Wednesday, May 10, 2017

မန်မာမှုပြုခံ ရခိုင်စာပီ


 
 
မြန်မာမှုပြုခံ ရခိုင်စာပီ

(စာပီပျောက်က လူမျိုးပျောက်သည်။ စာပီမြင့်မှ လူမျိုးမြင့်သည်) ဆိုသည့်စကားနှင့်အညီ ရခိုင်စာပီနှင့်ပတ်သက်၍ မိန်းခွန်းထွက်လာပါသည်။ ရခိုင်လူမျိုးများ၏အတိတ်သမိုင်းကို မည်သည့်အက္ခရာစာပီဖြင့် မှတ်တမ်းတင်ထားခပါသနည်း၊ ရတု၊ လင်္ကာ၊ အရွဲ့၊ ကဗျာစသည့်များကို မည်သည့်အက္ခရာစာပီဖြင့် ရွီးသားခပါသနည်း။

အဖြေမှာယှင်းယှင်းချေဖြစ်ပါသည်။ ရခိုင်စာပီအက္ခရာနှင့် မှတ်တမ်းတင်ထားခသည်မဟုတ်ပါလား။ ငြင်းမည့်သူလည်း ဟိမည်မထင်ပါ။ ယင်းပိုင်ဆိုကေ ခေတ်ကြီး (၄) ခေတ်နှင့်အတူ ဆင်းသက်လာသော ရခိုင့်စာပီ ပဇာကြောင့် ပျောက်ကွယ်နီရပါသနည်း။ ပဇာကြောင့် မြန်မာမှုပြုခံနီရပါသနည်း။

ရခိုင့်နိုင်ငံတော် မာရယုမင်းအစ မဟာသမတမင်းအဆုံး မင်းပေါင်း (၂၅၀) ကျော် နန်းစံနှစ်ပေါင်း (၅၀၀၀) ကျော် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ခေတ်ကြီး (၄) ခေတ်ဖြင့်နီထိုင်လာရာ စာပီယိုင်ကျေးမှု၊ အနုပညာသည် မြောက်ဦးခေတ်တွင် အထွတ်အထိပ်သို့ ရောက်ခပါသည်။ သို့သော်လည်း မဟာသမတရာဇာမင်းမတိုင်မှီကပင် ရခိုင်ရို့သည် ဖောင်ပျက်ဝါးပိုင်ပြိုကွဲကာ မြန်မာလက်အောက်ရောက်ခရပါသည်။ ကနိဆိုလျှင် ရခိုင်နိုင်ငံတော်သည် သူတပါးလက်အောက်၌ နှစ်ပေါင်း (၂၂၄) နှစ် ပြည့်လားခပြီးဖြစ်ပါသည်။ ရခိုင်စာပီပျောက်ကွယ်နီရသည်မှာလည်း ကနိအထိဖြစ်သည်။

ရခိုင်နိုင်ငံတော်သည် သူတပါးလက်အောက်ကျရောက်မှုနှင့်အတူ ရခိုင်စာပီ၊ ယိုင်ကျေးမှု၊ သမိုင်းအမွီအနှစ်အားလုံး မြန်မာမှုပြုခံရပါသည်။ သို့ဖြစ်ပါသော်လည်း မည်သူတဦးတယောက်ကမှ ရခိုင့်စာပီမူရင်းကို ထုတ်ဖော်ရွီးသားခြင်းမဟိပေ။ အထူးသဖြင့် လွတ်လပ်နယ်မြီရောက် ရခိုင့်စာပီပညာသျှင်များ ပိုဆိုးပါသည်။ မြန်စာပီ၊ မြန်မာလီသံလွှမ်းသောစာပီ၊ မြန်မာတ၀က် ရခိုင်တ၀က် ကပျက်စာပီများကိုရာ မှင်ယောင်လိုက် ရွီးနီကတ်ပါသည်။ တော်လှန်ရေးလောကတွင် ဖုတ်စား၍မကုန် မြင်တွိနီရပါသည်။

ကနိခေတ်မြန်မာစာကို ရခိုင်သားများက ရခိုင်စာဟုအသျှင်ခံလျှက်ဟိပါသည်။ ကနိခေတ်မြန်မာစာသည် မြန်မာဝေါဟာရများဖြင့် ရွီးသားထားသည်ဖြစ်သဖြင့် မြန်မာစာဖြစ်ပါသည်။ ရခိုင်စာမဟုတ်ပါ။ မြန်မာဝေါဟာရများဖြင့်ရွီးသားထားသောမြန်မာစာကို ဇာပိုင်လုပ် ရခိုင်စာလို့ အသျှင်ခံလို့ရပါဖို့။ စကေတပွေ အရှက်ဟိစီချင်ပါသည်။ အသျှင်ခံချင်ပါလျှင် ကိုယ်ပိုင်ရခိုင်ဝေါဟာရများနှင့် ရခိုင်ပိုင်ရွီးကတ်ရဖို့မဟုတ်ပါလား။

မြန်မာစာပီကို ရခိုင်စာပီပညာသျှင်များက မှင်ယောင်လိုက် ခိုးချနီသိမ့်ရေအပြင်၊ ရခိုင်မူရင်း စာပီရတု၊ လင်္ကာ၊ အရွဲ့၊ ကဗျာ၊ ကျောက်စာ၊ ပီစာများကိုလည်း ရက်ရက်စက်စက်လက်မတွန့်ဘဲ မြန်မာမှုပြုလျှက်ဟိပါသည်။

ကောင်းကောင်းဝမ်းနည်းဖို့ကောင်းစွာက ရခိုင့်တော်လှန်ရေးနယ်မြီထုတ် စာစောင်မဂ္ဂဇိန်းရို့ဖြစ်ပါသည်။ မဆလခေတ် ပြည်တွင်းရခိုင်ပညာသျှင်ကြီးများပြုစုသော ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်းစာအုပ် စာပီကဏ္ဍတွင်လည်း သုဝဏ္ဏဒေ၀ီစောပြည့်ညို၏ သိန်ကန်မိန်တွင်ရတုကို မြန်မာမှုပြုထားပါသည်။


ရခိုင်ကံကြမ္မာ နှစ် (၂၀၀) ( ၁၃၄၆ - ခုနှစ် ပြာသိုလပြည့်ကျော် (၇) ရက်နိထုတ်) တွင်လည်း ၀တီခိုင် (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ) သည် သုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုပိုဒ်စုံကို လက်မတွန့်ဘဲ မြန်မာမှုပြုထားသည်။

မူရင်း သုဝဏ္ဏဒေ၀ီ၏ရွှန်းလိုက်ရတုနှင့် ရခိုင်ကံကြမ္မာနှစ် (၂၀၀) ပါ မြန်မာမူခံရတုကို တိုက်ဆိုင်ကြည့်ပါက မည်သည်လောက်ကွာခြားသည်ကို တွိမြင်ရမည်ဖြစ်ပါသည်။

(၁) သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွမ်းပင်မြင့်စည်၊ ကြာရှည်တာအကူး၊ တပေါင်းမင်းလွင်၊ ရွက်ကျင်တောင်လေမြူးက၊ ပြိုက်သွယ်နူးစီးသွယ်ဖြာ၊ မတတ်သာချေ၊ ဤထွေထွေကို၊ ကြည့်လေသမျှသာတည်း၊ ပင်တိုင်းမှာညှာရွက်ကြွေ၊ လေပြင်ခတ်လိုက်၊ ပရစ်ဝေေ၀နှင့်၊ ငှက်ရွှေမောင်နှံစုံ၊ ပန်းနှစ်ခက်ကို၊ ယူလျှက်နှုတ်ဝယ်ငုံ၍၊ စာခွံတုံရွှေနှစ်လို့၊ တထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို့၍၊ ဤသို့ချစ်ဘွယ်ဆင်၊ ရာသီခွင်ဆယ့်နှစ်လမ်း၊ ငြမ်းလို့အညီ၊ မိဂသီပင်၊ ရှေ့ဆီမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခဲ့၊ ထောက်လှမ်းမစာနာ၊ ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလေဟန်မူ၊ သူရတန်မင်း၏ရင်သွေး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင့်၊ ချစ်ညီတူကြရေးကို၊ နောက်မေးမလျှောက်လို၊ နေလည်းနှစ်စင်း၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှေ့အဟိုတို့၊ တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမဇ္ဈိမာ၊ ယင်းကဖြာသည်၊ ရာဇာမျိုးရို့မြတ်၏၊ ဆက်မပြတ်သိမ်းယူပြန်၊ သာဂီအဆက်၊ နွယ်မပျက်သည်၊ ကနက်ဖြန့်ကာစံ၏၊ ရှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊ ဘနန်းစံသည်၊ နန်းရံတို့အမျိုးတည်း၊ ကတိုးအနံ့လို၊ သင်းပျံ့မွှီးကြိုင်၊ ရှစ်ရပ်လှိုင်သည်၊ မဏ္ဍိုင်ချက်မြှုတ်သိုထက်၊ နဂိုပြည်ဝေသာလီ၊ ဓညနှစ်ခန်း၊ နှစ်ပြည်မှန်းသည်၊ ထီးနန်းအစီရီတည့်၊ မျိုးသာကီစဉ်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်ရို့တက်၏၊ မယှက်မနှောပြီ၊ ရှစ်သောင်းအချာ၊ ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီမစွန်းခင်၊ အောင်စည်ယွမ်း၍၊ စက်ပန်းဖြန့်စေချင်သည်၊ နောက်ခွင်ကြာလွန်းစွတကားလည်။ ။

(နှိုင်းယှဉ်ကြည့်ရန် သုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုမူရင်း)

(၁) သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွန်ပင်မြင့်စည်၊ ကြာရှည်တာအကူး၊ တပေါင်းမင်လွင်၊ ရွက်ကျင်တောင်လီမြူးက၊ ပြစ်သွယ်နူးစီးသွယ်ဖြာ၊ မတတ်သာပြီ၊ မှိုင်းလို့ရီကေ၊ ကြည့်လီသမျှသာတည်း၊ ပင်တိုင်မှာညှာရွက်ကြွီ၊ လီပြင်းခတ်လိုက်၊ ပရစ်ဝီ၀ီနှင့်၊ ငှက်ရွှီမောင်နှံစုံ၊ လိုင်ချင်းတွဲယှက်၊ ပန်းနုခက်ကို၊ ယူလျှက်နှုတ်ဝယ်မုံ၍၊ စာခွန့်တုံရွှင်နှစ်လို၊ တထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို့၍၊ ဤသို့ချစ်ဖွယ်ဆင်၊ ရာသီခွင်ဆယ့်နှစ်လမ်း၊ ငြမ်းနှင့်အညီ၊ မိဂသီပင်၊ ရှိကမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခယ့်၊ ထောက်လှမ်းမစာနာ၊ ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလီဟန်မူ၊ သူရတန်ရင်သွီး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင်၊ ချစ်ညီတူခရီးကို၊ နောက်မီးမလျှောက်လို၊ နီလည်းနှစ်ဆင့်၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှိအဟိုရို့၊ တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမဇ္ဈိမာ၊ ယင်းကဖြာကေ၊ ရာဇာအမျိုးမြတ်၏၊ ဆက်မပြတ်သိမ်းယူပြန်၊ သာကီအဆက်၊ နွယ်မပျက်ကေ၊ ကနက်ဖြန့်ကာစံ၏၊ သျှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊ ဘနန်းစံကေ၊ နန်းရံကိုယ့်အမျိုးတည်း။ ကတိုးနံ့ဥဒဟို၊ သင်းပျံ့မွှီးကြိုင်၊ သျှစ်ရပ်လှိုင်သည်၊ မဏ္ဍိုင်ချက်မြုပ်သိုထက်၊ ပြည်နဂိုရ်ဝေသာလီ၊ ဓညနှစ်ခန်း၊
နှစ်ပြည်လွှမ်းကေ၊ ထီးနန်းအစီရီတည်း။ မျိုးသာကီစဉ်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်မျိုးတက်၏။ မယှက်မနှောပြီ၊ သျှစ်သောင်းအချာ၊ ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီခွင်မစွန်းခင်၊ အောင်စည်ရွှန်းလို့၊ စက်ပန်းဖြန်စီချင်ရေ၊ နောက်ခွင်ကြာလွန်းစွတကားလည်း။

ဤစာအုပ်တွင် ၀တီခိုင်က (ကြည့်လီသမျှ) ကို (ကြည့်လေသမျှ) ဟူ၍၄င်း၊ (ညှာရွက်ကြွီ) ကို (ညှာရွက်ကြွေ) ဟူ၍၄င်း၊ (လီပြင်းခတ်လိုက်) ကို (လေပြင်းခတ်လိုက်) ဟူ၍၄င်း၊ (ပရစ်ဝီ၀ီ) ကို (ပရစ်ဝေေ၀) ဟူ၍၄င်း၊ (မင်း၏ရင်သွီး) ကို (မင်း၏ရင်သွေး) ဟူ၍၄င်း၊ (နီ) ကို (နေ) ဟူ၍၄င်း၊ (နောက်မီး) ကို (နောက်မေး) ဟူ၍၄င်း အရှက်တရားကင်းမဲ့စွာ မြန်မာမှုပြုထားသည်ကို တွိမြင်ရပါသည်။ ဤနီရာတွင် စာရွီးသူသည် ရခိုင် (နောက်မီး) ကို မြန်မာကလည်း (နောက်မီး) အဖြစ် အတူတူသုံးသည်ဟု သတိထားမိပါသည်။ ရခိုင် (မီး) ကို မြန်မာက (မေး) ဟူ၍ မသုံးစွဲပါ၊ ၀တီခိုင်၏ (နောက်မေး) ဟူ၍ မြန်မာလွန်ကျွန်မှုဝါဒသည်ကား ရှက်ဖွယ်အတိဖြစ်ပါသည်။

မှတ်ချက်။ ။ ရခိုင့်ကံကြမျာနှစ် (၂၀၀) ပါ သုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုပိုဒ်စုံနှင့် မူရင်းသုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုပိုဒ်စုံကို ဆုံးခန်တိုင်အောင် နှိုင်းယှဉ်ကြည့်လိုပါက ဗျာဒိတ်ပန်းမဂ္ဂဇိန်းအမှတ် (၁) ကို ရှာယူဖတ်ကြည့်ပါ။

ရခိုင်အားမာန်စာစောင် (၁) အဖွင့်ကဗျာအဖြစ် ဖဒူမင်းညိုရွီးစပ်သော မှောက်တော်ဧခြင်း (၁) ကို (ပေါ်ဦးကမ္ဘာ၊ ကြာငါးပွင့်လိုက်၊ ရောင်မြိုက်ဥာဏ်ဖြူ၊ ငါးဆူရှင်နည်း၊ ပွင့်မည်ချည်းတွင်၊၊ မိတ္တည်းမရောက်၊ လေးပါးနောက်ဝယ်၊ ငါးထောင်ထောက်တာ၊ သာသနာတွင်၊ ငါးစင်းအမြတ်၊ န၀တ်ရေကျ၊၊ ငါးရာရသား၊ ဂစ္ဆပနဒီ၊ ဤသည်ညာမွန်၊ ယဉ်ထန်တဘက်၊ ပင်လယ်ထွက်သော်၊ နှစ်ဘက်ကမ်းခြီ၊ ဖြားရေမှီဝယ်၊ ရှေ့ဆီပြုဗ္ဗာ၊ အာကာမှီခိုင်း၊ တောင်ပြိုင်းပြိုင်း၌၊ ဆိုင်းဆိုင်းမဏ္ဍိုင်၊ ရခိုင်ညွန့်ဖူး၊ မွန်ကြည်မြူးသို့၊ မြောက်ဥရွှေနန်း၊ တည်လတ်ထွန်းသည်၊ ဤကျွန်းဇမ္ဗူထူးတည်လေ) ဟူ၍ ရွီးသားထားသည်ကို တွိရပါသည်။

ဤနီရာမှာ ရခိုင်စာပီကို မြန်မာမှုပြုထားသည်ကို တွိရပါသည်။ (ငါးဆူရှင်နည်း) ဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဘုရားငါးဆူကို ညွှန်းဆိုခြင်းဖြစ်ပါလိမ္မည်။ (ငါးဆူရှင်နည်း) ကို မြန်မာများက (ငါးဆူသျှင်နည်း) ဟု အသံထွက်ပါသည်၊ ရခိုင်ရို့ကား (ရှင်) ဆိုသောဝေါဟာရကို (သျှင်) ဟု အသံမထွက်ပါ၊ (သျှင်) ကို ရခိုင်ရို့က ဘုရားတရား၌ အများသုံးစွဲပါသည်၊ (အရှင်ဘုရား) ဟူ၍ မဟိပါ၊ (အသျှင်ဘုရား) ဟူ၍ရာ ဟိပါသည်။ ထိုသို့ပြောဆိုရွီးသားကြသည်မှာ မြန်မာများဖြစ်ပါသည်၊ (ရှင်) ကို ရခိုင်ရို့က (ရုင်ရှင်တော်မဟာမုနိ၊ ဆံတော်ရှင်ဘုရား) စသည့်နီရာများ၌ သုံးစွဲပါသည်။ (ရှင်) ဟူသည်မှာ (အသက်ရှင်သည်) ဟူ၍ အဓိပ္ပါယ်ရပါသည်။ (အရှင်၊အသီ) ဟူ၍ ရခိုင်ရို့ကသုံးပါသည်။ (ဖြားရေမှီဝယ်) အသုံးအနှုံးမှာလည်း ရခိုင်သားများက ရခိုင်စာပီကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်။ (ရေ) ကို ဗမာရို့က (ယေ) လို့အသံထွက်ပါသည်။ (ရေ) ကို ရခိုင်ရို့က (လားရေ၊ လာရေ၊ စားရေ၊ တွိခရေ၊ မြင်ခရေ၊ နီခရေ) ဟူ၍ သုံးပါသည်။ ထို (ရေ) ကို (ရီ) ဟူ၍ ရခိုင်စာပီ၌ ပြောဆိုရွီးသားပါသည်။ (ရီကြိုင်ချောင်း၊ သောက်ရီ၊ သုံးရီ၊ ဖြားရီ၊ ကန်ရီ၊ တွင်းရီ၊ ချောင်းရီ၊ ရီအိုင်) စသည်ဖြင့် သုံးစွဲခေါ်ဝေါ်ပါသည်။ (ရှေ့ဆီပြုဗ္ဗာ) ဆိုသည့် အပိုဒ်၌လည်း (ရှေ့) စကားလုံးမှာ မြန်မာမှုပြုခံရခိုင်စာပီဖြစ်ပါသည်။ (ရှေ့) ကို မူရင်း ရခိုင်စာပီ၌ကား (ရှိ) သို့မဟုတ် (ရှိယ့်) ဟူ၍ တွိရပါသည်၊ ရခိုင်စကား၌လည်း အခုထက်ထိ (အရှိ၊ အနောက်) ဟူ၍ ပြောဆိုသုံးစွဲလျှက်ဟိပါသည်

၎င်းရခိုင့်အားမာန်စာစောင် (၁) အဖွင့်ကဗျာ (၂) အဖြစ်တော်လှန်ရေးစာဆို မင်းသားကြီးရွှီဗန်းရွီးသားခသော သီတန်းစားရတုကို ရခိုင်တော်လှန်ရေးသမားများက လက်အား၍ မြန်မာမှုပြုထားပါသည်။ (မင်းသားအမှန်၊ ငါလျှင်ကြံက၊ နိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်၊ ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာ၊ ကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်း၊ ဘ၀ပြောင်းခဲ့၊ ဖြစ်ကြောင်းသံသာ၊ သတ္တ၀ါတို့၊ မှန်စွာမချွတ်၊ သူမသတ်လည်း၊ မလွတ်တခါ၊ သေအံ့ရာတည်း၊ ကမ္ဘာမကြေ၊ သူတို့တွေလည်၊ အနေမစိုး၊ ငါမြေတိုးသော်၊ အရိုးတခါ၊ တွန်လိမ့်ရာ၏၊
နောင်လာနောင်လူ၊ ရခိုင်သူတို့၊ အယူမပြောင်း၊ ငါ့လမ်းကြောင်းကို၊ ကောင်းကောင်းလိုက်လာ၊ တိုင်းဓညာကို၊ တခါမုချ၊ ငါရို့ရအံ့။ လုံးလရှေ့သန်၊ လိုလျှင်ကြံက၊ နိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်၊ စွဲမှတ်ဤစာသေတမ်းစာတည်း) ဟူ၍ ဖြစ်ပါသည်။

(သေအံ့ရာတည်း၊ လုံးလရှေ့သန်၊ စွဲမှတ်ဤစာသေတမ်းတည်း) စသောအပိုဒ်များတွင် (သေ၊ ရှေ့) ဆိုသည့် ဝေါဟာရများမှာ မြန်မာမှုပြုခံ ရခိုင်စာပီဖြစ်ပါသည်။ (သေ) ( ရှေ့) ဟူ၍ ရခိုင်ရို့က သုံးစွဲခြင်းမဟိပါ။ ရခိုင့်စာပီ၌ (သီ) ( ရှိ) ဟူ၍ရာ သုံးစွဲပါသည်။ စကားပြောရာတွင်လည်း ဤအတိုင်းပင် ပြောဆိုသုံးနှုံးပါသည်။ (သူတို့တွေလည်း) ဆိုသည့်အပိုဒ်၌လည်း (တွေ) ဆိုသောဝေါဟာရကို ရခိုင်၌လုံးဝမတွိရပါ။ (တွေ) သည် မြန်မာစကားစစ်စစ်ဖြစ်ပါသည်။ ဗမာမှုအပြုမခံရသိမ့်သော (ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း၊ မူရင်းသုဝဏ္ဏဒေ၀ီ၏ ရွှန်းလိုက်ရတု) များကို ဖတ်ကြည့်လေ့လာကြည့်လျှင် ရခိုင်စာပီအရွီးအသားအစစ်များကို တွိရပါလိမ့်မည်။ (ရွှန်း) ဆိုသောဝေါဟာရကိုလည်း (ရွှန်း) လား (သျွှန်း) လား သုတေသနပြုရန်လိုအပ်ပါသည်။

အမြင်

အမျိုးသီလကိုစောင်ထိမ်းရေဆိုသော ရခိုင်သားကြီးရို့ အေကနိ အမျိုးသီလကိုဖျက်ဆီးနီရေဆိုကေ မမှားပါ။ ရခိုင့်ကံကြမ္မာနှစ် (၂၀၀)၊ ရခိုင်အားမာန်စာစောင်၊ ရခိုင်ဘ၀၊ ဓည၀တီစာစောင်၊ လမ်းပြကြယ်စာစောင်၊ ယခု (ရခိုင်အမျိုးသားသတင်းစာ) ရို့သည် ရခိုင့်တော်လှန်ရေးနယ်မြီကထွက်သော စာအုပ်စာစောင်များဖြစ်ပါသည်။ သို့သော်လည်း ရခိုင်စကားရခိုင်ဝေါဟာရ တလုံးတပါဒမျှ မတွိရပါ။ အထက်စာစောင်များပါ ဆောင်းပါးကဗျာများသည် ရခိုင်စာပီထဲသို့ လုံးဝသွတ်သွင်းမရသော မြန်မာစာပီများဖြစ်ပါသည်။ အေပိုင် မြန်မာစာပီကို ရခိုင်လူငယ်ထုအတွင်းသို့ ရခိုင့်မျိုးချစ်များက အတင်းအဓမ္မသွတ်သွင်းပီးနီမည်ဆိုပါလျှင် အများမကြာရခိုင်သားကို ပြတိုက်ထဲမှာကြည့်လီကတ်ပါဖိ

ရခိုင်စာပီကို လျစ်လျူပြု အမှုမဲ့အမှတ်မဲ့ ပစ္စလက္ခတ်ပစ်ထားသည့်အပြင် မူရင်းရခိုင်စာပီများကိုလည်း တတ်အားသမျှမြန်မာမှုပြုနီသော ရခိုင်မျိုးချစ်ကြီးများကို ပဇောင်ပျင်လို့ မျိုးချစ်တေဟုဆိုပါဖို့။ မိမိရို့မှာ ကိုယ်ပိုင်စာပီအက္ခရာ၊ ကိုယ်ပိုင်ဘာသာစကားဟိပါလျှက်သားနှင့် သူများစာပီ၊ သူများစကားကိုအငှါးသုံးစွဲခြင်းသည် ကျွန်စရိုက်လက္ခဏာဖြစ်သည်။ တောင်ကျော်များက အားလုံးဖတ်နားလည်အောင် မြန်မာပိုင်ရွီးရခြင်းဖြစ်သည်ဟု ဆင်ခြီပီးလေ့ဟိပါသည်။

တောင်ကျော်တိကို ရခိုင့်အသိုင်းအ၀ိုင်းထဲက လုံးဝပစ်ပါယ်ရမည်ဖြစ်ပါသည်။ (ငတောင်ကျော်) တိ အသက်ဟိနီသမျှ ရခိုင်သားကျွန်ဘ၀က မလွတ်မြောက်နိုင်ပါ။ ငတောင်ကျော်တိသည် ရခိုင့်လူ့အဖွဲ့အစည်းနှင့် ရခိုင့်တော်လှန်ရေးကို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံဖျက်ဆီးနီသော 
 
 
ကာလနာများဖြစ်ပါသည်။

စာရိတ္တပျက်ပြားမှု၊ ဘာသာတရားအားအလေးအနက်မထားမှု၊ တယောက်ကိုတယောက် အပြန်အလှန်မလေးစားမှု၊ တယောက်ကိုတယောက် ဗိုလ်ကျစိုးမိုးလိုမှုရို့သည် ရခိုင်သား၏ကျွန်ဗီဇလက္ခဏာဖြစ်သည်။ ရခိုင်တချို့ ရခိုင်စကားမပြောတတ်ပါယာ။ (ယ) နှင့် (ရ) ကိုကွဲအောင် အသံမထွက်တတ်ပါယာ။ အေပိုင်ဖြစ်လာရခြင်းသည် ရခိုင့်စာပီမထွန်းကားမူအပေါ် အဓိကမူတည်ပါသည်။ မြန်မာကိုကျည်း အပြစ်ပြောလို့မပြီးပါ။ ကိုယ်မျက်ချီးကို ကိုယ်မြင်ချိန်တန်ပါဗျာယ်ဖြစ်ပါကြောင်း။


အချုပ်ပြောရဖို့ဆိုကေ မြန်မာကိုခေါ်ခီစွာလည်း ရခိုင်သားပါ။ ရခိုင့်စာပီကို မြန်မာပြုနီသူများမှာလည်း ရခိုင်သားပါ။ ရခိုင်ဘုရားများကို သိုက်တူးရောင်းစားစွာလည်း ရခိုင်သားပါ။

မြန်မာမှုပြုခံရခိုင့်စာပီနှင့်အတူ ရခိုင်သားဦးဏှောက် မြန်မာမှုပြုခံလားရသည်။ လွယ်လွယ်ကူကူနှင့် ဖျောက်ဖျက်နိုင်လိမ့်မည်မဟုတ်ပါ။ ၄င်းကို ရခိုင်စကားတွင် (ဂြင်းကပ်လားယာ) ဟု ပြောပါသည်။ အေပိုင်ဆိုကေ ဆရာကြီးရို့ ကျွန်တော်ရို့တိက မျိုးဆက်သစ်တိကို ဇာအမွီမျိုးပီးရပါဖို့လဲ။ သမိုင်းဝင်ဘုရားကိုရောင်းလို့ တော်လှန်ရေးလုပ်ဖို့စွာလား။ ဘုန်းကြီးကျောင်းကိုဓမြတိုက်လို့ လူမှုဖုံလုံရေးလုပ်ဖို့စွာလား။ (ခင်ဗျားပျောတာ ကျနော် မကျားဘူး၊ ယခိုင်စကားမေ့သွားပျီ) ဆိုရေ အမွီမျိုးလား။ သမိုင်းပီးတာဝန်ထမ်းဆောင်ယင်း သမိုင်းကြွီးတင်နီကတ်တေ အမိလင်မသားတိ ပဇောင်စဉ်းစားကတ်တေရောင်။ ။

ကျော်ဝင်းချေ (ချောင်းသာကြီး)

No comments:

Post a Comment