======================
Posted by ရွှေအိမ်စည် on July 12, 2011 at 15:11 in
NL-LA အနောက်ဘက် ဒေသက ထုတ်ဝေတဲ့ ‘ပြည်သူ့ လွတ်တော် ကိုယ်စားပြု ကော်မတီ၏
(၅၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသား
ခေါင်းဆောင်များ၏ ပြည်ထောင်စု သဘော တရားများ’ (၂ဝဝ၂ ဖေဖော်ဝါရီလ ၁၂ ရက်)
စာအုပ်မှ ပူးကျင့်ရှင်းထန် ရေးသားတဲ့ ‘ချင်း အမျိုးသားများ နိုင်ငံရေး
လှုပ်ရှားမှု သမိုင်း’ ဆောင်းပါးမှ “ချင်း အမျိုးသားနေ့ ပေါ်ပေါက်လာခြင်း
အကြောင်း သိကောင်းစရာ” ကို (၅၉) ကြိမ်မြောက် ချင်း အမျိုးသားနေ့ ဂုဏ်ပြု
အစီအစဉ် အဖြစ် ကောက်နှုတ် ကူးယူ ပြန်လည် ဖော်ပြတာ ဖြစ်ပါတယ်။
(၁၉၄၈) ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်ရေး ကြေညာပြီး အခြေခံ
ဥပဒေလည်း ပြဌာန်း ခဲ့သဖြင့် ယင်း ဥပဒေအရ ယခင် ချင်း တောင်တန်း များဟု နာမည်
ပေးထားသော ချင်းတို့ နယ်မြေ များသည် ချင်း ဝိသေသတိုင်း ဖြစ်လာသည်။ ထိုနည်း
တူစွာ ချင်းရေးရာ ဝန်ကြီး ဌာနလည်း ပေါ်ပေါက် လာပါသည်။ သို့သော် ယခင် ချင်း
အမျိုးသား များအား ကျေးက္ဆွန် သဖွယ် ဖိနှိပ် အုပ်ချုပ် ထားခဲ့သော ချင်း
တောင်တန်းများ စည်းမျဉ်း ဥပဒေ (Chin Hills Regulation Act)၁ ကိုမူ မဖျက်
သေးဘဲ ရှိနေသည်။ ထို့ကြောင့် ချင်းရေးရာ ဝန်ကြီး ဌာနတွင် ရှိသည့်
ချင်းတိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၁၄) ယောက်က ယင်း ဥပဒေကို
ပယ်ဖျက် နိုင်ရန် အဓိက တာဝန် တရပ် အနေဖြင့် ဆောင်ရွက် ကြသည်။ ၎င်းအချိန်တွင်
ချင်းရေးရာ ဝန်ကြီးမှာ မန်တုန်းနုန်း ဖြစ်သည်။ ကပ္ပတိန် မန်တုန်းနုန်းသည်
နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၏ အတွင်းရေး အတွင်းဝန် (PA) လည်း ဖြစ်သည်။
၎င်းအပြင် မြန်မာ နိုင်ငံ ကောက်ပဲ သီးနှံ ရောင်းဝယ်ရေး (SAMB) ဥက္ကဌလည်း
ဖြစ်သည်။
ချင်း ဝိသေသတိုင်း အခြေအနေ စုံစမ်း စစ်ဆေးရန် အတွက်
ကော်မတီ တရပ် ဖွဲ့စည်းရန် (၁၉၄၈) ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ကပ္ပတိန်
မန်တုန်းနုန်းက ချင်းရေးရာ ဥက္ကဌနှင့် ဆွေးနွေး တင်ပြရာ အားလုံးက သဘော
တူကြသည်။ ကော်မတီိတွင် ရာထူး အရ ချင်းရေးရာ ဝန်ကြီး ပူးဝမ္မသူးမောင်း
ပါဝင်ပြီး ဝန်ထမ်းများ အနက်မှ ချင်းဝိသေသတိုင်း၊ တိုင်းမင်းကြီး
ဦးသိမ်းမောင်နှင့် ပညာရေး ဌာနမှ ဦးစိုးဝင်းတို့ ပါဝင်သည်။
အမှန်မှာ ဦးဝမ္မသူးမောင်းမှ ရာထူး အရသာ ပါဝင်ခြင်း ဖြစ်ပြီး ချင်း တောင်တန်း
ပြည်သူ လူထု အပေါ် အဆိုပါ ချင်းတောင်တန်းများ စည်းမျဉ်း ဥပဒေ မည်ကဲ့သို့
ဖိနှိပ် ခဲ့သည် ဆိုသည်ကို သိရှိပြီး ဖြစ်သည်။ အမှန်တကယ် စုံစမ်း စစ်ဆေး
သူမှာ ချင်းအမျိုးသား မဟုတ်သည့် ဦးသိမ်းမောင်နှင့် ဦးစိုးဝင်းတို့ ဖြစ်နေ
ကြသည်။ ဤကဲ့သို့ ချင်းရေးရာ ကောင်စီ သဘောတူ ဆုံးဖြတ် ထားခြင်းကို
နိုင်ငံတော် အစိုးရ ဝန်ကြီး အဖွဲ့သို့ တင်ပြရန် ဖြစ်သဖြင့် ကပ္ပတိန်
မန်တုန်းနုန်းက ဝန်ကြီး အဖွဲ့သို့ မတင်ပြမီ နိုင်ငံတော် ဝန်ကြီးချုပ်ထံ
အကြောင်းစုံ တင်ပြ ခဲ့သည်။
၎င်းနောက် (၁၉၄၈) ခုနှစ် ဖေဖော်ဝါရီလ (၅)
ရက်နေ့တွင် ဝန်ကြီး အဖွဲ့၌ စုံစမ်းရေး ကော်မရှင် စေလွှတ်ရန်
ဆုံးဖြတ်ခဲ့သည်။ သို့သော် ချင်း လွှတ်တော် ကိုယ်စားလှယ် များက စုံစမ်း
ကော်မရှင်၏ တွေ့ရှိ ချက်သည် ဥပဒေ ပြဌာန်းသည့် အခါ ထည့်သွင်း စဉ်းစား
ထားမည်။ ချက်ချင်း လူထု အစည်းအဝေးကြီး ကျင်းပပြီး ချင်း ပြည်နယ် လူထု
ဆန္ဒကို ယူထားမည်ဟု သဘော တူကြ သဖြင့် (၁၉၄၈) ခု ဖေဖော်ဝါရီလ (၁၈ - ၂၃)
အတွင်း ချင်း ဝိသေသ တိုင်း၏ မြို့တော် ဖြစ်သော ဖလမ်း မြို့တွင် လူထု
အစည်းအဝေး ကျင်းပရန် သဘော တူညီ ကြသည်။ ယင်း အစည်းအဝေး ကြီးသို့ တက်ရန်
နိုင်ငံတော် သမ္မတကြီး စပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ် ဦးနု တို့ကို
ဖိတ်ကြား ထားသော်လည်း သမ္မတကြီးသာ တက်ဖြစ် ခဲ့သည်။ လူထု (၅ဝဝဝ) ကျော်
တက်ရောက် ခဲ့ပြီး စုံစမ်း စစ်ဆေးရေး ကော်မတီ ဝင်များလဲ စုံလင်စွာ တက်ရောက်
ကြသည်။ အစည်းအဝေး ကြီးကို (၁၈- ၂ဝ) ထိသာ ပါဝင် တက်ရောက် ခဲ့ကြသည်။
၁၉၄၈ ခု ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့တွင် တီးတိန် နယ်မှ ဆူဗီဒါရ် ပူထန်ဇကိုင်
(Sub.Pu Thang Za Khai) မှ နယ်ချဲ့ အင်္ဂလိပ် ခေတ် ပဒေသရာဇ် သဘော အရ
ချင်းပြည်သူ လူထုအား ကျေးက္ဆွန် သဖွယ် ဖိနှိပ် အုပ်ချုပ်သော စနစ်၊ အခွန်တော်
အမျိုးမျိုး၊ ဆက်ကြေး အမျိုးမျိုး တို့ကို ကောက်ယူခြင်း စနစ်၊ ပြည်သူ လူထု
ထံမှ မတရား လုပ်အား မျိုးစုံ၊ တောင်းယူခြင်း မျိုးစုံ တို့ကို
ဖျက်သိမ်းရန်၊ ပဒေသရာဇ် ဥပဒေ အရ ခန့်အပ် ထားသော တိုက်သူကြီး၊ ရွာသူကြီး
ရာထူးများ ဖျက်သိမ်း ပစ်ရန်နှင့် ယင်းတို့ နေရာတွင် ပြည်သူ လူထု ရွေးချယ်
တင်မြောက်သော ကျေးရွာ ကောင်စီ ဥက္ကဌ၊ တိုက်နယ် ကောင်စီ ဥက္ကဌ စသည်ဖြင့်
ထားရှိရန် အဆို တင်သွင်း ခဲ့သည်။
အစည်းအဝေး သဘာပတိ အဖြစ်
နိုင်ငံတော် သမ္မတကြီးက ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ကပ္ပတိန်
မန်တုန်းနုန်းမှ ဆောင်ရွက်သည်။ အဆို များကို ထောက်ခံမဲ (၄၉၉၃) မဲ ရှိပြီး၊
ကန့်ကွက် မဲ (၇) မဲသာ ရသဖြင့် အဆိုကို သဘာပတိမှ အတည် ပြုကြောင်း ကြေညာသည်။
ထို့ကြောင့် (၂ဝ -၂ - ၄၈) နေ့သည် ချင်းပြည်သူ တရပ်လုံးက အသဲ နှလုံးကြားက
ဆန္ဒ ဖော်ထုတ် သောနေ့ ဖြစ်ပြီး လူထု အရေး အောင်မြင်သော နေ့၊ ချင်း တမျိုးသား
လုံး၏ ရာဇဝင် ပြောင်းလဲ စေသော နေ့ထူး နေ့မြတ် ဖြစ်သည်။ တနည်း ပြောရလျင်
နယ်ချဲ့ များ၏ ပဒေသရာဇ် ဥပဒေ ဖြစ်သည့် ချင်း တောင်တန်းများ စည်းမျဉ်း ဥပဒေ
ကျဆုံး သောနေ့ ဖြစ်သည်။ ချင်း တောင်တန်းတွင် ဒီမိုကရေစီ အောင်ပွဲ နေ့လဲ
ဖြစ်သည်။ ထို့ကြောင့် ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့ကို ချင်း အမျိုးသားနေ့ အဖြစ်
သတ်မှတ် ခဲ့ကြသည်။
နိုင်ငံတော် သမ္မတကြီး စပ်ရွှေသိုက်သည် စော်ဘွား
တဦး ဖြစ်ခဲ့ သည်နှင့် ပဒေသရာဇ် ကျဆုံး၍ တိုက် သူကြီး၊ ရွာ သူကြီး များ၏
အာဏာ ကျဆုံးသော အခါ ကိုယ်ချင်းစာ မိသဖြင့် ၎င်း အစည်းအဝေး မှာပင် တိုက်
သူကြီး၊ ရွာ သူကြီးဟောင်း များအား လျော်ကြေးများ သိန်းချီ၍ ပေးကြောင်း
ထုတ်ပြန် ကြေညာသည်။
ယင်း လျော်ကြေး များကို စုံစမ်းရေး ကော်မတီ
ပြီးဆုံးသော ၁၉၄၈ စက်တင်ဘာလ (၉) ရက် နောက်ပိုင်းတွင် အဆင့်လိုက် ခွဲတမ်းချ
ဝေငှ ခဲ့သည်။ ထို့နောက် ချင်း တောင်တန်း ဥပဒေကို တရားဝင် ဖျက်သိမ်းကာ ၁၉၄၈
နှင့် ချင်း ဝိသေသတိုင်း ဥပဒေ [Chin Special Division Act (1948)]နှင့်
ချင်း ဝိသေသ တိုင်း (ဥပဒေ များနှင့် သက်ဆိုင်ခြင်း) (Chin Special
Division-Extention of Laws Act) တို့နှင့် အစားထိုး ပြဌာန်း ခဲ့သည်။
သို့သော် ထိုအချိန်တွင် ပြည်ထောင်စု မြန်မာ နိုင်ငံတွင် အလွန် စိတ်
အနှောက်အယှက် ဖြစ်ဖွယ်ရာ အချက်ကြီး တခု ပေါ်ခဲ့သည်။ ချင်းရေးရာ ဝန်ကြီး ဌာန
အပါအဝင် ပြည်ထောင်စု အစိုးရသည် ‘ရန်ကုန် အစိုးရ’ ဟု အခေါ် ခံနေ ရချိန်
ဖြစ်သည်။ ရောင်စုံ သူပုန်များ တောခို၊ သူပုန် ထကြသည်။ ကပ္ပတိန်
မန်တုန်းနုန်းသည် ဝန်ကြီးချုပ် ဦးနု၏ အတွင်းရေး အတွင်းဝန် ဖြစ်သည့် အပြင်
မြန်မာ နိုင်ငံ ကောက်ပဲ သီးနှံ ရောင်းဝယ်ရေး ဘုတ် အဖွဲ့ (SAMB) ဥက္ကဌလည်း
ဖြစ်ရာ အလွန် အလုပ် များသည်။ အစိုးရ လက်နက်ကိုင် မရှိ သလောက် ဖြစ်သည်။
ထိုအချိန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ဆောင်ရွက်သူ ဦးကျော်ငြိမ်းက
အင်္ဂလန်သို့ သွားရောက်ကာ လက်နက် ရောင်းချရန် ပြောသော်လည်း အင်္ဂလိပ် သူလျှိုဟု
ထင်ရသည့် ကင်းဘဲလ် (Campbell) အား မြန်မာ အစိုးရမှ ဖမ်းဆီး ထားသည့် အတွက်
ဗြိတိသျှ အစိုးရက လက်နက် မရောင်းသည့် အပြင် ကြိမ်းမောင်း ခဲ့သည်။ တဖန်
အမေရိကသို့ သွားရောက် ကမ်းလှမ်း ရာ၌လည်း မြန်မာ နိုင်ငံသည် အင်္ဂလိပ်နှင့်
လင်္ကျာ - ဖရီးမင်း စာချုပ် ချုပ်ဆို ထားသည် ဖြစ်၍ လက်နက် ရောင်းရန်
မဖြစ်ကြောင်း ပြောသည်။
ထိုအခါ နိုင်ငံတော် ဝန်ကြီးချုပ်မှ ကပ္ပတိန်
မန်တုန်းနုန်းအား အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် ဂျဟလာလ် ပန်ဒစ် နေရူးထံ
လက်နက် ရောင်းချ ပေးရန် စေလွှတ်၍ တောင်းဆို ခိုင်းသည်။ ကပ္ပတိန်
မန်တုန်းနုန်းသည် ဥပဓိရုပ် ကောင်း၍ ခန့်ညားသူ ဖြစ်သည်။ အနောက်တိုင်း
ဝတ်စုံဖြင့် သပ်ရပ်စွာ နေတတ်ပြီး ဟိန္ဒူ စတာနီ စကား က္ဆွမ်းကျင်သူ ဖြစ်သဖြင့်
အိန္ဒိယ အစိုးရထံ အကူအညီ တောင်းရန် အသင့် တော်ဆုံး ဖြစ်သည်။ သို့ဖြင့်
လက်နက်များ တပ်ရင်း (၉) ရင်းစာ ရရှိ လာခဲ့သည်။ သင်္ဘော ဝမ်းဗိုက် ခန်း၌
လျှို့ဝှက်စွာ သယ်ဆောင် လာပြီး နွား အကောင် နှစ်ဆယ်ပါ မြန်မာပြည်သို့
သယ်ဆောင် လာသည်။ ကျန်ငွေ ရှစ်ရာကျပ်ကို ဝန်ကြီးချုပ်ထံ ပြန်လည် အပ်နှံ
ခဲ့သည်။ မသိသူ များမှာ နွားကျောင်းသား ဟုပင် ထင်မှတ် ခဲ့ကြသည်။
ဤသို့သော ရှုပ်ထွေးမှု များကြောင့် ချင်းရေးရာ ကိစ္စ များသို့ အာရုံ မစိုက်
အားတော့ သဖြင့် ၁၉၅ဝ အောက်တိုဘာလ (၉)ရက်နေ့ ချင်းရေးရာ အစည်းအဝေး ကောင်စီ
အစည်းအဝေး တွင်မှ ၁၉၄၈ ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့ကို ချင်း အမျိုးသားနေ့
