Saturday, January 12, 2013

ALD က ခေါင်းဆောင်တွေ ရခိုင်ပြည်နယ် အနှံ့ သွားနေကြတာ ဘာကြောင့်လဲ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီက ခေါင်းဆောင်တွေဟာ ရခိုင်ပြည်နယ်က မြို့တွေ၊ ရွာတွေကို ကိုယ်တိုင် သွားရောက်ပြီး ရခိုင်လူထုနဲ့ တွေ့ဆုံနေကြပါတယ်။ အခုလို ရခိုင်ပြည်နယ် အနှံ့ကို သွားနေကြတဲ့ သူတွေကတော့ ဥက္ကဌ ဦးအေးသာအောင်၊ ဒုဥက္ကဌ ဦးကျော်မျိုးအောင်၊ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မီတွေဘဲ ဖြစ်ကြပါတယ်။  အဆိုပါ ခရီးစဉ်နဲ့ ပတ်သက်ပြီး သိရှိရအောင် ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်ကို မောင်ရမ္မာက ဆက်သွယ် မေးထားပါတယ်။

မေး။ ဘကြီးတို့  ALD ပါတီက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တွေကို သွားရောက်ပြီး လူထုတွေ့ဆုံ ဆွေးနွေးပွဲကို လုပ်ဆောင်နေတယ်လို့ ကြားသိရပါတယ်။ ဘယ်နေ့ကပင် စတင်ပြီး ဘယ်နေရာတွေမှာ လုပ်ဆောင်ခဲ့ပါ သလဲ။

ဖြေ။ ဒီလ ၁၇ ရက်နေ့မှာ စထွက်တယ်။ ၁၈ ရက်နေ့မှာ စလုပ်ပါတယ်။ အဲဒီနေ့မတိုင်မီ ၂ ရက် အလိုမှာ ဂွမှာ လုပ်ခဲ့ပါတယ်။ ရွာသူရွာသား၊ မြို့သူမြို့သားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။ အဲဒီကနေပြီးတော့ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ၊ အဲဒီမြို့တွေမှာလည်း မြို့ပေါ်လူထုတွေ၊ ကျေးရွာအုပ်စုက လူထုတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။
မေး။ အခုလို ရခိုင်ပြည်နယ်အနှံ့ လူထုတွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။
ဖြေ။ အဓိကတော့ ဒီလိုနိုင်ငံရေးအခြေအနေ အလှည့်အပြောင်းတခု ဖြစ်နေတဲ့အချိန်မှာ ကျေးရွာသူကျေးရွာ သားတွေ၊ မြို့နေလူထုတွေသိဖို့၊ ကိုယ်တိုင်လဲ အဲဒီနိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ကြဖို့၊ နောက်တချက်က တချိန်က အာဏာရှင်စနစ်  ကနေ အခု ဒီမိုကရေစီစနစ်သို့ ကူးပြောင်းဖို့ ကြိုးပမ်းနေကြတဲ့အချိန်မှာ ကျေးရွာအုပ်စု၊ မြို့နယ်ကလူထုတွေ သိဖို့၊ ကိုယ် ကိုယ်တိုင် ဒီမိုကရေစီ အလေ့အကျင့်တွေကို ကျင့်သုံးဖို့၊ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရစ ၁၉၄၈ ခုနှစ်ကပင် ပြည်ထောင် စု မြန်မာနိုင်ငံဆိုပြီး တည်ထောင်ခဲ့တယ်။ ဒါပေမယ့် အမည်အားဖြင့် ပြည်ထောင်စု၊ အနှစ်သာရမှာ တပြည်ထောင်စနစ်နဲ့ သွားလာတာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ တပြည်ထောင်စနစ်ကနေ အခု ပြည်ထောင်စုစနစ်ကို ပြောင်းဖို့လိုတယ်။ အထူး သဖြင့် ဖယ်ဒရယ်ပြည်ထောင်စုကို ပြောင်းဖို့လိုတယ်။ ဒီလိုပြောင်းဖို့ လုပ်နေတဲ့ကြားထဲက ရခိုင်ပြည်နယ်မှာ အရေးအခင်း တွေဖြစ်လာတယ်။ ဒီအရေအခင်းရဲ့ လက်ရှိအခြေအနေ၊ အနာဂတ် အခြေအနေတွေဟာ ရခိုင်တမျိုးသားလုံးအတွက်၊ ပြည်ထောင်စုတခုလုံးအတွက် အန္တရာယ်ဖြစ်တယ်။ အဲဒီအန္တရာယ်ကို သတိရှိရှိ၊ အသိရှိရှိနဲ့ ရေတိုရေရှည်စဉ်းစားပြီးတော့ တမျိုးသားလုံး ညီညီညွတ်ညွတ်နဲ့ ကာကွယ်ဖြေရှင်းသွားဖို့ လိုအပ်တဲ့ အကြောင်းအရာတွေကို သိရှိလာအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။
မေး။  ရခိုင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ အောင်မြင်မှုမျိုးတွေ ပြောပြပေးပါ။
ဖြေ။ အခက်အခဲကတော့ ရခိုင်ပြည်နယ်ထဲမှာ လမ်းတွေကမကောင်း၊ သွားရ လာရတာ အရမ်းခက်ခဲတယ်။ ဘကြီးတို့က အသက်ကြီးတဲ့ပြီး ကျန်းမာရေးကလဲ မကောင်းဆိုတော့ ကျောက်ခင်းလမ်းတွေကို ကားနဲ့သွားလာတဲ့အခါ အခက်အခဲတွေ တွေ့ရတယ်။  အောင်မြင်မှုကတော့ ရွာသူရွာသားတွေ၊ ပြည်သူပြည်သားတွေကလဲ တကယ့်ကို တက်တက်ကြွကြွနဲ့ ကြိုဆိုကြတယ်။ စိတ်ဝင်တစားနဲ့ လာရောက်နားထောင်ကြတယ်။ တောင်ကုတ် ရွာမမှာဆိုရင် ညနေ ၁၀ နာရီအထိ စိတ်ဝင်တစား လာရောက်နားထောင်ကြတယ်။
မေး။ ရခိုင်ပြည်နယ်က မြို့တချို့မှာ ဘကြီးတို့ စည်းရုံးရေးခရီးစဉ်အတွင်းမှာ အာဏာပိုင်တွေရဲ့ ဟန့်တားမှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ကြားရပါတယ်။ ဟုတ်ပါလား။
ဖြေ။ ဒီလို ဖြစ်တာက ပလက်ဝကို ဘကြီးကို ဖုန်းဆက်တော့ သိရတာပါ.  မြို့နယ်စည်းရုံးရေး ခရီးထွက်တဲ့ အခါမှာ စည်းရုံးရေး ခရီးထွက်ဖို့ ကျေးရွာ အတော်များများကို တင်ပြတဲ့အခါမှာ ပယ်ချတာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် စည်းရုံးခွင့်ရတဲ့ ကျေးရွာတွေ မှာတော့ ရွာသားတွေက ရွာလုံးကျွတ်အားပေးကြတယ်၊ လာရောက်ကြိုဆိုကြတယ်လို့ ပြောပါတယ်။
မေး။  ALD အနေနဲ့ ရခိုင်ပြည်နယ်မှာ လူထုဆွေးနွေးပွဲတွေကို ဆက်ပြီး လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါသေးလား။
ဖြေ။ ဘကြီးတို့ ပါတီက ပြန်ပြီး မှတ်ပုံတင်တာကလဲ နောက်ကျတယ်။ မှတ်ပုံတင်ပြီးတော့ မကြာခင်ဘဲ ဘင်္ဂလီအရေးအခင်း ဖြစ်လာတယ်။ အဲဒီအရေးအခင်းမှာလည်း ဘကြီးက ပါတီကိုယ်စား ရခိုင်ပြည်နယ်အတွင်းက ဖြစ်ပျက်တဲ့ မြို့နယ်တွေကို သွားရတယ်။ နောက်တခါ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့လည်း တခေါက်လိုက်ရတဲ့ အခါမှာ ပါတီအနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေတွေကို ရှင်းပြဖို့ အခွင့်အရေးတွေ၊ အချိန်အခါတွေ မရခဲ့ဘူး။ အခုမှဘဲ ရလာတယ်။ ရလာတဲ့အချိန်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းကို သွားပြီးတော့ လက်ရှိ နိုင်ငံရေးအခြေအနေတွေကို ဆက်လက် ရှင်းပြဖို့ရှိပါတယ်။
မေး။ ALD ပါတီအနေနဲ့ ရခိုင်ပြည်နယ်အထဲက လူငယ်တွေကို နိုင်ငံရေးအသိပညာ ဖွံ့ဖြိုးရေးသင်တန်းတွေ ပို့ချပေးတယ်လို့ သိရပါတယ်။ ဘယ်အတိုင်းအတာထိ ပို့ချပေးပြီးပြီလဲ။
ဖြေ။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော် အာဏာရှင်စနစ်အောက်မှာ နေလာကြရတဲ့ ပြည်သူတွေ၊ အထူးသဖြင့် ရခိုင် ပြည်သူတွေဟာ ကြောက်စိတ်ဝင်နေကြတယ်။ အဲဒီလို ကြောက်စိတ်တွေနဲ့ နေကြရတဲ့ လူငယ်တွေကို ရန်ကုန်ကို ခေါ်ပြီးတော့ အရည်အချင်း မြှင့်တင်ရေးသင်တန်းတွေ ပို့ချပေးနေတယ်။ အခု ရခိုင်ပြည်မြောက်ပိုင်း ၁၀ မြို့နယ်က လူငယ်တွေကို သင်တန်းပေးပြီးပြီ။ လာမည့် တစ်လပိုင်းလောက်မှာ တောင်ပိုင်း ၇မြို့နယ်နဲ့ ရခိုင်က ရခိုင်လူငယ်တွေကို အဲဒီလို အရည်အသွေးမြှင့်တင်ရေး၊ အရည်အချင်းမြင့်တင်ရေး သင်တန်းတွေ ထပ်ပြီးပေးသွားဖို့ အစီအစဉ်ရှိပါတယ်။

ကိုးကား။ http://www.narinjara.com/burmese/?p=3302

No comments:

Post a Comment