Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, April 9, 2022

ပညာရှိ သတိဖြစ်ခဲ့

=========== ****************** ရန်ကုန်မြို့ ၊ ဒက္ခိဏတိုင်း၊ အငြိမ်းစားစိုက်ပျိုးရေးဝန်၊ အငြိမ်းစား ယဉ်ကျေးမှုဗိမာန် ညွှန်ကြားရေးဝန်၊ သီရိပျံချီ ဦးသာမြတ် M.A(Rgn.),B.Ag; (Bom.) သည် 8.11 .1963 ခုနှစ်တွင် စီစဉ်ရေးသားသော “ ပျူဖတ်စာ Pyu Reader (A HISTORY OF PYU ALPHABET ” စာအုပ်၊ စာမျက်နှာ (၄၄) တွင် မောင်ဂံရွှေပေချပ်ကို မြန်မာအက္ခရာ ဖလှယ်ရေးသွင်းရာ၌ ကျန်နေခဲ့သော “ပဉ္စန္ဒြိယာနိ” ဟူသော စကားရပ် တစ်ခု ကို ဖော်ပြလိုက်ပါသည်။

(ဇ) အက္ခရာကို ဗြဟ္မီအက္ခရာမှ ရက္ခ၀ဏ္ဏအက္ခရာသို ပြောင်းလဲ ရေးသားခဲ့သော ရခိုင်ဝေသာလီ ဓမ္မ၀ိဇယမင်း

================================ အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ (၃၉-၄၀)တွင်ပါ ဓမ္မ၀ိဇယမင်းသည် တိုင်းပြည်ကို (၃၆) နှစ် တိုင်အောင် စိုးစံအုပ်ချုပ်ခဲ့သော မင်းတစ်ပါးဖြစ်ပြီး။ ထိုမင်း၏ နန်းစံနှစ်ကာလ အတိအကျမှာ ( အေဒီ ၅၈၅ မှ ၆၂၁ ) အထိ ဖြစ်သည်။ ဓမ္မ၀ိဇယမင်း လက်ထက်၌ ယနေ့ မြန်မာနိုင်ငံ၌ aရးသားသုံးစွဲနေသော ဗျည်း (၃၃) ပါ အက္ခရာများထဲမှ ( ဇ ) အက္ခရာကို နှစ်မျိုး ရေးထိုးထားကြောင်း ထိုမင်းခပ်နှိပ်ခဲ့သော ဒင်္ဂါးများ၌ တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့ ရခိုင်စာပီ၊ မြန်မာစာပေလောကတွင် ရေးသားသုံး စွဲနေသော (ဇ) အက္ခရာသည် ရခိုင်ဝေသာလီတိုင်းပြည်မှ ဓမ္မ၀ိဇယမင်း လက် ထက် ( အေဒီ ၆ - ရာစု) ၌ ဗြဟ္မီအက္ခရာမှ ရက္ခ၀ဏ္ဏအက္ခရာသို့ ပြောင်းလဲ ရေးသားခဲ့သည်ဟု ယူဆရသည်။

ရခိုင်ပြည်သူ/သားများကို ဂျင်းပြုတ်ရည် တိုက်ခဲ့သောဒင်္ဂါး။

================================== 24.1.2018) နေ့ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ရန်ကုန်တိုင်းေ ဒသကြီးအစိုးရအဖွဲ့ဝင်၊ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီးဌာနနှင့် ရခိုင်စာပေ ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)တို့ ပူးပေါင်းစီစဉ်သော အာနန္ဒစန္ဒြမင်းကျောက်စာ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေး အကြိုပြုလုပ်သော “Seminar on Sanskrit Literature of Rakhine” (ရခိုင် မှ သက္ကတစာပေ ဆိုင်ရာ) နိုင်ငံတကာစာတမ်း ဖတ်ပွဲ တစ်ခုကို ကျင်းပခဲ့သည်။ ထိုနိုင်ငံတကာစာတမ်းဖတ်ပွဲတွင် အယနာ စာပီ အဖွဲ့မှ အာနန္ဒစန္ဒြမင်း ကျောက်စာမှ နောက်ထပ်အသစ်တွေ့ရှိချက်များကို နိုင်ငံတကာပညာရှင်များရှေ့တွင် ချပြဟောပြောနိုင်ခဲ့ သည်။ ထို နိုင်ငံတကာ စာတမ်းဖတ်ပွဲတွင် ပရော်ပဆာ ဒေါက်တာအာလိုဂရဖ် က ဘင်္ဂလားဒေခ်ျ့နိုင်ငံ ဒက္ကားပြတိုက်တွင်ရှိသော ရခိုင်ဝေသာလီနှောင်းခေတ် ဒင်္ဂါးနှစ်ပြားကို အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ တတိယ မင်းဖြစ်သော “ကာလစန္ဒြမင်း” ဒင်္ဂါးဟု (ဂျင်း) အကြီးကြီး ထည့်ကာ ဟောပြောချပြခဲ့သည်။ ဒေါက်တာအာလိုဂရဖ်ဖိစ် ချပြခဲ့သော ဒင်္ဂါးသည် ကာလစန္ဒြမင်း ဒင်္ဂါး ဟုတ် မဟုတ်ကို ရခိုင်ပြည်က ဝေသာလီခေတ် ကျောက်စာပညာရှင်များ၊ ဝေသာလီခေတ် ကျောက်စာများကို လေ့လာလိုက်စားသူများ ဖတ်ရှု အကဲဖြတ်ပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

Wednesday, December 1, 2021

မြောက်ဦးခေတ် အနောက်ဘုရင်ခံ ဒင်္ဂါးများ

 




*****************************

  ဖော်ပြပါဒင်္ဂါးပုံများမှာ (အေဒီ ၁၅ ရာစု ) မှ (အေဒီ ၁၇ ရာစု ) ကာလအတွင်း မြောက်ဦးမင်းနေပြည်တော်မှ အနောက်ဘင်္ဂလားနယ်မြေကို အုပ်ချုပ်ရန် ခန့်အပ်ခဲ့သော အနောက်ဘုရင်ခံဒင်္ဂါးပုံ ကားချပ်များဖြစ်ပါသည်။ ထို အနောက်ဘုရင်ခံ ဒင်္ဂါးပုံကားချပ်များကို အိမ်ဧည့်ခန်း၊ ကိုယ်ပိုင်ပြခန်း၊ ဟော်တယ်တို့တွင် အလှပြချိတ်ဆွဲရန် အတွက်သော် လည်းကောင်း၊ လက်ဆောင်ပေး ရန်အတွက်သော်လည်းကောင်း  ၀ယ်ယူလိုပါက  ဆက်သွယ်နိုင်ပါသည်။

မြောက်ဦးခေတ် အနောက်ဘုရင်ခံဒင်္ဂါးပုံ ကားချပ်များကို All in One  Plate ၌ ပရင့်တာစက်ကြီးဖြင့် စတေကာပြားကြီးပေါ်၌  ရိုက်နှိပ် ပြုလုပ်ထားသည်။ ယင်းအပေါ်မှာ ပလက်စတိတ် တစ်ထပ်လောင်း သောကြောင့် ဆေးသားမပြေ တစ်သက်အာမခံသည်။ ရေစိုခံသည်။ ၀ယ်ယူလိုပါက ဘောင်ပါ အပြီးအစီး ဈေးနှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

All in One Plate Print

18” x 12” 45000

24” x 18” 60000

30” x 20” 80000

36” x 24” 90000

Canvas Print

18” x 12” 45000

24” x 18” 60000

30” x 20” 80000

36” x 24” 90000

 

ဆက်သွယ်ပါရန်။ မောင်ဖြူ (ကြွီတဲကျွန်း) ဖုန်း 095122182

 

Wednesday, June 16, 2021

ဒင်္ဂါးခပ်နှိပ်ရန် (မို) ပုံစံခွက်လုပ်သည့် မိုဆရာ အမှားလုပ်ခဲ့မိသော ရခိုင်ဝေသာလီခေတ် ဒင်္ဂါးသုံးပြား ရှင်းလင်းချက်



==================================
ဖော်ပြဒင်္ဂါးသုံးပြားသည် ဒင်္ဂါးခပ်နှိပ်ရန် ပုံစံခွက် (Mould) ပြုသည့်အခါ မှားယွင်းခဲ့သော ဒင်္ဂါးပြား များဖြစ်ကြသည်။ မည်သည့်နေရာ၊ မည်သည့်အမှတ်အသားများက မှားသနည်းဟူမူကား ဒင်္ဂါးတွင်ရေးထိုးပါရှိသော မင်း အမည် စာလုံးများနှင့် ဒေသအမည်ကိုရေးထိုးထားသော စာလုံးများ မှားနေကြခြင်း ဖြစ်သည်။ 
 
အမှတ်စဉ်(၁) ဒင်္ဂါးရှင်းလင်းချက်။
*****************************
အမှတ်စဉ်(၁) ဒင်္ဂါး၏ နွားလားဥဿဘ လည်ပင်းတွင် ပုတီးကုံး ပါရှိပြီး၊ နွားလား၏အမြီးမှာ အောက်သို့ ချထားသည်။ ထိုသို့ နွားလားဥဿဘ လည်ပင်းတွင် ပုတီးကုံး ပါရှိပြီး၊ အမြီးအောက်သို့ချထားသော ဒင်္ဂါးများကို အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ ဒွေစန္ဒြမင်းအစ ဓရတိစန္ဒြမင်းအဆုံး မင်း(၁၃)ပါး တို့ခပ်နှိပ် ထုတ်လုပ်သုံးစွဲခဲ့ကြသည်။
အမှတ်စဉ်(၁) ဒင်္ဂါးတွင် ရေးထိုးပါရှိသော အက္ခရာစာလုံးများမှာ ( န္ဒြ > စ > မိ> ဘူ ) ဖြစ်သည်။ ဒင်္ဂါးပါ ( န္ဒြစတိဘူ ) မင်းအမည်သည် ရခိုင်ဝေသာလီ မင်းဆက်တွင် မပါရှိပေ။ သို့သော်လည်း ဒင်္ဂါးပါ အမှတ်အသား သင်္ကေတ လက္ခဏာများသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်း ဆက်မှ ဒင်္ဂါးပါ အမှတ်အသားများနှင့် တူညီ နေကြသည်။ ဒုတိယမင်းဆက်တွင် ဒင်္ဂါးပါ မင်းအမည် ( န္ဒြစမိဘူ) ဟူသော မင်းအမည်မပါရှိပေ။
ဒင်္ဂါးပါ ( န္ဒြ > စ > မိ> ဘူ ) စာလုံးများကို လက်ဝဲမှ လက်ယာသို့ အစဉ်အသင့် မဖတ်ဘဲ၊ လက်ယာမှ လက်ဝဲသို့ ပြောင်းပြန် ဖတ် သောအခါ (ဘူ>မိ>စ > န္ဒြ ) ဘူမိစန္ဒြ ဖြစ်နေသည်။ (ပုံ-၁)
အခြားသော ဘူမိစန္ဒြမင်း ဒင်္ဂါးများ၌လည်း (ဘူမိစန္ဒြ) ဟူ၍သာ ရေးထိုး ပါရှိကြသည် ။ ဘူမိစန္ဒြမင်းအမည်ကို အာနန္ဒစန္ဒြမင်ကျောက်စာ ကြောင်းရေ (၂၄-၂၅) ၊ဂါထာအမှတ် (၂၆ )တွင်ရေးထိုးပါရှိသည်။ ထိုဘူမိစန္ဒြမင်းသည် စန္ဒြဗ္ဒုမင်းကို ဆက်ခံသောမင်းတစ်ပါးဖြစ်ပြီး ၊ ရခိုင်ဝေသာလီကို (အေဒီ ၄၀၉ မှ ၄၁၆) အထိ ခုနစ်နှစ်တိုင်အောင် စိုးစံအုပ်ချုပ်ခဲ့သောမင်းဖြစ်သည်။
ဒင်္ဂါးခပ်နှိပ်ရန် ပုံစံခွက်ပြုလုပ်သည့်အခါ စာလုံးများအသင့်ပေါ်ရန် ရေးရာ၌ အစ စာလုံးကို လက်ယာဘက်အစွန်မှ အစပြုပြီး လက်ဝဲသို့ ပြောင်းပြန်ရေးသားကြရသည်။ သို့မှသာ ခပ်နှိပ်လိုက်သောအခါ လက်ဝဲမှ လက်ယာသို့ စီတန်း၍ အသင့်ပေါ်မည်ဖြစ်သည်။
ဥပမာ - ပုံစံခွက်၌ “ပှွးေခ” ရေးလျှင် ယင်းပုံစံခွက်ကို ရိုက်လိုက်သည့်အခါ “ခွေးပု” ဟု အသင့်ပေါ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။။
အမှတ်စဉ်(၁) ဒင်္ဂါးပါ စာလုံးများ(၀ါ) မင်းအမည်ကို ပုံစံခွက် ပြုလုပ်သူဆရာသည် အစစာလုံးဖြစ်သော (ဘူ)ကို လက်ယာဘက်မှ စတင်မရေးဘဲ လက်ဝဲဘက်မှ စတင်ရေးလိုက်မိသောကြောင့် ယင်းဒင်္ဂါးပုံစံခွက်ကို ရိုက်နှိပ် လိုက်သည့်အခါ (ဘူ) စာလုံးသည် အစစာလုံးအဖြစ်မပေါ်တော့ဘဲ အဆုံးမှ စာလုံးဖြစ်သွားသည်။ အခြားသော စာလုံးများသည်လည်း (ဘူ) စာလုံးနောက် အစဉ်လိုက်သောကြောင့် ဒင်္ဂါးတွင် (န္ဒြစမိဘူ) ဟူ၍ ဖြစ်ပေါ်သွားရခြင်း ဖြစ်ပေသည်။
ထို့ကြောင့် အမှတ်စဉ်(၁) ဒင်္ဂါး၌ ( န္ဒြစတိဘူ ) ဖြစ်နေခြင်းမှာ ဒင်္ဂါးပုံစံခွက် (Mould) ပြုလုပ်သူ ဆရာ၏ မှားယွင်းချက်ဖြစ်ကြောင်း တပ်အပ်သေချာ ပြောနိုင်ခြင်းဖြစ်သည်။ တိတိကျကျ ပြောရလျှင် ဤ မိုဆရာ၏ အမှားသည် လွန်ခဲ့သော နှစ်ပေါင်း ၁၆၁၂ နှစ် အမှားဖြစ်သည်။
 
