမ- ရှိခိုးပါ၏။ ပမရိရ- မရိရမည်သောအရပ်ကို၊ - ပွရား-အပိုင်စားရသော၊ ကိမာယန္န- မည်သောကျွန်ုပ်သည်၊ ဓာနယား-ဘုန်းတန်ခိုးရှိသော၊ နာရာယဏ-ဘုရားရှင်ကိုယ်တော်မြတ်အား၊(ရည်မှန်း၍)၊ ဍေယဒ်- လှူဖွယ်အစုစုကို၊ ဒတ္တေယ- ဆက်ကပ်လှူဒါန်းပါသည်။ ဟူ၍ ဖြစ်ပါသည်။
ဝေသာလီခေတ်ထိုး ဒုတိယကြေးခေါင်းလောင်းစာတွင် ရေးထိုးထားသောအက္ခရာမှာ ဗြာဟ္မီပွား အက္ခရာ ဖြစ်ပြီး၊ အာ သရ ဖြစ်သော ရေးချ ( -ာ ) ရေးဟန်မှာ သျီရောရေခါတန်းနှင့် တစ်တန်းတည်းထားကာ လက်ယာ ဘက်အောက်သို့ရေးထိုးထားခြင်းမဟုတ်ဘဲ၊ သျီရောရေခါတန်းအထက်တွင် င သတ် ပုံစံ ( -် )ကဲ့သို့ ရေးထိုးထား ထားသည်မှာ အိန္ဒိတောင်ပိုင်းရေးဟန်ဖြစ်နေသည်။ ပထမခေါင်းလောင်းစာမှာ အိန္ဒိယမြောက်ပိုင်း ရေးဟန်ဖြစ်ပြီး၊ ယခုဖော်ပြသော ဒုတိယခေါင်းလောင်းစာမှာ အိန္ဒိယတောင်ပိုင်းရေးဟန်ဖြစ်ပါသည်။
ဥပမာအားဖြင့်ဖော်ပြရသော် ပထမခေါင်းလောင်းစာမှ “ မာတာပိတ” အက္ခရာစာလုံးများကိုရေး ပုံနှင့် ဒုတိယခေါင်းလောင်းစာပါ “ မာတာပိတြေား” အက္ခရာစာလုံးများရေးပုံကို နှိုင်းယှဉ်ကြည့်က သိနိုင်ပါသည်။
ဒုတိယခေါင်းလောင်းစာ၌ပါကြရှိသော ဖော်ပြပါစာလုံးများမှာ - (ကိ ၊ ဒ ၊ ယ ၊ ရိ ၊ ရား ၊ ပ ၊ ပွ ၊ ဟိ ) အက္ခရာရေးနည်း ဗျည်း- သရကပ်ပုံများအရ ( အေဒီ ၄- ၆ ရာစု) အတွင်းက ဟု ခန့်မှန်းရပါသည်။
ယနေ့ မြန်မာနိုင်ငံမြေပေါ်တွင် နေထိုင်ကြသောဗုဒ္ဓဘာသာဝင်လူမျိုးများသည် မိမိတို့ပြုလုပ်သော ကု သိုလ်ကောင်းမှုများကို (မာတာပိတ=အမိအဖ)အား ဦးထိပ်ထား၍ (သို့မဟုတ်) ရည်စူး၍ ရေးထိုးသော အလေ့အ ထ၊ ဓလေ့ထုံးတမ်းသည် လွန်ခဲ့သောနှစ်ပေါင်း ( ၁၅၀၀) ၀န်းကျင်ခန့်က ရှေးခေတ် ရခိုင်ဝေသာလီတွင် စတင်ရေး ထိုးခဲ့ကြသည့် ရေးထုံးတစ်ခုလည်း ဖြစ်နေသည်ကို တွေ့ရသည်။
ဤဝေသာလီ ဒုတိယခေါင်းလောင်းစာပါ ပထမစာကြောင်းမှ အစ သင်္ကေတ ( ) ကို ဆရာကြီး ဦးစံသာအောင် ရေးသားသော (အေဒီခြောက်ရာနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာများ) စာအုပ်၊ (နှာ- ၁၃၃) တွင် “ ဥုံ ” ဟု ထင်ရသော စာလုံးမှာ အနည်းငယ်ပဲ့နေသည်။ ဟု ဖော်ပြခဲ့သည်။
စာရေးသူသည် ထိုဆရာကြီး ဦးစံသာအောင်မှ “ - ဥုံ ” ဟု ဖော်ပြခဲ့သော စာလုံးကို “ ဥုံ ”ဟူ၍ မယူဆပေ။ ရခိုင်ဝေသာလီခေတ်တွင် ကမ္ပည်း ကျောက်စာ၊ အုပ်ချပ်စာ၊ ကြေးပြားစာများရေးထိုးကြရာတွင် စာ၏ အစကို အစဖြစ်ကြောင်း သင်္ကေတတစ်ခုပြပြီး၊ စာ၏ အဆုံးပိုဒ်ကိုလည်း အဆုံးဖြစ်ကြောင်း သင်္ကေတ တစ်ခုဖြင့် အဆုံးသတ်ကာ ရေးထိုးလေ့ရှိခြင်းကြောင့် ဆရာကြီး ဦးစံသာအောင် ဖော်ပြခဲ့သော ( ) သင်္ကေတမှာ “ ဥုံ ” စာလုံးမဟုတ်ဘဲ၊ စာပိုဒ်၏ အစ သင်္ကေတတစ်ခုသာ ဖြစ်ကြောင်း မှတ်ချက်ပြုလိုပါသည်။
ရခိုင်ဝေသာလီမှ တွေ့ရှိရသော ကြေးခေါင်းလောင်းစာနှစ်ခု၌ ပထမခေါင်းလောင်းစာမှာ အိန္ဒိယမြောက် ပိုင်း စာရေးဟန်ဖြစ်ပြီး၊ ယခုဖော်ပြသော ဒုတိယခေါင်းလောင်းစာမှာ အိန္ဒိယတောင်ပိုင်း ရေးဟန်ဖြစ်နေကြသည်။
ထို့ကြောင့် ရခိုင်ဝေသာလီသို့ စာရေးခြင်းအတတ်ပညာမှာ အိန္ဒိယပြည်နှင့် ရေပြင် တစ်ဆက်စပ်တည်း ဖြစ်သော ရေလမ်းမှလည်းကောင်း၊ နယ်မြေ တစ်ဆက်စပ်တည်းတည်ရှိနေခြင်းကြောင့် ကုန်းလမ်းမှလည်းကောင်း ၀င်ရောက်ခဲ့ကြောင်း ယူဆရသည်။
ဒုတိယခေါင်းလောင်းစာပါ အာ သရ ( -ာ) ရေးထုံးမျိုးကို ရခိုင်ဝေသာလီမှ တွေ့ရှိရသော ၀ီရစန္ဒြမင်း ကျောက်စာ၊ကြေးနီပြားစာ၊ အိုးထိန်းကျောက်စာ(မြောက်ဦးပြတိုက်) တို့တွင် တွေ့ရပါသည်။
ကွန်ပျူတာဖောင့်အခက်အခဲကြောင့် ပုံစာများကိုသာ အတည်ယူကြပါရန် တင်ပြအပ်ပါသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
ပိဋကတ်တော်အလှူ ပထမကြေးခေါင်းလောင်းစာ (အေဒီ ၄-၆) ရာစု
***********************************************
ကြေးခေါင်းလောင်းငယ်ကို ဂုဏ်ထူးဆောင် ကျောက်စာဝန် ဦးစံရွေဘု(ကွန်လွန်)က ဝေသာလီမြို့ဟောင်း မှ ရရှိခဲ့ခြင်းဖြစ်သည်။ ခေါင်းလောင်းမှာ နှစ်နေရာ၌ အနည်းငယ်ကွဲအက်နေသဖြင့် အလှူရှင်အမည်နှင့် အခြားစာ လုံးတစ်ချို့ အနည်းငယ်ပျက်စီးနေသည်။ ခေါင်းလောင်းပတ်လည်မှာ(၁၈) လက်မခန့်ရှိပြီး၊ အမြင့် (၉) လက်မခန့် ရှိသည်။
ခေါင်းလောင်းပတ်လည်တွင် စာနှစ်ကြောင်း ရေးထိုးပါရှိသည်။ ထိုခေါင်းလောင်းစာတွင် အလှူရှင် သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ပိဋကတ်တော်များကို ကုသိုလ်ကောင်းမှုပြုလုပ်ရာ၌ အမိ အဖ နှင့် ဆရာသမားတို့အား ဦးထိပ်ထား၍ ပြုလုပ်သော ကုသိုလ်ကမ္ပည်းစာ ဖြစ်သည်။
၁။ ဒေယြဓမ္မာယံ ဂမ္ဘတိ ပေါဘူ(-)တ္တးယစတ္တြ ပုညာံတဘ၀တု မာတာပိတ ပူ(ဗ္ဗ)င်္ဂမံ ကတွာ။ ၂။ စာယျ ပါဓျာယာနံ သဗ္ဗသတွာ နည္စ အနုတရ ဇနာ ၀ါပ္တယေ (ဣ)တိ။
ပထမ ကြေးခေါင်းလောင်းစာ အဓိပ္ပာယ်
ခေါင်းလောင်းစာတွင် “အနုတ္တရ-အနုတရ-အလွန်မြင့်မြတ် အတုမရှိသော၊ ဂြမ္ဘတိ-သမ္ဘတိ- ခပ်သိမ်း သောသူတို့ အမြဲမှီဝဲဆည်းကပ်အပ်သော၊ ဓမ္မာယံ- မြတ်စွာဘုရား ဟောကြားတော်မူသော ပိဋကတ်တော်များကို၊ ဒေယြ- ပေးလှူပူဇော်ပါ၏။ ပုညာံတ- ကုသိုလ်ကောင်းမှုသည်၊ ပု(ဗ္ဗ)င်္ဂမံ- ရှေးရှေးဘ၀၊ ယခုဘ၀တော်စပ်ခဲ့ဘူး သော၊ မာတာပိတ- အမိအဖများအားလည်းကောင်း၊ စာယျ - ဆရာသမားများအားလည်းကောင်း၊ ဘ၀တု - ဖြစ်ပါစေသတည်း။ ဣတိ- ဤကုသိုလ်ကောင်းမှုကို၊ ဇနာ- လူတို့အားလည်းကောင်း၊ သဗ္ဗသတွာ-အလုံးစုံသော သတ္တ၀ါတို့အားလည်းကောင်း၊ ကတွာ - ကရိတွာ- ရည်စူး၍ ပြုလုပ်သည်။
ရခိုင်ဝေသာလီခေတ်တွင် ခေါင်းလောင်းစာနှစ်ခုရှိရာ ယခုဖော်ပြသော ခေါင်းလောင်းစာကို ဆရာကြီး ဦးစံသာအောင်က ပထမ ခေါင်းလောင်းစာ ဟု ဖော်ပြခဲ့သည်။
ခေါင်းလောင်းစာပါ ( ဇ၊ တု ၊ ဘူ ၊ ယြ ၊ ရ ၊ သ၊ အ ၊စာလုံး ရေးထုံးများမှာ အေဒီ ၆ ရာစု နောက်ပိုင်း တွင် မတွေ့ရသော ရေးထုံးမျိုး ဖြစ်ခြင်းကြောင့် ပိဋကတ်တော် ဓမ္မအလှူခေါင်းလောင်းစာကို ( အေဒီ ၄ - ၆ ) ရာစု တွင် ရေးထိုးခဲ့မည်ဟု ခန့်မှန်းရသည်။
ဤပိုစ့်တွင် ပထမခေါင်းလောင်းစာကို ပိဋကတ်တော်အလှူ ခေါင်းလောင်းစာဟု သုံးနှုန်းခေါ်ဝေါ်ထား ပါသည်။ ဤခေါင်းလောင်းစာ၌ ဗျည်း-သရ ရေးပုံမှာ အိန္ဒိယမြောက်ပိုင်းသုံးရေးထုံးဖြစ်သည်။ ဆိုလိုသည်မှာ အိန္ဒိယ မြောက်ပိုင်းသုံး ရေးထုံး၌ ရေးချ ( -ာ ) မှာ သျီရောရေခါတန်း၏ ညာဘက် မှ အောက်သို့ချရေးနည်းကို ဆိုလိုပါ သည်။ ဥပမာ-(စာယျပါဓျာယာ)စကားရပ် ဖြစ်သည်။ ပုံ-စာများကို ကြည့်ပါ။
နောက်ထပ်ဝေသာလီခေါင်းလောင်းစာတစ်ခုမှာ အိန္ဒိယတောင်ပိုင်းသုံးရေးဟန်ဖြစ်ပါသည်။ ထိုခေါင်းလောင်းစာ၌ ရေးချ( -ာ ) ကို ဗျည်းအက္ခရာ၌ပါသော သျီရောရေခါတန်း အပေါ်တွင်ရေးသော စာရေးနည်းဖြစ်ပါသည်။ ဥပမာ- (မာတာ) ရေးနည်းဖြစ်ပါသည်။ (ပုံ-စာများကိုကြည့်ပါ။
မှတ်ချက်။ ဓမ္မအလှူကြေးခေါင်းလောင်းစာပါ အချို့သောစာလုံးများကို အဓိပ္ပယ်ပြည့်စုံစွာ မဖော်နိုင်ဘဲ၊ ချန်ထားခဲ့ရပါသည်။ နောက်ထပ် တတ်သိပညာရှင်များ ဆက်လက် ဖော်ထုတ် ကြိုးစားကြပါကုန်လော့။
ဤပိုစ့်တွင် သက္ကတစာလုံးများကို ကွန်ပျူတာဖောင့်ဖြင့် ရေးမရသောကြောင့် အကိုးအကားပြုလိုပါက ပုံစာများကိုသာ အတည်ယူကြပါရန် တင်ပြအပ်ပါသည်။
Sunday, August 11, 2024
အာနန္ဒစန္ဒြမင်းကျောက်စာအကြောင်းသိမှတ်ဖွယ်ရာ
*************************************
အာနန္ဒစန္ဒြမင်းကျောက်စာတွင် စာကြောင်းရေ (၇၁) သာပါရှိသည်၊ ဂါထာအပိုဒ် (၆၅) ခုသာပါရှိသည်ဟု လှေနံထားထစ် စွဲမှတ်ယုံကြည်နေသော ရခိုင်သမိုင်းပညာရှင်များ၊ မြန်မာသမိုင်းပညာရှင်များသိသာရန် အောက်စဖိုစ့်တက္ကသိုလ် ဘေလီယောကောလိပ်က E.H Johnston ရေးသားသော Some Sanskrit Inscription of Arakan. စာတမ်းကို ရေးသားတင်ပြလိုက်ပါသည်။
ယင်းအပြင် အာနန္ဒစန္ဒြမင်းကျောက်စာ၏ ရေးထိုးသက္ကရာဇ်ကို ယသောဝါရမန်ကျောက်စာနှင့် လက်ရေးလက်သားတူသောကြောင့် ကျောက်စာရေးထိုးနှစ်ကို အိန္ဒိယကျောက်စာဝန် ဆာကား၏ ခန့်မှန်းသက္ကရာဇ် (အေဒီ ၇၂၉) ကို ယုံကြည်ပြောဆိုရေးသားနေကြသူများ သိသာစေရန် တင်ပြလိုက်ပါသည်။
အာနန္ဒစန္ဒြမင်းကျောက်စာအောက်ခြေတွင် ရခိုင်သက္ကရာဇ် ( ဧကာဒဿမ+အဗ္ဒ = ၁၁ ခုနှစ်) ရေးထိုးပါရှိကြောင်း ဂျွန်စတင် ပြောဆိုခဲ့သည်ကို မျက်ကွယ်ပြုကြမည်ဆိုလျှင်လည်း ခိုင်လုံသော အထောက်အထားများကို မျှဝေပေးကြဖို့ မေတ္တာ ရပ်ခံပါသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
Friday, August 2, 2024
နှစ်ဖက်မြင် ဆရာ ထွန်းမြင့်(မာန်အောင်) ဖြေကြားပေးဖို့ မေတ္တာရပ်ခံပါသည်။
********************************************************************
ဆရာသည် ရှေးဟောင်းရခိုင်သမိုင်းစာပေများ၊ ရှေးဟောင်း ပျူ ဗမာစာပေများကို လေ့လာလိုက်စားကာ စာအုပ်များစွာ ရေးသားထားသော ၀ါရင့် သမိုင်းစာရေးဆရာကြီးဟု အများက သိရှိထားကြပါသည်။ ကျွန်ုပ်လည်း
ယင်းသို့ ခံယူထားပါသည်။ သို့ဖြစ်၍ ဆရာရေးသားသော စာအုပ်၌ မရှင်းမလင်းဖြစ်နေသည်များကို အသေးစိတ်ဖြေကြားပေးဖို့ မေတ္တာရပ်ပါသည်။
ရခိုင်မြန်မာနှင့် ခေတ်ပြိုင်ကမ္ဘာစာအုပ်၊ စာမျက်နှာ(၅၉)တွင် ပါရှိသော စာပိုဒ်များမှာ မည်သည့်ကျောက်စာ၊ မည်သည့်ကျမ်းကို ကိုးကားရေး ရေးသားပါသနည်းဟု သိလိုပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
[ အေဒီ ခြောက်ရာစုမတိုင်မီက သရေခေတ္တရာ ပျူအင်ပါယာဝင်ဖြစ်နေသော သံတွဲခရိုင်တွင် ဒေသသုံးရခိုင်ဘာသာစကားပြော၍ ဂုပ္ပတအက္ခရာ ၊ သက္ကတ ပါဠိဘာသာတို့ ရေးသားသော ရှေးဦးရခိုင်လူမျိုးများသည် သံတွဲငလုံးမော်ကျောက်စာကို ရေးထိုးခဲ့ကြသည်။] ဟူသော စကားရပ်၌
၁။ အေဒီ ခြောက်ရာစုတွင် သံတွဲခရိုင်ကို သရေခေတ္တရာပျူအင်ပါယာဖြစ်နေသည်ဟု မည်သည့်ကျောက်စာ၊ မည်သည့်ကျမ်းကို အကိုးအကားပြု၍ ရေးသားသနည်း သိလိုပါသည်။ ကျေးဇူးပြု၍ ရှင်းပြပေးပါ။
၂။ သံတွဲငလုံးမော်ကျောက်စာကို ဂုပ္တအက္ခရာဟု ဆိုလိုပါသလား ပြည့်စုံစွာ ရှင်းပြပေးလိုစေပါသည်။ ဂုပ္တအက္ခရာ၏ ဗျည်း-သရ ရေးထုံး နှင့် ငလုံးမော်ကျောက်စာပါ ဗျည်း သရ ရေးထုံးကို အနည်းငယ် နှိုင်းယှဉ် ဖော်ပြပေးဖို့ တောင်းဆိုပါသည်။
အေဒီခြောက်ရာစုတွင် မွန်ဂိုလွှိုက် လူအုပ်စုတစ်စု ရခိုင်သို့ဝင်ရောက်လာပြီး၊ ဓရိတိစန္ဒြမင်းကို ဖြုတ်ချကာ မဟာဝီရဆိုသူကိုနန်းတင်ခဲ့ကြပြန်သည်။ ဟုရေးသားဖော်ပြရာ၌
အေဒီခြောက်ရာတွင် မည်သည်အရပ်က မွန်ဂိုလွှိုက်လူအုပ်စုက ၀င်ရောက်လာပြီး ၊ ဓရိတိစန္ဒြမင်းအား နန်းတင်ပေးခဲသည်ကို သိလိုပါသည်။
မည်သည့်ကျမ်း၊ မည်သည့်ကျောက်စာကို အကိုးအကားပြု၍ ရေးသားထားသည်ကို သိလိုပါသည်။
Wednesday, July 31, 2024
ရခိုင်သက္ကရာဇ်အကြောင်း
ရခိုင်သက္ကရာဇ်အကြောင်း သိချင်များသို့ ရခိုင်သက္ကရာဇ်အကြောင်း တစတေ့စ်စောင်း ဖော်ပြလိုက်ပါသည်။ အပြည့်အ၀မတင်သေးပါ။ ယင်းအပြင် ကုလားအခေါ် မာဂီစံ (ခ) မော်ဂဲစံ ၊ ရက္ခသမွတ်သရာ-ရခိုင်သက္ကရာဇ် အကြောင်းကို မရေးထားသေးပါ။ ဤအကြောင်းကို အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ရခိုင်ဝေသာလီသင်္ဂါယနာစာအုပ်တွင် ကြည်ပ့ါ။
Friday, July 19, 2024
ရှေးခေတ်ကျောက်စာများ
အသောကခေတ် (တစ်နည်း) မောရိယအင်ပါယာခေတ် ကျောက်စာပါ ဗျည်းသရများ
ကူရှန်အင်ပါယာခေတ်ရေး ကျောက်စာပါ ဗျည်း သရများ၊
ဂုပ္တအင်ပါယာခေတ်ရေး ကျောက်စာပါ ဗျည်း သရများ၊
Wednesday, July 17, 2024
ကုန်းဘောင်ခေတ်မတိုင်မီ ငွေအသပြာသုံးစွဲမှု ******************************************
ပုဂံခေတ်မှ၊ ကုန်ဘောင်ခေတ်အစောပိုင်း ဘိုးတော်ဗဒုံမင်း မတိုင်မီကာလ၌ ငွေကြေးသုံးစွဲ မှုစနစ်မှာ ရောင်းရေးဝယ်တာများတွင် ဒင်္ဂါးသုံးစွဲမှုရှိသည်ကိုမတွေ့ရဘဲ၊ ရွှေပြား၊ရွှေခဲ၊ ငွေပြား၊ငွေခဲ၊ကြေး ပြား၊ ခဲပြားများကို ကျပ်ချိန်အလိုက် ချိန်တွယ်ကာ “ငွေအသပြာဒင်္ဂါး” အဖြစ်သုံးစွဲခဲ့ကြဟန်ရှိသည်။
“ငွေအသပြာ” ဆိုသည်မှာ (ငွေ နှင့် အသပြာ) ဟူသော ဝေါဟာရနှစ်ခုကို ပေါင်းစပ်ခေါ်ဝေါ် ခြင်းဖြစ်သည်။ “ငွေ” မှာ အဖြူရောင်အဆင်းရှိသော ရှားပါးသတ္တုတစ်မျိုးဖြစ်ပြီး၊ “အသပြာ” ဆိုသည်မှာ ငွေပြားကဲ့သို့အရောင်ရှိပြီး၊ ၀ိုင်းဝန်းပြားချပ်သော ပင်လယ်ဂုံးတစ်မျိုးကိုခေါ်သော အမည်ဖြစ်သည်။
ထို့ကြောင့် ငွေအသပြာ ဟူသောစကားရပ်မှာ “အသပြာ” ကဲ့သို့ရှိသော ၀ိုင်းဝန်းပြားချပ်ပြီး၊ ငွေရောင်အဆင်းရှိသော ငွေပြား၊ငွေဒင်္ဂါးများကို ( ငွေ+အသပြာ=ငွေအသပြာဒင်္ဂါး)ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပေသည်။ (ပုံ -၁ ,၂ )
အသပြာဂုံးများကို ပင်လယ်သို့ စီးဆင်းနေသော မြစ်ဝများ၌ ရေမြုတ် သဲကျွန်းနေရာများတွင် အကောင်ရေ သိန်းသန်းမက ယူမကုန်အောင် တွေ့ရတတ်သည်။
ငွေအသပြာနှင့်တူသော ငွေပြားများဟုဖြစ်နိုင်ခြေရှိသော အထောက်အထားတစ်ခုမှာ မကွေး တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးတို့၌ ငွေအသပြာပြားများ တွေ့ရှိရသည်။ ရန်ဖန်ရံခါ မြေကြီးထဲမှ ကြေးအိုးဖြင့် အိုးလိုက်တွေ့ရှိကြသည်။ ထို့သို့ တွေ့ရှိကြသော ငွေအသပြာ ပြား များမှာ ကုန်းဘောင်ခေတ်မတိုင်မီက ကုန်ရောင်း၊ကုန်ဝယ်ရာ၌ ငွေကြေးအဖြစ်သုံးစွဲခဲ့ကြသော ငွေအသ ပြာများ ဖြစ်မည်ဟုယူဆရသည်။
ငွေအသပြာအဖြစ်အသုံးပြုခဲ့ကြဟန်ရှိသော ငွေအသပြာပြားများမှာ တစ်ဘက်၌ ၀ိုင်းစက်၍ ကြက်ခြေဖြင့် နင်းထားသကဲ့သို့ အမှတ်သင်္ကေတများပါရှိပြီး၊ အခြားတစ်ဘက်တွင် အလယ်၌ အနည်း ငယ် ချိုင့်ဝင်နေသောပုံစံ ဖြစ်ကြသည်။ ပင်လယ်ဂုံး တစ်မျိုးဖြစ်သော အသပြာမှာလည်း ၀ိုင်းစက်သော အနေအထားရှိပြီး အတွင်းဘက်၌ အနည်းငယ် ချိုင့်ဝင်နေကြသည်။
ယင်းငွေပြားများကို ရှေးဟောင်းဒင်္ဂါးလောကတွင် “ ကြက်ခြေရာဒင်္ဂါး၊ ကြက်နင်းပြားဒင်္ဂါး” ဟုခေါ်ကြသည်။ စာရေးသူ၏အမြင်မှာ ထိုငွေပြားမျာမှာ ငွေအသပြာ ဟုခေါ်သော ငွေပြားများဖြစ်မည် ဟု ယူဆရသည်။ ထိုအသပြာငွေပြားတို့၌ အရွယ်အစားကြီးသောငွေပြားများ၏ “အချင်းမှာ ၅၀ မှ ၅၅ မီလီမီတာ” ခန့်ရှိကြပြီး၊ အလေးချိန်မှာ “၉၀ ဂရမ်မှ ၁၀၀ ဂရမ်” အထိရှိတတ်ကြသည်။ အသေးဆုံး ငွေပြား၏ “အချင်းမှာ ၂၅ မီလီမီတာ” ခန့်ရှိကြပြီး “အလေးချိန်မှာ “၂၇ ဂရမ်” ၀န်းကျင်ရှိသည်။ (ပုံ-၃)
ထိုသို့ ငွေပြားများ အရွယ်အစား အမျိုးမျိုး တွေ့ရှိရခြင်းမှာ ငွေကြေးအဖြစ် ကုန်ရောင်း ကုန် ၀ယ်ပြုရာ၌် လိုအပ်သလိုသုံးစွဲသော ပုဂံခေတ်မှ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား (ဗဒုံမင်း) မတိုင်မီ အထိ ကာလအတွင်း သုံးစွဲခဲ့သော ငွေအသပြာများဖြစမည်ဟု ယုံကြည်မိပါသည်။
နှစ်ပိုင်း ဖြတ်တောက်ထားသော ငွေအသပြာများ၊ လေးပိုင်းဖြတ်တောက်ထားသော ငွေအသပြာ အပိုင်းအစများလည်း ရှိကြသည်။ ငွေအပိုင်းအစများ၌လည်း ငွေအသပြာ အပြားကြီးများကဲ့သို့ ကြက်ခြေရာသင်္ကေတများ ပါရှိကြသည်မှာ “ငွေအသပြာ” ခေါ် ငွေပြားများမှ ပိုင်းဖြတ်ကာ တန်းဖိုးတစ် ခုသတ်မှတ်၍ သုံးစွဲခဲ့သော ငွေအသပြာ အပိုင်းအစများ ဖြစ်ကြောင်း ဖော်ပြနေသည်။
ကြေး အ၀ိုင်းပြားများမှာလည်း ငွေအသပြာ အ၀ိုင်းများကဲ့သို့ အရွယ်အစား အမျိုးမျိုး ရှိ ကြသော်လည်း ကြက်ခြေများဖြင့် နင်းထားသည့်ပုံစံမပါရှိကြပေ။ ကြေးတုံးအ၀ိုင်းပြားများမှာ ရှေ့ဘက်၌ မို့မောက်မောက် ပုံသဏ္ဌာန်ရှိကြပြီး၊ အခြားတစ်ဘက်တွင် ငွေအသပြာများကဲ့သို့ အလယ်၌အနည်းငယ် ချိုင့်ဝင်နေကြသည်။
အရွယ်အစားကြီးမားသော ကြေးပြား၏ အချင်းမှာ “၅၅ မီလီမီတာ” ခန့် ရှိကြပြီး၊ အလေး ချိန်မှာ “၁၀၀ ဂရမ်” ၀န်းကျင်ရှိကြသည်။ အငယ်ဆုံးကြေပြားများ၏ အချင်းမှာ “၂၀ - မီလီမီတာ” ခန့် ရှိကြပြီး၊ အလေးချိန်မှာ“၂၅ ဂရမ်”၀န်းကျင်ခန့်ရှိကြသည်။
ကြေးပြားများတွင်လည်း ငွေပြားများကဲ့သို့ အရွယ်အစား အမျိုးမျိုးရှိနေကြသည်။ ထို့ကြောင့် ဖော်ပြပါ ကြေးပြားများမှာ ကုန်းဘောင်ခေတ်မတိုင်မီ က ကုန်ရောင်းကုန်ဝယ်ကြရာ၌ လိုသလို သုံးစွဲနိုင်ရန် ငွေကြေးအဖြစ် သွန်းလောင်း သုံးစွဲခဲ့သော ကြေး ပြားများ ဖြစ်မည်ဟုယူဆရပါသည်။ (ပုံ-၄)
ခဲအ၀ိုင်းပြားများမှာလည်း အထက်ကရေးသားဖော်ပြခဲ့သည့် ငွေပြား၊ ကြေးပြားအ၀ိုင်းများကဲ့ သို့ အရွယ်အစား အမျိုးမျိုးရှိကြပြီး၊ ရှေ့ဘက်တွင် မို့မောက်မောက် ရှိနေကြခြင်းမှာ ကြေးပြားအ၀ိုင်းနှင့် တူညီကြသည်။ ကျောဘက်တွင်လည်း ကြေးပြားဝိုင်းကဲ့သို့ အလယ်၌ချိုင့်ဝင်နေသောပုံစံများရှိကြသည်။ ခဲအ၀ိုင်းပြားများ၌ ကြက်ခြေများဖြင့် နင်းထားသကဲ့သို့ ပုံသဏ္ဌာန်များမပါရှိကြပေ။
အကြီးဆုံး ခဲပြား၏ “ အချင်းမှာ ၆၀ မီလီမီတာ” ခန့်ရှိပြီး၊“အလေးချိန်မှာ ၁၃၅ ဂရမ်” အထိရှိသည်။ အငယ်ဆုံးခဲပြား၏ “အချင်းမှာ ၃၅ မီလီမီတာ”ခန့်ရှိပြီး၊ “အလေးချိန်မှာ ၅၅ ဂရမ်” ခန့်ရှိကြသည်။ ခဲပြား ပုံစံများ၌လည်း အရွယ်အစားအမျိုးမျိုးရှိနေခြင်းမှာလည်း ထိုခဲပြားများသည် ငွေကြေးအဖြစ် ကုန်ရောင်းကုန်ဝယ်ရာတွင် လိုသလို သုံးစွဲနိုင်ရန် ပုံသွန်းလောင်းသုံးစွဲခဲ့သော ပစ္စည်းများ ဖြစ်ဟန်ရှိပေသည်။
ခဲအပိုင်းအစများမှာ “၁၅ မှ ၃၀ ဂ၇မ်”ထိ ရှိကြသည်။ ခဲအပိုင်းအစများမှာ ဖြတ်တောက် သုံးစွဲမှု ရှိခဲ့ကြောင်းဖော်ပြနေသည်။ (ပုံ- ၅) ပုဂံခေတ်မှ ကုန်းဘောင်ခေတ် အစောပိုင်းကာလအထိ၌ ဘိုးတော်ဗဒုံမင်းသည် အစောဆုံး ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲခဲ့သော မင်းတပါးဖြစ်သည်။
သို့ဖြစ်၍ ဖော်ပြပါ (ပုံ- ၃၊ ၄၊ ၅ ) ငွေအသပြာပြား၊ ကြေးပြား၊ ခဲပြားအ၀ိုင်းများ နှင့် ငွေအ သပြာအပိုင်းအစများ၊ ခဲပြား အပိုင်းအစတို့မှာ ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်းမတိုင်မီက အရောင်း အ၀ယ်စနစ်တွင် ငွေအသပြာအဖြစ်သုံးစွဲခဲ့သော ငွေကြေးဆိုင်ရာပစ္စည်းများဖြစ်မည်ဟု မှတ်ချက်ပြုလိုက် ရပေသည်။
သုံးစွဲခဲ့သော ခေတ်ကာလကို တိတိကျကျပြောရန်မှာ ထို ငွေအသပြာပြား၊ကြေးပြား၊ ခဲပြား များနှင့် အပိုင်းအစများတွင် မည်သည့်စာလုံး၊ မည်သည့်သင်္ကေတမှ မပါရှိသောကြောင့် ခန့်မှန်းရခက်ခဲ လှပေသည်။
Friday, April 26, 2024
Tuesday, December 26, 2023
ကျေးဇူးပါတင်ပါတယ် ဆရာဘိုဘို၊
ဆရာမိသားစု ဒီထက်မက ကြီးပွားတိုးတက်ပါစေ။
********************************************
ဤရခိုင်ဒင်္ဂါးကို ရှေးဟောင်းဒင်္ဂါးများ မြတ်နိုးစွာ စုဆောင်းသူ၊ ၀ါသနာတူ ဆရာဘိုဘို မှ ရခိုင်ဒင်္ဂါး ရခိုင်လက်ထဲမှာ ရှိပါစေဆိုပြီး စေတနာမှန်စွာဖြင့် ပေးလှူခြင်းကြောင့် ယနေ့ လက်ခံရရှိသည်။
နရာဓိပ္ပတိဆောလိမ်သျှာဘွဲ့ခံ မင်းရာဇာကြီးသည် ဒင်္ဂါးနှစ်မျိုးခပ်နှိပ်ခဲ့သည်။ နန်းဆက်သည့်အချိန်၊ ရခိုင်သက္ကရာဇ် ၉၅၅ ဆင်ဖြူတော် မရမီတစ်ကြိမ် ခပ်နှိပ်ခဲ့ပြီး၊ ဆင်ဖြူတော်ရပြီးသည့်အချိန် ရခိုင်သက္ကရာဇ် (၉၆၃)တွင် တစ်ကြိမ် ခပ်နှိပ်ခဲ့သည်။ ကောဇာသက္ကရာဇ် (၉၆၃) တွင် ရွှေဒင်္ဂါးများလည်း ခပ်နှိပ်ခဲ့သည်။
ရခိုင်သက္ကရာဇ် ၉၅၅ တွင် ခပ်နှိပ်သော မင်းရာဇာကြီးဒင်္ဂါး၌ ဆင်ဖြူတော် မရသေးသော အချိန်ဖြစ်ခြင်းကြောင့် ဒင်္ဂါးတွင် “နရာဓိပ္ပတိဆောလိမ်သျှာ ၉၅၅” ဟု ရေးထိုးခပ်နှိပ်သည်။
နရာဓိပ္ပတိဆော်လိမ်သျာ(ခ)မင်းရာဇာကြီး ဒင်္ဂါးများ၌ ရခိုင်စာတစ်ဘက်၊ ပါရှန်စာ+ ဘင်္ဂလီစာတစ်ဘက် ဘာသာသုံးမျိုးဖြင့် ရေးထိုးခပ်နှိပ်သည်။ ရခိုင်စာဖြင့် ရေးထိုးထားသည့်ဘက်တွင် “နရာဓိပ္ပတိဆော်လိမ်သျှာ ၉၅၅” ဟု ရေးထိုးပါရှိသည်။
မောင်ဖြူ(ကြွီတဲကျွန်း)
Subscribe to:
Posts (Atom)