Wednesday, April 11, 2018

တတိယသံင်္ဂါယနာ

တတိယသံင်္ဂါယနာ

============
ဝေသာလီတွင် ဒုတိယသင်္ဂါယနာတင်ပြီးနောက် မူလထေရ၀ါဒဂိုဏ်းနှင့် မဟာသံဃိကဂိုဏ်းတို့ဟူ၍ နှစ်ဂိုဏ်းကွဲခဲ့ကြောင်း ပြဆိုခဲပြီးဖြစ်သည်။ ထိုဂိုဏ်းကြီးနှစ်ဂိုဏ်းမှ အဆင့်ဆင့် ထပ်၍ထပ်၍ ကွဲကြပြန်ရာ ဂိုဏ်းကွဲပေါင်း (၁၈) ခုအထိရှိခဲ့လေသည်။ မူလထေရ၀ါဒဂိုဏ်းမှ အဆင့်ဆင့် ကွဲသွားကြသော အာစရိယ၀ါဒဂိုဏ်ကွဲပေါင်း (၁၁) ဂိုဏ်မျှရှိလေသည်။ ယင်းဂိုဏ်းတို့မှာ
(၁) မဟိသာသကဂိုဏ်း
(၂) ၀ဇ္ဇီပုတ္တကဂိုဏ်း
(၃) ဓမ္မုတ္တရိယဂိုဏ်း
(၄) ဘဒြာယာနိကဂိုဏ်
(၅) ဆန္နာယာနိကဂိုဏ်း
(၆)သမိတယဂိုဏ်း
(၇) သဗ္ဗတ္ထိယဂိုဏ်း (သဗ္ဗတ္တိကဂိုဏ်း)
(၈) ဓမ္မဂုတ္တိကဂိုဏ်း
(၉) ကဿပိကဂိုဏ်း
(၁၀) သင်္ကန္တိကဂိုဏ်း
(၁၁) သုတ္တန္တိကဂိုဏ်း (သုတ္တ၀ါဒဂိုဏ်း)
ဤသို့လျှင် ဂိုဏ်းကွဲ (၁၁) ဂိုဏ်းထိ ပေါ်ပေါက်လာပြီး မူလထေရ၀ါဒဂိုဏ်းမကြီးနှင့်ပေါင်းလျှင် (၁၂) ထိရှိလေသည်။

ထိုနည်းတူ မဟာသံဃိကဂိုဏ်းမှာလည်း
(၁) ဂေါကုလိကဂိုဏ်း ၊
(၂) ဧကဗျောဟာရိကဂိုဏ်း ၊
(၃) ပဏ္ဏတ္တိဝါဒဂိုဏ်း ၊
(၄) ဗာဟုလိကဂိုဏ်း ၊ ( ဗာဟုဿုတိကဂိုဏ်း)
(၅) စေတိယ၀ါဒဂိုဏ်း ဟူ၍ ဂိုဏ်းကွဲပေါင်း (၅ )ခုထိ ကွဲထွက်လာရာ မူလမဟာသံဃိကