Saturday, January 19, 2013

RSU ဥက္ကဌ ဆရာတော် ဦးသီဟနှင့် မေးမြန်ခြင်း

Written by မင်းသွီး    Saturday, 25 February 2012 09:24   

Arakan Times : လက်ရှိ မြန်မာနိုင်ငံ နိုင်ငံရေးပြောင်းလဲလာမှုအပေါ် အရှင်ဘုရားရဲ့ သဘောထားကို မိန့်ကြားပေးပါဘုရား။
ဆရာတော်: အကောင်းဘက်ကို ဦးတည်လာတယ်လို့မြင်တယ်။ လူသားတိုင်းဟာ ငြိမ်းချမ်းမှုကိုလိုလားကြတယ်။ ဒီထက်ကောင်းမွန်လာအောင် အတိုက်ခံတွေနဲ့
လက်တွဲလုပ်ဆောင်သွားဖို့အတွက် အစိုးအရအနေနဲ့ ပေးထားတဲ့ ကတိက၀ပ်တွေ ခိုင်မြဲဖို့သစ္စာရှိဖို့လိုအပ်တယ်။ သမိုင်းဟောင်းကို တစ်ကျော့ပြန်မလှည့်ဖို့လည်း အရေးကြီးတယ်။ ဘာကြောင့်ဆိုတော့ အခုလည်း ကချင်နဲ့ ရှမ်းဘက်တွေမှာ တိုက်ပွဲဖြစ်နေတုန်းဘဲလေ.. ဒါက အကျိုးအကြောင်း မစီလျော်တဲ့ အနေအထား ဖေါ်ပြနေတာဖြစ်တယ်။
Arakan Times : လက်ရှိရခိုင်ပြည် နိုင်ငံရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေအပေါ် အရှင်ဘုရားရဲ့ အမြင်အားမိန့်ကြားပေးပါဘုရား။
ဆရာတော်: ပြည်ထဲမှာတော့ RNDP ရဲ့ ကြိုးပမ်းလုပ်ဆောင်တာတွေက အားရကျေနပ်စရာပါ။ ပြည်ပနိုင်ငံရေးဖွဲ့အစည်းတွေကတော့ ကြိုးပမ်းနေသလောက် ခရီးမပေါက်ဘူးပေါ့။ ဘာလို့လည်းဆိုတော့ ရခိုင်နိုင်ငံရေးက အလွန်ဆင်းရဲတာကတစ်ကြောင်း၊ ပါတီနိုင်ငံရေး၊ အုပ်စုနိုင်ငံရေးက ကျော်လွန်ပြီး အမျိုးသားနိုင်ငံရေးကို မတက်လှမ်းနိုင်တာကတစ်ကြောင်း၊ ပထ၀ီအနေအထားအရ နိုင်ငံရေးလုပ်ငန်း လည်ပတ်ဖို့ အနောက်ဘက်ဒေသနဲ့ အရှေ့ဘက်ဒေသ အနေအထား ခြားနားမှုတွေကလည်း ရခိုင့်နိုင်ငံရေးကို တိုးတက်မှုကို အားနည်းစေပါတယ်။ ရခိုင်နိုင်ငံရေးသမားတွေအနေနဲ့လည်း လူတွေကိုစုလို့ရရင်ပင် စည်းလုံးခြင်းလို့မယူဆဘဲ အနှစ်သာရရှိတဲ့ စည်းလုံးညီညွှတ်မှုတွေကို လက်ရှိအခြေအနေထက် ပိုပြီးကောင်းမွန်လာအောင် မှန်မှန်ကန်ကန်နဲ့ ကြိုးစားလုပ်ဆောင်ဖို့လိုအပ်သေးတယ်။ ပြည်သူလူထုနဲ့လည်း အမြဲတမ်း ဆက်စပ်နေဖို့ လိုအပ်တယ်။ ဖြစ်ပျက်ခဲ့သမျှ ရခိုင် နိုင်ငံရေးသင်ခန်းစာတွေကို အခြေခံပြီး မှန်မှန်ကန်ကန် တည်ဆောက်သွားမယ်ဆိုရင် တိုးတက်လာနိုင်တယ်။ အဲဒီလိုမဟုတ်ဘဲ လက်ရှိ ရခိုင့်နိုင်ငံရေးကို အခြေအနေရ စိတ်ခံစားမှုတစ်ခုတည်းအပေါ် အခြေခံပြီး ပေါင်းစည်းတည်ဆောက်မယ့်အလုပ်ဟာ ဖြစ်သင့်ဖြစ်ထိုက်တာထက် စိတ်ခံစားမှုကို ဦးစားပေးခြင်းသာဖြစ်တယ်။ အခုလို အခြေအနေကိုသိလျက်နဲ့ နဂိုပုံဟောင်းအတိုင်း စည်းလုံးညီညွှတ်မှု တည်ဆောက်နေကြတာဟာ ရခိုင်နိုင်ငံရေးအတွက် အနုတ်လက္ခဏာကို ဖော်ဆောင်နေခြင်းသာဖြစ်တယ်လို့ ထင်မြင်သုံးသပ်မိပါတယ်။
Arakan Times : နိုင်ငံရေးပြောင်းလဲလာမှုနဲ့အညီ ရခိုင်ပြည်သူလူထုအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ ဘုရား။
ဆရာတော်: နိုင်ငံရေးတိုးတက်ပြောင်းလဲတယ်ဆိုတာ ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့အခွင့်အရေး ပြည့်ဝတဲ့ တန်းတူရေးနဲ့ ညီမျှတဲ့ စနစ်တစ်ခုကို ပြောင်းလဲခဲ့မယ်ဆိုရင် ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေ၊ အသက်ရှည်ရပ်တည်ပိုင်ခွင့်တွေ၊ စီးပွားဥစ္စာပိုင်ဆိုင်ခွင့်တွေ၊ ရှာဖွေလုပ်ကိုင် စားသောက်ပိုင်ခွင့်တွေနဲ့ ပြည့်စုံလာမှ ဘ၀လုံခြုံမှုတွေလည်း ရရှိလာမှာဖြစ်တယ်။
Arakan Times : အရှင်ဘုရားအနေနဲ့ ရခိုင်နိုင်ငံရေးထဲမှာ ပြည်သူလူထုအကျိုးအတွက် ဘယ်အခန်းကဏ္ဍကနေ ပူးပေါင်းပါဝင်သွားဖို့ ရှိပါသလဲဘုရား။
ဆရာတော်: ပြည်သူလူထု နိစ္စဓူဝ ဖြတ်သန်းကြုံတွေ့နေကြရတဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စတဲ့အနေအထားအကြပ်အတည်းတွေအောက်က ရုန်းထွက်တတ်လာအောင၊် မှန်ကန်တဲ့လမ်းကြောင်းအပေါ်မှာ ဆုံးဖြတ်တတ်လာအောင် ပညာပေးလုပ်ငန်းဖြစ်တဲ့ ဟောပြောပွဲတွေကို အစပြုပြီး ပြည်ပမှာ အကောင်အထည်ဖော်နေပါတယ်။ ပြည်သူလူထုတွေ အခုလို ဘာကြောင့် ဒုက္ခရောက်နေရသလဲဆိုတဲ့ မူလအကြောင်းအရင်းတွေကို သိမြင်လာအောင် ပညာပေးစာစောင်တွေ ထုတ်ဝေဖို့ အစီအစဉ်တွေလည်း ရှိတယ်။ RSU အနေနဲ့ ရခိုင်ပြည်သူတိုင်း နိုင်ငံရေးအသိစိတ်ဓါတ် မြင့်မားလာစေဖို့ အသိပညာပေး လုပ်ငန်းတွေကို တစ်ဘက်တစ်လမ်းကနေ ကြိုးစားဆောင်ရွက်နေသလို ရှေ့ဆက်လက်ပြီး ပြည်တွင်း၊ ပြည်ပ ပိုမိုကျယ်ပြန့်လာအောင် ဆောင်ရွက်သွားဖို့လည်း အစီစဉ်တွေရှိပါတယ်။
Arakan Times : အခုပြည်ပကနေ နိုင်ငံရေးလှုပ်ရှားနေရတာမှာ ဘယ်လိုအခက်အခဲတွေ ရှိပါလဲဘုရား။
ဆရာတော်: လုပ်ငန်းအပေါ်မှာ မှန်မှန်ကန်ကန်နဲ့ လုပ်တဲ့သူတွေ နည်းပါးနေသလို အုပ်စုနိုင်ငံရေး၊ ပါတီနိုင်ငံရေးကနေ အမျိုးသားနိုင်ငံရေးကို မတက်လှမ်းနိုင်သေးသရွေ့ အခက်ခဲတွေကရှိနေဦးမှာဘဲ။ အခြားတစ်ဘက်မှာလည်း ဘဏ္ဍာငွေအခက်အခဲတွေနဲ့ တွေ့ကြုံနေရတော့ ထင်သလောက် ခရီးမပေါက်ပါဘူး။ ပြီးတော့ တော်လှန်ရေးအပေါ် ဝေဖန်သုံးသပ်နေကြတဲ့လူတွေကလည်း လက်တွေ့ကျကျ အခြေအနေတွေထက် ဆန္ဒစွဲ၊ ပုဂ္ဂိုလ်စွဲတွေအပေါ်မှာ အခြေခံသုံးသပ်နေကြတာများနေတော့ လက်တွဲလုပ်ဆောင်သွားရမည့် လုပ်ငန်းတွေမှာ အလုပ်ထက်၊ အပြောများနေလို့ အခက်အခဲတွေအများကြီး ကြုံတွေ့နေရတယ်။