အမှတ်စဉ် (၂) ဒင်္ဂါး ရှင်းလင်းချက်
*************************

 
 
အမှတ်စဉ်(၂) ဒင်္ဂါး၌လည်း နွားလားဥဿဘ လည်ပင်းတွင် ပုတီးကုံး ပါရှိပြီး၊ နွားလား၏အမြီးမှာ အောက်သို့ ထားသည့် ဒင်္ဂါးဖြစ်ကြောင့် အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ ခပ်နှိပ်ခဲ့သော ဒင်္ဂါးဖြစ်သည်။
အမှတ်စဉ်(၂) ဒင်္ဂါးတွင် ရေးထိုးပါရှိသော အက္ခရာစာလုံးများမှာ ( ဘ မ စ န္ဒြ ) ဖြစ်သည်။ ဒင်္ဂါးပါ ( ဘ မ စ န္ဒြ ) မင်းအမည်မှာ ရခိုင်ဝေသာလီမင်း ဆက်တွင် မပါရှိပေ။ သို့သော်လည်း ဒင်္ဂါးပါ အမှတ်အသား သင်္ကေ တ များသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ ဒင်္ဂါးပါ အမှတ် အသားသင်္ကေတများနှင့် တူညီ ကြသည်။ ဒုတိယမင်းဆက်တွင် ဒင်္ဂါးပါမင်းအမည် ( ဘမစန္ဒြ ) ဟူသော မင်းအမည် မပါရှိပေ။ ယင်းအပြင် ပထမမင်းဆက်၊ တတိယမင်းဆက်တွင်လည်း (ဘမစန္ဒြ) ဟူ၍ မပါရှိပေ။
ဒင်္ဂါးပါ ( ဘမစန္ဒြ ) စာလုံးများနှင့် အလားတူ အက္ခရာများဖြစ်သော မင်းတစ်ပါးအမည်မှာ အာနန္ဒစန္ဒြကျောက်ပါ ( ဘူမိစန္ဒြ) ဖြစ်သည်။ ထို့ကြောင့် အမှတ်စဉ် (ပုံ-၂)ဒင်္ဂါးကို ခပ်နှိပ်ရန် ပြုလုပ်သည့် ပုံစံခွက်(မို )ဆရာသည် ဒင်္ဂါးတွင် (ဘူမိစန္ဒြ) ကိုရေးထိုးသည့်အခါ (ဘ) စာလုံးတွင် (-ူ) နှစ်ချောင်းငင်ရေးရန် ကျန်ခဲ့ပြီး၊ (မိ) စာလုံးကို ရေးသည့်အခါ (-ိ) လုံးတင်စာလုံး ရေးရန် ကျန်ခဲ့သည်။ ထို့ကြောင့် (ဘမစန္ဒြ) ဖြစ်နေ ရခြင်း ဖြစ်သည်။ ဒင်္ဂါးခပ်နှိပ်သည့်အခါ ရိုက်ချက်မမှန်၍ မပေါ်ခြင်းဖြစ်ကြောင်း ပြောရန်မှာလည်း ခက်ခဲသည်။ အကြောင်းမှာ စာလုံးများသည် ထင်ရှားစွာပေါ်လွင်နေသောကြောင့်ဖြစ်သည်။
ယင်းအပြင် (ဘမစန္ဒြ) စာလုံး များကို ရေးရာတွင် (မ) စာလုံးသည် ပြုန်းကနဲ့ ကြည့်လျှင် (ယ) စာလုံးလို ဖြစ်နေသည်ဟု ယူဆ နိုင်သည်။ ထိုစာလုံးသည် (ယ) စာလုံးမဟုတ်ဘဲ၊ လက်ရေးကြမ်း လက်ရေးဆိုးခြင်းကြောင့် ယင်းသို့ ဖြစ်နေရခြင်း သာဖြစ်သည်။
ထို့ကြောင့် အမှတ်စဉ်(၂)ဒင်္ဂါးတွင် ရေးထိုးပါရှိသော (ဘမစန္ဒြ) မင်းအမည်မှာ (ဘူမိစန္ဒြ) မင်းအမည်ကို ရေးထိုးခြင်းဖြစ်ကြောင်းသိနိုင်လေသည်။ (ပုံ-၂)
 
အမှတ်စဉ်(၃) ဒင်္ဂါးရှင်းလင်းချက်။
************************
 

 
 
အမှတ်စဉ်(၃) ဒင်္ဂါးပြားသည် ရခိုင်ဝေသာလီအနောက်ဘုရင်ခံ ဒင်္ဂးပြားဖြစ်သည်။ ရခိုင်ဝေသာလီခေတ် အနောက်ဘုရင်ဒင်္ဂါးများကို များသောအားဖြင့် ယခုဘင်္ဂါးလားနိုင်ငံ၊ ဟရိကေဠ၊ ဆမတတ၊ မီနာမိတိ ၊ စစ်တကောင်း၊ ဒက္ကား၊ ကိုမီလာ၊ သျှီလတ် ဒေသများတွင် တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံ တြိပူရပြည်နယ် တွင်လည်း အများအပြားတွေ့ရသည်။ အနောက်ဘုရင်ခံ ဒင်္ဂါးအကြောင်းကို အကြောင်းသင့်သည့်အခါ ရှင်းလင်းဖော်ပြသွားပါမည်။ ဤပိုစ့်တွင် မဖော်ပြတော့ပေ။
အမှတ်စဉ်(၃) ဒဂ်ါးတွင် နွားလားဥဿဘလည်ပင်း၌ ပုတီးကုံးမပါချေ။ နွားအမြီးမှာလည်း ရခိုင်ဝေသာလီဒင်္ဂါးများကဲ့သို့ အောက်သို့ချထားသည့် အနေအထားမဟုတ်ဘဲ၊ အပေါ်သို့ ထောင်နေသော ပုံစံခပ်နှိပ်ထားသည်။ ရေးထိုးပါရှိသည့် စာမှာ ( ဟကေရိဠ) ဟူ၍ ဖြစ်သည်။
ဤသို့သော အနောက်ဘုရင်ခံဒင်္ဂါးပေါင်းမြောက်များစွာတွင် “ဟရိကေဠ” ဟူ၍သာ ရေးထိုးပါရှိသည်။ ဟရိကေဠ ဆိုသည်မှာ ရခိုင်ဝေသာလီခေတ်က စစ်တကောင်း ပတ်ဝန်းကျင် နယ်မြေကို ခေါ်ဝေါ်သော ဒေသအမည်ဖြစ်သည်။ ယခုအမှတ်စဉ်(၃) ဒင်္ဂါးတွင် ရေးထိုးထားသည်မှာ (ဟကေရိဠ) ဖြစ်နေသည်။ (ကေ)စာလုံးနေရာနှင့် (ရိ)စာလုံးနေရာတို့သည် ပြောင်းပြန်ဖြစ်နေကြသည်။ (ပုံ-၃)
 
 

 
အမှတ်စဉ် (၃) ဒင်္ဂါးပြား ပုံစံခွက် မို လုပ်သူသည် ဒင်္ဂါးတွင် ရေးထိုးသည့် (ဟရိကေဠ) ဟူသော စာလုံးကို ရေးရာ၌ (ကေ)စာလုံးနှင့် (ရိ) ကို နေရာ ပြောင်းပြန်ရေးးမိခြင်း ဖြစ်သွားသည့် ဒင်္ဂါးပြားဖြစ်သည်။
သို့ဖြစ်၍ အမှတ်စဉ်(၃) ဒင်္ဂါးသည် ဒင်္ဂါးပုံစံခွက် လုပ်သူ မိုဆရာ၏ အမှားဖြစ်ကြောင်း သိနိုင်သည်။ 
 
 
အမှတ်စဉ်(၃) မို အမှား ( ဟကေရိဠ )ဒင်္ဂါး နှင့် အခြား မိုအမှန် (ဟရိကေဠ) စာအမှန်ရေးထိုးထားသော ဒင်္ဂါးများနှင့် နှိုင်းယှဉ် တိုက်ဆိုင် ကြည့်ရှုနိုင်စေရန် ဖော်ပြလိုက်သည်။ (ပုံ-၄)
 


 
အမှတ်စဉ်(၁-၂) (မို အမှား) ဘူမိစန္ဒြဒင်္ဂါးနှင့် (မို အမှန် )ဘူမိစန္ဒြဒင်္ဂါးများကို နှိုင်းယှဉ်ကြည့်နိုင်ရန်လည်း တင်ပြလိုက်သည်။ (ပုံ -၅)
 

 
 
မောင်ဖြူ (ကြွီတဲကျွန်း)
16.6.2021

Thursday, January 28, 2021

ပိဋကတ်တော်လှူဒါန်းကြောင်း ရေးထိုးထားသော ဝေသာလီခေတ် ကြေးခေါင်းလောင်းစာ

 




************************************
ဝေသာလီမြို့ဟောင်းမှ ကျောက်စာဝန် ဦးစံရွှေဘု ရှာဖွေတွေ့ရှိသည်။
ခေါင်းလောင်းပတ်လည် (၁၈)လက်မခန့်၊အမြင့် (၉)လက်မခန့်ရှိသည်။
ခေါင်းလောင်းပတ်လည်တွင် စာနှစ်ကြောင်းရေးထိုးပါရှိသည်။ စာလုံးအချို့ ပျက်စီးနေသည်။
ရေးထိုးထားသည့် ဘာသာမှာ ပါဠိ သက္ကတရော ဖြစ်သည်။
အက္ခရာများကို ခန်းမှန်းချက်အရ ဂုပ္ပတခေတ် အေဒီ- ၅-၆ ရာစုခေတ် ဖြစ်သည်။
ခေါင်းလောင်းပါ စာ၏ အဓိပ္ပာယ်
=================
[ဘူပ(တိ)-ရေမြေသခင် ပြည်ရှင်မင်းသည်၊ အနုတရ -အတုမရှိသောမြတ်စွာဘုရား၏ ၊ ဓမ္မာယံ-တရားတော် ပိဋကတ်များအား ၊ဒေယြ-ပေးလှူခြင်း၏၊ ပုညံတဒ်-ကုသိုလ်ကောင်းမှုသည် ၊ ပုဗ္ဗင်္ဂမံ- ရှေးရှေးက တော်စပ်ခဲ့ သော ၊မာတာပိတ- ဖမည်းတော် မယ်တော်တို့အားလည်းကောင်း၊(အာ)စယျ - ဆရာသမားများ အတွက်သည် လည်းကောင်း ၊ ဘ၀တု ဖြစ်ပါစေသ တည်း။ ၊သဗ္ဗတာ-ခပ်သိမ်းကုန်သော၊ ဇနာ-လူတို့အားလည်းကောင်း ၊ ဣတိ -ဤကုသိုလ်ကောင်းမှုကို ၊ကတွာ ပြုလုပ်သည်။]
**
ဤခေါင်းလောင်းပါ စာအရ ဝေသာလီပြည်ရှင်မင်းတစ်ပါသည်။ အမိအဖ ၊ဆရာသမားတို့အား ရည်မှန်း၍ မြတ်စွာဘုရားရှင်၏ အတုမရှိသော တရားတော်ပိဋကတ်များကို လှူဒါန်းသည့်အကြောင်းကို ရေးထိုးထား သည်။ ယင်းအပြင် အလုံးစုံသော လူအပေါင်းတို့အားလည်း ဤကုသိုလ်ကို အမျှရကြစေရန် ပြုလုပ်သည်ဟု ရေးထိုးထားသည်ကိုတွေ့ရသည်။
***
ဘုရင်းမင်းသည် မြတ်စွာဘုရား၏ ပိဋကတ်တော်များကို လှူဒါန်းသည့်အခါ အခြားသော ပိဋကတ်တော် အလှူကမ္ဗည်းစာများ ရေးထိုးသကဲ့သို့ ကျောက်တွင် မရေးထိုးဘဲ ကြေးခေါင်းေ လာင်းပြု လုပ်ကာ ရေးထိုးထား သည်မှာ အလှူရှင်မင်း၏ စိတ်ကူးစိတ်သန်း ကောင်းမွန်မှု တစ်ခုပင်ဖြစ်သည်ဟု ယူဆနိုင်သည်။
သာဓုအနုမော ဒနာ ခေါ်ပြီး အမျှအတန်းပေးဝေသည့်အခါလည်း တစ်ပြိုင်တည်း ကြေးစည်သံကဲ့သို့ ခေါင်းလောင်းသံထိုး၍ သာဓု ခေါ် အမျှဝေနိုင်လေသည်။
****
ခေါင်းလောင်းပါ စာများကို မိမိတတ်သလောက်မှတ်သလောက်လေးဖြင့် ရသလောက် အဓိပ္ပာယ်ဖော်ထုတ်ထားခြင်းသာဖြစ်ပါသည်။ ကွဲလွဲမှုများ ရှိကောင်းရှိနိုင်သည်ဟု ၀န်ခံပါသည်။ ယင်းအပြင် ခေါင်းလောင်းပါ တစ်ချို့သော စာလုံးများ၏ အဓိပ္ပာယ်ကို ပြည့်စုံအောင် မဖော်ဆောင်နိုင်ခဲ့ပါ။ တတ်သိကျွမ်းကျင်ပညာရှင်များ ဆက်လက်ဖော်ထုတ်ကြပါကုန်။
မောင်ဖြူ (ကြွီတဲကျွန်း)

