မြောက်ဦးခေတ် ( အေဒီ ၁၄၃၀-၁၇၈၄ ) သည် ရခိုင်သမိုင်း၏ အထွန်းကားဆုံးနှင့် အင်အား
အကြီးမားဆုံးသော ကာလတစ်ခုဖြစ်ခဲ့သည်။ အထူးသဖြင့် (အေဒီ ၁၆ ရာစု) ကာလအတွင်းဖြစ်သည်။
ယင်း၏နောက်ကွယ်တွင် တိုင်းပြည် တည်တံ့ခိုင်မြဲရေးအတွက် မိမိအသက်ကိုစတေးဝံ့သည့် ထူးခြားသော
ဂမ္ဘီရပညာရှင်ကြီးတစ်ဦး ပေါ်ထွန်းခဲ့သည်။ ထိုပညာရှင်မှာ အခြားသူမဟုတ်၊ ရခိုင်ပြည်သူတို့ ယနေ့တိုင်
အလေးအမြတ်ထား ရိုသေကြရသည့် ရှင်ငယ်ဆရာ ဦးမြဝါ (အေဒီ ၁၄၉၂-၁၅၃၇)ပင် ဖြစ်ပါသည်။
ဦးမြ၀ါ၏ ဘ၀ဇာတ်ကြောင်းကို မှတ်တမ်းမှတ်ရာများမှ ကောက်နှုတ်တင်ပြရသော်-
ဦးမြဝါကို ရခိုင်သက္ကရာဇ် ၈၅၄ ခု ၊ ဝါဆိုလပြည့် ကြာသပတေးနေ့ နံနက် ၄ ဗဟိုရ်၊ ၂ပါတ်၊ ၃ဗီဇနာ၊ ၂ပြန်၊
၂ ခရာတွင် ဥတ္တရသဠ်နက္ခတ်(Uttara Ashadha) နှင့်ယှဉ်၍ ဖွားမြင်ခဲ့သည်။ ငယ်အမည်မှာ “မောင်မြဝါ”
ဖြစ်သည်။ ခမည်းတော်မှာ မင်းလှရာဇာစောမွန်၏ မြောက်ရွှေရေးတော်ဆောင် မိဖုရား၏အကြီးတော် စိုင်း
တင်မြို့စား မဟာနန္ဒသင်္ကြန်ဖြစ်ပြီး၊ မယ်တော်မှာ မင်းလှရာဇာစောမွန်၏ မိဖုရားစောနန္ဒီ၏ညီမတော်၊ ဇော
စောမွန်ဖြစ်သည်။
ရခိုင်ဘုရင် မင်းဗာကြီးနှင့် ဦးမြဝါတို့မှာ အမိညီအစ်ကို တော်စပ်သူများဖြစ်ကြသည်။ မင်းဗာ
ဘုရင်ကို သက္ကရာဇ် ၈၅၄ ခု ဝါဆိုလပြည့်ကျော် (၂) ရက် စနေနေ့၊ (ခရစ်နှစ်-၁၄၉၂)တွင် မွေးဖွားခဲ့သည်။
မင်းဗာဘုရင်သည် ဦးမြဝါထက် နှစ်ရက်သာ အသက်ငယ်သည်။ မဟာပညာကျော်ကို သက္ကရာဇ် ၈၅၁ -ခု
(ခရစ်နှစ် ၁၄၈၉) တွင်ဖွားမြင်ခဲ့သည်။ ထို့ကြောင့် သျှင်မြဝါ၊ မင်းဗာကြီး မဟာပညာကျော်တို့မှာ ဖွားဘက်
တော် ငယ်သူငယ်ချင်းများဖြစ်ကြသည်။
ငယ်သူငယ်ချင်း (၃) ဦးတို့သည် မြောက်ဦးမြို့၏ မင်းဆရာ အဂ္ဂစိန္ဒေယျ ဆရာတော်ကျောင်း
(တောင်ညိုကျောင်းတိုက်တွင်) အသက် ၁၆ နှစ်အထိ ပညာသင်ကြားခဲ့ပြီး၊ ထိုမှတဆင့် နောက်ထပ်ပညာ
ဆည်ပူးရန် အိန္ဒိယပြည် ဗာရာဏသီသို့ သွားရောက်ကာ ပညာကို ဆက်လက်သင်ကြားခဲ့ကြသည်။
၁၆ ရာစု (အေဒီ ၁၅၀၁ မှ ၁၆၀၀ အထိ) ကာလအတွင်း အိန္ဒိယပြည်တွင် ယနေ့ခေတ်ကဲ့သို့
စနစ်တကျ ဖွဲ့စည်းထားသော တက္ကသိုလ်ဟူ၍ သီးသန့်မရှိတော့ပေ။သို့သော်လည်း ဗာရဏသီဒေသသည်
ရှေးပဝေသဏီကပင် ဟိန္ဒူဘာသာ၊ သက္ကတစာပေနှင့် ဂမ္ဘီရပညာရပ်များ ထွန်းကားရာ အဆင့်မြင့် ပညာ
ရေးဗဟိုချက်မအဖြစ် အခိုင်အမာတည်ရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် (၁၆ ရာစု) ကာလအတွင်း
ဗာရဏသီတွင် ဂမ္ဘီရပညာနှင့်စာပေအကျော်အမော်များစွာ နေထိုင်ခဲ့ကြသည်။ ဥပမာအားဖြင့်-ကမ္ဘာကျော်
ရာမယဏလင်္ကာကြီးကို ရေးသားခဲ့သည့် စာဆိုတော် တူးလ်စီးဒတ်စ် (Tulsidas) သည် ဗာရဏသီတွင်
ဘဝအခြေချကာ စာပေနှင့် ပညာရပ်များကို ပြန့်ပွားစေခဲ့ပြီး၊ အိန္ဒိယရိုးရာ ဒဿနနှင့် ဝိဇ္ဇာအတတ်များကို
သင်ကြားပေးသည့် နာမည်ကြီး ဆာဒူးကြီးများနှင့် ဂုရုများစွာတို့သည် ဗာရဏသီ၏ ဂင်္ဂါမြစ်ကမ်းဘေးတွင်
ကျောင်းဆောက်၍ ပညာဖြန့်ဝေပေးခဲ့ကြသည်။
ရှေးခေတ်(အေဒီ ၄ ရာစုမှ အေဒီ ၁၂ရာစု)အထိ အိန္ဒိယတွင် နာလန္ဒာ တက္ကသိုလ်ကဲ့သို့ သီး
သန့် အဆောက်အအုံဖြင့် တည်ထောင်ခဲ့ကြသော ကမ္ဘာကျော်တက္ကသိုလ်ကြီးများသည် အာဖဂန်နစ္စတန်
ဘက်မှ ကျူးကျော်ဝင်ရောက်လာသည့် မွတ်စလင် စစ်ဗိုလ်ချုပ် “ဘခ်တီးယား ခီလ်ဂျီ ” (Bakhtiyar Khilji)
ဦးဆောင်သော စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်း ခံရကာ ပျက်စီးသွားလေသည်။ (၁၆ ရာစု) ဒုတိယပိုင်းတွင်
မဂိုအင်ပါယာကို စိုးစံခဲ့သော အက္ကဘာ-၁ ဘုရင်ကြီး (အေဒီ ၁၅၅၆-၁၆၀၅) လက်ထက်တွင် ဘာသာရေး
လွတ်လပ်ခွင့်ပေးခဲ့သည်။ ထို့ကြောင့် ဗာရဏသီရှိ ဟိန္ဒူကျောင်းတော်များနှင့် အဆင့်မြင့် သက္ကတပညာ
ရေးစနစ်သည် ပြန်လည်ထွန်းကား စည်ပင်အားကောင်းလာခဲ့သည်။ သို့ဖြစ်၍ ဗာရဏသီသည် အဆင့်မြင့်
ပညာသင် ကျောင်းတော်ကြီးများ စုဝေးရာအရပ် ဖြစ်လာခဲ့သည်။
(အေဒီ ၁၆ ရာစု)တွင် အိန္ဒိယပြည်တစ်ဝန်းလုံးမှလည်းကောင်း၊ ပြည်ပ တိုင်းနိုင်ငံများမှလည်း
ကောင်း ဗေဒင်နက္ခတ်၊ သက္ကတဗျာကရုဏ်း(သဒ္ဒါ)၊ လောကီမန္တန်ယန္တရားနှင့် ဒဿနိကဗေဒများကို လေ့
လာသင်ယူလိုသူများသည် ဗာရဏသီသို့ သွားရောက်ကာ နာမည်ကြီး ဆာဒူးကြီးများနှင့် ပညာရှိဗြာဟ္မဏ
ပုဏ္ဏားကြီးများထံတွင် တပည့်ခံ၍ ဆည်းပူးခဲ့ကြရသည်။ ထိုကာလသည် ဦးမြ၀ါ၊ မင်းဘာကြီး၊ မဟာပညာ
ကျော်တို့ ပညာတော်သင် သွားရောက်ခဲ့သည့် ကာလနှင့်တိုက်ဆိုင်နေသည်။
ဗာရာဏသီတွင် ဘုရင်မင်းဘာကြီးဖြစ်လာမည့် ဘစောသီရိ က တိုင်းပြည်အုပ်ချုပ်သော စီမံ
ခန့်ခွဲရေးပညာနှင့် စစ်ရေးစစ်ရာပညာ တို့ကိုသင်ယူခဲ့သည်။ မဟာပညာကျော်ဖြစ်လာမည့် မြတ်သာထွန်း
မှာ တရားစီရင်ရေးပညာ၊ ဓမ္မသတ်ကျမ်း၊ စစ်ရေးစစ်ရာပညာတို့ကို သင်ယူခဲ့သည်။ မောင်မြဝါမှာ ဆေးဝါး
မန္တာန် ၊ ဓာတ်ပြောင်း-ဓာတ်ခွာ စသည့် ဂန္ဘီရ အတတ်ပညာများကို သင်ကြားခဲ့ကြသည်။
မင်းဗာဘုရင်နှင့် မဟာပညာကျော်တို့သည် (၃)နှစ်လေပြည့်သော် ပညာသင်ကြားမှု ပြီးဆုံး၍
မြောက်ဦးမြို့တော်သို့ ပြန်လာခဲ့ကြသည်။ ဦးမြဝါမှာ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ သီရိဗိဿနိုး ရသေ့
ကြီးတစ်ဦး ထံ တပည့်ခံပြီး (၂၀) နှစ်တိုင်တိုင် အလွန်ခက်ခဲ့နက်နဲ့သော လောကီဂမ္ဘီရပညာများဖြစ်သော
ဓာတ်ပြောင်း၊ ဓာတ်ပြန်အတတ်၊ ရုပ်ဓာတ်များကိုမြူလေးပါးဖြစ်သော ရတရေမြူ ၊ ကဇ္ဇာရေမြူ ၊ အဏုမြူ၊
ပရမာအဏုမြူစသည်ဖြင့် ဉာဏ်ဖြင့်ခွဲစိပ်ကြည့်ပုံ၊ ဘူတရုပ်များစုပေါင်းပြီးသဘာဝရုပ်၊ ကလာပရုပ်၊ ဃဏ
ရုပ်ဖြစ်လာပုံ၊ ရုပ်ဓာတ်များပေါင်းစည်းပုံ၊ ဖြိုဖျက်ပုံ စသောအတတ်ပညာများ၊ ဓာတ်ရိုက်ဓာတ်ငင်အတတ်၊
ယတ္တရာလေးဆယ်၊ပတ္တရာလေးဆယ်၊ ဝိကြမ္မသုံးဆယ် စသော လောကီအတတ်ပညာများကို ဆက်လက်
သင်ကြားနေခဲ့သည်။ ဦးမြဝါသည် ၂၃ နှစ်တာ ပညာသင်ကြားတတ်မြောက်လေသော် မိမိမွေးရပ်သို့ ပြန်
လိုကြောင်း ဆရာထံလျှောက်ထားလေသော် ပြန်ခွင့်မရဘဲ၊ သူနှင့်သာဆက်၍ နေဖို့တားမြစ်ထားသည်။
သို့သော်လည်း သျှင်မြဝါက ဆရာသင်ပေးသောပညာကို တပည့်တော် ရခိုင်ပြည်သူပြည်သား
များအတွက် အကျိုးရှိအောင်စွမ်းဆောင်ပါမည်။ လူမျိုး၊ဘာသာ၊ သာသနာတော်အတွက် အကျိုးရှိအောင်
စွန်းဆောင်ပါမည်ဟု ပြန်လျှောက်သောအခါ ဆရာရသေ့ကြီးက ပြန်ခွင့်ပြုလေသည်။
ဦးမြ၀ါသည် ရခိုင်ပြည်သို့ ပြန်လာကာ၊ တောင်ညိုတောင်၌ ရသေ့အအသွင်ဖြင့်နေပြီး၊ တောင်
ညိုတိုက်အနီးရှိ သာရပဗ္ဗတတောင်အနီး၌ လှိုဏ်ခေါင်းပြုလုပ်ပြီး တရားအားထုတ်ခဲ့သည်။ထိုလှိုဏ်ခေါင်း
ကို ယနေ့တိုင် ဦးမြဝါ လှိုဏ်ခေါင်း ဟုခေါ်နေကြသေးသည်။ဦးမြဝါ မြောက်ဦးသို့ရောက်ချိန်တွင် အသက်
(၃၉)နှစ် ရှိနေပြီဖြစ်သည်။ ထိုစဉ် သူ့သူငယ်ချင်းဖြစ်သော ဘစောသီရိ ခေါ် မင်းဘာကြီးမှာ မြောက်ဦး
နန်းတော်၌ သီရိသူရိယစန္ဒာမဟာဓမ္မရာဇာ ဟူသောဘွဲ့အမည်ဖြင့် ဘုရင်ဖြစ်နေသည်။သူငယ်ချင်း မြတ်
သာထွန်းလည်း မဟာပညာကျော် ဘွဲ့အမည်ဖြင့် ပညာရှိအမတ် ဖြစ်နေလေသည်။
ဦးမြ၀ါသည် ငယ်စဉ် ကတည်းကပင် ထက်မြက်ပြီး ဆန်းကြယ်သောအတတ်ပညာရပ်များ
အပေါ် စိတ်ပါဝင်စားမှု အားကောင်းခဲ့သည်။ ဦးမြ၀ါသည် မြောက်ဦးသို့ ပြန်ရောက်လာချိန်တွင် မိမိတတ်
ကျွမ်းထားသော နက္ခတ်ဗေဒ၊ ယန္တရားနှင့် အစီအရင် ပညာရပ်များကို အသုံးပြုကာ တိုင်းပြည် နှင့် လူမျိုး
အတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ခဲ့သည်။ ပထမ နမန္တာခေါ် ဓာတ်ကျမ်းကြီး ကိုပြုစုခဲ့သည်။
မင်းဘာဘုရင်ကြီး စိုးစံနေသည့်ကာလတွင် တိုင်းတပါးရန်သူ ပေါ်တူဂီတို့ လာရောက်တိုက်
ခိုက်ခြင်းကိုလည်း အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပြီး၊ ဘင်္ဂါ (၁၂)မြို့ကို စစ်အောင်နိုင်ခဲ့သည်။ အနောက်
မဇ္စျိမဒေသမှ ရရှိခဲ့သော ဓာတ်တော်မွေတော်များကို ဌာပနာထည့်၍ စေတီတည်ရန် ဦးမြဝါနင့်တိုင်ပင်ပြီး၊
မြောက်ဦးနန်းတော် အနီးရှိ ဖိုးခေါင်တောင်ကို မြေညှိလျှက် မဏ္ဍိုင်ငါးရပ်ကို ဓာတ်တော် မွေတော်ပေါင်း
သျှစ်သောင်းကို ဌာပနာ၍ ရန်အောင်ဇေယျ ခေါ် သျှစ်သောင်းပုထိုးတော်ကြီးကို သက္ကရာဇ် ၈၉၇ ခု၊ တန်
ဆောင်မုန်းလပြည့်နေ့ နေထွက်ချိန်တွင် တစ်ကမ္ဘာလုံးအေးချမ်းမှုရရှိစေရန် ရည်ရွယ်ပြီး ဦးမြ၀ါကိုယ်တိုင်
အစီအရင်များ ပြုလုပ်လျက် ပန္နက်ရိုက်တည်ထားခဲ့သည်။
ဦးမြဝါသည် မိမိ၏ ငယ်သူငယ်ချင်းဖြစ်သူ ဘုရင်မင်းဘာကြီးကို ကူညီသောအားဖြင့်လည်း
ကောင်း၊ ရခိုင်နိုင်ငံတော်ကို ချစ်စိတ်ဖြင့်လည်းကောင်း မြောက်ဦးမြို့ကို ရန်သူများ မတိုက်ခိုက်နိုင်စေရန်
နှင့် မြို့တော်သက်တမ်း ရှည်ကြာစေရန် ရည်ရွယ်၍ လျှို့ဝှက်ဆန်းကြယ်သော အစီအရင်အင်းကွက်များ
စွာကို မြို့၏ အချက်အချာနေရာများတွင် စီရင်စိုက်ထူထားခဲ့သည်။ သူစီရင်ခဲ့သော မဟာအင်းများသည်
ရန်သူတို့၏ မျက်စိကိုလှည့်စားခြင်းနှင့် မြို့တော်ကို ဘေးအန္တရာယ်အပေါင်းမှကာကွယ်ပေးခြင်းဟူသော
တန်ခိုးစွမ်းအင်များကို ဆောင်ကြဉ်းပေးခဲ့ပါသည်။
ဦးမြဝါသည် သျှစ်သောင်းပုထိုးတော်ကြီးကို တည်ထားပြီးမြောက်လျှင် မြောက်ဦးမြို့တော်၌
လုပ်သင့်သည့် အင်းယန္တရား အစီအရင်ကိစ္စများကို လုပ်ဆောင်ခဲ့သည်။ မဟာပညာကျော်၊ အဂ္ဂစိန္တေယျ
ဆရာတော်တို့နှင့် ညှိနှိုင်းပြီး ရှေးဟောင်းဓမ္မသတ်ကျမ်းများကို မှီငြမ်းကာ "ရွှေမျဉ်းဓမ္မသတ်ကျမ်းကြီး"
ကို ပြုစုခဲ့သည်။
သူသည် တိုင်းပြည်နှင့် ထီးနန်း တည်တံ့ခိုင်မြဲရေးအတွက် ပြင်းထန်သော ဂမ္ဘီရ အစီအရင်
တစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဦးမြဝါသည် မြောက်ဦးမြို့တော်အတွက် အကာကြီး အကာငယ်တို့ ကို စီမံနေရင်း၊ မြို့သက်တစ်ထောင်ရှည်စေရန် လပ်ဆောင်ရင်း မိမိအသက်ကို စတေးပေးသွားခဲ့ရသည်။
အကြောင်းရင်းမှာ မိမိတွက်ချ၍ အချိန်စေ့သောအခါ ကြာသပတေးနံကို စတေးခံရမည်ဖြစ်နေ၍ အခြား
လူအသက်ကို မသတ်လိုသည်ကတစ်ကြောင်း၊ စတေးရမည့်သူကို ရှာမည်ဆိုပါက အချိန်မရဖြစ်နေသည်
ကတစ်ကြောင်း စသောအကြောင်းရင်းများကြောင့် မိမိဝမ်းဗိုက်ကို ဓားဖြင့်ခွဲပြီး အူကိုနှုတ်ကာ မြို့ချာတိုင်
၌ရစ်ပတ်နေသည်။ သူလဲကျသေဆုံးသောနေရာတွင် မြေမြုပ်သဂြိုဟ်ရန်မှာထားခဲ့လေသည်။ အူရစ်ပတ်
ခြင်း ကုန်ဆုံးသည်နှင့်မြေပြင်ပေါ်သို့ လဲကျသေဆုံးခဲ့သည်။
ဦးမြဝါသည် သက်တော် ၄၅ နှစ်၊ သက္ကရာဇ် (၈၉၉ ) ခုနှစ်တွင် တိုင်းပြည်အတွက် အသက်
ကို စတေးခဲ့သော မျိုးချစ်အာဇာနည်ပုဂ္ဂိုလ်ဖြစ်ပေသည်။ မင်းဗာဘုရင်မှာ ပညာရှင်တစ်ဦး ဆုံးရှုံးလိုက်ရ
သဖြင့် ယူကျုံးမရ ဝမ်းနည်းခဲ့ရပြီး၊ ရခိုင်နိုင်ငံအတွက်ကျေးဇူးရှိသော သူငယ်ချင်းဖြစ်သူ ဂမ္ဘီရပညာရှင်ကို
မြေတွင်မြုပ်၍ သာမန်လူတစ်ဦးကဲ့သို့ သဂြိုဟ်မှုကို မပြုလုပ်လိုပေ။
သို့ဖြစ်၍ ဘုရင်ကြီးသည် အခမ်းအနားကို ကြီးကျယ်စွာပြုလုပ်ကာ သဂြိုဟ်မည်ဖြစ်ကြောင်း
အမိန့်ထုတ်၍ မီးသဂြိုဟ်စေကာ သျှစ်သောင်းဘုရား၏ တောင်ဘက်၊ ဘုရားပေါင်းတောင်စွယ်တွင် အရိုး
ပြာကို ဂူသွင်းမြှတ်နှံထားပေးခဲ့သည်။ ထိုနေရာကို ယနေ့တိုင် ဦးမြဝါသင်္ချိုင်းဟု ခေါ်နေကြသေးသည်။
ဦးမြဝါသေဆုံးပြီးသောအခါ သူ့ကိုရည်စူး၍ လှူဒါန်းရရှိခဲ့သော ရွှေငွေ ပစ္စည်းတို့နှင့် ဦးမြဝါ၌
ကျန်ခဲ့သော ပစ္စည်းများကို ဌာပနာပြီး၊ မင်းဗာဘုရင်သည် သက္ကရာဇ် ၈၉၉ ခု ခရစ်နှစ် ၁၅၈၇ တွင် ဦးမြဝါ
စေတီကို တည်ထားပေးခဲ့သည်။ စေတီတည်ထားခဲ့သာတောင်ကိုလည်း ဦးမြဝါတောင်ဟု ဂုဏ်ပြုခေါ်တွင်
စေခဲ့သည်။
ဤသို့ မိမိကိုယ်ကိုစတေး၍ အစီအရင်များကို ပြုလုပ်ခဲ့ခြင်းကြောင့် မြောက်ဦးမြို့တော်သည်
ရန်သူတို့ မဖျက်ဆီးနိုင်သော ကာကွယ်ရေးခိုင်ခံ့သည့် မဟာမြို့ပြကြီးအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့ရခြင်း
ဖြစ်သည်။ ဦးမြဝါသည် တိုင်းပြည်အတွက် မိမိ၏ပညာ၊ ဘဝနှင့် အသက်ကိုပါ ပေးဆပ်သွားခဲ့သဖြင့် ရခိုင်
သမိုင်းတွင် မော်ကွန်းတင်ရမည့် ထူးခြားဆန်းကြယ်သော မျိုးချစ်အာဇာနည် ဂမ္ဘီရပညာရှင်အဖြစ် ယနေ့
တိုင် ရှင်သန်ကျော်ကြားနေရခြင်းဖြစ်ပါသည်။
ယခုဖော်ပြသောအင်းကွက်မှာ ဦးမြ၀ါတောင်မှရသော အင်းကွက်ဖြစ်ခြင်းကြောင့် အင်းကွက်
အမည်ကို “ဦးမြ၀ါတောင်အင်း” ဟု အမည်ပေးထားရခြင်းဖြစ်သည်။ အင်းကွက်ကို အလျား ၁၂ ကွက်၊
အနံ ၁၂ ကွက်၊ (၁၂x၁၂=၁၄၄ / ၁+၄+၄=၉) အင်းကွက်ဖြစ်သည်။
အင်းပညာတွင် ဤမျှကြီးမားပြီး၊ ၁၂ x ၁၂ လီ အကွက်စိတ်များစွာပါသော အင်းကွက်ကြီးကို
"မြို့ချုပ်အင်း" သို့မဟုတ် "မဟာယန္တရားကြီး" ဟု ခေါ်ဆိုနိုင်သည်။ မြောက်ဦးမြို့ကို ရန်သူများ တိုက်
ခိုက်၍မရအောင်စီရင်ရာတွင် ဤအင်းကွက်သည် ရန်သူ့မျက်စိကိုလှည့်စားခြင်း၊ ရန်သူ့စိတ်ကို ထိတ်လန့်
တုန်လှုပ်စေခြင်း စသည့် အစီအရင်များပါဝင်နေသည်ဟု ယူဆရပြီး၊ ရန်သူများ မြောက်ဦးမြို့အနီးရောက်
လာပါက လမ်းပျောက်ခြင်း သို့မဟုတ် ကြောက်ရွံ့ထွက်ပြေးခြင်းစသော အစီအရင်များကို ဤအင်းကွက်
က ပုံဖော်ပေးသော သဘောရှိသည်။
ဦးမြ၀ါတောင် အင်းကွက်သည် သင်္ချာအင်းမျိုးမဟုတ်ဘဲ၊ ရှေးဟောင်း ရခိုင်အက္ခရာများနှင့်
သက္ကတ/ပါဠိ စကားဝှက်များ ပေါင်းစပ်ပါဝင်နေသည့်"အက္ခရာအင်းကြီး" ဖြစ်သည်။ ဦးမြ၀ါသည် အိန္ဒိယ
ဆာဒူးကြီးများထံမှ ရရှိခဲ့သော ယန္တရားအင်းပညာဖြင့် အက္ခရာတစ်လုံးချင်းစီကို အသက်သွင်းပြီး၊ စီရင်
ထားခြင်း ဖြစ်သည်။ အင်းကွက်အတွင်းရှိ ဗျည်း၊သရ သင်္ကေတများသည် ဆိုင်ရာနတ်မင်းကြီးများ၊ ဂြိုဟ်
မင်းများနှင့် ပြည်စောင့်ဝိဇ္ဇာဓိုရ်များကို ပင့်ဖိတ်ကာ စောင့်မပေးရန် သဘောတရားများ ပါရှိမည်ဟု ယူဆ
ရသည်။
ဦးမြ၀ါတောင်အင်းကွက်၏ အလယ်စာလုံး အင်းဆံအက္ခရာများမှာ လှံဖျား၊ ဓားဦးတို့နှင့် ထိုး
ခုတ်ခံထားဟန်ရှိခြင်းကြောင့် အင်းဆံစာလုံးတစ်ချို့မှာ ပျက်စီးသွားခဲ့လေပြီး၊ အင်းကွက်ကျောက်ချပ်ကို
ယခု မြောက်ဦးပြတိုက်တွင် ခင်းကျင်းပြသထားသည်။
ဦးမြဝါသည် မိမိဝမ်းဗိုက်ကိုခွဲ၍ အူဖြင့် မြို့အူချာတိုင်ပတ်ကာ မြို့သက်ရှည်အောင် စီရင်ခဲ့
သူဖြစ်ရာ၊ ဤအင်းကွက်သည် မြောက်ဦးခေတ်က ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့အတွက် အလွန်အရေးပါ
သော အင်းကွက်တစ်ခု ဖြစ်ကြောင်းကို ကျောက်ပြားပေါ်၌ မှတ်တမ်းတင်ထားသော အင်းကြီးဖြစ်သည်။
တိုင်းပြည်တွင် ကြုံတွေ့ရမည့် နက္ခတ်ဆိုး၊ ဂြိုဟ်ဆိုးများ၏ အရှိန်အဝါကို လမ်းလွှဲ ပယ်ဖျက်
ပြီး၊ တိုင်းပြည်ကို အကျိုးပြုမည့်ကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်းများသာ မြောက်ဦးမြို့တော်သို့ ကျရောက်
စေရန် ကောင်းကင်နက္ခတ် စွမ်းအင်ကို ဖမ်းယူထိန်းညှိပေးသည့် "နက္ခတ်တံခါး" သဖွယ် စီရင်ထားခြင်း
လည်း ဖြစ်နိုင်သည်။
ဦးမြဝါ စီရင်ခဲ့သော ဦးမြဝါတောင် ကျောက်အင်းကွက်သည် သာမန်အတတ်ပညာရှင်တစ်ဦး
၏ လက်ရာမဟုတ်ဘဲ၊ နိုင်ငံနှင့်လူမျိုးအတွက် အသက်ကိုပါ စတေးဝံ့သည့် နိုင်ငံချစ်စိတ်၊ အိန္ဒိယနှင့်ရခိုင်
ဂမ္ဘီရပညာရပ်များ ပေါင်းစပ်မှုတို့ဖြင့် ဖြစ်တည်လာသော " မြောက်ဦးမြို့တော်၏ မဟာကာကွယ်ရေး
အင်းကြီး" ဖြစ်မည်သည်ဟု လေးနက်စွာယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုးကား–
ဆရာကြီးဦးသာထွန်းရေးသားသော သျှင်မြဝါအကြောင်းလက်ရေးစာမူ
ရာဇဝင်ဆရာကြီးဦးသာထွန်းအောင်ရေးသားသော ရခိုင်မဟာရာဇဝင်တော်ကြီး
ရမ်းဗြဲတောင်ကျောင်း ဆရာတော် အသျှင်စန္ဒမာလာလင်္ကာရ ရခိုင်ရာဇဝင်သစ်ကျမ်း
ဦးကျော်ကျော်လှ ( ရခိုင်အာဇာနည် သျှင်မြဝါ အတ္ထုပတိ စာအုပ် )
မြောက်ဦးမြို့ထင်ရှားသော ဘုရားများ၏သမိုင်း ( မြောက်ဦးဂေါပက အဖွဲ့)

No comments:
Post a Comment