Saturday, June 27, 2015

News Watch(စောင့်ကြည့်သတင်းဂျာနယ်) ရခိုင်သမိုင်းသုတေသီ ဒေါက်တာအေးချမ်းနှင့် မေးမြန်းခန်း



------ ------- ------- -------
☞ ဆရာကြီးရှင့် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးတခုမှာ ဆရာကြီးဒေါက်တာအေးချမ်းနဲ့ ရခိုင်အမျိုးသားပါတီက ပါတီခေါင်းဆောင်ဒေါက်တာအေးမောင်ကို ဒေါက်တာမောင်ဇာနည်ဆိုသူက ဆရာတို့ နှစ်ဦးဟာ တကမ္ဘာလုံးကို ဗြောင်လိမ်နေတယ်လို့ ပြောထားတဲ့ကိစ္စအပေါ် ဆရာကြီးအနေနဲ့ ဘယ်လိုတုံ့ပြန်ချင် ပါသလဲ။

➲ ကျွန်တော်နဲ့ ဒေါက်တာအေးမောင်ရပ်တည်နေကြတဲ့ အနေအထားမတူပါဘူး။ ကျွန်တော်က သုတေသီဖြစ်ပြီး သူက နိုင်ငံရေးသမားတယောက်ပါ။ ကျွန်တော့်အလုပ်ကို ကျွန်တော်လုပ်ပြီး သူအလုပ်ကိုသူ လုပ်ပါတယ်။ ကျွန်တော်က ရိုဟင်ဂျာလူမျိုးဆိုတာ သမိုင်းမှာ တကယ်မရှိခဲ့လို့ မရှိဘူးလို့ရေးခဲ့တာပါ။ ဒီအကြောင်းနဲ့ပတ် သက်လို့ ကျွန်တော် စာတမ်းလေးစောင်ရေးခဲ့ပါတယ်။ ဟောပြောပွဲတွေလည်း လုပ်ခဲ့ပါတယ်။ ဘယ်နေရာမှာ ကျွန်တော် ဘာလိမ်ခဲ့သလဲ။ ထောက်ပြဖို့လိုလိမ့်မယ်။ သမိုင်းသုတေသီတယောက်ဟာ တရားသူကြီးလို ကျင့်ရ မယ်။ ဘက်မလိုက်ရဘူး။ အစွဲကင်းရမယ်။ မိမိရေးသားဖော်ထုတ်သမျှအတွက် တာဝန်ခံရမယ်။ အမှန်တရား အပေါ် သစ္စာရှိရမယ်လို့ ကျွန်တော်တို့ပညာရပ်က သင်ကြားထားပါတယ်။ ဒီမူကို ကျွန်တော် ဘယ်မှာမှမချိုး ဖောက်ဖူးဘူးပါ။ ချိုးဖောက်ခဲ့တာရှိရင် ထောက်ပြပါ။ ကျွန်တော်ရေးသားတိုင်း သမိုင်းအထောက်အထားတွေ ကိုဖော်ပြပါတယ်။ အထောက်အထားမရှိဘဲ ဘာမှမရေးပါ။ မူရင်းအထောက်အထားများကိုသာ ကိုးကားပြီး ရေး သားပါတယ်။ သံသယဖြစ်သူများ ထိုအထောက်အထားတွေကို ဘယ်မှာဖတ်ရှုနိုင်တယ်ဆိုတာကိုလည်း တိတိ ကျကျဖော်ပြပါတယ်။ ဒါဟာ သမိုင်းသုတေသနရဲ့အခြေခံ ဖြစ်ပါတယ်။

☞ မြန်မာနိုင်ငံဒေသတွင်းမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီး ဖြစ်စဉ်အကျဉ်းကို ဆရာကြီး လေ့လာတွေ့ရှိသလောက် အကျဉ်းချုံးပြောပြပေးစေလိုပါတယ်။

➲ အခု သူတို့ကိုယ်သူတို့ ရိုဟင်ဂျာခေါ်သူများဟာ စစ်တကောင်းနယ်သား ဘင်္ဂါလီတွေဖြစ်ပါတယ်။ ရခိုင်မင်းများ အုပ်စိုးစဉ်က မြောက်ဦးမြို့မှာ နိုင်ငံခြားသားအတော်များများ နေထိုင်ကြပါတယ်။ ဘင်္ဂါလီတွေလည်းရှိခဲ့ပါ တယ်။ ၁၇၈၅ မှာ မြန်မာမင်းအုပ်ချုပ်မှုအောက်ရောက်တော့ ဒီနိုင်ငံခြားသားတွေ ရခိုင်ပြည်က ထွက်သွားကြ ပါတယ်။ လူဇင်းဘတ်နိုင်ငံသား ရခိုင်သမိုင်းသုတေသီဂျက်လိုင်ဒါ(Jacques Leider)ရဲ့ ခန့်မှန်းချက်အရ ၁၈၂၆ ခုနှစ် ဗြိတိသျှတို့ ရခိုင်ပြည်ကို စတင်အုပ်ချုပ်တဲ့အခါ ရခိုင်ပြည်မှာ လူဦးရေတသိန်းဝန်းကျင်ပဲ ရှိမယ်လို့ဆိုပါ တယ်။ ရခိုင်လူမျိုးတွေကို မြန်မာပြည်အလယ်ပိုင်းကို အဓမ္မရွှေ့ပြောင်းနေရာချထားခြင်း၊ ဘင်္ဂလားနယ်ထဲ ထွက်ပြေးတိမ်းရှောင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အင်္ဂလိပ်က ရခိုင်ကို ဘင်္ဂလားကနေအုပ်ချုပ်တော့ လယ်ယာ မြေလုပ်ငန်းအတွက် လူသားအရင်းအမြစ်လိုတယ်။ စစ်တကောင်းနယ်ဟာ လူဦးရေ မတန်တဆသိပ်သည်း တယ်။ ရခိုင်ပြည်မှာ ချို့တဲ့နေတဲ့ လူအင်အားကိုဖြည့်ဖို့ စစ်တကောင်းသားတွေကို ခေါ်သွင်းတော့တာပဲ။ ဒါကြောင့် အာရ်ဘီစမတ် (R.B.Smart)ရေးသားခဲ့တဲ့ စစ်တွေခရိုင် ဂေဇက် (Gazetteer of Akyab District) မှာ သူတို့ကို စစ်တကောင်းသား (Chittagongnian) လို့ပဲ ခေါ်ထားပါတယ်။ လွတ်လပ်ရေးရပြီးမှ ခိုးဝင်လာတာ ငါးသိန်းရှိတယ်ဆိုတာ ၁၉၇၅ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် သံအမတ်က ၀န်ခံထားပါတယ်။ အဲဒီမှတ်တမ်းဟာ လန်ဒန်အမျိုးသားမော်ကွန်းတိုက်မှာ ရှိပါတယ်။ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်ဖို့ ကြိုးစားတာ ၁၉၅၁ မှာမှ စတာပါ။ ဘာမှ မကြာသေးဘူး။ ရိုဟင်ဂျာဆိုတာတော့ နိုင်ငံရေးလှုပ်ရှားမှုတခုပဲ ဖြစ်ပါတယ်။

☞ ဒီအသုံးအနှုန်းနဲ့ပတ်သက်ပြီး တကမ္ဘာလုံးက မှားယွင်းစွာ နားလည်နေကြတယ်လို့ ပြောရမလိုဖြစ်နေပါတယ်။ ဒီတော့ မြန်မာအစိုးရ အနေနဲ့ဒီလိုအခြေအနေဖြစ်ပေါ်နေတဲ့အပေါ် ဘယ်လိုမျိုး အကောင်း ဆုံးဖြေရှင်းနိုင်မလဲ၊ ဘယ်လိုဖြေရှင်းသင့်တယ်လို့ ဆရာကြီးအနေနဲ့ သုံးသပ်မိပါသလဲ။

➲ တကယ်တော့ အမေရိကန်ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အမှန်တရားကိုမသိတာလား၊ လက်မခံကြတာလား မသိဘူး။ အမေရိကန်တောင်ပိုင်းမှာလည်း မက္ကစီကန်တွေ ပြဿနာရှိနေတာပဲ။ ကိုရီးယား ကျွန်းဆွယ် ဂျပန်ရဲ့ကိုလိုနီဖြစ်ခဲ့တုန်းက ဂျပန်မှာအလုပ်ခိုင်းဖို့ခေါ်လာတဲ့ ကိုရီးယားတွေ အခုမျိုးဆက်သုံးဆက် ဖြစ်သွားပြီ။ နိုင်ငံသား မဖြစ်ကြသေးဘူး။ မြန်မာအစိုးရက နိုင်ငံသားဖြစ်သင့်သူကို ၁၉၈၂ ခု နိုင်ငံသားပြုမှုဥပဒေ အရစိစစ်ပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါမယ်လို့ကြေညာပြီး လက်တွေ့လည်း ဆောင်ရွက်နေတာပဲ။ မှန်မှန်ကန်ကန် အစစ်ခံဖို့ကတော့လိုမှာပေါ့။ သူတို့သဘောနဲ့ မလျှောက်ကြဘူး။ အစစ်မခံကြဘူးဆိုရင် သူတို့ အကြောင်းတရားပဲလေ။ အမေရိကန်မှာ နိုင်ငံသားပြုခြင်း (Neutralization) လုပ်ရင်လည်း လျှောက်ရတယ်။ အစစ်ခံရတယ်။ မမှန်မကန်ဖော်ပြခဲ့ရင် ရထားတဲ့ နိုင်ငံသားအဖြစ်ကိုတောင် ဆုံးရှုံးမယ်ဆိုတာ ဥပဒေရှိတယ်။

☞ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ Boat People ဆိုတဲ့သူတွေကိစ္စကြောင့် ကမ္ဘာ့မီဒီယာတွေမှာ ရိုဟင်ဂျာအရေး ပြန်လည်ခေါင်းထောင်ထလာတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံကလိုလို၊ ဘင်္ဂလားဒေ့ရှ်ဘက်က လို
လိုဖြစ်နေတယ်။ ဒီလိုဖြစ်စဉ်တွေက ဘာ့ကြောင့်ဖြစ်နေရတယ်ဆိုတဲ့အပေါ်မှာလည်း ပညာရှင်တယောက်ရဲ့ အမြင်ကို ပြောပြပေးစေလိုပါတယ်။

➲ လူတွေ ပြောင်းရွှေ့နေထိုင်တယ်ဆိုတာ အခြေခံတရားနှစ်ခုကြောင့် ဖြစ်တာပါ။ တွန်းကန်မှု(Pushing Factor)နဲ့ ဆွဲငင်မှု(Pulling Factor)တို့ကြောင့်ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေပေါက်ကွဲမှုနဲ့ ဆင်းရဲမွဲတေမှု ဟာ တွန်းကန်မှုပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ချမ်းသာတဲ့ မလေးရှားနဲ့ သြစတြေးလျမှာ ပြောင်းရွှေ့ အခြေစိုက်ဖို့ လောကနိဗ္ဗာန်အိပ်မက်(Utopia)ကြောင့် လူကုန်ကူးမှုဆိုတာပေါ်လာတယ်။ မလေးရှားမှာရှိတဲ့ UNHCR ရုံးက ရိုဟင်ဂျာလို့ပြောရင်ပဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတယ်။ ဒါကြောင့် အားလုံးဂျာနေကြတာ။ တတိယနိုင်ငံတခုမှာ အခြေစိုက်ခွင့်ရမယ်။ သူတို့အိပ်မက်တွေ အကောင်အထည်ပေါ်လာမယ်။ အခုမြန်မာရေ တပ်ကဖမ်းမိတဲ့အထဲ မြန်မာပြည်က အနည်းအကျဉ်းလောက်ပဲပါတာကြည့်ရင် ဒီအချက်က အတော်ထင်ရှား တယ်။

☞ ရခိုင်ပြည်နယ် နယ်စပ်ဒေသတွေမှာ ဘင်္ဂါလီတွေ ပျံ့နှံ့နေထိုင်မှု (Demographic) အနေအထားကို သမိုင်း ပညာရှင်တယောက်အနေနဲ့ သုံးသပ်ပြပေးစေလိုပါတယ်။

➲ မောင်တောခရိုင်မှာ လူဦးရေအချိုးအစားမညီမျှမှုကြောင့် လူမျိုးရေးပဋိပက္ခပေါ်ပေါက်ခဲ့တာပါပဲ။ ဒါကို ထိန်းညှိဖို့ နည်းလမ်းရှာရမယ်။ တရားဥပဒေစိုးမိုးရေးကို ကြပ်မတ်နိုင်ရမယ်။ ခက်တာက မြန်မာပြည်ကိုပဲ အပြစ်ပုံ လက်ညှိုးထိုးနေကြတော့ အစိုးရအနေနဲ့ ဒါကို လုပ်ရကိုင်ရသိပ်ခက်နေမယ်။ ဘင်္ဂလားဒေ့ရှ်တောင် တန်းဒေသက ဗုဒ္ဓဘာသာဝင် လူနည်းစုတွေ အဖိနှိပ်ခံရတာ၊ မောင်းထုတ်ခံရထာတွေကျတော့ ဘာအသံမှ ထွက်မလာကြဘူး။ ဒီနေ့ နိုင်တကာဆက်ဆံရေးမှာ မြေနိမ့်ရာ လှံစိုက်ကြတာ အားလုံးသိကြတယ်။ တရုတ်ပြည် စင်ကျန်နယ်က ၀ိဂါရ်မူဆလင်တွေနဲ့ပတ်သက်လို့ အမေရိကန်အမတ်တွေ ဘယ်လူတယောက် တင်းတင်းမာမာ ပြောရဲကြသလဲ။

☞ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဓောတက္ကသိုလ်မှာ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်း ပွဲမှာ ဦးဌေးလွင်ဦးဆိုသူက ဖရန့်စစ်ဘူချာနန်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့စာအုပ်မှာပါတဲ့ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို ထုတ်နုတ်ပြီး ကိုးကားပြီး ဆရာကြီးကို မေးခွန်းထုတ်ခဲ့တယ်လို့သိရပါတယ်။ ဒီရိုဟင်ဂျာအရေးကို လှုပ်ရှားသူများဟာ ဒီဘူချာနန်ရဲ့စာအုပ်ကို အထူးအလေးထား ကိုးကားကြတာကိုတွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရှင်းလင်း ပြောကြားပေးစေလိုပါတယ် ဆရာကြီး။

➲ ဌေးလွင်ဦးဟာ အင်္ဂလိပ်ဘာသာကို ကောင်းကောင်းဖတ်တတ်ပုံမရဘူး။ Francis Buchanan ရေးသား ချက်အရ ဘင်္ဂါလီလူမျိုးတွေက ရခိုင်ပြည်ကို Roang လို့ခေါ်ကြောင်း၊ ရခိုင်လူမျိုးများကို Roanga လို့ခေါ် ကြောင်း ရှင်းရှင်းလင်းလင်းရေးထားပါတယ်။ ဘူချာနန်ရဲ့မှတ်တမ်းကို ဖတ်ရှုလိုသူများ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှာ သွားကြည့်နိုင်ပါတယ်။ အရှေ့ပါကစ္စတန်(ယခုဘင်္ဂလားဒေ့ရှ်) ဂေဇက်ကိုရေးသားတဲ့ ရစ္စဗီ(Rizvi)ကလဲ ဘင်္ဂါလီတွေက ရခိုင်တွေကို Roang, Rohong, Rang စသည်ဖြင့်ခေါ်ခဲ့ကြောင်း ရှင်းပြထား တယ်။ ဒီအညွှန်းတွေ Buchanan, Francis. 1992. Francis Buchanan in Southeast Bengal (1798): His journey to Chittagong Hill Tracts, Noakhali and Comilla. Dhaka University Press.Rizvi, S N H.1970. East Pakistan District Gazetteers: Chittagong. East Pakistan Government Press, Dacca. မှာ ပါပါတယ်။ ၁၇ နှစ်ရာစုက ဘင်္ဂါလီကဗျာဆရာ ဒူလတ်ခါဇီ(Dulat Qazi)နဲ့ အလောလ်(Alaul)တို့ကလည်း ရခိုင်ပြည်ကို ရိုရှန်း(Roshang)လိုလည်း ခေါ်တယ်၊ ရိုဟန်း (Rohang)လို့လဲခေါ်တယ်လို့ ရေးသွားကြတာပဲ။ ရှင်းနေတဲ့ကိစ္စပါ။

မေငယ်
 

No comments:

Post a Comment