ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Sunday, March 23, 2025
မင်းဘာကြီး- မင်းဘင် / သီရိသူရိယစန္ဒမဟာဓမ္မရာဇာ (ရခိုင်သက္ကရာဇ် ၈၉၃-၉၁၅) (အေဒီ ၁၅၃၁-၁၅၅၃)
**********************************************
မင်းဘာကြီးဒင်္ဂါးများ၏ အလေးချိန်- (၉.၂၄ မှ ၁၀.၂၀ ဂရမ်)ထိရှိကြပြီး၊ အချင်းမှာ (၂၈ မှ ၂၉ မီလီမီတာ) ထိရှိကြသည်။ ဒင်္ဂါးနှစ်ဘက်စလုံး၌ ပါရှန်စာဖြင့် ရေးထိုးခပ်နှိပ်ထားသည်။ ရှေ့ဘက်စာ ကို ( La ilah ala / Allag Mohammed / rasul / Allah)=( လာ အိုင်လဟ် အလာ/အလ္လာဟ်မိုဟမ္မဒ်။ ရာဆူလ်/အလ္လာဟ်)ဟူ၍လည်းကောင်း၊ ကျောဘက်ပါစာကို - (Al - sultan / Muina / rahman Taj / Shah al - sultan/ bin Sikandar)= (အလ်ဆူလတန်/မိုင်န/ရဟ်မန်တာဂ်ျ/သျာအလ်-ဆူလတန်/ဘင် ဆီကန်ဒါ)ဟူ၍လည်းကောင်း အိန္ဒိယဒင်္ဂါးသုတေသီ မီချီနာက ဖော်ပြသည်။
သံတွဲစား ဘစောသီရိသည် မင်းခေါင်ရာဇာအား အလုံးအရင်းဖြင့် တိုက်ခိုက် လုပ်ကြံပြီး လျှင် မြောက်ဦးနန်းတော်ကို သိမ်းပိုက်ခဲ့သည်။ ဤမင်းကို မင်းဘာကြီး/မင်းဘင်/ သီရိသူရိယစန္ဒမဟာ ဓမ္မရာဇာ ဟူ၍ ခေါ်ဝေါ်ကြသည်။ ပါရှန်အခေါ်အဝေါ်အားဖြင့် ဇဘောက်သျှာ ဟုခေါ်တွင်သည်။
မြောက်ဦးခေတ်တွင် ဘုန်းတန်ခိုးအကြီးထွားဆုံးသော မင်းတစ်းပါးလည်းဖြစ်သည်။ ဤမင်း သည် မင်းရာဇာ၏သားတော်ဖြစ်ပြီး မင်းရာဇာလက်ထက်ကပင် စစ်သူကြီးရာထူး၌ ခန့်အပ်ခံရသူဖြစ် သည်။ သို့ဖြစ်၍ စစ်ထိုးခြင်းအတတ်ကို ငယ်စဉ်ကပင်တတ်ကျွမ်းနေသည်။ ရွှေမြို့တော်နှင့်ရွှေနန်းတော် တွင် ရန်သူများသဖြင့် သံတွဲမြို့သို့ သွားရောက်နေရာ သံတွဲမြို့ကို စားရနေသည်။ သံတွဲမြို့မှ တဆင့် မြောက်ဦးမြိုသို့ စစ်ချီပြီး သိမ်းပိုက်ခြင်းဖြစ်လေသည်။
နန်းတက်ပြီးနောက် (ရခိုင်သက္ကရာဇ် ၈၉၄ ခု၊ ခရစ်နှစ် ၁၅၃၂) ခုတွင် အနေုာက်ဘက် ဘင်္ဂ လားရှိ ဒက္ကား အပါအ၀င် ဘင်္ဂါ(၁၂)မြို့ကို တိုက်ခိုက်သိမ်းယူခဲ့သော မင်းတစ်ပါးလည်းဖြစ်သည်။
မင်းဘာကြီးသည် အိန္ဒိယပြည် မဟာဗောဓိတွင် သက်တော်(၄၀) ပြည့် ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး၊ ကမ္ဗည်းကျောက်စာ ရေးထိုးစိုက်ထူထားခဲ့သည်။ (ရခိုင်သက္ကရာဇ် ၈၉၆) ခုနှစ်တွင် စစ်ချီလာ သောပေါ်တူဂီရေတပ်ကို နှိမ်နှင်းအောင်မြင်တော်မူသည်။ ဤသို့လျှင် ကုလားနှင့် ပေါ်တူဂီကို အောင် မြင်တော်မူသဖြင့် (ရခိုင်သက္ကရာဇ် ၈၉၇၊ ခရစ်နှစ် ၁၅၃၆) ခုနှစ်တွင် မြောက်ဦးမြို့၌ ရန်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရန်အောင်ဇေယျ (ခေါ်)သျှစ်သောင်းပုထိုးကြီးတော်ကို တည်ထားကိုးကွယ်တော် မူသည်။
ယင်းအချိန် အရှေ့ဘက်၌ ခေတ်ပြိုင်အားဖြင့် တောင်ငူမင်းတရားရွှေထီးသည် ဘုန်းလက် ရုံးပေါက်မြောက်၍ မြန်မာနိုင်ငံအ၀ှမ်းနှင့် ပဲခူးဟံသာဝတီနိုင်ငံတို့ကို အစိုးရပြီဟူ၍ ကျော်ကြားနေသဖြင့် မလွဲမသွေ မိမိတို့၏တိုင်းပြည်သို့လည်း တစ်နေ့စစ်ရောက်လာအံ့ဟု ရှည်မျှော်တွေး၍ မင်းနေပြည်တော် မြောက်ဦးမြို့ကို အခိုင်အခံတည်ဆောက်လေသည်။
မင်းဘာကြီးသည် မြောက်ဦးမြို့ကို ရန်သူများ မချဉ်းကပ်နိုင်အောင် ခိုင်ခံစွာ စီရင်တည်လုပ် သောကြောင့် “စောမွန်ပြင်ပြု၊ မင်းဘာတည်ကေ ရွှေမြောက်ဦး” ဟု လင်္ကာစာချိုးလေးဖြင့် မှတ်တမ်း
ပြုခဲ့ကြသည်။
မင်းဘာကြီးတွေးထင်ထားသည့်အတိုင်း တောင်ငူဘုရင်မင်းတရားရွှေထီးသည် (သက္ကရာဇ် ၉၀၆ တွင်တစ်ကြိမ်၊ ၉၀၇ တွင်တစ်ကြိမ်၊ ၉၀၈ တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ် လာရောက်တိုက်ခိုက် ခဲ့သည်။
ပထမအကြိမ် သံတွဲမြို့မှပင် စစ်ရှုံး၍ ပြန်ရသည်။ နောက်ဆုံးတစ်ကြိမ်တွင်မူကား လောင်း ကြက် အထိရောက်ခဲ့သည်။ ကုလားကိုလည်းကောင်း၊ ပေါ်တူဂီကိုလည်းကောင်း အောင်နိုင်ထားသော ဘုရင်မင်းဘာကြီးသည် လက်ရုံးရည် နှလုံးရုည် အပြည့်ရှိသည်။ စစ်ထိုးရာတွင်ကျွမ်းကျင်သည်။ သူ၏ သားတော် အိမ်ရှေ့မင်း မင်းတိက္ခာ/ ဒီဃာ အား ရေတပ်ဗိုလ်ချုပ်ခန့်၍ ရေကြောင်းတိုက်ခိုက်စေသည်။
သားတော်မင်းဖလောင်းအား ရိုးမတောင်မှ ပတ်ပြီးလျှင် အစားရိက္ခာများကို သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း ပြုလုပ်စေသည်။ တပင်ရွှေထီးလည်း စစ်တိုက်၍မနိုင်ချေ။ ရခိုင်ရေတပ်တို့၏ ၀ိုင်းရံပိတ်ဆို့ ထားခြင်းကိုခံရပြီး အဖမ်းခံရလေသည်။
မင်းဘာကြီးသည် တပင်ရွှေထီးအား သတ်ဖျတ်ဖျက်ဆီးခြင်းမပြုဘဲ အမတ်ကြီးမဟာပညာ ကျော်ကို ယင်းမင်းအားဆုံးမစေလျက် ကတိသစ္စာပြုစေပြီးမှ ပြန်လွှတ်လိုက်သည်။ဟု(ရခိုင်ဒင်္ဂါးများစာ အုပ်- စာ ၄၀-၄၁) ဖော်ပြသည်။]
“မှန်နန်းရာဇ၀င်တွင်မူ မင်းတရားရွှေထီးသည် ရခိုင်ကို တစ်ကြိမ်တည်းသာလာသည်။ ရခိုင် မြို့သည် တောင်ထိပ်မှာလည်းဖြစ်သည်။ မြို့ရိုး အရန်အတားများလည်း ခိုင်ခံသည်။ ကျုံးမြောင်းလည်း ကျယ်သည်။ လက်နက်ကရိယာလည်း ထူထပ်လှသည်ဖြစ်သောကြောင့် ကြိမ်ဖန်များစွာ လုပ်ကြံသော် လည်း မြို့ကိုမရချေ။ ထို့နောက် ရခိုင်ဘုရင်၏သားက မှူးမတ်တို့နှင့်တိုင်ပင်၍ လက်ဆောင် ပဏ္ဍာများ ဖြင့် အမတ်နှစ်ယောက်ကို စေလွှတ်ပြောဆိုကြောင်း၊ ယင်းနောက် ဆရာတော်လေးပါးတို့ လျှောက်ထား ၍ တရားသဖြင့် ပြေငြိမ်းစေရန် မေတ္တာရပ်ခံစေကြောင်း ဖော်ပြသည်။
“ဘုရင်မင်းဘာကြီးသည် သံတွဲမြို့တွင် အံတော်စေတီ၊ နံတော်စေတီ၊ဆံတော်စေတီများကို ပြည်လည် ပြုပြင်မွမ်းမံသည်။ ကျောက်ဖြူမြို့တွင် ကျောက်တစ်လုံးစေတီ၊ မိုဃ်းစဲကျွန်းတွင် ကျောက် တောင်ကြီးကို ထွင်းဖောက်၍ ရုပ်ပွားဆင်းတု လေးဆူတို့ကို တည်ထားတော်မူသည်။ တောင်အနှံ့တွင် လည်း ရေသတ္တ၀ါ၊ ကုန်းသတ္တ၀ါတို့၏ အရုပ်များကို ထုလုပ်စေသည်။ မြောက်ဦးမြို့တွင် ဘုရားအုပ် စေ တီ၊ ဂူကြီးဘုရား၊ရွှေတောင်စေတီ၊ သိမ်ကြီးရွှေဂူစေတီ၊ ကုလားမြို့စေတီ၊ ရွှေဂူဘကီး၊ ဦးမြ၀ါစေတီ၊ တို့ ကို တည်ထားတော်မူသည်။ ယခုတိုင်အောင် ထင်ရှားကျော်ကြားလျက်ရှိသော ရခိုင်ပြည်နယ်၏ ကျက် သရေဆောင် သျှစ်သောင်ပုထိုးတော်ကြီးသည်လည်း ဘုရင်မင်းဘာကြီး၏ ကောင်းမှု ကုသိုလ်ပင်ဖြစ် လေသည်။ ယင်းသျှစ်သောင်းပုထိုးတော်နှင့်ကပ်လျက် အံတော်စေတီကိုလည်း တည်ထားကိုးကွယ်၏။ မင်းစောအိုလက်ထက်ကတည်ထားခဲ့သော လင်ဗန်းပြောက်စေတီကိုလည်း မင်းဘာကြီးတည်သည်ဟု တစ်ချို့သော ရခိုင်ရာဇ၀င်များ၌ တွေ့ရသည်။
မင်းဘာကြီးထုတ်လုပ်ခဲ့သော ဒင်္ဂါးများတွင် စစ်တကောင်းမင်းဘင် ဟူ၍ ရခိုင်စာတစ်ဘက်၊ ပါရှန်စာဖြင့်တစ်ဘက်၊ ရေးထိုးထားသော ဒင်္ဂါးငယ်များကိုလည်းကောင်း၊ မင်းဘင်သင်္ခယာ ဟူ၍ရခိုင်စာ ဖြင့်တစ်ဘက်၊ ပါရှန်စာဖြင့်တစ်ဘက် ရေးထိုးထားသော ဒင်္ဂါးငယ်များကိုလည်းကောင်း တွေရှိရသည်ဟု ရခိုင်ဒင်္ဂါးများ (စာ-၄၁)တွင် ဖော်ပြသည်။” ကိုတွေရသည်။ “ဖေယာ [(A.P Pyayre )သည် စစ်တကောင်းမင်း “မင်းရဲသင်္ခယာ”ဒင်္ဂါးကို မြောက်ဦးဘုရင် မင်းဘာကြီးဒင်္ဂါးဟူ၍ လွဲမှားစွာဖော်ပြခဲ့သည်။ ယင်းမှားယွင်းချက်ကို ဆရာကြီးဦးစံသာအောင် ရေးသား ခဲ့သော “ရခိုင်ဒင်္ဂါးများ-၁၉၇၉” စာအုပ်အထိ ဆက်လက်ဖော်ပြခဲ့သည်ကိုတွေ့ရသည်။
“အိန္ဒိယဒင်္ဂါးသုတေသီ Mr Vasent Choudiary နှင့် Michael Mitchiner တို့၏ ကြိုးစားအား ထုတ်မှုကြောင့် ထိုမင်းရဲသင်္ခယာဒင်္ဂါးသည် အနောက်ဘုရင် စစ်တကောင်းမင်းအဖြစ် အမှန်တရား ပေါ် ထွက်လာခဲ့သည်။”(မြောက်ဦးရွှေမြေမဂ္ဂဇင်း၊အမှတ်၁။ စာ-၁၂၆/၁၂၈)
“မင်းဘာကြီးနှင့် ပက်သက်၍ ကျောက်စာအထောက်အထားမှာ- မြောက်ဦးမြို့ အလယ်နိမ္ဗူ ဇာဘုရားတွင် အမိန့်တော်ပြန်တမ်း ကျောက်စာတစ်ချပ်တွေ့ရသည်။ ထိုကျောက်စာသည် ယခု မြောက် ဦးမြို့ ရှေးဟောင်း သုတေသနပြတိုက်တွင် သိမ်းဆည်းထားသည်။ ထိုကျောက်စာတွင် သက္ကရာဇ် ၉၀၆ ခုနှစ်တွင် ဘုရင်မင်းမြတ်သည် သံဃာတော်များကို ဆွမ်းကျွေးပြီး လယ်မြေများကို ရေစက်ချ လှူဒါန်း ခဲ့ သည်။ ယင်းသို့လှူဒါန်းကြောင်းကို မင်းမှုထမ်း မင်းစေကြီး ပွင့်ရွှေဘစံ ကို အမိန့်တော်ချမှတ်စေသည်ဟု ရေထိုးပါရှိသည်။ ထိုကျောက်စာသည် ကျိုးပြတ်နေသော်လည်း စာကြောင်းရေ (၁၉) ကြောင့်ခန် ကျန် နေသေးသည်။
ထိုကျောက်စာတွင် အမတ်တော်၊ စစ်တကောင်းစား၊သံတော်ဆင့်၊ မင်းစေကြီး၊ သံတော်ချ နေမျိုး၊အမတ်တော် ကုလားအတွင်းစစ်ချီ၊ စစ်ကဲ၊ အမတ်တော် ငရွှေစင် စသည့် မြောက်ဦးခေတ်ရာထူး ဂုဏ်ထူးအမည်များ ရေးထိုးပါရှိသည်ကိုတွေ့ရသည်။ ကျောက်စာပါ (သက္ကရာဇ် ၉၀၆) ခုနှစ် နှင့် ဘုရင် မင်းမြတ်ဟူသော စကားရပ်သည် မြောက်ဦးခေတ် မင်းဘာကြီး (ရခိုင်ကောဇာ ၈၉၃-၉၁၅)၊ အတွင်း အ ကျုံးဝင်နေသောကြောင့် ရခိုင်ဘုရင် မင်းဘာကြီးကို ရည်ညွှန်းကြောင်း သိနိုင်ပေသည်။
မင်းဘာကြီးရေးထိုးခဲ့သော နောက်ကျောက်စာတစ်ချပ်မှာ ကုလားကဘုရားကျောက်စာဖြစ် သည်။ ထိုကျောက်စာသည်လည်း ကျိုးပြတ်နေသောကျောက်စာတစ်ချပ်ဖြစ်သည်။ မူလက စာကြောင်း ရေမည်မျှရှိမည်ကို မသိရပေ။ လက်ရှိ ကျောက်စာတွင် စာကြောင်းရေ (၂၄) ကျန်ရှိနေသေးသည်။ ကျောက်စာပါ စာသားများအရ သက္ကရာဇ် ၉၀၇ ခုနှစ်တွင် သင်ခန္ဓဘုရားနှင့် (သက္ကရာဇ် ၉၁၁)ခုနှစ်တွင် သာရမုနိကုန်းမြင့်မိုရ်ထက်တွင် မဟာစူဠသောဠဿ ဘုရားနှစ်ဆူကိုတည်ထားကြောင်းကို ရေးထိုးထား သော အလှူမှတ်တမ်းကျောက်စာတစ်ချပ်ဖြစ်သည်။ ယခုအခါ ယင်းကျောက်စာမှာ ပျောက်နေသည်။
ထိုကျောက်စာ၌ ပထမဆုံးသော စကာကြောင်းတွင် - ရက္ခာဓိပတိ ၊
ဒုတိယ စာကြောင်းတွင် - မင်းစိုးရာဇာ ဘုန်းလုက်ရုံးတန်(ခိုး)
တတိယစာကြောင်းတွင် - အဓိပတိဖြစ်သော ရွှေနန်းသခင် ဘုရားရှင်မင်းပင်၊
ပဉ္စမစာကြောင်းတွင် - သက္ကရာဇ် ၉၀၇ ခု၊ တပို့တွဲ
ဆဌမစာကြောင်းတွင် - သက္ကရာဇ် ၉၁၁ ဤဘုရားမြတ်ကို တည်သော” ဟူသော ကျောက်စာပါ စကားရပ်များကြောင့် ရခိုင်ရာဇ၀င်လာ မင်းပင်၊ မင်းဗာကြီး၊မင်းဘာကြီး၊ရေးထိုး ခဲ့သောကျောက်စာဖြစ်ကြောင့်နှင့် ထိုမင်းတည်ထားခဲ့သော ဘုရားဖြစ်ကြောင်းနှင့် သိနိုင်သည်။
[နောက်ကျောက်စာတစ်ချပ်မှာ သက္ကရာဇ် ၉၁၅ ခုနှစ် တော်သလင်းလဆန်း ငါးရက်၊ စနေ့ နေ့ ဟု ရက်စွဲပါသော သီရိသူရိယဓမ္မရာဇာ (ခေါ်) မင်းဘာကြီး ကျောက်စာဖြစ်သည်။ ထိုကျောက်စာကို ဒုက္ကသိန်ပုထိုးတော်ကြီးအနီး ဘူးခင်းရေတွင်းတူးရာမှ စတင်တွေ့ရှိသည်။ ယခုမြောက်ဦး ရှေးဟောင်းသု တေသနပြုတိုက်တွင် ထိန်းသိမ်းထားသည်။
ထိုကျောက်စာတွင် သီရိသူရိယဓမ္မရာဇာမင်းသည် (သက္ကရာဇ် ၉၁၅ ) ခုနှစ် တော်သလင်း လဆန်း ငါးရက်၊ စနေ့နေ့တွင် ဒုက္ကန်ကျောင်းတွင် လယ်မြေများလှူတန်းသည်ကို ရေးထိုးထားသော အ လှူ ကမ္ဗည်းကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် သျှစ်သောင်းပုထိုးတော်ကြီးကို(သျှစ်သောင်း)ဟူ ၍ (သ) အက္ခရာဖြင့် ရေးသားထားသည်ကိုတွေ့ရသည်။ ယင်းအပြင် ထိုကျောက်စာ၌ မင်းတို့၏သချိုင်း ကိုခေါ်ဝေါ်သော (လုပ်တိုင်း) ဆိုသော ဝေါဟာရကိုလည်းကောင်း၊ မြောက်ဦးခေတ်သမိုင်းတွင် အရေးပါ သည့် မြောက်မြင်းမိုရ်( မြောက်မြင့်မိုရ်နန်း=လွှတ်တော်) ဟူသော စကားရပ်များ ပါရှိသည်။
မြောက်ဦးခေတ်တွင် မြောက်ဦးနန်းတော်ထဲတွင် လွှတ်တော်တစ်ခု၊ စစ်ရေးဆိုင်ရာ နှင့် လျှို့ ၀ှက်ကိစ္စရပ်များကို မဲခွဲဆုံးဖြတ်ရသည့် တောင်မြင့်မိုရ်လွှတ်တော်တစ်ခု၊ ဘာသာရေး၊ သာသနာဆိုင်ရာ ကိစ္စများကို ဆွေးနွေးဆုံးဖြတ်ရသည့် မြောက်မြင့်မိုရ် လွှတ်တော်တစ်ခု၊ စုစုပေါင်း လွှတ်တော်သုံးရပ် ရှိ ကြောင်းသိရသည်။ ရခိုင်ကျောက်စာပေါင်းချုပ်- စာ -၉၄-၉၇]
နောက်ကျောက်စာတစ်ချပ်မှာ ထုက္ကန်သိမ်ဘုရားတွင် စတင်တွေ့ရှိသော ဘုရင်မင်းဘာကြီး အလှူမှတ်တမ်းကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် မင်းဘာကြီးဘွဲ့အမည်ကို “တြိလောကကျနာ -----ရာဇာရက္ခာဓိပ္ပတိ(ရွှေ)နန်းသခင်ဘုရား” ဟူ၍သုံးနှုန်းထားသည်။ ရေးထိုးခုနှစ်မှာ(သက္ကရာဇ် ၉၁၅) ခု၊ တော်လလင်းလဆန်း ငါးရက် နေ့စွဲဖြင့် ရေးထိုးထားခြင်းကြောင့် အထက်ကဖော်ပြခဲ့သော ကျောက် စာနှင့် တဆက်စပ်တည်း ရေးထိုးခဲ့သော ကျောက်စာဖြစ်မည်ဟု ယူဆရသည်။ ခုနှစ် သက္ကရာဇ်၊လ၊ရက် တို့ တူညီနေသောကြောင့် ကျောက်စာ ၂ချပ်သည် မင်းတစ်ပါးတည်း ရေးးထိုးခြင်းဖြစ် ကြောင်း သိနိုင် သည်။ ယခု ထိုကျောက်စာကို မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်၌ ထိမ်းသိမ်းထားသည်။ (ကျောက်စာပေါင်းချုပ်၊စာ-၉၉)]
ကျမ်းကိုး ၁။ ဦးစံသာအောင်၊ဦး။ (၁၉၇၉)။ ရခိုင်ဒင်္ဂါးများ။ (စာ- ၄၀-၄၁၊ )
၂။ ဦးဦးသာထွန်း၊ ဦးကျော်ထွန်းအောင် (၂၀၁၇)။ ရခိုင်ကျောက်စာပေါင်းချုပ်။ (စာ- ၈၁၊၈၂၊၈၃၊၈၇၊၉၀၊၉၄၊ ၉၇၊၉၉ )
၃။ အောင်ဇံ (၂၀၁၄) ။ရှေးရခိုင်သမိုင်းများအပေါ် ယခုခေတ်သမိုင်းသုတေသီတို့၏အမြင်။
၎။ မြောက်ဦးရွှေမြေမဂ္ဂဇင်း၊အမှတ်၁။(စာ-၁၂၆/၁၂၈) )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment