Thursday, January 23, 2014

သမိုင်းတွေနဲ့ ရက်လုပ်ထားသော

သမိုင်းတွေနဲ့ ရက်လုပ်ထားသော
==================
ခိုင်လင်း(မေဃ၀တီ)
၁၇၈၄ ခုနှစ် ဒီဇင်္ဘာလ(၃၁)ရက်နေ့ဟာ ရခိုင့်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့လို့ အစဉ်အလာအရ မှတ်သားဖူးပါတယ်။ ကျွန်တော် လေ့လာဖူးတဲ့ မဟာဝိဇ္ဇာဘွဲ့ယူစာတမ်း ကျမ်းနှစ်စောင်မှာတော့ ၁၇၈၅ ခုနှစ် ဇန္န၀ါရီလ(၂)ရက်နေ့လို့ဖော်ပြထားပါတယ်။ အဲဒီကျမ်းနှစ်စောင်ကတော့ ဦးလှထွန်းဖြူ တင်သွင်းတဲ့ “မဇ္ဈိမဒေသအရေးတော်ပုံကျမ်း” နဲ့ ဦးကျော်ဝင်းဦးရဲ့ “ မြောက်ဦးခေတ်နှောင်း ရခိုင်သမိုင်း” ကျမ်းတို့ဖြစ်ပါတယ် ။ ဘယ်ဟာ အမှန်၊ ဘယ်ဟာ အမှား ဆိုတာကိုတော့ ပညာရှင်များက အပြီးသတ် သုတေသနလုပ် ဆုံးဖြတ်ရပါမယ်။မည်သို့ဆိုစေ ရခိုင်အချုပ်အခြာအာဏာ ကျဆုံးနေ့ သတ်မှတ်မှုဟာ နှစ် ရက်သာ ကွာဟမှု ရှိတဲ့အတွက် ၂၂၉ နှစ်ရှိပြီလို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ ၁၇၈၄ ခုနှစ်ကို ရခိုင်တို့ရဲ့ အချုပ်အခြာ အာဏာကျဆုံးခဲ့တဲ့နှစ်အဖြစ် မူတည်ပြီး မျိုးဆက်တစ်ဆက်ကို (၃၅)နှစ် သတ်မှတ်ရေတွက်ရင် ၁၇၈၄ မှ ၁၈၁၉ ကို ပထမမျိုးဆက် ၊ ၁၈၂၀ မှ ၁၈၅၅ ကို ဒုတိယမျိုးဆက် ၊ ၁၈၅၆ မှ ၁၈၉၁ ကို တတိယမျိုးဆက် ၊ ၁၈၉၂ မှ ၁၉၂၇ ကို စတုတ္ထမျိုးဆက် ၊ ၁၉၂၈ မှ ၁၉၆၃ ကို ပဉ္စမမျိုးဆက် ၊ ၁၉၆၄ မှ ၁၉၉၉ ကို ဆဋ္ဌမမျိုးဆက် ၊ ၂၀၀၀ မှ ၂၀၃၅ ကို သတ္တမမျိုးဆက်လို့သတ်မှတ်ရပါမယ်။ (၁၇၈၅ လို့ သတ်မှတ်ရင်တော့ နောက်တနှစ်စီတိုးလာရပါလိမ့်မယ်)
အဲဒီမျိုးဆက်တွေထဲမှာ ပဉ္စမမျိုးဆက် ၊ ဆဋ္ဌမမျိုးဆက် ၊ သတ္တမမျိုးဆက်တွေဟာ ဒီကနေ့ထိ သက်ရှိထင်ရှားရှိနေဆဲဖြစ်တယ်။ နိုင်ငံတစ်နိုင်ရဲ့ ဖြစ်တည်မှု သမိုင်းနဲ့ နှိုင်းယှဉ်ရင် နှစ်ပေါင်း(၂၂၉)နှစ်ဆိုတာ သိပ်ကြာမြင့်ခဲ့တဲ့ အချိန်တော့မဟုတ်ပါဘူး။ တချိန်က အခမ်းအနားကျင်းပ ပြုလုပ်ခွင့် မရှိခဲ့တဲ့ ရခိုင့်အချုပ်အခြာ အာဏာကျဆုံးတဲ့နေ့ကို ၂၀၁၀ နောက်ပိုင်း နှစ်တွေမှာတော့ ရခိုင်အမျိုးသားတွေအနေနဲ့ ပြည်တွင်းထဲမှာ ကျင်းပလာကြတာကို တွေ့ရ ပါတယ်။ ဒီလို ကျင်းပခွင့်ရနေခြင်းတွေဟာ ခေတ်သစ်မြန်မာနိုင်ငံအနေနဲ့ ပြောင်းလဲဖို့ ကြိုးစားနေခြင်းကို လှစ်ပြလိုက်တာဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။ လွန်ခဲ့ဆယ်စုနှစ် တစ်ခုကျော်လောက်ကတော့ လွတ်မြောက်နယ်မြေနဲ့ နိုင်ငံတကာရောက် ရခိုင်အမျိုးသားတွေ နှစ်စဉ်ကျင်းပ လာခဲ့တာတွေ ရှိပါတယ်။ အထူးခြားဆုံးရိုက်ခတ်မှုကတော့ ကွယ်လွန်သူ သမိုင်းပညာရှင်ဒေါက်တာအေးကျော်ကိုယ်တိုင် (၂၂၆)နှစ်မြောက် ရခိုင့်အချုပ်အခြာ အာဏာကျဆုံးတဲ့ နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ ကုလသမဂ္ဂရုံးရှေ့ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ ရခိုင်ပြည်ထဲက မြို့နယ်တော်တော်များများမှာ ရခိုင့် အချုပ်အခြာ အာဏာကျဆုံးနေ့ ကျင်းပခဲ့ကြတယ်။ ဖြတ်သန်း လာပြီးတဲ့နှစ်တွေထဲမှာ နေရာဒေသအများဆုံး ကျင်းပခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။ ရခိုင်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ ကျင်းပခြင်းကို တချို့က စိုးရိမ်မှု များလည်း ရှိနေကြတယ်။ အနာဂတ်ဖက်ဒရယ်ပြည် ထောင်စုနဲ့ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့သွားနေတဲ့ လမ်းကြောင်းမှာ ရခိုင်အမျိုးသားတွေ ပြည်ထောင်စုထဲက ခွဲထွက်မယ့် ခြေလှမ်းတွေလားဆိုတဲ့ နိုင်ငံတော်အစိုးရက သံသယဖြစ်မှာကို စိုးရိမ်ကြခြင်းဖြစ်တယ်။
သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဖြစ်ခဲ့တဲ့ နေ့တစ်နေ့ကို ခေတ်လူငယ်မျိုးဆက်တွေ သိအောင်ပြုလုပ်ခြင်းဟာ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တစ်ခုလို့ မြင်တယ်။ ရခိုင်တွေဟာ သာမည နယ်ပယ်အုပ်ချုပ်တဲ့ နယ်စား ပယ်စားအဖြစ် နိုင်ငံတစ်ခုရဲ့လက်အောက်မှာ နေထိုင်ခဲ့ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတစ်ခုရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ထောင်စုနှစ်နဲ့ချီ နေထိုင်ခဲ့တဲ့လူမျိုးဖြစ်တယ်။ သူတို့တွေဟာ တကယ်ပဲ အချုပ်အခြာအာဏာကျဆုံးခဲ့တယ်။ ဒီသမိုင်းတွေကို မျိုးဆက်သစ်တွေကို လက်ဆက်ကမ်း သင်ကြားစေခြင်းဟာ သမိုင်းကို သင်ကြားစေခြင်းသာဖြစ်ပါတယ်။ စစ်မှန်တဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်နေတယ်ဆိုရင် လူမျိုးတစ်မျိုးရဲ့ တကယ့်သမိုင်းဖြစ်ရပ်တွေကို သင်ကြားခွင့် ၊သင်ယူခွင့် ၊လေ့လာခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်တွေကတော့ မဖြစ်မနေ ရှိကို ရှိရပါမယ်။ အခမ်းအနားကျင်းပခြင်း ၊ ဟောပြောခြင်းဟာလည်း သင်ယူလေ့လာမှုတစ် ခုလို့ပဲ မြင်ပါတယ်။
သမိုင်းကို အရှိတရားအတိုင်းလက်ခံပေးခြင်းဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှုစေပါတယ်။ တကယ်ဖြစ်ပျက်ဖြစ်ခဲ့တဲ့ သမိုင်းဖြစ်စဉ် တစ်ခုကို သင်ယူခွင့်၊ လေ့လာခွင့်မရှိဘူးဆိုရင်လည်း သင်ယူခွင့် လေ့လာခွင့်ရှိအောင် အခြားနည်းတွေနဲ့လုပ်ဆောင်နေကြမှာ သေချာပါတယ်။ သမိုင်းကို အရှိတရားအတိုင်း သတ္တိရှိရှိလက်ခံခြင်းဟာ နိုင်ငံတော်အတွက် အကောင်းဆုံးလက်ခံခြင်းတစ်ခုပါ ။ ၁၉၈၈ ခုနှစ်ရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို အာဏာစက်နဲ့မေ့ဖျောက်လို့မရပါ။ သမိုင်းအဖြစ် သတ္တိရှိရှိ လက်ခံရပါမယ်။ သာဓကအနေနဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပခြင်းဟာ အဲဒီကာလကလို တစ်တိုင်းပြည်လုံး လမ်းပေါ်ထွက်အောင် ပြုလုပ်ခြင်း မဟုတ်သလိုပါဘဲ ရခိုင့် အချုပ်အခြာ အာဏာကျဆုံးနေ့ အခမ်းအနား ကျင်းပခြင်းဟာလည်း ပြည်ထောင်စုက ခွဲထွက်ပြီး ရခိုင်နိုင်ငံတော်တည်ဆောက်ရေးကို သွားနေခြင်းမဟုတ်ပါဘူး။ မျိုးဆက်သစ်တွေကို သင်ယူ လေ့လာစေခြင်း၊ သင်္ခန်းစာယူစေခြင်းသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းဟာ သမိုင်းတွေနဲ့ ရက်လုပ်ထားတဲ့ ဖြစ်စဉ်တစ်ရပ်သာ ဖြစ်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ငြင်းမရသော သမိုင်းကြောင်းအရ ရခိုင်ပြည်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ ကြန်အင်လက္ခဏာအပြည့်နဲ့ရပ်တည်ခဲ့သလို အချုပ်အခြာအာဏာ ကျဆုံးခဲ့ရတဲ့ သမိုင်းလည်းရှိတယ်။ ရခိုင်ဟာ သီးခြားနိုင်ငံအဖြစ် ထူထောင်ခွင့်ကို ပယ်ဖျက်ပြီး ခေတ်သစ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်တဲ့အခါ ပါဝင်ခဲ့တဲ့သမိုင်းလည်းရှိတယ်။ နိုင်ငံရေးအရ တန်းတူခွင့် မရှိတဲ့အခါ နိုင်ငံရေးအရ တန်းတူတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်း မှု သမိုင်းလည်း ရှိတယ်။ ဒီသမိုင်းတွေကို အာဏာနဲ့ချေဖျက်ပစ်ဖို့ ရာစုနှစ်တွေနဲ့ချီပြီးကြိုးစားခဲ့ပေမယ့် မျိုးဆက်(၇)ဆက်ထိ ပျောက်ကွယ်မသွားဘဲ သယ်ဆောင်လာခဲ့တယ်။ ဒီတော့ သမိုင်းကို အရှိအတိုင်း ၊ ပကတိအတိုင်းလက်ခံပြီး အဲဒီ သမိုင်းကို လွတ်လပ်စွာ လေ့လာခွင့် ၊ သင်ယူခွင့်ရှိခြင်းဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အတွက် အကောင်းဆုံးအစိတ်အပိုင်းတစ်ခုဖြစ်သလို စစ်မှန်တဲ့ ပြည်ထောင်စုမှာ မြင်တွေ့နိုင်တဲ့ အခင်း အကျင်း တစ်ခု လည်းဖြစ်တယ်။ တစ်နည်းအားဖြင့် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခဲ့တဲ့နေ့ဟာ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံရဲ့သမိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ကျွန်တော်သုံးရတာက ဒီကနေု့မြန်မာနိုင်ငံတော်နဲ့ ပထမမြန်မာနိုင်ငံတော် ၊ ဒုတိယ မြန်မာ နိုင်ငံတော် ၊ တတိယမြန်မာနိုင်ငံတော် တွေဟာ ကွာခြားပါတယ်။ (၁၁)ရာစုမှာ အနော်ရထာ စည်းရုံး တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ပထမမြန်မာနိုင်ငံလို့ခေါ်တယ်။ အဲဒီ ပထမမြန်မာနိုင်ငံတော် အ၀န်းအ၀ိုင်းထဲမှာ ရခိုင်နိုင်ငံက မပါဝင်ခဲ့ဘူး။ (၁၅)ရာစုမှာ ဘုရင့် နောင် စည်းရုံးတည်ထောင်ခဲ့တဲ့ ဒုတိယမြန်မာနိုင်ငံတော် အ၀န်းအ၀ိုင်းထဲမှာလည်း ရခိုင်မပါသေးဘူး။ (၁၈)ရာစုမှာ အလောင်းဘုရား စည်းရုံးတည်ထောင်ခဲ့တဲ့ တတိယမြန်မာ နိုင်ငံအ၀န်းအ၀ိုင်းထဲမှာလည်း ရခိုင်က သီးခြား ဘုရင့်နိုင်ငံအဖြစ်နဲ့ရပ်တည်နေခဲ့တယ်။ ဒါပေမဲ့ (၁၈)ရာစု ကုန်ခါနီးမှာ ရခိုင်ဟာ ဗမာဘုရင့်နိုင်ငံရဲ့ သိမ်းပိုက်မှုကို ခံလိုက်ရတယ်။ သမိုင်းပညာရှင်တွေသတ်မှတ်ထားတဲ့ ပထမမြန်မာနိုင်ငံတော် ၊ ဒုတိယမြန်မာနိုင်ငံတော် ၊ တတိယမြန်မာနိုင်ငံတော် တည်ဆောက်မှု တွေမှာ ပဒေသရာဇ်တို့ ထုံးစံအတိုင်း အင်အားရှိသူက အင်အားနည်းသူကို သိမ်းပိုက်အုပ်ချုပ်ရေးဖြစ်တဲ့အတွက် သွေးနဲ့တည်ဆောက်ခဲ့ရခြင်းတွေလို့ ဆိုရပါမယ်။ ပြီးတော့ တစ်ပြည်ထောင်စနစ်ကို အင်အားနဲ့တည်ဆောက်ခြင်းဖြစ်တယ်။