အဖြစ် သတ်မှတ်ရန် ဆုံးဖြတ် ခဲ့ကြသည်။ ထို အချိန်သည် ချင်း ရေးရာ ကိစ္စနှင့်
ပတ်သက်၍ ကပ္ပတိန် မန်တုန်းနုန်းနှင့် ဦးဝမ္မသူးမောင်းတို့ ပြီးလျင် ပြီးသည့်
ခေတ် ဖြစ်ပါသည်။ သို့သော် ၎င်းတို့က နိုင်ငံတော် ရုံးပိတ်ရက် (Gazetted
Holiday) အဖြစ် ဆက်လက် ထားရှိ ရန်ကား သတိ မမူခဲ့ ကြပေ။
၁၉၅၆
ခုနှစ် ပူးဇဟရဲလျန် အစိုးရ တက်လာသော အခါ ထို အမျိုးသား အောင်ပွဲနေ့ကို
ဒီဇင်ဘာလ (၄) ရက်နေ့ အဖြစ် ပြောင်းလဲ သတ်မှတ်ရန် ချင်းရေးရာ ကောင်စီ
အစိုးရမှ ဆုံးဖြတ် ခဲ့သည်။ သို့သော် အများ ပြည်သူ၏ ထောက်ခံမှု မရ ခဲ့ပေ။
တဖန် တော်လှန်ရေး ကောင်စီ ခေတ်တွင် မဆလ ပါတီမှ မင်းတပ် ပါတီ ယူနစ်
စည်းရုံးရေးမှူး ဦးမြင့်သိန်း (ဗိုလ်မှူး-ငြိမ်း) က ၁၉၆၆ ခုနှစ်
ဖေဖော်ဝါရီလ (၉) ရက်နေ့ကို ချင်း အမျိုးသားနေ့ အစား ချင်း ဝိသေသ တိုင်းနေ့
အဖြစ်သို့ ပြောင်းလဲ ခေါ်ဆိုရန် ပြောခဲ့သည်။ ထိုအချက်ကို ချင်း ပြည်သူ လူထုက
လက်မခံ နိုင်သဖြင့် ချင်း ဝိသေသ တိုင်းရှိ မြို့နယ် များမှ ချင်းရေးရာ
ဦးစီး အဖွဲ့ရုံး၊ ဟားခါး မြို့သို့ မကျေနပ် ချက်များဖြင့် ကျိုးကြောင်း
စုံလင်စွာ တင်ပြ ခဲ့ကြသည်။
ချင်းရေးရာ ဦးစီး အဖွဲ့ဝင်
ဒုဗိုလ်မှူးကြီး ဟောင်း ဦးပွတ်ပါးမှ တော်လှန်ရေး ကောင်စီ ဥက္ကဌ ရုံးသို့
တက်ရောက်ပြီး အကျိုးကြောင်း တင်ပြသော အခါ ဥက္ကဌ ရုံးမှ စာနှင့် တင်ပြရန်
ညွှန်ကြား ခဲ့သည်။ ချင်းရေးရာ ဦးစီး အဖွဲ့ရုံးက (၁၁-၇- ၆၆) ရက်စွဲပါ စာအမှတ်
သက - ၂၉/ဝ၄/(၁) ဖြင့် တော်လှန်ရေး ကောင်စီ ဥက္ကဌ ရုံးသို့ တင်ပြ ခဲ့သည့်
အတွက် ချင်း အမျိုးသား အောင်ပွဲ နေ့ကို ချင်း အမျိုးသားနေ့ အဖြစ် ဆက်လက်
ထားရှိရန် တော်လှန်ရေး ကောင်စီရုံး ဥက္ကဌ ရုံးမှ (၂၅-၁၁-၆၆) ရက်စွဲပါ စာ
အမှတ် (၃ဆ/၁၅-ဗ/၆၆) ဖြင့် အကြောင်း ပြန်ကြား ခဲ့သည်။ ချင်းရေးရာ ဦးစီး
ရုံးကလဲ ချင်း ဝိသေသ တိုင်းရှိ ဌာန အားလုံး ထံသို့ ထို အချက်ကို ၁၉၆၇
ခုနှစ် ဇန်နဝါရီလ (၉) ရက်စွဲပါ စာအမှတ် ယက/ဝ၄(၂) ဖြင့် ပြန်လည် အကြောင်း
ကြားခဲ့သည်။ နောက် တဖန် ချင်းပြည်နယ် ကောင်စီ ရုံးက ချင်းအမျိုးသား နေ့ကို
ချင်း ပြည်နယ်နေ့ အဖြစ် ပြောင်းလဲ ခေါ်ဆိုရန် အမိန့် ထုတ်ပြန် သေးသည်။
သို့သော် အောင်မြင်မှု မရရှိ ခဲ့ပေ။
၁၉၄၈ ခုနှစ်မှ စ၍ ယနေ့တိုင်
ချင်း အမျိုးသား များသည် မိမိ ရောက်ရှိသည့် နေရာ တိုင်းတွင် ချင်း
အမျိုးသား နေ့ကို ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့တွင် ကျင်းပမြဲ ဖြစ်သည်။
အကြောင်းမှာ ချင်း အမျိုးသား နေ့သည် ချင်း အမျိုးသားထု တရပ်လုံးက အသွေးသား
နှလုံးသားမှ ဆန္ဒမှန်ကို ဖော်ထုတ် နိုင်ခဲ့သော နေ့၊ ချင်း အမျိုးသားက
နယ်ချဲ့ကို အောင်နိုင် သောနေ့၊ တနည်း ပြောလျင် ဒီမိုကရေစီ စနစ်က အာဏာရှင်
စနစ် အပေါ် အောင်ပွဲ ခံသော နေ့ပင် ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ လိုလား
သူတိုင်းက ချင်း အမျိုးသား နေ့ကို မြတ်နိုး ကြသည်။
ရည်ညွန်းချက်။
၁။ ၁၈၉၆ ခုနှစ်တွင် အင်္ဂလိပ် အစိုးရက ချင်း တောင်တန်း အုပ်ချုပ်ရန် ချင်း
တောင်တန်းများ စည်းမျဉ်း ဥပဒေ (Chin Hill Regulation Act) ဗြိတိသျှ
ပါလီမန်၌ ပြဋ္ဌာန်း ခဲ့သည်။ ယင်း ဥပဒေသည် လူရှေ တောင်တန်း (ယခု Mizoram,
India)၊ နာဂ တောင်တန်း (Naga Hill)၊ ဆွမ်ရာ တောင်တန်း (Somra Hill Tract,
ယခု စစ်ကိုင်း တွင်ပါဝင်)၊ ရခိုင် တောင်တန်း (ယခု ချင်းပြည်နယ် တွင်ပါဝင်)
များတွင် အကျုံး ဝင်သည်။
ချင်း တောင်တန်းများ စည်းမျဉ်း ဥပဒေသည်
အင်္ဂလိပ် အစိုးရက ၎င်းတို့ အုပ်ချုပ်ရေး လွယ်ကူရန် အတွက် ပဒေသရာဇ် စနစ်
(Feudalism) အခြေခံ၍ ရေးဆွဲ ထားသော ဥပဒေ ဖြစ်သည့် အားလျော်စွာ ချင်း
တောင်တန်းတွင် ယင်း ဥပဒေ အရ တီးတိန် နယ်တွင် ပူဟောက်ကျင့်ခုတ် (Pu Hau Cin
Khup)၊ လုမ်ဘန်းရွာတွင် ပူလွှလ်မုန် (Pu Hlur Hmung)၊ ဖလမ်းတွင်
ပူထန်တင့်လျန် (Pu Thang Tin Lain)၊ ဟားခါး နယ်တွင် ပူကီး အိုမန် (Pu Kio
Mang)နှင့် တိုက်ချွန် ရွာတွင် ပွူ့ကန့်ဘိခ် အား အကြီးဆုံး အဖြစ် သဘော
ထားကာ ၎င်း၏ရွာ တိုင်ချွန် အနီးတွင် ဖလမ်း မြို့ကို တည်ထောင် ပေးခြင်း
ဖြစ်သည်။ ထို့ကြောင့် ချင်း တောင်တန်း၏ မြို့တော် အဖြစ် ဖလမ်း မြို့ကို
သတ်မှတ်ပြီး၊ ဖလမ်း မြို့တွင် မပြီး ပြတ်နိုင်သော အမှု ကိစ္စ များကို မကွေး
မြို့သို့ အရေး ဆိုရန် သတ်မှတ် ခဲ့သည်။
စာကိုး.....ပါလီမန် ခေတ် , မှတ်တမ်းမှတ်ရာများ
No comments:
Post a Comment