ပိဋကတ်တော် ဓမ္မအလှူကျောက်စာတစ်ချပ် (ရခိုင်ဝေသာလီခေတ်- အေဒီ ၄ ရာစု-၅ ရာစု)

 

ပိဋကတ်တော် ဓမ္မအလှူကျောက်စာတစ်ချပ်
(ရခိုင်ဝေသာလီခေတ်- အေဒီ ၄ ရာစု-၅ ရာစု)
===========================
ယင်းခေတ် ယင်းအချိန်က စာရွက်၊ စာအုပ်မရှိ၊ မပေါ်သေးသောကြောင့် ရွှေပြား၊ငွေပြား၊ကြေးပြား၊ပေရွက်များတွင် ရေးကူး၍ ကျမ်းတစ်ကျမ်း၊ သုတ်တစ်သုတ်၊ ပိဋကတ်တစ်ဖုံ၊ ပိဋကတ်သုံးဖုံ ဓမ္မအလှူတစ်ခုဖြစ်ရန် မည်မျှ ခက်ခဲမည် ကို ပညာရှိများ ဆင်ခြင်သုံးသပ်ကြကုန်။
မောင်ဖြူ (ကြွီတဲကျွန်း)
 


 

Friday, December 25, 2020

ဂုဏ်ယူစရာကောင်းသော ရခိုင်ဒင်္ဂါးများ

ဂုဏ်ယူစရာကောင်းသော ရခိုင်ဒင်္ဂါးများ

**************************************

                      ယနေ့ မြန်မာနိုင်ငံဟုခေါ်သော နယ်မြေအ၀ိုင်းအ၀န်းအတွင်း၌ ရှေးအခါက ရခိုင်၊မွန်၊ပျူ၊ဗမာ လူမျိုးအသီးသီးတို့သည် ကိုယ့်ထီး ကိုယ့်နန်း နှင့် တခမ်းတနား နေလာခဲ့ကြသော လူမျိုးများဖြစ်ကြသည်။ ထိုကဲ့သို့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ဘုရင်စနစ်ဖြင့် နေထိုင်လာခဲ့ကြသော လူမျိုးများတွင် တိုင်းကားပြည်ရွာ စည်ပင်သာယာဝပြောရေးအတွက်  ရောင်းဝယ်ဖောက်ကား စီးပွားလုပ်ကြရာတွင် ဖြတ်တောက်ရန်မလိုဘဲ တစ်ပြေးညီ သုံးစွဲနိုင်ရန် ရွှေဒင်္ဂါး ငွေဒင်္ဂါးများကို တိုင်းပြည်အုပ်ချုပ် ဘုရင်မင်းတို့သည်  အာမခံကာ ခပ်နှိပ် သွန်းလုပ် သုံးစွဲခဲ့ကြသည်။

         ထိုသို့ ရှေးက လူမျိုးအသီးသီးတို့၏ သက်ဦးဆံပိုင်ဘုရင်များ ထုတ်လုပ်သုံးစွဲခဲ့ကြသည့် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ကြေး ဒင်္ဂါး၊ ခဲဒင်္ဂါး၊ သံဒင်္ဂါးများအထဲတွင် ရခိုင်ပြည်မှ ရခိုင်ဘုရင်များခပ်နှိပ်ခဲ့သော ရွှေဒင်္ဂါး၊ငွေဒင်္ဂါးများသည် တမူထူးခြားပြီး၊ ခေတ်ပြိုင်ဒင်္ဂါးများနှင့် နှိုင်းယှဉ်လျင် စံထားလောက်သော ဒင်္ဂါးများဖြစ်သည်ဟုဆိုနိုင်ပေသည်။ ခေတ်ပြိုင်ဒင်္ဂါးများစွာထဲတွင် အဘယ်ကြောင့် ရခိုင်ဘုရင်များခပ်နှိပ်သော  ရခိုင်ဒင်္ဂါးများက ထူးကဲစွာ စံထားရ သနည်း၊ အခြားသော လူမျိုးတို့ ၏ ဘုရင်မင်းများခပ်နှိပ်သော ဒင်္ဂါးများက အဘယ်ကြောင့် စံမ၀င်သနည်းဟု မေးစရာရှိပေလိမ့်သည်။  အကြောင်းရင်းမှာ -

 

ပျူဒင်္ဂါး



ပျူခေတ်- တကောင်း၊ဟန်လင်း၊ဗိဿနိုး၊သရေခေတ္တရာ တို့တွင် တွေ့ရသော ပျူဒင်္ဂါးဟု ခေါ်ဝေါ်သမုတ် သတ်မှတ်ထားကြသော ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများ၌  မင်းအမည်၊ ခပ်နှိပ်သည့်သက္ကရာဇ်တို့ မပါရှိပေ၊ ထို့ကြောင့် ထိုဒင်္ဂါးများကို ဘယ်ဘုရင်မင်းက မည်သည့်ခုနှစ်တွင် မည်သည့်တိုင်းပြည်ကို အုပ်ချုပ်ခဲ့စဉ်က ခပ်နှိပ်ခဲ့သည်ဟု သုတေသနရှုဒေါင့် (၀ါ) ပညာရှင်များလက်ခံနိုင်လောက်အောင် ခုနှစ်သက္ကရာဇ်၊ မင်းအမည်တို့ကို အတိအကျ ပြောရန်(၀ါ) ချပြရန် လွန်စွာ ခဲ့ယဉ်းလှပေသည်။ ချပြလျှင်လည်း မှန်းဆချက်သာဖြစ်ပေလိမ့်မည်။  (ပုံ-၁)

          ယနေ့အချိန်ထိ တွေ့ရှိပြီးသော  ပျူခေတ် ကျောက်စာတစ်ချို့တွင် မင်းအမည်အချို့ တွေ့ရှိရသော်လည်း ပျူခေတ်ဒင်္ဂါးဟု သမုတ်ထားကြသော ဒင်္ဂါးများတွင် မင်းအမည်မပါ သောကြောင့် ထိုဒင်္ဂါးများကို မည်သည့်မင်း ခပ်နှိပ်ခဲ့သည်ဟု ပြောရန် ခက်ခဲလှပေသည်။ ပျူဒင်္ဂါးဟု ခေါ်နေကြသော ဒင်္ဂါးမှာ၌ မင်းအမည် ခုနှစ်သက္ကရာဇ် မပါသောကြောင့်  ထိုဒင်္ဂါးများကို တစ်ချို့သော စာအုပ်စာတမ်းများတွင် ဖူနန်ဒင်္ဂါးများဟုလည်း ဖော်ပြကြသည် ကိုတွေ့ရသည်။

 

မွန်ဒင်္ဂါးများ



                     ရှေးက မွန်တို့ဌာနေဟု ခေါ်ဝေါ်သတ်မှတ်ကြသော  ဒွါရာဝတီ၊ သုဝဏဘူမိ၊ ကျိုက်ထို၊ သထုံ၊ ဟံသာဝတီ(၀ါ)ပဲခူး ဘုရင်နေပြည်တော်များမှ ဘုရင်များ ခပ်နှိပ်ခဲ့သော ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ခဲဒင်္ဂါးများတွင်လည်း မင်းအမည်၊ ခုနှစ်သက္ကရာဇ်တို့ ပါရှိသည်ကို မတွေ့ရပေ။ ခရုသင်းရုပ်၊ ဟင်္သာရုပ်နှင့် အခြားသော အရုပ်များ၊ သင်္ကေတများသာပါရှိကြသည်။ (ပုံ-၂)

                  ထို့ကြောင့် အဆိုပါ မွန်ဒင်္ဂါးများဟု ခေါ်ဝေါ်သတ်မှတ်ထားကြသော ဒင်္ဂါးများကို မည်သည့်ခုနှစ်က မည်သည့် ဘုရင်မင်း ခပ်နှိပ်ခဲ့သည်ဟု အတိအကျ ပြောရန်(၀ါ) ပညာရှင်များလက်ခံနိုင်လောက်အောင် ခိုင်လုံ စွာ ချပြဖို့ရန် လွန်စွာခက်ခဲ့ပေသည်။

 (ခြွင်းချက်-သုဝဏဘူမိခေတ် ဒင်္ဂါးဟု ခေါ်ဝေါ်ကြသော ဒင်္ဂါးတစ်ချို့တွင် မင်းအမည် ရှိကောင်းရှိမည်။ သို့သော်လည်း ထိုဒင်္ဂါးတွင် မည်သည့် ခုနှစ်သက္ကရာဇ်က သွန်းလုပ်သောဒင်္ဂါးဖြစ်သည်ဟု ကျောက်စာအထောက်အထား မရှိသောကြောင့် ထိုဒင်္ဂါးများကို မည်သည့်မွန်ဘုရင်၊ မည်သည့်မွန်မင်း၊မည်သည့် ခုနှစ်က ခပ်နှိပ်ခဲ့သော ဒင်္ဂါးဖြစ်သည်ဟု သုတေသနအမြင်ရှုဒေါင့်ဖြင့်   တပ်အပ်သေချာ တိကျစွာ ပြောဖိုရန် ခဲယဉ်းနေမည်ဖြစ်သည်။ ဒင်္ဂါးပါ အက္ခရာများကိုကြည့်ခေတ်ကာလကို ရာစုဖြင့်သာ မှန်းဆကြရသည်။

                ထို့ကြောင့် မွန်ဒင်္ဂါးဟုခေါ်ဝေါ်သမုန်ကြသော ဒင်္ဂါးပါ အက္ခရာ  နှင့် အမှတ်အသားသင်္ကေတများ ကို ကြည့်၍ ခေတ်တစ်ခုလုံးကို ခြုံငုံကာ တွေ့ရှိရသော ဒေသကိုအစွဲပြုပြီး  အဆိုပါဒင်္ဂါးများသည် မွန်ဒင်္ဂါးများဖြစ် သည်ဟု  ယေဘူယျ မှတ်ချက်ပြုကြခြင်းသာဖြစ်သည်။

ဗမာဒင်္ဂါးများ (ကုန်းဘောင်ခေတ်)

 



            ကုန်းဘောင်ခေတ်အစောဆုံး ဒင်္ဂါးခပ်နှိပ်ခဲ့သောမင်းမှာ တွေ့ရှိရသမျှသော ဒင်္ဂါးများအထောက်အထား များအရ ဘိုးတော်မောင်ဝိုင်း(ဗဒုံမင်း)သည်  အစောဆုံး ဒင်္ဂါးခပ်နှိပ်ခဲ့သော မင်းတစ်ပါးဖြစ်သည်။  ထိုမင်းသည် ရခိုင်ပြည်ကိုလည်း စစ်အောင်နိုင်ခဲ့သော မင်းတစ်ပါးလည်းဖြစ်သည်။

                 ကုန်းဘောင်ခေတ်၌ ခပ်နှိပ်သွန်းလုပ်ခဲ့သော ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါး၊ခဲဒင်္ဂါးများတွင် တိုင်းပြည် အမည်နှင့်  ခုနှစ်သက္ကရာဇ်ကို ရေးထိုးခပ်နှိပ်ထားကြသည်။  ယင်းမှာ (၁၁၄၆-အမရပူရဆင်ဖြူများရှင်နိုင်ငံ )ဟု ခပ်နှိပ်ထားသော ဘိုးတော်ဘုရားဒင်္ဂါး၊  (တံဆိပ်တော်၊ ရတနာပုံနေပြည်တော် - ၁၂၁၄)ဟုရေးထိုးပါရှိသော မင်းတုန်းမင်း ဒေါင်းတံဆိပ်ဒင်္ဂါးများ၊ (တိုးတံဆိပ်တော်၊ ရတနာပုံနေပြည်တော်-၁၂၄၀ ) ဟု ရေးထိုးပါရှိသော သီပေါမင်းဒင်္ဂါးတို့၌ တိုင်းပြည်အမည်သာပါရှိပြီး မင်းအမည်များမပါရှိကြပေ။ မင်းအမည်ကို သိလိုက ဒင်္ဂါးပါ ခုနှစ်သက္ကရာဇ်ကို  ကျောက်စာ ၊ ပေစာ၊ ကျမ်းဂန် ရာဇ၀င်တို့ကို အကိုးအကားပြု၍  မည်သည့် မင်းလက်ထက် က ခပ်နှိပ်သွန်းလုပ်ခဲ့သော ဒင်္ဂါးဖြစ်ကြောင်း ညှိယူကြရသည်။ (ပုံ-၃)

 

ရခိုင်ဝေသာလီခေတ်ဒင်္ဂါးများ



               ရခိုင်ဝေသာလီခေတ် (အေဒီ ၁ ရာစုမှ အေဒီ ၁၀ ရာစု)ထိ ဝေသာလီ ဘုရင်များ ခပ်နှိပ်ခဲ့သောဒင်္ဂါး များတွင် ခရုသင်းအမှတ်တံဆိပ်ပါ ဒင်္ဂါးများမှအပ၊ ကျန်နွားလားဥဿဘ အရုပ်ပါဒင်္ဂါးများတွင် မင်းအမည်များ ပါရှိကြသည်။  ထိုနွားလားဥဿဘ အရုပ်ပါ ရခိုင်ဝေသာလီခေတ်ဒင်္ဂါးများတွင် ခုနှစ်သက္ကရာဇ် မပါရှိပေ။ သို့သော်လည်း ဝေသာလီခေတ် ခပ်နှိပ်ခဲ့သော ဒင်္ဂါးပါ မင်းအမည်များကို မည်သည့်ခုနှစ်၊ မည်သည့်သက္ကရာဇ် တွင် ခပ်နှိပ်ခဲ့သနည်းဆိုသည်ကို သိရှိရန်  (အေဒီ- ၆၄၉) ခုနှစ်တွင်  အာနန္ဒစန္ဒြမင်းကြီး ရေးထိုးထားခဲ့သော ရခိုင်ဝေသာလီ သင်္ဂါယနာတင်မော်ကွန်း ကျောက်စာ၌ ထိုထိုသော နွားလားဥဿဘ ဒင်္ဂါးများပါ မင်းအမည်များ အားလုံး ပါရှိနေကြသည်။ ထို့ကြောင့်  ဝေသာလီခေတ် နွားလားဥဿဘ ဒင်္ဂါးပါ မင်းအမည်များကို အာနန္ဒစန္ဒြ မင်းကျောက်စာအား အကိုးအကားပြု၍ ဒင်္ဂါးပါမင်းအမည်နှင့် ဒင်္ဂါးခပ်နှိပ်ခဲ့သော ခုနှစ်သက္ကရာဇ်များကို  ကျောက်စာအကိုးအကားဖြင့် တိတိကျကျ ချပြပြောဆိုနိုင်ခြင်းဖြစ်ပေသည်။ အာနန္ဒစန္ဒြမင်းကျောက်စာပါမင်းအမည်နှင့် ဒင်္ဂါးပါမင်းအမည်ကို ပူးတွဲပြထားသည်။(ပုံ-၄)

 

 မြောက်ဦးခေတ် ရခိုင်ဒင်္ဂါးများ



           မြောက်ဦးခေတ် ရခိုင်ဘုရင်များခပ်နှိပ်သော ဒင်္ဂါးများတွင်ကား ဒင်္ဂါးခပ်နှိပ်သည့်ခုနှစ် နှင့် မင်းအမည်ကို တစ်ခါတည်း ထည့်သွင်း ခပ်နှိပ်ထားသောကြောင့် မြောက်ဦးခေတ်ဒင်္ဂါးတစ်ပြားကိုမြင်သည်နှင့် အဆိုပါဒင်္ဂါးပြား သည် မြောက်ဦးခေတ်က  မည်သည့်မင်း၊ မည်သည့်ခုနှစ်က ခပ်နှိပ်ခဲ့သော ဒင်္ဂါးဖြစ်သည်ဟု ဒင်္ဂါးပါ သက္ကရာဇ် နှင့် မင်းအမည်ကို ဖတ်တတ်ရုံဖြင့် တပ်အပ်သေချာ အတိအကျပြောပြနိုင်ပေသည်။

တစ်ချို့သော မြောက်ဦးခေတ် ရခိုင်ဘုရင်များသည် မင်းတစ်ပါးတည်း ဒင်္ဂါးလေးမျိုးထိ ခပ်နှိပ်ခဲ့ကြောင်း တွေ့ ရှိရသည်။ လေးမျိုးခပ်နှိပ်ရသည့်အကြောင်းရင်းများကလည်း ရှိနေသည်။ အနည်းငယ်မျှ ချပြရမည်ဆိုလျှင် နန်း တက်ဘိသိက်ခံသည့်အခါ ခပ်နှိပ်သောဒင်္ဂါး၊ ဆင်ဖြူရသောအခါ ဆင်ဖြူသခင်ဟူသောဘွဲ့ကိုခံယူကာ ခပ်နှိပ် သော ဒင်္ဂါး၊ ဆင်နီရသောအခါ ဆင်ဖြူသခင်၊ ဆင်နီသခင် ဘွဲ့ယူခံ၍ ခပ်နှိပ်သောဒင်္ဂါး၊ အပြည်ပြည်ကို စစ် အောင်နိုင်ခြင်း အထိမ်းအမှတ်ဖြင့် မဟာဘွဲ့ခံ ဒင်္ဂါးမျိုးတို့ ဖြစ်ကြသည်။

            ရှေးခေတ် ရခိုင်ပြည်မှ ဘုရင်များ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများ၌ မင်းအမည် နှင့် သက္ကရာဇ်တို့ကို ထည့်သွင်း ခပ်နှိပ်ထားသောကြောင့်  အခြားသော ခေတ်ပြိုင်တိုင်းပြည်များရှိ ဘုရင်များခပ်နှိပ်ခဲ့သော သက္ကရာဇ်မပါ၊ မင်းအမည်မပါ၊ ခုနှစ်ပါသော်လည်း မင်းအမည်မပါသော  ဒင်္ဂါးများနှင့် နှိုင်းယှဉ်လျှင် ရခိုင်ဒင်္ဂါးများသည် အလွန် ဂုဏ်ယူစရာကောင်းသောကြောင့်၊  ရခိုင်ဘုရင်များ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများသည် စံထားလောက်သော ဒင်္ဂါးများဖြစ်ကြောင်းကို ဒင်္ဂါးများပါ မင်းအမည်နှင့် ခုနှစ်သက္ကရာဇ်များက သက်သေခံနေကြပေသည်။

မောင်ဖြူ (ကြွီတဲကျွန်း)

26.12.2020


 

 

 

Wednesday, October 17, 2018

မာဂီစံ ဝေါဟာရ ကို တင်ပြခြင်း

မာဂီစံ ဝေါဟာရ ကို တင်ပြခြင်း
****************************
=================

မောာင်ဖြူ(ကြွီတဲကျွန်း)

မြန်မာ့ပညာရှင်တစ်ချို့က မာဂီစံ သက္ကရာဇ်ကို အောက်ပါ အတိုင်း ရေးသားကာ စာအုပ်ထုတ်ဝေကြ သည် တွေ့ရသည်။ “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။

“မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်၊“မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံဝစ္ဆရာ= နှစ်” ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင်ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖန်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရတယ်။

ဒါကို ရှင်းမယ်။

“မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန္ဒြ မင်း နန်း တက် သည့် နှစ် နှင့် တိုက်ဆိုင် နေသောကြောင့် ယင်းခေတ်တွင် စစ်တကောင်းနယ်မြေဒေသသည် ရခိုင်ဝေသာလီ ပိုင်နက် မြေဖြစ်ကြောင်း ဘင်္ဂလီများသည် ယင်းခေတ်ယင်းအချိန်က ဘင်္ဂလားဒေသတွင် နိုင်ငံ အဖြစ် ကိုယ်ပိုင်အုပ်ချုပ် ခွင့် ဒေသအဖြစ်မရှိသည့်အချိန်လည်း ဖြစ်သည်။

ထိုကြောင့် ယခုဘင်္ဂလားဒေသသုံး သက္ကရာဇ်သည်ဆိုမှာ ရခိုင်ဝေသာလီခေတ်သုံးသက္ကရာဇ်ကို ဆိုလိုဟန်ဖြစ်ကြောင်း ပြောလိုပါသည်။

ထို “မာဂီ စံ” သက္ကရာဇ်ဟူသည်မှာ ယနေ့အရှေ့ဘင်္ဂေါရှိဘင်္ဂလီများနှင့် အနောက်ဘင်္ဂေါး ဒေသရှိ လူမျိုးစုများသည် ရခိုင် လူမျိုးများကို Mog Marh မောဂ့်၊ မာဂ် ဟု ယနေ့တိုင်ခေါ်နေကြသည်ကိုတွေ့သည်။ ထိုကြောင့် မောဂ့်၊ မာဂ် ဟူ သော ဝေါဟာရသည် ရခိုင်လူမျိုးကို ခေါ်ဝေါ်သုံးစွဲသော အမ ည်ဖြ စ်ပြီး မာဂီစံ ဟူသောဝေါဟာရသည်လည်း ရခိုင် နှစ် (၀ါ) ရခိုင် သက္က ရာဇ်ကို ခေါ်ကြောင်း ပထမ ပြောကြားလိုပါသည်။

“ စံ ” ဆိုသည်မှာ ပါဠိဘာသာ၏ (သံဝစ္ဆရာ= နှစ်) ကို နာဂရီအသံဖြင့် ပြောထားသော အဓိပ္ပါ့ယ် ဖြစ်ဟန်ရှိပေ သည်။ ထိုကြောင့် “မာဂီစံ” ဟူသော ဝေါဟာရအနက်မှာ မာဂီ=မောဂ်= ရခိုင်၊ စံ ဆိုသည်မှာ “သံဝစ္ဆရာ=နှစ်” စကားနှစ် လုံးကို ပေါင်းထားခြင်းဖြစ်ပါသည်။ အနှစ်ချုပ်သော် “မာဂီစံ” ဟူသည်မှာ အထွေအထူးမဟုတ်ဘဲ ရ ခိုင်နှစ်၊ တစ်နည်း ရခိုင်ဝေသာလီခေတ်သုံးသက္ကရာဇ်ကို ခေါ်ဆိုပါကြောင်း၊ မြန်မာ-ဗမာကို အနောက်ဘင်္ဂလား နေ ဘင်္ဂလီကုလားများသည် “Barma=ဘရမား" ဟုသာခေါ်ကြပါ ရေးသားတင်ပြလိုက်ရပါသည်။

မာဂီစံ= ရခိုင်သက္ကရာဇ် အစ 638 ကို သိလိုပါက ဦးမောင်ဖြူ ရေးသားသော အာနန္ဒစန္ဒြမင်းကျောက်စာ အောက်ဆုံးစာ ကြောင်း ရေ (၇၂-၇၃) ပါ နန်းစံနှစ်ကို ရေးသားထားသော ဆောင်းပါး အား ရှာဖွေဖတ်ရှုပါဟု ညွှန်းလိုပါသည်။

နောက်ဆုံးအနေဖြင့် ပြောလိုတာက လူမျိုးတစ်မျိုး၏ သမိုင်းအကြောင်းကို အခြားလူမျိုးတစ်ဦး ရေးမည်ဆိုပါက ထိုလူမျိုးများ၏ ဘာသာစကား ရိုးရာဓလေ့ စာပေယဉ်ကျေးမှုကို သေသေချာချာ ဂဃဏန မသိဘဲ ရေးလျှင် ယခုလို မှားတတ်သည့် သဘောရှိသည်ကို နားလည်ပေးလို့ရနိုင်ပေသည်။ ထိုကဲ့သို့မဟုတ်ဘဲ စာရေးသူသည် ထိုလူမျိုးကို စာပေဖြင့် နှိပ်ကွပ် ချိုးနှိမ် ချင်သောကြောင့် ရေးသားခြင်းသည် မလုပ်ကောင်းသော လုပ်ရပ်ဟု မေတ္တာဖြင့် အသိပေး ရေးသားတင်ပြလိုက်ရပါသည်။

အာနန္ဒစန္ဒြ မင်းကျောက်စာ ဂါထာ(၂၆) ပါ (သမ်ဝတ်သရာ- နှစ်)


Seminer on Sanskrit Literature of Rakhine ရခိုင်မှ သက္ကတကျောက်စာများ စာတမ်းဖတ်ပွဲ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာနမှ ကြီးမှူးကာ
24 ဇန်န၀ါရီ 2018 နေ့မှာ ရန်ကုန်တော်ဝင်ဂါးဒင်းဟိုတယ် ၌ နိုင်ငံတကာ သက္ကတစာတမ်းဖတ်ပွဲ တစ်ပွဲ ကျင်းပခဲ့တယ်။ ထိုစာ တမ်းဖတ်ပွဲ ခေါင်းစဉ်ကို Seminer on Sanskrit Literature of Rakhine. ဖြင့် ကျင်းပ ဖြစ်ခဲ့တယ်။ ထိုစာတမ်းဖတ်ပွဲမှာ
French School of Asia Studies မှ Prof,Dr Arlo Griffiths က
"New perspectives on Arakan in the first
millennium: its name, dynastic history and Buddhist culture." ခေါင်းစဉ်ဖြင့် ဟောပြောပြီး၊

University of Calcutta မှ Prof.Dr. Suchandra Ghosh က "Arakan and Southeastern Bengal: Historical Perspectives."
ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှ ဦးမောင်ဖြူ (ကြွီတဲကျွန်း) ဘုန်းကြီးကျောင်းသားမှ New Dating and Findings on Anandacandra Stone Inscription. ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည်။
ထိုစာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သော ရုပ်သံဖိုင်များကို ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာနမှ ယနေ့ထိ အခွေဖြင့် ဖြန့်ချီထုတ်ဝေသည်ကို မတွေ့ရသေးပေ။ စာအုပ်အဖြစ်လည်း ဖြန့်ချီသည်ကို မတွေ့ရသေးပေ။ ထို့ကြောင့် ယင်းသက္ကတစာတမ်းဖတ်ပွဲမှ ဟောပြောခဲ့သော ရုပ်သံဖိုင်များကို ၀န်ကြီးဌာန၏ ခွင့်ပြုချက် ရယူကာ ရုပ်သံဖိုင်ခွေများနှင့် စာတမ်းများကို စာအုပ်အဖြစ် ဖြန့်ချီလျှင်ကောင်းမည်ဟု စိတ်ကူးမိသောကြောင့် သမိုင်းစာပေချစ်ခင် သော ပရိတ်သတ်များမှ အကြံဥာဏ်များ ပေးကြပါရန် ပန်ကြားအပ်ပါတယ်။









ကြေးနီးပြားစာမှာ သက္ကရာဇ်တစ်ခုတွေ့

မင်္ဂလာသတင်းကောင်းတစ်ခု
===================
****************************
အယနာစာပီအဖွဲ့ (ရန်ကုန်) က
ရခိုင်ဝေသာလီခေတ် ကြေးနီပြားစာမှာ
ရေးထိုးနှစ်လို့ ယူဆရတဲ့ သက္ကရာဇ်တစ်ခုကို တွေ့ရပါတယ်။


ယနေ့ အယနာစာပီအဖွဲ့ မှ ရခိုင် ကျောက်စာများ၌ အသစ်တွေ့ရှိချက်များအား စာပေသမားများအားရှင်းလင်းတင်ပြ တွေ့ဆုံသည့် ပုံရိပ်များ

ယနေ့ အယနာစာပီအဖွဲ့ မှ ရခိုင် ကျောက်စာများ၌ အသစ်တွေ့ရှိချက်များအား စာပေသမားများအားရှင်းလင်းတင်ပြ တွေ့ဆုံသည့် ပုံရိပ်များ