ရခိုင်ဘုရင်
(မင်းခရီ ) ခေါ် နရနုအလီခင် မင်းသည် အရှေ့ပြည် အင်းဝမင်း ထူပါရုံ ဒါယကာ နရပဓိမင်းနှင့်
အပြနအလှန် သ၀ဏ်လွှာများ ပေးကမ်းတော်မူကြပြီး ဆွေမျိုးဖွဲ့ကြလျှက် ကောဇာသက္ကရာဇ် ( ၈၁၆ )ခုနှစ်
တန်းခူးလဆန်း ( ၆ )ရက် တနင်္လာနေ့ တွင် ယခု ရခိုင်ရိုးမ ဖိုးခေါင်တောင် ထက် ၌ နှစ်နိုင်ငံအရေး တွေ့ဆုံ နှုတ်ဆက်ပြောဆိုတော်မူကြသောအခါ
အင်းဝဘုရင်မှာလည်း မိဖုရားမှစ၍ မောင်းမမိဿံ မှူးမတ် တို့နှင့်
သူတို့
ဇနီးမယားတို့သည်လည်း ပါကြကုန်၏။
ရခိုင်ဘုရင် (မင်းခရီ)ခေါ် နရနု အလီခင်မင်းကြီးမှာလည်း
ထိုအတူ ပါတော်မူကြ၏ ၊ မင်းမှာလည်း မင်းအချင်းချင်း၊ မိဖုရား မှာလည်း မိဖုရားအချင်းချင်း၊
မင်းသားမှာလည်း မင်းသားအချင်းချင်း ၊ မင်းသမီးမှာလည်း မင်းသမီးအချင်းချင်း၊ မင်းဆွေမင်းမျိုး
မှာလည်း မင်းဆွေမင်းမျိုးအချင်းချင်း၊ မှူးမတ်းမှာလည်း မှူးမတ်အချင်းချင်း ၊မှူးမတ်ဇနီးမယားတို့်မှာလည်း
မှူးမတ်ဇနီးမယားအချင်းချင်း ဤသို့ အချစ် အခင်ဖွဲ့ကြလျှက် အပြန်အလှန် ကျွေးမွေးစားသောက်တော်မူကြပြီးလျှင်
အင်းဝနရပတီမင်းကြီး ခြွေအရံတို့ကား အထူးထူးသော အ၀တ်တန်ဆာ တို့ကို ဆင်ယင်ဝတ်ကြကုန်၏
၊ ရခိုင်ဘုရင် (မင်းခရီ) နရနု အလီခင်မင်း အခြွေအရံတို့မှာကား အဖြူ ရောင်သက်သက်ကိုသာ
ဝတ်ဆင်ကြကုန်၏။ အင်းဝဘုရင် နရပတိမင်းသည် အဖိုးတစ်သိန်းထိုက်တန်သော ပတ္တ မြား လက်စွပ်ကို
ရခိုင်ဘုရင်အားပေးတော်မူလေသည်၊ ရခိုင်ဘုရင် (မင်းခရီ ) နရနု အလီခင်မင်းသည်လည်း အဖိုး
တစ်သိန်းထိုက်တန်သော ပုလဲသွယ် ကို ပေးတော်မူလေသည်။ မိဖုရားအချင်းချင်းလည်း လက်စွပ်
လက်ကျပ် အ၀တ်အရုံတို့ကို လှဲ့လှယ်တော်မူကြသည်။၊ ထိုသို့ လှဲလှယ်ကြပြီး မင်းနှစ်ပါးတို့သည်
ကြည်ကြည်သာသာ ဟောပြောကြလျှက် နိုင်ငံတော် ရေ မြေ
နယ်နမိတ် အပိုင်းအခြားကို ကတိစကား ထား၍ သတ်မှတ်တော်မူကြလေသည်။ သတ်မှတ်တော်မူကြလေသည်မှာ
ရခိုင်ရိုးမ (ခေါ်) ဖိုးခေါင်တောင်ရိုး အရှေ့က
ကျရေကို ရတနာပူရ အင်းဝနိုင်ငံအပိုင်ဖြစ်စေ၊ ဖိုးခေါင်တောင်ရိုး အနောက်ဖက် ကျရေကို ဓည၀တီ
ရခိုင်နိုင်ငံ အပိုင်ဖြစ်စေ ဟူ၍ နိုင်ငံ ရေ မြေ နယ်နမိတ် ပိုင်းခြားတော်မူလေသော် ထိုဒေသ၌
ပေါက်ရောက်ကြကုန်သော နွယ် မြက် ၀ါး သစ်ပင် တို့သည် ရခိုင်ဖက် အပင် က ရခိုင်ဖက်သို့ညွတ်၍ အင်းဝဖက် အပင်များက အင်းဝဖက်သို့ ညွတ်ကြကုန်၏။ အလယ်၌ပေါက်သော
အပင်တို့သည် တည့်တည့်မတ်မတ် ပေါက်ကြကုန်၏။ မင်းနှစ်ပါးတို့သည်လည်း ထီးဖြူမှစ၍ အဆောင်အယောင်
မင်းခန်းမင်းနားတို့ကို တစ်ပါးကိုတစ်ပါး လှဲလှယ်တော်မူကြပြီးလျှင်
ကောဇာ သက္ကရာဇ် (၈၁၆ ) ခုနှစ် တန်းခူးလဆန်း
(၆)ရက် တနင်္လလာနေ့ တွင် တပ်စဉ်အတိုင်း ဆုတ်၍ မင်းနေပြည်တော်သို့
ပြန်ကြကုန်သည်။
ရခိုင်ဘုရင်
(မင်းခရီ ) နရနု အလီခင်မင်း သည် အမတ် ဥဿလင်းစား ကို
အင်းဝဘုရင်
နရပတိမင်းထံသို့ ပေးပို့တော်မူသော ချစ်ကြည်ရေး
ရာဇသံ သ၀ဏ်လွှာကား အောက်ပါအတိုင်းဖြစ်သည်။
ဣတိပိသောဘဂ၀ါ သွက္ခာတော သုပ္ပဋိပန္နော စသော ဂုဏ်တော် တရား သုံးပါးနှင့်အညီ
ပရိယတ္တိ ၊ ပဋိ ပတ္တိ ၊ ပဋိဝေဒ သာသနာတော် မညှိုးမနွမ်းစေရ ၊ မူလသိက္ခာ မင်းသမ္မာတို့ ခံရာသော
ဘိသိတ်တရား ဆယ်ပါးသော မင်းကျင့် ၊ ဆယ့်နှစ်ဆန်းသော အင်္ဂါ ကြိယာဒဿ သတ္တကျက်သရေ လေးထွေသင်္ဂဟ နစ္စမြဲစွာ
အ၀ိဇ္ဖာနှင့် တဏှာပိတ်ပေါင်း သူမကောင်းနှင့် ကင်းကြောင်း လုံလကိုသာ ပညာဗလ ပြုလျှက် မင်းတို့အား ငါးပါး၌ စရိမာ ဆုတ်ယုတ်တတ်သော
လက်ရုံး၊ မာနအားကိုပါယ်၍ အနီးအဝေးမရွေး ပကတိ တရား ခုနှစ်ပါးနှင့် သတ္တ၀ါတို့ကို စောင့်ထိန်းလျှက်
အုပ်ကွပ်စီရင်လေ့ရှိသော မြောက်ဦးရွှေမြို့တော်ကြီး အရှင်ကြားရောက်လိုက်သည် ၊ အင်းဝရွှေမြို့တော်
အကြည်တော်မင်းမြတ်လူသတ္တ၀ါတို့၏ ဓလေ့ စာရိတ္တ သီလ ၀ါရိတ္တသီလ ထိုနှစ်ဝသော တရားကိုသာ ရှည်ကြာစွာ
စွဲမြဲကျင့်ကြံရမည်ကို အသိပညာ သမ္မတရား မကပ်မရှိခြင်းကြောင့် ဂင်္ဂါဝါဠု သဲစုအမျှ ရှေးကာလ၍
ပွင့်တော်မူကြသော ဘုရားရှင်တို့ သင်ပင်းသို့မ၀င် သံသရာစက်ရဟတ်က မလွတ်တဏှာ နွံအိုင်၌
ပျော်ပိုက်လျှက် တေဘုမ္မက၀ဋ် အလယ် အမြင့်အနိမ့် တွေ့မြဲဓမ္မတာ နိဗ္ဗာန်မှ ဖီလာ သမုဒယ သစ္စာကိုသာ လေ့လာအားထုတ်
ကြလေသည်၊ ထိုသတ္တ၀ါတို့၌ တစ်ယောက်သောသူအား သမ္မာဥာဏ် ကပ်ရောက် ဖြစ်ပွါးရှိပြန်သော် အဇ္ဈတ္တ
ဗဟိဒ္ဓ ရန်မလွတ်ရှိပြန်
လေသည်၊ အတိဇာတ ပဋိသန္ဓေ နှင့် စွဲရင်းမှန်၍
