Thursday, January 10, 2013

သုဝဏ္ဏဘူမိ



မြတ်စွာဘုရားရှင်လက်ထက် သာသနာပြုစေလွှတ်ရာ ကိုးတိုင်းကိုးဌာန အနက်က တိုင်းအမှတ် (၈) ဖြစ်တဲ့ သုဝဏ္ဏဘူမိတိုင်းအကြောင်းကို ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ - လန်ဒန်)၊ ပါမောက္ခချုပ်၊ မန္တလေး-ရန်ကုန် ဗုဒ္ဓတက္ကသိုလ် ပြုစုတဲ့ 'မန္တလေး-ရန်ကုန် ဗုဒ္ဓတက္ကသိုလ် (ပြဋ္ဌာန်းကျမ်းစာ)' ဖြစ်တဲ့ 'အိန္ဒိယပြည် ဗုဒ္ဓသာသနာသမိုင်း' မှာ ဖော်ထုတ်ပြဆိုထားချက်ဖြစ်ပါတယ်။


တိုင်းအမည် - ‘သုဝဏ္ဏဘူမိ’။ ကျွန်းအမည် - ယခု ‘သုမာတြာ’ (စုမာတြာ)-ဟုခေါ်၏။ ၄င်းသည် သာသနာပြုကြွရောက်ရာ ‘မူလသုဝဏ္ဏဘူမိ’ ဖြစ်၏။ ‘သုဝဏ္ဏဘူမိနယ်’ အဖြစ် ပါဝင်သင့်သည့် အရပ်များကား “အရှေ့တောင်ဘက်လားသော် -‘ဇာဝါ-ဂျာဝါး (Java)ကျွန်း၊ ဘိုရညိုကျွန်း’။ အနောက်ဘက်လားသော် -အိန္ဒိယသမုဒ္ဒရာ (ဗင်္ဂလားပင်လယ်အော်)။ အရှေ့ဘက်လားသော် - သိင်္ဃပူရ= ‘ခြင်္သေ့မြို့’ (ယခု စင်္ကာပူ)။ မြောက်ဘက်လားသော်- ‘မလယ’ ခေါ် မလေးကျွန်း (ဝါ) ပသျှူးကျွန်း” - မှစ၍ မြန်မာနိုင်ငံထဲရှိ ‘တနင်္သာရီ-ရာမညတိုင်း’ အောက်ပိုင်းနှင့်တကွ၊ လာအို၊ ‘ကမ္ဘောဒိယာ’ ခေါ် ‘ခမင်း’(ခမာ) နယ်အထိ သတ်မှတ်သင့်၏။
ဤသုဝဏ္ဏဘူမိတိုင်းကား - ဗင်္ဂလားပင်လယ်အော်၏ အရှေ့ဘက်၌တည်ရှိ၍၊ ရှေးအခါမှစ၍ ယခုတိုင်အောင် အိန္ဒိယပြည်မှ ‘မဟာဇနကမင်း’ စသည့် မင်း, သူဋ္ဌေး, သူကြွယ်, ကုန်သည်-မှ အစ၊ လူများစွတို့ ရွက်လှေသင်္ဘော, စက်သင်္ဘောများဖြင့် ကူးသန်းသွားလာရာ-ရောင်းဝယ်ရာ ကျယ်ဝန်းလှသည့် တိုင်းကြီးဖြစ်၏။ သာသနာပြုရာ ‘ကိုးတိုင်းကိုးဌာန’၌ ပါဝင်သည့် ယင်းဒေသသို့ ‘အရှင်သောဏထေရ်၊ အရှင်ဥတ္တရထေရ်’ အမှူးရှိသော ရဟန္တာအရှင်မြတ်ငါးပါးတို့ ကြွရောက်ရာ တိုင်းကြီး ဖြစ်၏။ ထိုမထေရ်ငါးပါးတို့ ကြွရောက်ရာ၌၊  သုဝဏ္ဏဘူမိကျွန်းသို့ရောက်သည့်နေ့မှာပင်၊ မင်းမျိုးမှဖွားမြင်သည့် ‘သူငယ်’ ကို ခါတိုင်းကဲ့သို့ ခဲစားရန် သမုဒ္ဒရာမှ ထွက်ပေါ်လာသည့် ‘ရက္ခိုသ်-ဘီလူးမ’ တဦးကို တွေ့မြင်၍၊ ကြောက်ရွံ့ထိပ်လန့်စွာ ဖြင့် အော်ဟစ်မြည်တမ်းကြကုန်သော်လူတို့ကို မထေရ်တို့တွေ့မြင်လေသော်၊ ထိုဘီလူးမကို လူတို့မမြင်နိုင်သည့်အရပ် တိုင်အောင် ထွက်ပြေးစေပြီး၊ ထိုကျွန်းဝန်းကျင်၌ အစောင့်အရှောက်-အရံအတားများကို ထားပေးလေ၏။ ထိုအခါ စုဝေး ရောက်လာကြသည့် လူများစွာတို့အား မထေရ်တို့က ‘ဗြဟ္မဇာလသုတ္တန်’ တရားတော်ကို ဟောကြား၍ ခြောက်သောင်း သော လူတို့အား တရားထူးကို ရရှိစေ၍၊ များစွာတို့ကို ရဟန်းပြုပေးကာ၊ သာသနာတော်တည်ရှိ-ပြန့်ပွားစေလေ၏။
‘မူလသုဝဏ္ဏဘူမိကျွန်း’ သည် တည်ရာအားဖြင့် “အိန္ဒိယပြည်- ‘တာမလိတ္တိ (တာမြလိပ္တိ)’သင်္ဘောဆိပ်မှ ယူဇနာ-၇၀၀ (ရေမိုင်ဖြစ်၍ - x ၂ =  ၁၄၀၀) ဝေး၏ ဟု ကျမ်းဂန်များ၌ အဆိုရှိခြင်း၊ ကြီးကျယ်ခမ်းနား၍ အနှစ်တထောင်ထက်မနည်း- ရှေးကျလှသည့် ဗုဒ္ဓသာသနိကအဆောက်အဦး, စေတီပုထိုး, ကျောင်းတိုက်ကြီးတွေ ပေါများခြင်း၊ အိန္ဒိယပြည်၏အရှေ့ ဘက်- ‘ဗင်္ဂလားအော်’ မှ ရွက်လှေသင်္ဘောဖြင့် ကူးသန်းသွားလာ- ဖြောင့်တန်းလွယ်ကူစွာ ရောက်ရှိနိုင်သည့် နေရာဌာန ဖြစ်ခြင်း၊ အဆိုပါမထေရ်တို့ ကြွသွားရာ စကားအစဉ်၌- “ဒီပဿ သမန္တတော အာရက္ခံ ထပေတွာ” (ကျွန်း၏ထက်ဝန်းကျင် မှ အစောင့်အရှောက်ကိုထား၍) - ဟူသော ကျမ်းဂန်လာစကားကိုထောက်၍၊ ရေပတ်လည်ဝိုင်း -‘ကျွန်း’သက်သက်သာ ဖြစ်၏-ဟု ယူဆရခြင်း”- ဟူသောအကြောင်းများကြောင့်၊ ဗင်္ဂလားအော်၏အရှေ့တောင်ဘက်၌ တည်ရှိသော ‘သုမာတြာ’ ကျွန်း သည်ပင် ‘မူလသုဝဏ္ဏဘူမိ’ ဖြစ်သင့်၏-ဟု ဆိုခဲ့ခြင်းဖြစ်၏။ ထို့ပြင် အိန္ဒိယမှ သုဝဏ္ဏဘူမိ(တိုင်း)သို့ လောကရေး၊ သာသနာရေးအားဖြင့်များစွာကူးသန်းဆက်သွယ်မှုရှိခဲ့ကြပုံကို ယခုတွေ့မြင်ရသည့် သာသနာရေးအခြေအနေ၊ ရှေးဟောင်း အဆောက်အဦ, စေတီပုထိုးများကို ထောက်ထား၍၊ သုဝဏ္ဏဘူမိနယ်သည် ‘သုမာတြာကျွန်း’မျှသာ မဟုတ်ဘဲ၊ ၄င်းကျွန်း ကို အရင်းခံ(ဗဟို)ထား၍၊ (သာသနာဆက်လက်ပြန့်ပွားလာခဲ့သော)အခြားနီးစပ်ရာ၊ ‘ဂျာဝါကျွန်း၊ ဗာလီကျွန်း၊ ဘိုရညို ကျွန်း၊ သိင်္ဃပူရ=စင်္ကာပူကျွန်း’၊ ယခု ‘မလေး’ခေါ်၊ ရှေးက ‘မလ္လာယု’ခေါ် ‘ပသျှူးကျွန်း’၊ ‘ကမ္ဘောဒိယာ’ ခေါ် ‘ခမာပြည်’၊ ‘လာအို’ ခေါ် ‘လောပြည်’၊ (Indo-cina>Indo-china>[ ‘o’ ကို ‘သြ/အို’ ၂-သံထွက်နိုင်သဖြင့်] အင်ဒို-ချိန>[‘i’ ကို အင်္ဂလိပ်တို့က ‘အိုင်’သံထွက်၍] ‘အင်ဒို-ချိုင်းနား’နယ်၊ ယိုးဒယား=ထိုင်း၊ တနင်္သာရီ၊ မြန်မာပြည်အောက်ပိုင်း၊ ရာမညတိုင်း (သထုံနယ်) တို့သည် ‘သုဝဏ္ဏဘူမိ’နယ်များဖြစ်သင့်၏- ဟု ပြဆိုခဲ့ပေသည်။ [ကြီးမားရှည်လျားသည့် တောင်တန်း ကြီးများ၏ အနီး၌တည်ရှိသည့် ‘သထုံပြည်’ ကို ‘မူလသုဝဏ္ဏဘူမိ’-ဟု အချို့ယူဆထားကြသည်မှာ အထောက်အထား အခိုင်အလုံ မရှိချေ။]
ထို့ပြင် ရှေးဟောင်း ‘နာလန္ဒာတက္ကသိုလ်ကြီး’ ကို အိန္ဒိယရှေးဟောင်းသုတေသနဌာနက တူးဖော်တွေ့သမျှကို မှတ်တမ်း တင်ထားသည့် စာအုပ်ထဲ၌ ဖော်ပြသည့် “ဝင်္ဂတိုင်း(ဗင်္ဂလားပြည်)၌ အုပ်စိုးသည့် ‘ပါလမင်းဆက်’ဝင် တတိယမြောက် မင်း ဖြစ်သော၊ ခရစ်နှစ်-၉၀၀ (သာသနာနှစ်-၁၄၄၄)ခု လောက်က အုပ်စိုးခဲ့သည့် ‘ဒေဝပါလမင်း’ ရေးထိုးခဲ့သည့် ‘ကြေးပုရပိုက်’ ထဲ၌ ‘သုဝရ္ဏ-ဒွီပ=သုဝဏ္ဏဒီပ’ ခေါ် ‘သုမာတြာ’ကျွန်း၏ဘုရင် ‘သိရီဗလပုတ္တဒေဝ’မင်းသည် နာလန္ဒာတက္ကသိုလ်ကြီး တည်မြဲစေရန်, အထောက်အပံ့ဖြစ်စေရန်, ပညာသင်ရဟန်းတော်များ ချမ်းသာစေရန်အလို့ငှာ၊ ‘သိရီနဂရ’ခေါ် ‘ပါဋလိပုတ်’ ခရိုင်နိုင်ငံအတွင်း ‘ရာဇဂဟ.ဂယာ’ စီရင်စုများ၌ရှိသော ရွာ ၅-ရွာတို့ကို ပေးလှူရာ၊ ၄င်းရွာ ၅-ရွာအတွက် မိမိပိုင်ဆိုင်သည့် ‘သုဝဏ္ဏဘူမိ’၌ ရှိသော ရွာ ၅-ရွာကို အစားထိုး၍၊ ထိုအခါက ‘ပါဋလိပုတ်’ ခရိုင်နိုင်ငံကိုစိုးပိုင်သည့် ‘ဒေဝပါလမင်း’ အား ဖလှယ်ပေးကြောင်း”- ဖော်ပြထားသည့် ယင်း ‘ပုရပိုက်စာ’အရလည်းကောင်း၊ ၁၉၃၅-ခု၊ ဇွန်လထုတ် ‘မဟာဗောဓိအသင်း ဂျာနယ်’ ထဲပါ- ဒေါက်တာဘရောင်းရေးသားချက်၊ ၁၉၄၇-ခုနှစ်ရိုက် ‘ဎါက္ကာ(ဒါကာ=ဒကာ)တက္ကသိုလ်’-ပါမောက္ခ- ဒေါက်တာ ‘ရေး’၏ ရေးသားချက်အရလည်းကောင်း- (ကလကတ္တားမြို့မှ အနောက်တောင်၊ မိုင် ၂၃၀-အကွာရှိ) ‘တာမ လိတ္တိ’ (တာမြလိပ္တိ) သင်္ဘောဆိပ်မြို့နှင့် ‘သုမာတြာ(သုဝဏ္ဏဘူမိ)’အကြားမှာ ယူဇနာ-၇၀၀-ခန့်=ရေမိုင်အားဖြင့် (၇၀၀ x ၂) = မိုင် ၁၄၀၀-ခန့်ကွာဝေး၏- ဟူသော လက္ခဏာအရ၊ ‘သုမာတြာကျွန်း’သည်သာ ‘မူလသုဝဏ္ဏဘူမိ’ ဖြစ်၏-ဟု အကြောင်းခိုင်လုံစွာဖြင့် မှတ်ယူအပ်၏။
သို့ဖြစ်၍ ‘မူလသုဝဏ္ဏဘူမိ’ ဖြစ်သည့် ‘သုမာတြာကျွန်း’၌ ဗုဒ္ဓသာသနာတည်ရှိခိုင်မြဲ-ပြန့်ပွားစေပြီးနောက်၊ ၄င်းကျွန်းမှ တဆင့်လည်းကောင်း၊ နာလန္ဒတက္ကသိုလ်ကြီးတည်ရာ အိန္ဒိယပြည်အရှေ့ပိုင်းနှင့် အိန္ဒိယပြည်တောင်ပိုင်း (အထူးသဖြင့် အရှေ့ဘက်ပင်လယ်ကမ်းရှိ (‘ကာဉ္စိပုရ’နယ်), သီဟိုဠ်ကျွန်းတို့နှင့် ဆက်သွယ်မိခဲ့ခြင်းကြောင့်၊ အထက်ဖော်ပြပါ (ကျန်သုဝဏ္ဏဘူမိ)နယ်ပယ်များ၌ (အထူးသဖြင့် မြန်မာနိုင်ငံအထက်ပိုင်း၌) ဗုဒ္ဓသာသနာတော် တည်ရှိ-ထွန်းကားလာခဲ့ ကြောင်း မှတ်ယူအပ်၏။ [‘သုမာတြ’ အမည်ဖြစ်လာပုံကား - ရှေးအခါက အိန္ဒိယတိုင်းသား ‘သုမိတြ’(ပါဠိ-သုမိတ္တ) မည် သော ကုန်သည်ကြီးတဦးသည် ဤကျွန်းသို့ ရှေးဦးစွာရောက်ရှိလာခဲ့ပြီး၊ မြို့အဖြစ်စတင်တည်ထောင်နေထိုင်ခဲ့သော ကြောင့်၊ ၄င်းပုဂ္ဂိုလ်၏ ‘သုမိတြ’အမည်ကိုစွဲ၍ ဤကျွန်းကို ‘သုမိတြ’-ဟု မှည့်ခေါ်ခဲ့ရာမှ၊ (မိ>မာ) အနည်းငယ်ပြောင်းလဲ၍ ‘သုမာတြာ’-ဟု (ဘာသာဗေဒနည်းအရ) ခေါ်တွင်လာခြင်းဖြစ်၏။]
*ယဝဒွီပ=(ပါဠိ ယဝဒီပ)။ ။ ‘Yava>Java>ဂျာဝါကျွန်း’-ဟု ခေါ်တွင်လာခြင်းမှာ ‘ယဝ=မုယောစပါး+ဒွီပ=ကျွန်း’=မုယော စပါး ပေါများသည့်ကျွန်း-ဟု အဓိပ္ပာယ်ရှိ၏။ ‘Y>J’- J ကို ‘ဂျာ’ ဟု အသံထွက်ရသောကြောင့်၊ ‘Java’-မှ ‘ဂျာဝါး’- ဖြစ်လာ၏။
*အင်ဒို-ချိုင်းနား။ ။ ‘Indo- china’ ... အင်္ဂလိပ် ‘o’ ကို ‘အို/သြ’-ဟု အသံနှစ်မျိုးထွက်၍၊ ပါဠိ, သက္ကတပုဒ်- ‘စိန’၌ ‘စိ’ ကို ‘ci/chi’-ဟု ၂-မျိုး ရွတ်ဆိုရေးသားကြပြီး၊ ‘i’ ကို အင်္ဂလိပ်တို့က ‘အိုင်’ဟု အသံထွက်သောကြောင့်၊ ‘ဣန္ဒောစိန= ဣန္ဒိစိန’ မှ ‘အင်ဒို-ချိုင်းနား’ ဟု ဖြစ်လာသည်။ အိန္ဒိယ (Indo) နှင့် စိန=china=တရုပ် (၂-မျိုးစလုံး)၏ လူမျိုး, ယဉ်ကျေးမှု, ဘာသာစကား (၂-မျိုး) ရောနှောခြင်းရှိသည့် လူမျိုးတို့၏ နေထိုင်ရာဒေသ-ဟု ဆိုလိုသည်။

ကိုးကား။https://www.facebook.com/groups/shwearlurelative/doc/259000957478152/

No comments:

Post a Comment