လွတ်လပ်ရေးအကြိုကာလ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ပုံက ပင်လုံမူအရပြောရရင် ကတိက၀တ်တွေနဲ့တည် ဆောက်ခဲ့တာ ဖြစ်တယ်။ ပြောရရင် တည်ဆောက်ပုံက ယဉ်ကျေးတယ်၊ သွေးမြေမကျဘူး၊ အဓမ္မ မသိမ်းပိုက်ဘူး၊ တစ်ပြည်ထောင်စနစ်နဲ့မဟုတ်တဲ့ ပြည် ထောင်စု စနစ်နဲ့ သွားမယ်ဆိုတဲ့ ဆွေးနွေး သဘောတူညီမှုတွေနဲ့ အုတ်မြစ်ချခဲ့ကြခြင်းဖြစ်တယ်။ ဒီနေရာမှာ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်မှု ၊ ပြည်ထောင် စုစနစ် တည်ဆောက်ရေးအတွက် ပြည်တွင်းစစ်ဖြစ်မှုတွေကို မဆိုလိုချင်ဘူး ။ ပင်လုံစာချုပ်အခင်းအကျင်းကိုသာ ပြောလိုပါတယ်။ ဆိုတော့ ခေတ်သစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရေး ပန္နက်ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုမျိုး ဒီနေ့အချိန်မှာ ပြန်လည်ကျင့်သုံးဖို့ လိုအပ်ပါတယ်။ အဲဒီ နိုင်ငံရေး ယဉ်ကျေးမှုကို ပြန်လည်ကျင့်သုံးပြီး စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုတွေနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဒီမိုကရေစီနိုင်ငံတော်ဆီကို လျှောက်လှမ်း သင့်ပါတယ်။ တိုင်း ရင်းသားပေါင်းစုံရဲ့ ညီညွတ်နိုင်မယ့် “ရပ်ဝန်း”တစ်ခုမှာ ရပ်တည်ရင်း(စည်းလုံးရင်း) နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို တိုင်းရင်းသား ပေါင်းစုံက ညီညီ ညွတ်ညွတ်နဲ့ ထိန်းထားသင့်ပါတယ်။နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို တိုင်းရင်းသားပေါင်းစုံက ကာကွယ် စောင့်ရှောက်ထားတဲ့ “ ပုံရိပ်”ကို ဖော် ဆောင်သင့်တယ်။ လူဦးရေပေါက်ကွဲ လျှံထွက်နေတဲ့ နိုင်ငံတွေက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေအဖြစ်မျိုးကို ကိုယ်ကိုတိုင်က မျက်ဖြူမဆိုက်ပေးဖို့အထူးလိုအပ်ပါတယ်။
သမိုင်းရဲ့တိုက်ဆိုင်မှုအဖြစ် လာမယ့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ဆိုရင် ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဖန်တီးတည်ဆောက်မွေးဖွားပေးခဲ့တဲ့ ပြည်ထောင်စုနေ့ကို ဖြတ်သန်းကြရပါတော့မယ်။ ဒီနေ့ဟာလည်း သမိုင်းတွေနဲ့ရက်လုပ်ခဲ့ခြင်းနေ့ရက်တစ်ရက်ဖြစ်ပါတယ်။ သီးခြားနိုင်ငံလေးတွေအဖြစ် ထွက်ပေါ်လာမယ့် အနေအထားတစ်ခုဖြစ်ပေါ်ခဲ့ ပေမဲ့ ပင်လုံသဘောတူညီမှုတွေအရ ယဉ်ကျေးသိမ်မွေ့တဲ့ နိုင်ငံရေးအခင်းအကျင်းက ခေတ်သစ် ပြည်ထောင်စုမြန်မာနိုင်ငံကို မွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ --- သမိုင်းတွေနဲ့ရက်လုပ်ထားတဲ့ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို စတုတ္ထ မြန်မာနိုင်ငံတော် ၊ ပဉ္စမမြန်မာနိုင်ငံတော် အဖြစ်သို့ အင်အားသုံး မောင်းနှင်မိတဲ့အခါ ------------ ။ ။
ခိုင်လင်း(မေဃ၀တီ)
 

No comments:

Post a Comment