ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Thursday, February 18, 2016
ဥတုခင်စိုင်းကျောက်စာ (၀ါ) နတ်တွင်းကျောက်စာ
ဥတုခင်စိုင်းကျောက်စာ(၀ါ) နတ်တွင်းကျောက်စာ
ဤကျောက်စာသည် မြောက်ဦးမြို့၏ တောင်ဘက် ၁၆-မိုင်ခန့်အကွာ သရက်ပင်ကြီးကျေးရွာနှင့် ပါးတော်ကျေးရွာတို့၏အကြား၊ ပါးတော်တောင်တန်းမှ သရက်ပင်ကြီးတောင်ကျော်လမ်း(ခင်စိုင်း)တွင် သဘာဝကျောက်တောင်၏ တောင်စွယ်တစ်ခုဖြစ်သည်။ အလျှား ၈’၊ အနံ ၄’ ၄”၊ အထူ ၂’ ၁၀”ခန့်ရှိသည်။ ကျောက်စာ၏အောက်ပိုင်းမှာ အနည်းငယ်ကွဲအက်နေသည်။ ကျောက်စာတည်ရှိသောနေရာ၌ ခင်စိုင်း(တောင်ကျော်လမ်း)တစ်ခုရှိသည်။ ယင်းတောင်ကျော်လမ်းကို ဥတုခင်စိုင်းဟုခေါ်သည်။ ဥတုခင်စိုင်းအနီးတွင်တည်ရှိသောကျောက်စာဖြစ်၍ ဥတုခင်စိုင်းကျောက်စာဟု အများကသမုတ်ထားကြသည်။ အချို့ကလည်း ကျောက်စာအနီးတွင်တည်ရှိသော ရေတွင်းငယ်၏အမည် နတ်တွင်းကိုအစွဲပြု၍ နတ်တွင်းကျောက်စာဟု ခေါ်ကြပြန်သေးသည်။
ဤကျောက်စာကို ပထမဦးဆုံးရှာဖွေတွေ့ရှိခဲ့သူမှာ အင်္ဂလိပ်လူမျိုး Dr, Emil Forchhammer ပင်ဖြစ်သည်။ ဤကျောက်စာကို ဓါတ်ပုံရိုက်ယူပြီး သူ၏ 1892 ခုနှစ်ထုတ်ဝေသော Antiquity of Arakan စာအုပ်တွင် ထည့်သွင်းဖေါ်ပြခဲ့သည်။
ယင်းနောက်ပိုင်းတွင် တိုင်းပြည်အခြေအနေမှာ ယိမ်းယိုင်လာခဲ့သည်။ လွတ်လပ်ရေးရရှိလာပြန်တော့လည်း ယင်းနယ်မြေကို ရောင်စုံသူပုန်များကြီးစိုးနေခဲ့သည်။ သို့နှင့် သုတေသီများအဖို့ ကျောက်စာကို သွားရောက်လေ့လာရန်မှာ အခွင့်မသာခဲ့ပေ။ Forchhammer တွေ့ခဲ့သည်ဆိုသောကျောက်စာမှာ ယခုတိုင်ရှိမှရှိပါလေဦးမည်လောဟုသာ ရင်မနေခဲ့ကြရသည်။ အနီးအနားရှိ ကျေးရွာများမှပုဂ္ဂိုလ်တို့အား မေးမြန်းစုံစမ်းပါသော်လည်း တောကြီးမျက်မည်းက ပိတ်ဆီးသွားပြီဖြစ်၍ မည်သူမျှမပြောဆိုနိုင်ခဲ့ပေ။
1980-ခုနှစ်တွင်မှသာ ယင်းနယ်မြေရှိ သောင်းကျန်းသူများချုပ်ငြိမ်းသွားခဲ့သည်။ အဖြူရောင်နယ်မြေဖြစ်လာပြီးမှ သုတေသီများအဖို့ တောနင်းရှာဖွေခွင့်ရခဲ့သည်။ နီးစပ်ရာ သရက်ပင်ကြီးကျေးရွာမှ ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ပိတ်ဆို့နေသော ဝါးတောများကို ခုတ်ထွင်ရှင်းလင်းကြရသည်။ ကံကောင်းသည်ဟုပင် ဆိုရပေမည်။ ကျောက်စာကို နဂိုပုံစံအတိုင်း ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံ လေ့လာခွင့်ရကြပေသည်။
ကျောက်စာမူရင်း
၁။ သက္ကြစ် ၈၈၆ ခု ဝါခေါင်
၂။ လဆန်း ၈ ရျက် ၁ နိ ဥတုနတ်
၃။ လေအသျှည် ၁၀ မင်ကောစ
၎။ ပုတိတေခသေ သင်္ခီကိုဝ်ဖျ
၅။ (က်သော)သူကား လုပ်ကြံရာမမြောက်စီသော
၆။ အဝစိငရဲလာစိသော ငရဲသစ်ငုပ်ဖြစ်
၇။ စိသော
“သက္ကရာဇ် ၈၈၆-ခု ဝါခေါင်လဆန်း ၈-ရက်၊ တနင်္ဂနွေနေ့၊ ဥတုနတ်ကို လယ်အသျှည်း ၁၀၊ မင်းကောစပတိတည်ခဲ့သည်။ သင်္ချီကိုဖျက်သောသူကား လုပ်ရာကြံရာမမြောက်စေသော၊ အဝီစိငရဲလားစေသော၊ ငရဲသစ်ငုတ်ဖြစ်စေသော” ဟူ၍ ရေးထိုးထားသည်။
သက္ကရာဇ် ၈၈၆-ခုနှစ်မှာ ပထမမြောက်ဦးခေတ် BE 792-893 / AD 1430-1531 အတွင်းကျရောက်သည်။ ကျောက်စာတွင်ပါရှိသောမင်း ကောစပတိမှာ ပထမမြောက်ဦးခေတ်မှ ၉-ဆက်မြောက်မင်း ဂဇာပတိနှင့် အသံနီးစပ်ပေသည်။ သို့သော် ဂဇာပတိ၏ နန်းစံသက္ကရာဇ်ကို ရမ်းဗြဲတောင်ကျောင်းဆရာတော်ရေး ရခိုင်ရာဇဝင်သစ်ကျမ်း၊ ပဲခူးမင်းကျောင်းဆရာတော်ရေး ဓညဝတီရာဇဝင်သစ် အစရှိသည့် အစောင်စောင်သောသမိုင်းတို့၌ BE 875-877 ဟူ၍တွေ့ရသည်။ ယင်းသို့ဆိုလျှင် ဂဇာပတိသည် သက္ကရာဇ် ၈၇၇-ခုနှစ်တွင် နတ်ရွာစံပြီးမင်းတစ်ပါးဖြစ်နေ၍ ကျောက်စာပါ သက္ကရာဇ် ၈၈၆-ခုနှစ်တွင် ကျောက်စာရေးထိုးရန်မှာ မဖြစ်နိုင်တော့ပေ။ သို့သော် Dr, Emil Forchhammer \ Antiquity of Arakan စာအုပ်တွင်မူ ဤကျောက်စာကို သက္ကရာဇ် ၈၈၆-ခုနှစ်တွင် ဂဇာပတိမင်းရေးထိုးခဲ့ကြော်း ရေးသားပေသည်။ ဦးသာထွန်းအောင်ရေး ရခိုင်ရာဇဝင်တော်ကြီးတွင်လည်း ဂဇာပတိကို သက္ကရာဇ် ၈၈၅-၈၈၇ ထိ စိုးစံခဲ့ကြောင်းရေးသားထားသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ ရာသီမသိ ပန်းနှင့်ညှိ ဆိုသလို သမိုင်းအတိမ်းအစောင်း၊ အချွတ်အယွင်းများကိုမူ ကျောက်စာနှင့်သာ ညှိရပေမည်။ ကျောက်စာပါသက္ကရာဇ်သည်သာ အမှန်ဆုံးဖြစ်ပေမည်။ သို့နှင့် ဦးသာထွန်းအောင်နှင့် Forchhammer တို့၏အဆိုများသည်သာ ကျောက်စာနှင့်ကိုက်ညီသောအဖြေမှန်ဖြစ်မည်ဟု ယူဆရပေမည်။ သို့နှင့် ကျောက်စာပါ မင်းကောစာပတိမှာ ပထမမြောက်ဦးခေတ်မှ ၉-ဆက်မြောက်မင်း ဂဇာပတိဖြစ်မည်။ သူ၏နန်းစံသက္ကရာဇ်မှာ BE 875-887 သာဖြစ်မည်ဟု ယူဆနိုင်ပေသည်။
ဂဇာပတိမင်း လယ်အသျှည်း ၁၀-လှူဒါန်းခဲ့သော ဥတုနတ်ကိုလည်း သုတေသနပြုရန်လိုအပ်ပေမည်။ သို့သော် ကျောက်စာ၏အနီးအနား၌ မည်သည့်နတ်ကွန်း၊ နတ်ရုပ်ကိုမျှ မတွေ့ရပေ။ နတ်ကွန်း၊ နတ်ရုပ်နှင့်တူသော မည်သည့်အကြွင်းအကျန်၊ အစအနကိုမျှလည်း မတွေ့ရပေ။ သို့နှင့် ဥတုနတ်သည် မည်သည့်နတ်ဖြစ်၍ မည်သည့်နေရာတွင်ရှိလေပါသနည်း။
ကျောက်စာတည်ရှိသောတောင်ထိပ်တွင်မူ ဦးတော်ဓါတ်စေတီတစ်ဆူသာရှိသည်။ ဘုရားသမိုင်းတွင် ဤတောင်ကို ဂန္ဓပပ္ပတတောင်ဟုခေါ်တွင်ကြောင်း၊ မြတ်စွာဘုရားသခင်သည် နုစဉ်ဘဝက ဤတောင်တွင် လယ်သမားတစ်ဘဝဖြစ်ခဲ့ကြောင်း ဗျာဒိပ်တော်အရ မြတ်စွာဘုရားရှင်၏ ဦးတော်ဓါတ်ကို တည်လတ်၍ ဦးတော်စေတီဟုတွင်လတ္တံ့ကြောင်း မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်လွန်သောအခါ သီရိဓမ္မာသောကမင်းကြီးသည် ဦးတော်ဓါတ်စေတီကို တည်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း သက္ကရာဇ် ၉၅၃-ခုနှစ်တွင် မြောက်ဦးခေတ်မှ ဘုရင်မင်းဖလောင်းသည် ထပ်မံ၍ တည်ခဲ့ကြောင်းတွေ့ရသည်။ သို့နှင့် ဤကျောက်စာနှင့် ဤဦးတော်ဓါတ်စေတီတို့မှာလည်း မည်သို့မျှဆက်စပ်မှုရှိမည်မထင်ပေ။
ရခိုင်သမိုင်းနှင့် ရခိုင်နတ်သာခြင်းတွင်သာ ‘ဥတုနတ်ရှင်၊ တောင်တခွင်၊ ရန်စဉ်ထားလည်းကာ’ဟူသော သဲလွန်စကိုတွေ့ရပေသည်။ အဆိုပါသမိုင်းနှင့် နတ်သာခြင်းတို့တွင်ပါရှိသော ဥတုနတ်မှာလည်း ယခု အထုပ်သည်မရွာမှ အထုပ်သည်မနတ်ရုပ်ဖြစ်ကြောင်းသိရသည်။
အထုပ်သည်မရွာသည် မြောက်ဦး၏တောင်ဘက် ၈-မိုင်ခန့်အကွာတွင်တည်ရှိသည်။ ကျောက်စာတည်ရှိသောနေရာနှင့် အဖြောင့်တိုင်းလျှင် ၃-မိုင်ခန့်ကွာဝေးမည်။ ရွာဦးရှိတောင်ကုန်းငယ်တစ်ခုပေါ်၌ ဝသန္တ၊ ဟေမန္တ၊ ဂီမန္တဟူ၍ ကျောက်နတ်ရုပ် ၃-ရုပ်ရှိသည်။ ဝသန္တနတ်မှာ အမဖြစ်ပြီး ကျန်နှစ်ရုပ်မှာ အဖိုဖြစ်သည်။ ဝသန္တနတ်ရုပ်သည် အမြင့် ၇’ ၂” ခန့်၊ ရင်ဝအကျယ် ၂’ ခန့်ရှိသည်။ ကျန်နတ်ရုပ်တို့မှာ သူငယ်တစ်ဦးစီခန့်သာရှိသည်။ မောင်နှမသုံးဖေါ်ဟု အဆိုရှိသည်။ ယခုလက်ရှိတွင် ဝသန္တနတ်ရုပ်တစ်ခုတည်းသာ အကောင်းရှိသည်။ ဟေမန္တနတ်ရုပ်မှာ ဦးခေါင်းကျိုးပြတ်နေသည်။ ဂီမန္တနတ်ရုပ်ကိုမူ ကုလားများ လေးမြို့မြစ်ထဲသို့ ပစ်ချခဲ့ပြီဟု သိရသည်။ နတ်ကွန်းထဲ၌ အင်းဆံများနှင့် ရခိုင်ကစားနည်းတစ်ခုဖြစ်သည့် ဗုတ်သွားတန်းကစားသော ကျောက်ခွက်အချို့ရှိသည်။ ရှေးမင်းစဉ်မင်းဆက် ဘုရားဟောတရား(အပရိဟာနိယတရား ၇-ပါး)နှင့်အညီ နှစ်စဉ်နှစ်တိုင်း ဒေဝတာဗလိနတ်စာပူဇော်ပသခဲ့ကြောင်းသိရသည်။ ယင်းသို့ ပူဇော်ပသပါက ရာသီဥတုကောင်းမွန်သည်ဟု အဆိုရှိပေသည်။
အထုပ်သည်မနတ်၏အမည်မှာ ဥတုသမ္မာနတ်ဖြစ်သည်။ ဥတုဆိုသည်မှာ ရာသီဥတုကိုဆိုလိုသည်။ သမ္မာဆိုသည်မှာ ကောင်းမွန်သောဟူ၍ အဓိပ္ပါယ်ရသည်။ ဥတုသမ္မာ၏ အဓိပ္ပါယ်မှာ ရာသီဥတုကို ကောင်းမွန်အောင်ပြုပြင်ဖန်တီးသောနတ်ဟူ၍ အနက်ရပေသည်။ သို့နှင့် ရခိုင်ပြည်ရှိ ဥတုသုံးပါးကို အခြေပြု၍ ဥတုသုံးပါးနှင့်သက်ဆိုင်သည့် နတ်ရုပ်သုံးရုပ်ရှိနေခြင်းဖြစ်သည်။ သို့သော် လယ်ယာကိုင်းကျွန်းကိုသာ အဓိကထား၍လုပ်ကိုင်သောနိုင်ငံဖြစ်၍ ဝသန္တမိုးနတ်းကို အမကြီးအရာ၌ထားပြီး ရုပ်တုကြီးကြီးပြုလုပ်ထားခြင်းမှာ သဘာဝကျပေသည်။
ဥတုသမ္မာကို ယခုအချိန်၌ အထုပ်သည်မနတ်ဟု ခေါ်တွင်နေခြင်းမှာ ကာလရွှေ့လျားလာသဖြင့် ဝေါဟာရအဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာကြခြင်းဖြစ်ပေမည်။ ဘာသာဗေဒပညာအရဆန်းစစ်ကြည့်ပါက ဖြစ်နိုင်စရာအကြောင်းရှိပေသည်။
သို့သော် ဥတုသမ္မာနတ်(ဝါ) ဥတုနတ်သည် အထုပ်သည်မရွာတွင်ရှိနေပြီး ယင်းနှင့်သက်ဆိုင်သည်ဟုယူဆရသော ဥတုခင်စိုင်းကျောက်စာမှာ မည်သည့်အတွက်ကြောင့် ပါးတော်တောင်ခြေသို့ ရောက်ရှိနေပါသနည်း။ နတ်ရုပ်နှင့် ကျောက်စာတို့မှာ မူလက တနေရာရာတွင် အတူတူရှိနေခဲ့ကြပြီး နောက်ပိုင်းတွင်မှ တစ်ခု တစ်နေရာစီ ရောက်နေကြခြင်းမျိုးလော။ ဤသို့ယူဆရန်မှာလည်း ခဲယဉ်းလှသည်။ အဘယ်ကြောင့်ဆိုသော် ဥတုသမ္မာနတ်သည် မြောက်ဦးမြို့တည်ဘုရား ၅-ရပ်၊ နတ် ၈-ရပ်အနက်က တစ်ခုအပါအဝင်ဖြစ်သည်။ မင်းစောမွန်ကြီး မြောက်ဦးမြို့ကိုတည်ထောင်ခဲ့စဉ် သက္ကရာဇ် ၇၉၂-ခုနှစ်ကပင် ယခုနေရာ၌ တည်ထားခဲ့ကြောင်းသိရသည်။ ကျောက်စာမှာလည်း အလွန်ထုထည်ကြီးမားသည့်အပြင် သဘာယကျောက်စွယ်တွင် ရေးထိုးထားသဖြင့်ရွှေ့ပြောင်းယူလာခြင်းဟုဆိုရမည်မှာ မဖြစ်နိုင်ပေ။
ကျောက်စာတွင်ပါဝင်သော လယ် ၁၀-သျှည်းနှင့် ဆက်စပ်တွေးခေါ်ကြည့်ပါက ဥတုသမ္မာနတ်နှင့် ကျောက်စာတည်ရှိရာနေရာတို့၏ ကြားတွင် ကျယ်ပြန့်သောလယ်မြေ ၁၀-သျှည်းခန့်ရှိနေပေသည်။ ယင်းလယ်မြေများမှာ ဂဇာပတိမင်းသည် ဥတုနတ်တွင်လှူဒါန်းခဲ့သော လယ်မြေဖြစ်ပေမည်။ သို့ဆိုလျှင် မိမိလှူဒါန်းခဲ့သည့်လယ်မြေ ၁၀-သျှည်း၏အဆုံးတွင် ပိုင်နက်နယ်ခြားမှတ်တိုင်အဖြစ် ဤကျောက်စာကိုရေးထိုးခဲ့ခြင်းဖြစ်မည်ဟု ယူဆနိုင်ပေသည်။ ဥတုသမ္မာနတ်သည် ကျောက်စာရှိရာဘက်သို့ ခပ်စောင်းစောင်းလှမ်းမျှော်ကြည့်ရှုနေခြင်းသာဖြစ်ပေမည်။
ဤကျောက်စာနှင့်ပတ်သက်၍ စာရေးသူ၏ ဥာဏ်မီသလောက်ကို သုတေသနပြုတင်ပြရခြင်းသာဖြစ်သဖြင့် လွဲချော်တိမ်းစောင်းသည်များရှိပါက ဖြည့်စွက်၍ သုတေသနပြုကြရန် လိုအပ်ပါမည်။
ဤဆောင်းပါးဖြင့် ဆရာဦးစံသာအောင်အား ဝမ်းနည်းစွာရှိခိုးကန်တော့လျှက်
တက်ထွန်းနီ(မြောက်ဦး)
ရခိုင်မဂ္ဂဇင်း အမှတ် (၇) က ကူးယူကာ ပြန်လည်ဖေါ်ပြသည်။
အဖြည့်
တွေ့နေကျ ရခိုင်ကျောက်စာအရေးအသားအတိုင်း သက္ကရာဇ်ကို (ရရစ်ပြီး)ရေးသားထားသည်(စာကြောင်း ၁)။ ရက်ကိုရေးသားရာတွင် (ယပင့်)ထားသည်(စာကြောင်း ၂)။ ဒီနေ့ မြန်မာစာပေတွင် မှတ်ယူခေါ်ဝေါ်နေသော ဝါကျနောက်ဆက်ဖြစ်သည့် (သည်)ကို အသံအားဖြင့် (သီ)ဟု ခေါ်ဆိုနေကြောင်း သင်ယူမှတ်သားခဲ့ရသည်။ ဒီရခိုင်ကျောက်စာမှာတော (တေခသေ)(ခေတ်မြန်မာအရေး = တည်ခဲ့သည်)ဟုသာ တွေ့ရသည်(စာကြောင်း ၄)။ ဒီနေ့ မြန်မာစာတွင် အသံထွက်နေသော (သည် = သီ)ကို မြောက်ဦးခေတ်ရခိုင်တို့က (သည် = သေ)ဟုသာ အသံထွက်ခဲ့ကြောင်း အထောက်အထားတစ်ရပ်ပါ။ ဒီနေ့ရခိုင်တွေဟာလည်းပဲ (သည် = သေ)ဟု အသံထွက်နေသေးကြောင်း မူရင်းအသံအားဖြင့် လေ့လာတွေ့ရှိထားပါသည်။ အပေါ်ကဆောင်းပါးမှာပါတဲ့ (အထုပ်သည်မရွာ) ဆိုတာကို မြန်မာစာအသံထွက်ဆိုလျှင် (အထုပ်သီမယွာ)ဟု ဖတ်ပါမည်။ ဒီနေ့အထိ အဆိုပါရွာကို (အထုပ်သေမရွာ)ဟုသာ ရခိုင်တို့ ခေါ်ညွှန်းနေသေးကြောင်း တွေ့ရပါသေးသည်။
ကောင်းထွန်းကျော်
https://www.facebook.com/photo.php?fbid=575992989234064&set=a.172892799544087.1073741826.100004701036677&type=3&theater
Subscribe to:
Post Comments (Atom)
No comments:
Post a Comment