Thursday, July 14, 2016

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှနှင့်အင်တာဗျူးး



ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှနှင့်အင်တာဗျူးး
=======================================
ရခိုင်ပြည်သူတွေရဲ့အရေးစဉ်းစားလျှင် ရခိုင်ပြည်သူတွေရဲ့ခံစားချက်တွေကိုပါ ထည့်သွင်းစဉ်းစား ပေးဖို့ လိုပါတယ်။
=============================================
မေး။ မြန်မာနိုင်ငံအစိုးရကိုယ်စားလှယ်က ရခိုင်ပြည်နယ်ရှိဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မှမူဆလင်အသိုင်းအ၀ိုင်းလို့သုံးနှုန်းပြောဆိုဖို့ ၂၀၁၆ ခုနှစ်ဇွန်လ ၁၇ ရက်နေ့မှာကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက်လူ့အခွင့်အရေးညီလာခံမှာ တင်သွင်းခဲ့တယ်လို့သိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးဥက္ကဋ္ဌရဲ့ သဘောထားမှတ်ချက်အမြင်ကိုပြောပြစေလိုပါတယ်။
ဖြေ။ ဒီကိစ္စဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ အရေးကိစ္စနဲ့သက်ဆိုင်သလို မြန်မာနိုင်ငံရဲ့အရေးကိစ္စလည်းဖြစ်ပါတယ်။ဒီလို အရေးကြီးတဲ့ကိစ္စတစ်ရပ်ကို အဓိကသက်ဆိုင်တဲ့ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ရယူခြင်းမပြုဘဲဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းဟာမဖြစ်သင်တဲ့ကိစ္စဖြစ်ပါတယ်။ နိုင်ငံတကာဖိအားကြောင့်ဆောင်ရွက်ရ တယ်ဆိုပေမဲ့နိုင်ငံအတွင်းမှာ လူမျိုးတစ်မျိုးအဖြစ်သမိုင်းကြောင်းတစ်လျှောက်ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ နေထိုင်လာခဲ့တဲ့ရခိုင်တိုရဲ့ပုံရိပ်ကိုမှေးမှိန်သိမ်ငယ်သွားစေနိုင်ပါတယ်။ဒါကြောင့်ပြည်ထောင်စုအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာရောက်ရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေကိုရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်းလို့ သုံးနှုန်းမယ်ဆိုတဲ့အပေါ်ရခိုင်သားတစ်ယောက်အ နေနဲ့ရော၊ရခိုင်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ပါလက်မခံနိုင်ပါဘူး။
မေး။ ဒီလိုသုံးစွဲလိုက်တဲ့အတွက်ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်မယ်လို့ထင်မြင်ယူဆပါသလဲ။


ဖြေ။ ရခိုင်ပြည်နယ်မှာရောက်ရှိနေထိုင်နေတဲ့ဘင်္ဂါလီကုလားတွေဟာ သမိုင်းအစဉ်အဆက်ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေထိုင်လာခဲ့တဲ့ရခိုင်လူမျိုးတွေနဲ့ တစ်တန်းစားတည်းသတ်မှတ်ရာရောက်သွားပါလိမ့်မယ်။နိုင်ငံတော်အကြီးအကဲတစ်ဦးက ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အရေးကိစ္စတွေမှာ အမည်နာမအငြင်းပွားမှုဟာ အဓိက မကျဘူးလို့ ပြောခဲ့ဖူးပါတယ်။ ဒါကို ကျွန်တော်တို့သဘောမတူပါဘူး သမိုင်းကြောင်းကို ပြန်ကြည့်လိုက်လို့ရှိရင် အရေးမကြီးဘူးလို့ ဟိုတုန်းကထင်ခဲ့ကြတဲ့ အမည်နာမအခေါ်အဝေါ်ဟာ အခုထိပ်တန်းကိုရောက်လာပြီး သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံ မှာမရှိဖူးတဲ့၊ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာ မပါဝင်တဲ့ “ရို - - -”အမည်ကို ခံယူနိုင်ဖို့အတွက် ပေါ်ပေါ်တင်တင်တောင်းဆိုနေကြတာကို တွေ့ရတဲ့အပြင် နိုင်ငံတကာဖိအားပေးမှုနဲ့အတူ လူမျိုးတစ်မျိုးအဖြစ် ရပ်တည်နိုင်ဖို့ ဆောင်ရွက်လာတာကို တွေ့နေရပါပြီ။ အခုပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ်မှမူဆလင်အသိုင်းအဝိုင်းဟု သုံးနှုန်းစေခြင်းဟာ ဘင်္ဂါလီတွေရဲ့ လိုလားချက်တစ်စိတ်တစ်ဒေသကို အားသစ်လောင်းပေးရာ ရောက်နေပါတယ်။ ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းလို့ ပြောရင်း ပြောရင်းနဲ့ ရခိုင်မူဆလင်ဆိုတဲ့ အသုံးအနှုန်း အဖြစ် ပြောင်းလဲသွားနိုင်ပြီး ရခိုင်မူဆလင်ဆိုတာ ဖြစ်သွားနိုင်ပါတယ်။ အဲ့လိုဆိုရင် ရခိုင်ပြည်နယ်မှာ မရှိဖူးတဲ့ ရခိုင်မူဆလင်ဆိုတဲ့ လူမျိုးတောင်ဖြစ်သွားနိုင်မလားမသိဘူး။
မေး။ ဘင်္ဂါလီတွေကို နိုင်ငံသားဥပဒေနဲ့အညီ စိစစ်မယ့်အရေးကိစ္စကိုရော ဘယ်လိုထင်မြင်ယူဆပါသလဲ။
ဖြေ။ ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ ဘင်္ဂါလီတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်မယ်ဆိုလို့ရှိရင် ရခိုင် ပြည်သူအားလုံးက လက်ခံနိုင်ပါတယ်။ နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားပေးလိုက်။ နိုင်ငံသားအခွင့်အရေးတွေ ပေးလိုက်။ ဒါဆိုရင်ရှင်းနေတာပဲ။ တစ်ခုရှိတာက နိုင်ငံသားမဖြစ်သင့်သူတွေ မဖြစ်အောင် ဥပဒေနဲ့အညီ တားဆီး သွားဖို့ပဲလိုပါတယ်။ ဒါပေမယ့် ဘင်္ဂါလီတွေဟာ သူတို့နိုင်ငံသားဖြစ်ရေး မဖြစ်ရေးထက် လူမျိုးသစ်တစ်မျိုး နာမည်ခံ နိုင်အောင် ဦးတည်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ နိုင်ငံသားဥပဒေနဲ့ စိစစ်ရေးလုပ်တိုင်းလည်းဘင်္ဂါလီအများစုက လူမျိုးအမည်နာမကို အကြောင်းပြုပြီး စိစစ်မခံတဲ့အပြင် သွားရောက်စိစစ်သူ ဝန်ထမ်းများကိုပါ အန္တရာယ်ပြုခဲ့တာရှိခဲ့တဲ့အတွက်ကြောင့် ရပ်ဆိုင်းခဲ့ရတာတွေရှိပါတယ်။ ဒါကြောင့် လူမျိုးအမည်နာမ ပြဿနာဟာ သေးငယ်တဲ့ကိစ္စမဟုတ်ဘူး။ ရခိုင်ပြည်နယ်အတွက်ရော ပြည်ထောင်စုအစိုးရအတွက်ပါ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကို ရိုးရိုးတန်းတန်းဖြေရှင်းမယ်ဆိုရင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့သာ တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်းကသာ ရခိုင်ပြည်နယ်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခပြဿနာကို ဖြေရှင်းရာ ရောက်ပါလိမ့်မယ်။
မေး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ ဘယ်လို ဆက်လက်ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါသလဲ။
ဖြေ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်လွှတ်တော်ဟာ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ရခိုင်လွှတ်တော် ဖြစ်ပါ တယ်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးအပေါ် ထိခိုက်နစ်နာမည့် ကိစ္စများဖြစ်လာရင် ရခိုင်လူထုကိုယ်စား တတ်နိုင် သလောက်ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာအတွက် ကျွန်တော်တို့ဟာ ရခိုင်ပြည်သူ နဲ့အတူ တစ်သားတည်းရှိနေကြရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေက မကြိုက်တဲ့ အသုံးအနှုန်းတွေကို မသုံးဖို့ လွှတ်တော်မှာ တင်ပြအဆုံးအဖြတ်ယူပြီး အစိုးရအဖွဲ့ကို တင်ပြတောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဘင်္ဂါလီ အရေးကို သတ်မှတ်ထားတဲ့ နိုင်ငံသားဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရက အရေးကြီးတဲ့ လူမျိုးအခေါ်ဝေါ်တစ်ခုကို အဓိကနေရာဒေသမှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ ဆန္ဒသဘောထားကို ညှိနှိုင်းရယူခြင်းမရှိဘဲ မိမိသဘောနဲ့မိမိထုတ်ပြန်ကြေငြာခဲ့တာဟာ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ် တိုးတက်မှုကို အဟန့်အတားဖြစ်လာနိုင်ပါလိမ့်မယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံဆောင်ရွက် နေတဲ့ အခုလိုအချိန်မှာ တိုင်းရင်းသားလူမျိုးများအတွင်းအငြင်းပွားစရာ ဖြစ်နေတဲ့ကိစ္စကို ပြတ်ပြတ်သားသား ဖြေရှင်းသွားဖို့လိုပါလိမ့်မယ်။အစိုးရသစ်ဟာပြည်သူလူထုထောက်ခံမှု အများစုရပြီးတက်လာတဲ့ အစိုးရဖြစ်တဲ့ အတွက် ပြည်သူအများစုရဲ့ အသံကိုနားထောင်ပြီး ဒီမိုကရေစီနည်းကျကျ ဆောင်ရွက်သွားသင့်ပါတယ်။ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းဆိုတဲ့ စကားအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူတွေက ကန့်ကွက်နေသလို နိုင်ငံရေးပါတီအချို့ကလည်း ကြေညာချက်ထုတ်ပြီး ကန့်ကွက်နေကြပါတယ်။ ဒါဟာ ပြည်သူတို့ရဲ့အသံဖြစ်ပါတယ်။ပြည်သူတွေကိုလေးစားရင် ပြည်သူ့အသံကို နားထောင်ပေးရမှာ ဖြစ်သလို ထည့်သွင်းစဉ်းစားရမှာလည်း ဖြစ်ပါတယ်။
မေး။ ဥက္ကဋ္ဌကြီးအနေနဲ့ နောက်ထပ်ဘာများပြောစရာရှိပါသေးလဲခင်ဗျာ။
ဖြေ။ ကျွန်တော်ပြောချင်တာကတော့ ရခိုင်ပြည်နယ်အရေး ရခိုင်ပြည်သူတွေရဲ့အရေးကိုစဉ်းစားရင် ရခိုင်ပြည်သူ တွေရဲ့ ခံစားချက်ကို နားလည်အောင်လေ့လာပြီးမှ ဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် လူမျိုးရပ်တည်မှုနဲ့ နိုင်ငံ ဖြစ်တည်မှုတွေကို စဉ်းစားတဲ့အခါ နိုင်ငံတကာဖိအားထက် တကယ့်ဖြစ်သင့်တဲ့ ကိုယ့်ပြည်တွင်းရေးကို အလေးထား စဉ်းစားဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ဒါမှလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက် ဥက္ကဋ္ဌကြီးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment