=========New:EMG============== =========
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပေါင်းစည်းရေးအတွက် ဇွန် ၁၅ ရက်တွင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။
ရခိုင်ပြည်နယ် အမ်းမြို့တွင် မေ ၂၈ ရက်နှင့် ၂၉ ရက်တို့က ပြုလုပ်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက်ကို ထည့်သွင်းချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးမှာ ၂၀၁၂ ခုနှစ် ဇွန် ၁ ရက်တွင် ပြုလုပ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ပါတီညီလာခံမှ ဖွဲ့စည်းခဲ့သော ဗဟိုကော်မတီဝင်များ၏ မျက်နှာစုံညီ အစည်းအဝေးဖြစ်ပြီး ပါတီဝင် ၆၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
''ကြားဝင်ရပ်တည်ပေးမယ့် တတိယ အင်အားစုတစ်ခုရဲ့ ရှေ့မှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ လုပ်ထားတယ်။ နေရာနဲ့ အဲဒီတတိယ အင်အားစုကို သတ်မှတ်နိုင်ဖို့ ဇွန်လဆန်းပိုင်းမှာ ကျွန်တော်တို့ စလုပ်သွားမယ်။ ပြီးရင် ကြိုတင်စည်းကမ်း သတ်မှတ်ချက် မထားဘဲ ဆွေးနွေးဖို့ ဖိတ်ခေါ်သွားမယ်'' ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က The Daily Eleven သတင်းစာသို့ မေ ၂၉ ရက် ညပိုင်းက ပြောကြားသည်။
တတိယအင်အားစု တစ်ခုအနေဖြင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ရခိုင်သံဃာများ၊ ရခိုင်ကွန်ရက်များ၊ ရခိုင်သဟာယအသင်း စသည်တို့ထဲမှ တစ်ခုခုဖြစ်မည်ဖြစ်ပြီး နေရာမှာမူ ရန်ကုန် သို့မဟုတ် စစ်တွေတွင် ဖြစ်မည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ပူးပေါင်းမှုကို လိုလားကြောင်းနှင့် ၎င်းတို့ဘက်မှလည်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ငါးဦးဖြင့် ပူးပေါင်းရေး ကော်မတီတစ်ခုကို ဖွဲ့စည်းထားကြောင်း ပြောကြားသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ပါတီ၏ အားသာချက်၊ အားနည်းချက်များ၊ အချိုးကျ ကိုယ်စားပြုစနစ် (PR System) နှင့် ပတ်သက်သည့် ကိစ္စများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
''၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်စရာတွေကို ကျွန်တော်တို့ဆီက ဥပဒေ အကြံပေးအဖွဲ့ကို တောင်းခံပြီးတော့ လွှတ်တော်ကို တင်ပြသွားမယ်။ PR စနစ်နဲ့ ပတ်သက်လို့တော့ လက်ရှိအချိန်မှာ မလျော်ကန်၊ မသင့်မြတ်သေးဘူး ဆိုတာကို ကြေညာချက် ထုတ်သွားဖို့ရှိတယ်'' ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
သက်ဆိုင်ရာ ပြည်နယ်များရှိ ပါတီများ ပေါင်းစည်းရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အခြားတိုင်းရင်းသားပါတီ အများစုကလည်း လုပ်ဆောင်နေပြီး နိုင်ငံရေး မူဝါဒများ ညှိနှိုင်းရာတွင် အဆင်မပြေမှုအချို့ ရှိနေသောကြောင့် ကြန့်ကြာမှုများ ရှိနေခြင်းဖြစ်ကာ ချင်းပါတီနှစ်ပါတီ ဖြစ်သည့် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့မှာမူ ပူးပေါင်းရန် သဘောတူထားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရန် သင့်၊ မသင့် ဟူသော ကိစ္စများကို လာမည့် ဇွန်လအတွင်း ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment