Sunday, May 31, 2015

"အမျိုးစောင့်စေချင်သည် (မိစ္ဆာခံတွင်းမှ လွတ်မြောက်လာသူ- ဖြစ်ရပ်မှန်)"


*******************************************************************************

ခင်မွန်တစ်ယောက် သူနှင့်လက်ထပ်ခါစက လောကကြီးတွင် မိမိလောက် ကံကောင်းသူမရှိဟု ယူဆခဲ့မိသည်။ သူ၏ အကြင်နာ အယုအယများကြား၊ ငွေကြေးချမ်းသာပြည့်စုံမှုများကြား သာယာ နေမိခဲ့သည်။ မိဘ၏ အမွေပြတ်စွန့်လွှတ်မှု ခံရခြင်းကိုလည်း ဝမ်းမနည်းခဲ့။ ပတ်ဝန်းကျင်တွင် မိမိကြောင့် မိဘများ ခေါင်းမဖော်နိုင်ဘဲ ကျန်ရစ်သည့်အဖြစ်ကိုလည်း မတွေးမိခဲ့။ သို့သော် ထိုပျော်ရွှင်ခြင်းသည် တစ်ခဏသာခံသော ပျော်ရွှင်ခြင်းတည်း။

သူနှင့်ထက်မထပ်မီက ခင်မွန့်အတွက် ဘာသာတရားသည် အလေးအနက်မရှိခဲ့။ မိရိုးဖလာကိုးကွယ်မှု အဖြစ်သာ လက်ခံခဲ့မိသည်။ ထို့ကြောင့် ဘာသာခြားနှင့် ချစ်ကြိုက်ခဲ့သောအခါ ကိုယ်ယုံကြည်ရာ ဘာသာကို လွတ်လပ်စွာကိုးကွယ်ကြမည်ဟု ပြောခဲ့ခြင်းကို ခင်မွန်လက်ခဲ့သည်။ စင်စစ် ခင်မွန့် အသက်က ဆယ်ကျော်သက်ရွယ် မနူးမနပ်အရွယ်မျှသာ။ သူ့အသက်က ဆုံးဆယ်ကျော်လေးဆယ်တွင်း။
ခင်မွန်တက်သော ကျူရှင်ရှေ့တည့်တည့် လက်ဖက်ရည်ဆိုင်တွင် သူက နို့ဆီဖိုးများလာသိမ်းလေ့ရှိသည်။ တန်ဖိုးကြီးသော အဝတ်အစားများဝတ်ကာ ရွှေထည်အမျိုးမျိုးဝတ်ဆင်၍ ဆိုင်ကယ်ဖြင့် လာလေ့ရှိသော သူ့ကို ခင်မွန်တို့သူငယ်ချင်းများက မင်းသားဟု နာမည်ပေးထားသည်။သူက ခင်မွန့်ကို ချစ်ရေးဆိုလာသော အခါ ခင်မွန်ဂုဏ်ယူခဲ့သည်။ သူငယ်ချင်းများ ဖျက်သည့်ကြားမှ သူ့ကို လက်ခံခဲ့သည်။ ခင်မွန်တို့၏ ခရီးမကြာမီမှာပင် သူငယ်ချင်း ရင်ရင်နွဲ့သွားပြောသဖြင့် ခင်မွန့်မိဘများ သိသွားခဲ့သည်။ ရင်ရင်နွဲ့၏ စေတနာကို နားမလည်ခဲံသော ခင်မွန် ရင်ရင်နွဲ့ကို စိတ်နာခဲ့သည်။ ရင့်ရင့်သီးသီးပြောချခဲ့သည်။ ခင်မွန့်အား မိဘဆွေမျိုးများက ဆုံးမကြသည်။ “မိုက်လိုက်တာ သမီးရယ်၊ ဘာသာခြား လူမျိုးခြားနဲ့မှ ကြိုက်ရလား၊ တိုင်းရင်းသား ဗုဒ္ဓဘာသာဖြစ်ပါစေ၊ ငါ့သမီးချစ်သူကို ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ ပေးစားမယ်။ လူမျိုးခြားနဲ့ ယူလို့ကတော့ ဆွေပြတ်မျိုးပြတ် သေခန်းပြတ်ပဲ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ကိုယ်က တန်ဖိုးထားစောင့်ရှောက်ရမယ်” ဆုံးမစကားများကို ခင်မွန်နားမဝင်ခဲ့ပါ။ မိဘများက ခင်မွန့်အား ကြပ်မတ်၍ ကျောင်းသို့ အပို့အကြိုလုပ်သည့်ကြားမှ သူ့နောက် ခိုးရာလိုက်ခဲ့ပါသည်။
ဟိန်းနေသော သူတို့၏ တိုက်ကြီးထဲအဝင် ခင်မွန်အားငယ်မိသည်။ မိမိနှင့်လူမျိုးခြား၊ ဘာသာခြားသော သူ့မိဘညီအစ်ကို မောင်နှမများအား အတွေ့၊ စိတ်ကူးယဉ်အိပ်မက်မှ ဖျတ်ခနဲ လန့်နိုးသည်။ သူ့မိဘများက လိုလားစွာဆက်ဆံသဖြင့် ခင်မွန်ဖြေသာရသည်။ သူ့၏အကြင်နာများ၊ သူဆင်ပေးသော လက်ဝတ် လက်စားများကြောင့် ခင်မွန်ကျေနပ်မိသည်။ ယခင်က ဘတ်စ်ကားတိုးစီးခဲ့ရာမှ ယခုအပြင်ထွက်လျှင် ဆိုင်ကယ်ပေါ်၊ ကိုယ်ပိုင်ကားပေါ်မှ လိုက်ရသောအခါ ခင်မန် ဘဝင်မြင့်မိသည်။ သို့သော် ခင်မွန် သူ့အစ်မနှင့်အတူ မီးဖိုချောင်ဝင်ရတိုင်း သွေးတရဲရဲ သားငါးများလုပ်နေသည်ကို မြင်ရလျှင် ခေါင်းမူးရသည်။ ဤအဖြစ်ကို ဒုက္ခဟု မမှတ်ယူခဲ့မိ။ သူတို့မိသားနှင့်အတူ ဘာသာရေးဝတ်ပြုရာသို့ ခင်မွန် ကြည်ဖြူစွာလိုက်သည်။ ခင်မွန်ခေါ်လျှင်လည်း ခင်မွန်နှင့်အတူ ဘုရားသွားကျောင်းတက် သူလိုက်မည်ဟု ခင်မွန်ထင်ခဲ့မိသည်။
ဝါဆိုလပြည့်သို့ ရောက်ခဲ့ပြီ။ အခါကြီးရက်ကြီးဖြစ်၍ ဝတ်ကောင်းစားလှများဝတ်ကာ သူနှင့်အတူတူ ဘုရားသွားလိုသဖြင့် ခင်မွန်ပူဆာမိသည်။ “အစ်ကိုကြီး ဒီနေ့ ဘုရားသွားချင်တယ်။ လိုက်ပို့နော် သူက မျက်စိမျက်နှာ ပျက်သွားသည်။ နောက်မှသွားတာပေါ့၊ ကို မအားဘူး။” ခင်မွန့်ကို လိုက်မပို့လိုမှန်း ခင်မွန် မရိပ်စားမိခဲ့။ သူတို့၏ သဘောထားကို နားလည်ရသောနေ့သို့ မကြာမီရောက်ခဲ့ပြီ။ ခင်မွန်ဈေးဝယ်သွားရင်း မန္တလေး မဟာမြတ်မုနိဘုရားပုံတော်ပူဇော်ရန် ပင့်ဆောင်ဝယ်ယူလာခဲ့သည်။ မီးဖိုချောင်ထဲတွင် သီးနှံများ ထုတ်နေခိုက် စားပွဲပေါ်၌ အမှတ်တမဲ့ တင်ထားမိသော ပုံတော်ကားကို သူ့မိခင်က ယူ၍ ဖြန့်ကြည့်သည်။ ထို့နောက် မျက်စိမျက်နှာ ပျက်၍ ထွက်သွားသည်။ မီးဖိုချောင်ထဲ သူဒေါသတကြီး ဝင်လာသောအခါ ခင်မွန် အံ့သြရသည်။
“မင်းက ဘာအချိုးလဲ ခင်မွန်၊ ဒီပုံကို ဘယ်သူခွင့်ပြုလို့ ဝင်လာရတာလဲ၊ ခင်မွန် ပူဇော်ချင်လို့ပါ။ မင်းကို ဘယ်သူက ပူဇော်ခွင့်ပြုလို့လဲ၊ ခင်မွန်တို့ အခန်းထဲမှာ ပူဇော်ထားချင်လို့ပေါ့။ ခင်မွန့်ကို ပြောတော့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ကိုးကွယ်ဆို၊ တော်စမ်း ခွင့်မပြုနိုင်ဘူး။ ငါတို့အိမ်က ဘယ်တော့မှ ဒီပုံမျိုး ယူမလာနဲ့။” ကြမ်းပြင်ပေါ်၌ လုံးချေလွှတ်ပစ်ခဲ့သော ပုံတော်ကို ကြည့်ရင်း ခင်မွန်တုန်လှုပ်ရသည်။ သူက ဒေါသတကြီး ထွက်၍သွားပြီ။ထိုညက သူအိမ်ပြန်မလာ၊ သူ့မိခင်ကပြောသည်။ ခင်မွန်က မလိမ္မာဘူး၊ သားကြီး ဒီည တာမွေက မယားကြီးဆီ သွားအိပ်လိမ့်မယ်ထင်တယ်။ ဟင်-မယားကြီးရှိတယ် ဟုတ်လား၊ အေး-ရှိတယ်။ ကလေးသုံးယောက်နဲ့၊ သူကျွေးနိုင်လို့ ယူတာပဲ၊ မင်းနဲ့ယူတာလည်း ခင်မာစိန်ကသိတယ်။ သားကို ကြောက်တော့ ဘာမှမပြောဘူး။
ခင်မွန်တစ်ယောက် ကျောချမှ ဓားပြမှန်းသိရပြီ၊ ကိုယ့်အမှားက ပြင်မရတော့သည့်အမှား၊ ခင်မွန့်ရင်၌ အပြစ်မဲ့ ရင်သွေးငယ်ကို လွယ်ထားရပြီ။ ယခုမှ ဘာတတ်နိုင်မည်နည်း။ နောင်တတရားက ရခဲ့သော ခင်မွန်အတွက် တီဗွီတွင် ဗုဒ္ဓဘုရားဆင်းတုတော်များ၊ စေတီပုထိုးများ၊ ဘုရားများ ဘုန်းတော်ကြီးများကို မြင်လျှင်စိတ်ထဲမှ ကြိတ်ကန်တော့ရသည်။ ခင်မွန့်အတွက် အတောင်းတဆုံးမှာ ဘုရား၊ တရား၊ သံဃာအား ပူဇော်လိုခြင်းဖြစ်သည်။ ခင်မွန့်ခန္ဓာကိုယ်တွင် ဝတ်ထားသော ရွှေငွေရတနာများသည် မက်မောဖွယ် မရှိတော့။ ခင်မွန်နေထိုင်ရသော တိုက်အိမ်သည်လည်း ပျော်ရွှ့င်ဖွယ်မရှိတော့။ ခင်မွန်သားဦးလေး မွေးဖွားခဲ့ပြီ၊ သားကလေး၏ မျက်နှာအား တစိမ့်စိမ့်ကြည့်ရင်း ကြည်နူးမှုနှင့်အတူ ပူပင်သောကပါ ဖြစ်ရပြီ။ ခင်မွန့်သားကလေး ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်ရပါ့မလား၊ လင်နှင့် မယား ဗုဒ္ဓဘာသာစစ်စစ်များဆိုလျှင် ယခုအချိန်သည် သားသားကလေးရှင်ပြုရန်တွေး၍ ကြည်နူးရမည့်အချိန်ဖြစ်သည်။ ယခုတော့ ခင်မွန်မကြည်နူးနိုင်ပါ။ သူ၏ မင်းသားခေါင်းသည်လည်း ကွာကျခဲ့ပြီ။
“ခင်မွန် မင်းရော ကလေးရော တို့ဘာသာထဲဝင်ရမယ်။ ခင်မွန်လေးက လိမ္မာပါတယ်ကွာ၊ ကိုကြီးလက်ကောက် ပုံဆန်းလေးတစ်ကွင်း ထပ်လုပ်ပေးမယ်သိလား၊ ကိုကြီးတို့ ဘာသာထဲ ဝင်နော်၊” ချော့မေ့၍ မြူဆွယ်သည်။ “ခင်မွန်ကိုချစ်လို့ ကိုကြီး ဒီအိမ်မှာနေတာနော်၊ တာမွေကအိမ်တောင်သွားတာ မဟုတ်ဘူး။ ခင်မွန်ကိုကြီးပြောစကားနားထောင်ပါ။ ခြောက်လှန့်သည်။” ခင်မွန်စဉ်းစားရပါပြီ။ ဘာသာခြား လူမျိုးခြားအား မြတ်နိုး၍ ဘဝကိုပုံအပ်ခဲ့သော ခင်မွန် အခက်တွေ့ရပြီ။ စိတ်သောကများကြားထဲ မိခင်ကြီး မကျန်းမာဟူသော သတင်းကြားရသောအခါ ခင်မွန်အိမ်ပြန်ချင်မိသည်။ သူ့ကို ခွင့်တောင်းသောအခါ သူက ခွင့်မပြုခဲ့။ မင်းဘဝမှာ မိဘဆွေမျိုး မရှိတော့ဘူးလို့ သဘောထားလိုက်စမ်း၊ မင်းကိုလည်း သူတို့က အမွေပြတ်ထားတာ၊ ကိုကြီးတို့ မိသားစုဟာ မင်းမိသားစုပဲ။ မင်းဘဝကို တို့မိသားစုထဲမှာပဲ ပုံအပ် ထားစမ်းပါ။
သူကဆက်ပြောသည်။ “ခင်မွန်လေး ဘာမှ တစ်ခြားအရေးမပါတဲ့ကိစ္စတွေ တွေးမနေနဲ့၊ နက်ဖြန် ကိုကြီးရယ်၊ ခင်မွန်ရယ်၊ သားလေးရယ် ဘာသာရေးကျောင်းသွားမယ်။ ခင်မွန်နဲ့သားလေး ကိုကြီးတို့ဘာသာထဲဝင်ကြမယ်။ ခင်မွန်က ခင်မွန်တို့ ဘုရားပုံကို ဖျက်ဆီးပြရမယ်။ ပြီးရင် ကိုကြီးတို့ မိသားစု ရွှေဘုံသာလမ်းက ရွှေဆိုင်ကိုသွားမယ်။ ခင်မွန့်အတွက် လက်ကောက်တစ်ကွင်း၊ သားသားလေးဖို့ ကြိုးတစ်ကုံးသွားလုပ်မယ်။ ဟုတ်ပြီလား။” သူထွက်သွားပြီ ခင်မွန်ကတော့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချဖြစ်ခဲ့ပါပြီ။ အမိုက်မ၏ အိမ်အပြန်ခရီးသည် ကြိုဆိုသူကင်းမဲ့သည်။ မိဘတို့က သမီးမိုက်အား မကြိုဆိုသောလည်း ချစ်ခြင်းမေတ္တာဖြင့် ခွင့်လွှတ်ပေးလိမ့်မည်။ သားကလေးကို ရင်မှာပိုက်ရင်း နွေးထွေးသော အရပ်ဆီသို့ ခင်မွန်ပြန်လာခဲ့ပြီ။
ခင်မွန့်သားကလေး ဘာသာခြား မဖြစ်စေရ၊ စဉ်းစားဆင်ခြင်မဲ့စွာ မိုက်မဲခဲ့သော်လည်း မိမိဘာသာရေး အပေါ်တော့မိုက်မဲစော်ကားသူမဖြစ်စေရ၊ ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော မြန်မာလူမျိုး မိဘများမှ မွေးဖွားလာသည့်ခင်မွန် အမျိုးမစောင့်သူ ဖြစ်ခဲ့ပြီ။ ခင်မွန့်အမှားကို ပြုပြင်မည်။ ခင်မွန်မက်မောခဲ့သော ရွှေ၊ငွေ ရတနာများကိုလည်း ထားခဲ့ပြီ။ ခင်မွန်ခင်ခဲ့ဖူးသော လူမျိုးခြား၊ ဘာသာခြား သူသည်လည်း ကျန်ရစ်ခဲ့ပြီ။ ဘဝနှင့်ရင်းခဲ့ရသော သင်ခန်းစာကြောင့် ခင်မွန် အားလုံးကို ပြောပြချင်ပါသည်။ အမျိုး ဘာသာ သာသနာကို စောင့်စည်းကြပါ။ မြေမျို၍ လူမျိုးမပြုတ်ပါ။ လူမျို၍သာ လူမျိုးပြုမည် ဖြစ်ပါသည်။
လူတိုင်း အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေဟု ဆုတောင်းလိုက်ရပါသတည်း။
သန္တာမြတ်သောင်း ၊ မြတ်ပန်းရဂုံဓမ္မစာစောင်၊ ၂၀၀၃ခုနှစ်၊ သြဂုတ်လ။ ဖိုးပညော(သပိတ်ကျင်း)၏ ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့ စာအုပ်မှ ကောက်နှုတ်ရေးသားသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment