Friday, February 12, 2016

မြိုစကားပြောသော မြိုလူမျိုး ကို ၀န်းရံကြ


----------------------------------------------
ရခိုင်ပြည်နယ်တွင် များသောအားဖြင့် တောတောင်များတွင် ရွေ့ပြောင်းတောင်ယာစနစ်ဖြင့် ရိုးသားစွာ လုပ်ကိုင် စားသောက် နေထိုင်ကြသော လူမျိုးတစ်မျိုးရှိပါသည်။ ထိုလူမျိုးတို့သည် မိမိတို့မျိုးနွယ်စုအမည်ကို ( မြို ) လူမျိုး ဟု ခံယူထားကြသည်။ ထိုမြိုလူမျိုးတို့သည် များသောအားဖြင့် ရခိုင်ပြည်နယ်မြောက်ဖက်ပိုင်း ဘူးသီး တောင်၊မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ များတွင် များသောအားဖြင့် နေထိုင်ကြသည်။
ထိုအပြင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေခ်ျ့ နယ်နမိတ်ချင်း ထိစပ်နေသောဒေသများ၊ ဘင်္ဂလားဒေခ်ျ့နိုင်ငံ တောင် တန်းဒေသများတွင်လည်း အနည်းအကျဉ်း နေထိုင်ကြသောလူမျိုးများဖြစ်ကြသည်။ ထိုမြိုလူမျိုးများအားလုံး သည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်ကာလထိ ဗုဒ္ဓဘာသာတစ်ခုတည်းကိုသာ ကိုးကွယ်သူများဖြစ်ကြသည်။ မူဆလင်၊ ခရစ် ယာန် ကိုးကွယ်သူများမရှိကြပါ။ ထို ( မြို )လူမျိုးများကို ရခိုင်အပါအ၀င် ရခိုင်မျိုးနွယ် စုများ ဖြစ်သည့် ခမီ၊ မရ မာကြီး၊ သက်၊ (သက္ကမ-Chakma) လူမျိုးများကလည်း ( မြို ) လူမျိုးဟုသာ ခေါ်ဝေါ်ကြပါသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် ထိုမြိုလူမျိုးများသည် သောင်းဂဏန်းလောက်သာ ကျန်ရှိတော့သည်။ လူမျိုး နှင့် လူမျိုးအမည် ပျောက်ကွယ်မည့် အန္တရာယ် နှင့် ရင်ဆိုင်နေရသော လူမျိုးတစ်မျိုးလည်းဖြစ်သည်။


ထိုအပြင် မြိုလူမျိုးသည် သူတို့၏ လူမျိုးအမည် (မြို ) ဆိုသော စကားလုံးကို လုယူခံနေရသော လူမျိုးတစ်မျိုး လည်းဖြစ်နေသည်။( မြို )ဆိုသော လူမျိုးအမည်ကို လုယူနေသော သူမှာ ခမီလူမျိုးဗုဒ္ဓ ဘာသာဝင်များမှ ခရစ် ဘာသာသို့ ကူးပြောင်းကြသော ခမီလူမျိုး ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ မြိုနှင့်ခမီသည် လူမျိုး တစ်ခုတည်းသာဖြစ်သည် ၊အတူတူဟု ဆိုကာ တစ်ဖက်မှာလည်း ဗုဒ္ဓဘာသာမြိုလူမျိုးများနှင့် ဗုဒ္ဓဘာသာ ခမီ လူမျိုးများကို မက်လုံးအမျိုမျိုးပေးကာ ခရစ်ယာန်ဘာသာသို့ စည်းရုံးသိမ်းသွင်းပြီး လူမျိုးနှစ်မျိုးအမည်ကိုခွ၍ မြို(ခေါ်) ခမီအမည်ဖြင့် (၁၉၉၀) (၂၀၁၀)ထိ နိုင်ငံရေးပါတီ ထောင်ကာ လှုပ်ရှားကြသည်။ ပြီးလျှင် ထိုမြိုလူ မျိုးဟု နာမည်ခံနေကြသာ သူများသည် တောင်မြို၊ ဒက်မြို၊ ဘင်္ဂလားဒေခ်ျ့ကလူများ ဖြစ်သည် ဟု အမျိုးမျိုး ပြောဆို ၀ါဒဖြန့်ကာ မြိုစစ်စစ် လူမျိုးအမည်ကို ခမီစကားပြောသော ခမီလူမျိုးများက ငါတို့သည် မြိုလူမျိုးဖြစ် သည်ဟုဆိုလာကြသည်။၎င်းအပြင် ဗုဒ္ဓဘာသာဝင်ခမီလူမျိုးများနေသည့်ကျေးရွာများ ကိုကွင်းဆင်း ကာ ခမီအချင်း ချင်းဖြစ်လင့်ကစား မိမိတို့သည် မြိုလူမျိုးဖြစ်ကြောင်း မှတ်ပုံတင်လုပ်သည့်အခါ လူမျိုးအမည်တွင် မြိုလူမျိုး ဟုသာ ရေးသွင်းကြရန် ခမီစကားဖြင့် ပြောဆို စည်းရုံးသိမ်းသွင်းကြသည်။
မြိုလူမျိုးစစ်စစ်များနေထိုင်သောကျေးရွာများကျပြန်တော့ မြို နှင့်ခမီသည် လူမျိုးတစ်မျိုးတည်း အတူတူဖြစ် ကြောင်း ခရစ်ယာန် ဘာသာရေးကို အကြောင်းပြုကာ မက်လုံးပေးပြီး လူငယ်များကို စည်းရုံးသိမ်းသွင်းကြ သည်။ထိုအခါ တစ်ချို့ သော ဗုဒ္ဓဘာသာ မြို လူငယ်များသည် စည်းရုံးသိမ်းသွင်းရာဖက်သို့ အတော်အတန်ထိ ပြောင်းသွားကြ သည်ကို တွေ့ရ သည်။
၂၀၁၀ ခုနှစ်ထိ မြိုလူမျိုးစစ်စစ်များနှင့် ခမီဗုဒ္ဓဘာသာဝင်များသည် နိုင်ငံရေးအသိ မနိုးကြားသေးဟု ဆိုရမည် ဖြစ် သည်။ ထိုကြောင့် ထိုအချိန်က မြိုလူမျိုးနှင့် ခမီလူမျိုးတို့သည် ကန်ကွက်ခြင်း၊ ဆန့်ကျင်ခြင်းပြု လုပ်ကြ သည်ကို မတွေ့ရပေ၊ (၂၀၁၅) ခုနှစ် ရွေူးကောက်ပွဲတွင် မြိုလူမျိုးစစ်စစ်များနှင့် ခမီလူမျိုးစစ်စစ်များသည် နိုင်ငံ ရေး နိုးကြားလာကြသည်ဟုဆိုရမည်။ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားသည့် ခမီ စကား ပြောသော ခမီ လူမျိုး တစ်ချို့သည် လူမျိုးအမည်ကို ( မြို ) ဟုခံယူကာ နိုင်ငံရေးပါတီထောင်ပြီး လှုပ်ရှား လာ ကြသည်ကို သတိပြုမိလာသောကြောင့် ငါတို့မြို လူမျိုးများ ဒီအတိုင်းငြိမ်နေလျှင်၊ မြိုလူမျိုးအမည်နေရာကို ခမီစကား ပြော သော လူတစ်ချို့ လုယူသွားလိမ့်မည်ဟု သုံးသပ်လာကြသည်။
ထို့ကြောင့် မြိုလူမျိုးစစ်စစ်များသည် နိုင်ငံရေးဗဟုသုတ အားနည်းစေကာမူ သူတို့မြိုလူမျိုးအမည် တည်တံ့ ရေး အတွက် မြိုတိုင်းရင်းသားပါတီ ဟု နိုင်ငံရေးပါတီတစ်ခုထောင်ကာ ရပ်တည်ပြလာကြပြီး (၂၀၁၅) ခုရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံကြသည်။ ရာထူး နေရာ လိုချင်၍မဟုတ်၊ ငါတို့မြိုလူမျိုးရှိကြောင်း သိစေရန်အတွက်သာ ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြောကြသည်။ မြို(ခ) ခမီ ပါတီကို နေပြည်တော်ထိ သွားရောက်ကာ ကန့်ကွက်ကြသည်ကိုတွေ့ရသည်။ ခမီလူမျိုးဗုဒ္ဓဘာသာဝင်များကလည်း ခမီအချင်းချင်း မှတ်ပုံတင်ပြုလုပ်ရာတွင် လူမျိုးအမည်ကို ( မြို ) ရေးသွင်းကြရန်ပြောဆိုမှုကို ကန့်ကွက်ကြ သောကြောင့် မြို့နယ်လ၀ကမှ ထိုမြိုလူမျိုးအမည်ခံ ခရစ်ယာန်ခမီများအား သတိပေးစာထုတ်ပြန်ကာ တားမြစ်ခဲ့ သည်ကိုလည်း တွေ့ရသည်။
နိဂုံးချုပ်အနေဖြင့် ပြောရလျှင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်နေထိုင်ကြသော မြိုစကားပြောသည် မြိုလူမျိုး များ သည် တောင်မြို၊ ဒက်မြို လူမျိုးမဟုတ်ဘဲ သူတို့၏လူမျိုးအမည်မှာ ( မြို ) သာ ဖြစ်ပါကြောင်း ရခိုင်မျိုးနွယ်စု ၀င် အပေါင်း သိစေအပ်ပါသည်။
ဓါတ်ပုံ မြိုလူမျိုး စစ်စစ်နှင့် ခမီလူမျိုးစစ်စစ်
မျိုနွယ်စုများ အချင်းချင်း ချစ်ခင်စည်းလုံးနိုင်ကြပါစေ။ နားလည်ခွင့်လွှတ်နိုင်ကြပါစေ။

မြိုစကားပြောသော မြိုလူမျိုးတစ်ယောက်ပြောပြသည် ကိုးကားရေးသားသည်။

မောင်ဖြူ (ကြွီတဲကျွန်း)

No comments:

Post a Comment