Arakan Times : လုံးဝ လွတ်မြောက်ရေး၊ ဒီမိုကရေစီ၊ ဖယ်ဒရယ်စနစ်တွေနဲ့ ပက်သက်လို့ ရခိုင်အမျိုးသားတွေအချင်းချင်းကြားမှာ ပဋိပက္ခဖြစ်နေကြတာတွေအပေါ် ဆရာတော် သဘောထားကို မိန့်ကြားပေးပါဘုရား။
ဆရာတော်: လူဆိုတာ မိမိတို့တွေ့ကြုံနေရတဲ့ ဘ၀အကြပ်အတည်း၊ ဘ၀ဖြတ်သန်းမှုနဲ့ မိမိတို့ရဲ့ ရေထု၊ မြေထုအပေါ် အခြေခံပြီး လက်ရှိခေတ်ကာလနှင့်အညီ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လုပ်ဆောင်သွားတာ အသင့်တော်ဆုံးပါဘဲ။
Arakan Times : ရခိုင်ပြည်နယ်မှာ ယခုလက်ရှိ အကောင်အထည်ဖေါ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေက ရခိုင်ပြည်သူလူထုအတွက် ဘယ်လိုကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ ဘုရား။
ဆရာတော်: ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကတော့ ပြည်သူလူထုအတွက်ဘဲ ဖြစ်သင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အစိုးရက သူတို့လူတစ်စုစာ အတွက်ဘဲ အသုံးချသွားမယ်ဆိုရင် ဒါဟာ ဓမ္မမဟုတ်တော့ဘူး အဓမ္မဖြစ်သွားပြီ။ ဒီဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကြောင့် ရပ်ရွာတွေပြောင်းရွှေ့ပေးရတာ၊ လယ်ယာမြေတွေ အသိမ်းခံရတာ၊ ပြည်သူတွေရဲ့ ချက်မြုပ်ဇာတိမြေကို စွန့်ခွာသွားရတာ၊ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ပျက်စီးသွားတာ၊ ရှိရင်းစွဲ ဇီဝမျိုးစိတ်တွေ ပျောက်ကွယ်သွားတာတွေကို အစိုးရနှင့် သက်ဆိုင်ရာ စီးပွားရေး ကုမ္ပဏီတွေက တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်နဲ့ ပြည်သူတွေအပေါ် ကျရောက်လာမည့် ဆိုးကျိုးတွေကို တာဝန်ယူဖြေရှင်းပေးရမယ်။ ဒါမှ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ စကားလုံးနဲ့ ကိုက်ညီမှာဖြစ်တယ်။
Arakan Times: ရခိုင်ပြည်ထဲက ထွက်ရှိတဲ့ ရေနံနဲ့ ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းနေတာက ရခိုင်ပြည်သူလူထုအတွက် ဘယ်လို ကောင်းကျိုး/ ဆိုးကျိုး ရှိနိုင်ပါသလဲ ဘုရား။
ဆရာတော်: ရခိုင်ပြည်သူတွေဟာ ရခိုင်ပြည်မှာကျရောက်လာတဲ့ သဘာဝဘေးအန္တရာယ်တွေကို အမြဲတမ်း ဒုက္ခခံစားနေကြရပေမယ့် ရခိုင်ပြည်ကထွက်ရှိတဲ့ သယံဇာတတွေကို အသုံးမပြုရ အကျိုးမခံရသေးတဲ့အပြင် လယ်သိမ်းခံရ၊ မြေအသိမ်းခံရ၊ ရပ်ရွာပြောင်းရွှေ့ခံရ၊ အဓမ္မလုပ်အားပေးစေခိုင်းခံရ စတဲ့ဆိုးကျိုးတွေကိုဘဲ တွေ့ကြုံခံစားနေကြရတယ်။ ရခိုင်ပြည်သူလူထုသာ ကျွန်ဖြစ်နေရတာမဟုတ်ဘဲ မြေထု၊ ရေထုတစ်ခုလုံးပါ အဆုံးရှုံးခံနေကြရတယ်။ မိမိတို့ ဒီလို ဘာဖြစ်လို့ခံစားနေရတယ်ဆိုတဲ့ အကြောင်းအရင်းကို ကွင်းကွင်းကွက်ကွက် မြင်သာလာအောင် စဉ်းစားအဖြေရှာဖို့သင့်ပါပြီ။ အခုလိုဆိုးကျိုးအကြောင်းတရားတွေကို မရှာဖွေဘဲ နေမြဲအတိုင်း နေသွားကြမယ်ဆိုရင် ရခိုင်ပြည် လူ့မှုဘ၀အခြေအနေဟာ ဒီထက်ပိုပြီး ဆိုးသွားဖို့ဘဲရှိတယ်။ မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မိမိတို့ကိုယ်တိုင် ကြိုးစားရမယ်။ တစ်ချို့က ဒီလိုနိုင်ငံခြားက စီးပွားရေး ကုမ္ပဏီတွေဝင်လာလို့ ပြည်သူတွေ အကျိုးအမြတ် ခံစားရတယ်လို့ပြောကြတယ်။ အတတ်ပညာပိုင်းနဲ့ ဆိုင်ရာသက်သာတဲ့အလုပ်ဟူသမျှကို တရုတ်ပြည်၊ အိန္ဒိယနဲ့ တစ်ခြားတိုင်းပြည်က အလုပ်သမားတွေကို လုပ်စေပြီး၊ ကျောက်ထမ်း၊ သဲထမ်း စတဲ့ အောက်ခြေသိမ်း အလုပ်ကြမ်းဟူသမျှကို ရခိုင်လူမျိုးတွေ လုပ်ကိုင်နေကြရတာဟာ ကိုယ့်အိမ်မှာကိုယ် အငှားခံနေကြရတဲ့ ဘ၀ကိုရောက်မှန်းမသိ ရောက်နေရခြင်းမှာ အလွန်တရာမှ ရင်နာကြေကွဲစရာကောင်းပါတယ်။ ဖြစ်ပျက်သမျှ အရာရာကို ခံစားတတ်မှ၊ ခံယူတတ်မှ မိမိဘ၀ကို မိမိနားလည်နိုင်မှာပါ။ ရပိုင်ခွင့်ဆိုတဲ့ သဘောတရားတွေကိုလည်း နားလည်ဖို့လိုအပ်တယ်။ ဥပမာပြောရရင် အခုအခြေအနေက လူမျိုးခြားတွေရဲ့ ရပိုင်ခွင့် အပုံတစ်သိန်းတစ်သန်းလောက်မှာမှ မိမိတို့ရပိုင်ခွင့်က တစ်ပုံမျှလောက်သာရှိတယ်။
Arakan Times : ပြည်ပကို အလုပ်လုပ်ဖို့ထွက်ခွာလာတဲ့ ရခိုင်ရွှေ့ပြောင်းအလုပ်သမားများနဲ့ပက်သက်လို့ အရှင်ဘုရား မိန့်ကြားလိုသည်များရှိပါသလား။
ဆရာတော်: စီးပွားရေး လုပ်ကိုင်စားသောက်လို့မရတဲ့ အရပ်ဒေသ၊ စနစ်မကောင်းတဲ့ တိုင်းပြည်ရဲ့အုပ်ချူပ်သူလူတန်းစားတို့ စံမမှီတဲ့ အရပ်ဒေသဆိုတာပတိရူပ ဒေသ၀ါသောစပုဒ်နဲ့ မညီမျှတဲ့အတွက်ကြောင့် တိုင်းပြည်မှာ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြရတယ်။ အဲဒါကြောင့် လူသားတိုင်းဟာ ဘ၀ရှင်သန်တိုးတက်ဖို့အတွက် ရေကြည်ရာ မြနုရာကိုရှာဖွေကြရတာဟာ ဓမ္မတာတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း သူတစ်ပါးနိုင်ငံမှာ အခက်အခဲအမျိုးမျိုးကြားက အလုပ်လုပ်နေကြရတဲ့ အလုပ်သမားတွေဟာ မိမိတို့ဘ၀ရပ်တည်ရေးအတွက် ထမင်းတစ်နပ် ဟင်းတစ်ဖတ်ဖြစ်လာဖို့ ပေးဆပ်မှုကို အကြောင်းအကျိုးစီလျော်စွာ ဘ၀ကိုနားလည်သဘောပေါက်ဖို့၊ စဉ်းစားတွေးခေါ်တတ်ဖို့ လိုအပ်ပါတယ်။ မိမိကြိုးပမ်းသမျှ ရရှိလာတဲ့ ရလဒ်တွေကနေပြီး မိမိ အနာဂတ်ဘ၀ လှပရှင်သန်ရေးအတွက် စုဆောင်းကြရမယ်။ အဲဒီလိုမဟုတ်ဘဲ သူတစ်ပါးနိုင်ငံမှာ မိမိတို့ဘ၀တစ်သက်တာ ဆုံလယ်နွားဘ၀သို့ မရောက်ဖို့အရေးကြီးပါတယ်။ နောက်တစ်ခုက မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိဒေသမှာ လိုအပ်နေတဲ့ ကဏ္ဍတွေကို တတ်စွမ်းသမျှ စေတနာထားဖို့လည်း လိုအပ်ပါတယ်။ တစ်ချို့အလုပ်သမားတွေက မိမိကလွဲရင် မိဘ၊ ဆွေမျိုး၊ ရပ်ရွာဒေသတွေကို ဥပေက္ခာပြုပြီး ဖြစ်ချင်တိုင်း ဖြစ်နေကြတာလည်း စိတ်ထိခိုက်စရာပါဘဲ။ ဥပမာပြောရရင် ငှက်တို့သည်ပင် လာတဲ့လမ်းကို ပြန်ကြည့်တတ်သော သဘောရှိတယ်။ လူသားတိုင်းဟာ ဘ၀လမ်းကြောင်းပေါ်မှာ အမြဲတမ်းပြေးလွှား လှုပ်ရှားနေကြရသလို လူသားတိုင်းရဲ့ ဦးနှောက်မှာလည်း နိုင်ငံရေးအသိတရားတွေ အမြဲတမ်းရှိနေဖို့လိုအပ်တယ်။ လူ့ဘ၀ဖြစ်စဉ်တရားတွေကို ကြောင်းကျိုး ဆက်စပ်တတ်ဖို့လည်း လိုအပ်ပါတယ်။ ဗုဒ္ဓ၏အနှစ်သာရတွေဖြစ်တဲ့ ကိုယ့်အကျိုးထက် သူများအကျိုးကို ဦးစားပေးမှု၊ အနစ်နာခံမှု၊ ရက်ရောမှု၊ စေတနာထောက်ထားမှု၊ ယထဘူတကျကျ မြင်နိုင်မှုတွေဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သန္တန်မှာ အမြဲတမ်း ကိန်းအောင်းနိုင်အောင် ကြိုးစားကြရမယ်။ လူတိုင်းဟာ ကိုယ့်အကျိုးကိုကြည့်နေမယ်ဆိုရင် လူ့အဖွဲ့အစည်းတစ်ခုလုံး ကမောက်ကမ ၀ရူန်းသုန်းကား ဖြစ်သွားနိုင်တယ်လို့ ပြောချင်ပါတယ်။
Arakan Times: နောက်ထပ် ဖြည့်စွက်မိန့်ကြားပေးစရာများရှိပါသေးလား ဘုရား။
ဆရာတော်: မိမိတို့ရဲ့ မလိုအပ်တဲ့ အယူအဆတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မထားဘဲ မိမိတို့ ဘ၀အနာဂတ်အတွက် ပတ်ဝန်းကျင် လူမျိုးတွေရဲ့ အခြေအနေ၊ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အခြေအနေ၊ တိုးတက်မှု၊ ဆုတ်ယုတ်မှု အနေအထားတွေကို အစဉ်မပြတ် လေ့လာသုံးသပ်ဖို့လိုအပ်တယ်။ မိမိတို့နဲ့ ဆီလျော်မယ့် အနေအထားတွေကိုလည်း အတုယူဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက နားမျက်စိကို အမြဲတမ်း ဖွင့်ထားဖို့လိုတယ်လို့ ပြောချင်ပါတယ်။ အဲဒါမှ မိမိတို့အနေဖြင့် ဘာဆက်လုပ်ရမလဲ ဆိုတာသိမြင်လာနိုင်မယ်။ အဲဒီလို အမြင်တွေ ရှင်သန်လာတာနဲ့အမျှ ရခိုင်လူမှုအဆောက်အအုံဟာလည်း တိုးတက်ဖွံ့ဖြိုးလာမယ်လို့ ပြောချင်ပါတယ်။

No comments:

Post a Comment