နိက္ခမ သင်္ကပ္ပ ဖြင့် ဆိတ်ငြိမ်ရာသို့
ထွက်သွားလေ၍ ကာယ၀ိညတ် ၊ ၀စီဝိညတ် ၊မနောသမတ် နှင့် ညီညွတ်ပြည်စုံစေလျှက် သမ္မာပညာ တက်မကို
ဖြောင့်မတ် စွာကိုင်၍ အလွန်ကြီးကျယ်စွာ ဗလ၀ါမုခ သမုဒယ၀ဲ တဏှာအိုင်မြစ်ထဲမှ ခွါရှဲးကူးမြောက်တော်မူလေသည်
၊အနုဇာတ ပဋိသန္မေ ဖြစ်မူ
မိဘ ပဋိသန္ဓေ ပေးသူတို့၏
ထုံးစဉ်လာကို ကျင့်ကြံမြဲစွဲလျှက် အသက်ထက်ဆုံး နေရသည်။ အ၀ဇာတ ပဋိသန္ဓေ နေသော သားတော်ကား ရှေးပညာရှိတို့
ထုံးကိုမယူ ၊ဆိုသွမ်းပျော်ရွင် ၊သဘင်လေ့လာ သေစာယစ်မျိုး သောက်ချိုးမက်မော အတ္တနော မဟိ မိမိအကြိုက်ကိုသာ အဘဇ္ဈာတရား ဖြင့် သူတစ်ပါးဥစ္စာကို
လိုခြင်း၊ ဗျာပါဒ တရားဖြင့် သူတပါးကို ငြိုငြင်ပျက်စီးအောင် ပြင်ဆင်ခြင်း၊ မိစ္ဆာဒိဌိ
တရားဖြင့် အမှားအလွန် ဖေါက်ပြန် ယွင်းချွတ် နှလုံးသွင်းခြင်း တစ်ကြောင်းတုံလည်း သမ္မာ
သူတော် ကောင်း တို့နှင့် ခေတ္တပေါင်းဖေါ်ခဲ့ဘူးသော စကြာရ မန္ဒာတ်မင်းသည် မိစ္ဆာဥာဏ်ဖြစ်ပွါး၍
သိကြားမင်းစည်း စိမ်အလုံးကို သိမ်းကျုံးထပ်မှားချေ၍ ဘ၀မခြား ဒိဌဓမ္မ ပျက်စီးရလေကြောင်းနှင့်
မန္ဒာတုဇာတ် ကျမ်းဂန် လာချေသည် ၊ သိရိဓမ္မာသောကမင်းမူလည်း ဇမ္ဗူဒီပါ တစ်ကျွန်းလုံးကိုအစိုးရသော
မင်းဖြစ်တော်မူလျှက် ထိုမင်း ကံစဲချိန်နီးတွင် အမှားကို အမှန်ထင် ၍ တိရစ္ဆာန်ဘ၀ ရောက်လေကြောင်းနှင့်
ကထာစကား ရာဇ ၀င်များ၌ ပညာရှိတို့ သက်သေပြဆိုခဲ့ကြလေသည်။ ဤသည်ကျမ်းဂန် ကထာများကို နှလုံးသွင်း၍
အကြည်တော်မင်းလည်း မင်းမည်ကာမဟုတ် အလာကောင်းလျှက် အပြန်မစောင်းစေရ ၊ကိုယ်နှင့်မကွာ
သမ္မာရှစ်ထပ် စစ်ကွပ်လိမ္မာ ပညာလက်နက် ပိုးပုရွက်သို့ စစ်တက်လာကြ လောကသူရန် ရန်သူပုန်ကို
အ ကုန်သတ်ဖြတ် အခွါတတ်မှ မြတ်ရာသို့ ရောက်ရမည်အကြောင်းကို ကြားရောက်လိုက်သည် အကြည်
တော် ၊
ထူပါရုံ ဒါယကာ
အင်းဝဘုရင် (နရပတိမင်း ) သည် တောင်တွင်းစား
လက်ယာစည်သူကို ရခိုင်ဘုရင် (မင်းခရီ) နရနု အလီခင်မင်း ထံသို့ ပေးပို့တော်မူသော ချစ်ကြည်ရေး ရာဇသံ သ၀ဏ်လွှာကား
အောက်ပါအတိုင်းဖြစ်သည်။
သင်္ခါရ ၀ိကာရ လက္ခဏ နိဗ္ဗာန် ပညတ်တည်းဟူသော ဥေယျဓံ တရားငါးပါးတို့ကို မသိမမြင်စေတတ်သော အ၀ိဇ္ဖာဖုံးလွှမ်းခြင်းကြောင့်
သတ္တ၀ါတို့ နစ်မြုတ်လျှက်ရှိသည်ကို ကယ်တင်လိုသော သမာဓိ အသိအမှန် လုံ့လအကျင့် အကြံတော်
အားထုတ်သော သတ္တိကြောင့် ကင်းရာဖြစ်သော အသင်္ခတဓါတ် အမြဲတည်ရာ နိဗ္ဗာန်ဆိပ်ကြီးသို့ ငါကူးမြောက်ပြီ
ပုနပ္ပုနံ တဖန် ငါ့ကို နင်တို့ မနှိပ်စက်ရပြီ ၊ ပဌမ ဗုဒ္ဓ၀စန စကားတော် အနေကဇာတိသံသာရံ
ဂါထာကို ဥဒါန်းကျူးတော်မူပြီးမှ လူသုံးပါးတို့အား ကသလာဓမ္မာ အကုသလာဓမ္မာ အဗျာကတာဓမ္မာ
တရားတော်ကို ဟောတော်မူသည်၊ ကုသလ အကုသလာ ထိုနှစ်ပါးသောတရားတော် သည်ကား ကောင်းကျိုး မကောင်းကျိုးဟူလျှက်
အစဉ်အားဖြင့် ဥာဏ်နည်းသူတို့ သိလေစွာ ထိုယုတ်မာ သော မသူတော်တရားနှင့် ဆက်ဆံခြင်းမပြုသော
မဇ္ဈိမ ပဋိပ္ပဋာ သူတော်ကောင်းလက်နက်ဖြစ်သော အဗျာကတ တရားစောင့်လေ့ရှိသော ရတနာပူရ အင်းဝရွှေမြို့တော်အရှင်ကြားရောက်လိုက်သည်
မြောက် ဦးရွှေမြို့တော် အကြည်တော် သတ္တ၀ါတို့တွင် သမ္မာဒိဌိ ၊ မိစ္ဆာဒိဌိ နှစ်ပါးရှိသည်၌
မိစ္ဆာဓလေ့မှာ သံသရာ မကုန် စက်ဝဋ်တရား မပြတ်သောအမှုများကြောင့် ဇာတိဖြစ်လျှက် ရမ္မက်မကွာ
ခန္ဓာရုပ်နံ အဖန်တလဲလဲ ဖြစ်သော သတ္တိ ခိုင်ခံခြင်းသမ္မာပညာ သူတော်ကောင်းကား
တယောဘာဝေ စသော ၀ဋ်သုံးပုံကို မြင်သ ဖြင့် တဒင်္ဂပဟာန် ၀ိက္ခံမ္တန ပဟံ သမုစ္ဆေဒပဟံ တရားတော်နှင့်
တပ်သော တဏှာသမုဒယသစ္စာ စွဲရာ ကုသိုလ် အကုသိုလ် ထိုနှစ်ပါးကို ကင်းစေ၍ ကာယသုခ စိတ္တသုခကိုသာ
ခံစားနေသော ပုဂ္ဂိုလ်မြတ်ထံ သန့်ရှင်းသော ပစ္စည်းလေးပါး ပေးလှူခဲ့ဘူးသော အကျိုးထောက်ပံ့လေရာ
လောကီစည်းစိမ် နေရိပ်ပမာ စင်ကိုလျက် အကောင်းထင်မှား တရားလွတ်ချေလျှင် အလာ အပြန် မိစ္ဆာဥာဏ်မကင်း
၊ အလင်းသို့ မရောက် ၀ဲးအောက်တွင်သာ ၊ လူးလာပနက် ကျိန်စာရွက်သို့ ၊မပျက်ခန္ဓာ ၊ သံသရာ၌ မိစ္ဆာသို့မြဲးကြောင်း
သူတော်ကောင်းဆိုခဲ့သော ကျမ်းဂန်ကိုသိ၍ ၊ ရက္ခပူရတိုင်း
မြောက်ဦးမြို့ ပြည်သူတို့သည် အမျိုးဇာတ်တူ အယူမခြား ၊တရားညီကြလျှက် ၊မသမ္မာသောအမှု ၊
မပြုမကျင့်အပ်သော အကြံကို ကျင့်ကြံကြလေကြောင်း ကြားသိရ၍ ၊ သာသနာတော် မယဉ့်မမှေး ၊ သင်ပြဆုံးမ
၊ မည်လာခဲ့ရာ ၊ အကြည်တော်လည်း မင်းသမ္မာ တရားတို့နှင့် မြဲမြံစွာ သတ္တ၀ါအပေါင်းကို စောင့်ထိန်းကြောင်း အမတ်ဥဿလင်းစား တင်လျှောက်ချက် အတိုင်း
၊သ၀ဏ်စာတွင်လည်း သူတော်ကောင်းတို့အင်္ဂါ ၊ပြည့်စုံစွာ ပါလာသည်။ တရားလိမ္မာ ၊ သာသနာ တော်ကို
စောင့်ရှောက်တတ်သော မင်းချည်းဖြစ်၍ ဓမ္မသ၀န စည်းဝေးပြောဆိုကြရလျှင် ၊ သာသနာတော် ပွင့်လင်း
၊ သတင်းအရှည် ၊စည်ထွန်းမည်အကြောင်းကို ကြားလိုက်သည်အကြည်တော်
ရခိုင်၊ဗမာ
မင်းနှစ်ပါး ချစ်ကြည် ပေါင်းစည်း မဟာမိတ်ဖွဲ့ခဲ့ကြသော ကောဇာသက္ကရာဇ် (၈၁၆) ခုနှစ် တန်ခူးလဆန်း(၆)ရက် တနင်္လာနေ့သည် ရခိုင်အမျိုးသားနေ့အတွက်
သတ်မှတ်မည်ဆိုလျှင်လည်း သင့် တော်မည်ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော အထက်ပါ အကြောင်းအရာ
သမိုင်း ဖြစ်ရပ်တစ်ခုသည် ရခိုင်သမိုင်းနှင့် မြန်မာ့သမိုင်း တွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု
တည်ဆောက်ရာတွင် ဖျောက် ဖျက် ၍မရသော သမိုင်းဖြစ်ရပ် မှတ်တိုင် တစ်ခုဖြစ်ပါသည်။ ရခိုင်
ဗမာ မင်းနှစ်ပါး တို့၏ သီလဂုဏ် ၊ပညာ ဂုဏ် နှင့် တိုင်းသူပြည်သားများအပေါ် ရင် ၀ယ် သားကဲ့သို့
စီမံအုပ်ချုပ် မင်းလုပ်ခဲ့သည်ကို ထိုဘုရင်များ ရေး သား ခဲသော သ၀ဏ်လွှာများက သက် သေခံနေပါသည်။
ထိုကြောင့် ရခိုင်အမျိုးသားတို့၏ အမျိုးဂုဏ် ဇာတိဂုဏ် ပညာ ဂုဏ်ကို တောက် ပြောင် စေရုံသာမက
ရခိုင်လူမျိုးတို့၏စိတ်ဓါတ် နှင် ဘာသာ တရားအပေါ်မှာ မည်မျှလောက်ထိ ကိုင်းရှိုင်း မှုရှိသည်ကိုလည်း
မြင်သာထင်သာ ရှိအောင် ဖေါ်ပြ ထား သည်ကိုတွေ့ရပေသည်။ ထိုကြောင့် ဤသမိုင်း ဖြစ်ရပ်သည် ရခိုင်တစ်မျိုးသားလုံးအတွက်
ဂုဏ်တက် စရာ ဂုဏ်ယူစရာ သမိုင်းဖြစ်ရပ် တစ်ခု ဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓါတ်ကို ဖေါ်ညွန်းပြသရာလည်း
သက်ရောက်နေပါသည်။ ရခိုင် ဗမာ လူမျိုးနှစ်ခု၏ ကတိသစ္စာ တည်ကြည်မှု ယုံကြည်မှုများကိုလည်း
လှစ်ဟ ဖေါ်ကျူးပြသရောက် သက်သေတစ်ခုလည်းဖြစ်ပါသည်။ ထိုကြောင့် ရခိုင်အမျိုးသားနေ့ကို
ရွေး ချယ်ကြရာတွင် တန်းခူးလဆန်း(၆)ရက် နေ့ကို ရခိုင်အမျိုးသား နေ့ဟူ၍ သတ်မှတ်လျှင်လည်း
သင့်မြတ်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။
တစ်နည်း
ဧပြီလ၏ ပထမပတ် ( တနင်္ဂနွေ) နေ့ ကို
သတ်မှတ်သင့်ပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် မင်းနှစ်ပါး ကတိသစ္စာထားခဲ့သော ကောဇာသက္ကရာဇ် (၈၁၆)ခုနှစ် တန်းခူလဆန်း(၆)ရက် တနင်္လာနေ့
သည် အင်္ဂလိပ်ပြက္ခဒိန်အလို ဧပြီလတွင် ဖြစ်နေသောကြောင့် ရခိုင်အမျိုးသား နေ့ကို ကျင်းပရာ၌ ပြည်တွင်း ပြည်ပရောက်ရှိနေကြသော
ရခိုင်တစ်မျိုးသားလုံး နေရာအသီးသီးတွင် ကျင်းပကြမည်ဖြစ်ရာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ
ရုံးပိတ်ရက် ဖြစ်သော တနင်္ဂနွေနေ့
ဆိုလျှင် ၊ အလုပ်ဝင်နေကြသော ကုမ္ပဏီဝန်ထမ်း
အစိုးရ၀န်ထမ်း ရခိုင်သူ ရခိုင်သားများအားလုံးအတွက်လည်း အလုပ်အားရက် ဖြစ်နေမည် ဖြစ်သောကြောင့်
ရခိုင်လူမျိုးတိုင်း ပါဝင်ဆင်နွဲနိုင်ကြပါမည်ဖြစ်ပါသည်။ ရခိုင် အမျိုးသားနေ့သည် အများပြည်သူ
အလုပ်ဖွင့်ရက် နှင့် တိုက်ဆိုင်နေမည်ဆိုလျှင် ခွင့်မရနိုင်သည်ကတစ်မျိုး ၊အချိန်မပေးနိုင်သည်ကတစ်မျိုးဖြစ်မည်
စိုးသောကြောင် ရခိုင် အမျိုးသားနေ့ ကျင်းပရာ၌ စည်ကားသင့်သလောက် မစည်ကားနိုင်ဘဲ ဖြစ်နေပါလိမ့်မည်။
ထိုကြောင့် ရခိုင်အမျိုသားနေ့ ကို နှစ်စဉ်နှစ်တိုင်း ဧပြီလ ၏ ပတမပတ် တနင်္ဂနွေနေ့ကို ရခိုင်အမျိုးသားနေ့ဟူ သတ်မှတ် လျှင်လည်း
သင့်တော်မည် ဟု ယူဆပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
(မှတ်ချက်) ရခိုင်အမျိုးသားနေ့သည် စင်စစ်အမှန် တန်းခူးလဆန်း (၆) နေ့ သတ်မှတ်ထားမည်ဖြစ်ပြီး
၊ ရခိုင်အမျိုးသားနေ့ ပွဲလမ်းသဘင်
ကျင်းပမည့်နေ့ကို ဧပြီလ၏ ပထမပတ် တနင်္ဂနွေနေ့တွင် ကျင်းပသွားမည်ဟု သတ်မှတ်ထားပါမည်၊ (ဆိုလိုသည်မှာ
ဧပြီလ ပထမပတ် တနင်္ဂနွေနေ့ သည် တန်းခူးလဆန်း(၆)ရက်နေ့ ဖြစ်ချင်မှ ဖြစ်နေမည် ၊ ဧပြီလ 1 ရက် - 2 ရက် - 3ရက်-
4ရက်- 5ရက်- 6 ရက် ဖြစ်ချင်ဖြစ်နေမည် ၊သို့သော် အမျိုးသားနေ့ ကျင်းပရက်ကို နှစ်စဉ်နှစ်တိုင်း
ဧပြီလ ပထမပတ် တနင်္ဂနွေနေ့သည် မည်သည့်နေ့ရက်ဖြစ်ဖြစ် ၄င်းနေ့တွင် ရခိုင်အမျိုးသားနေ့ကို
ကျင်းပသွားမည် ဆိုလိုခြင်းဖြစ်ပါသည်
ဦးမောင်ဖြူ
ကြွီတဲပိုက်ဆိပ်ကျေးရွာ
၊စစ်တွေမြို့နယ်
ရခိုင်ပြည်နယ်

No comments:
Post a Comment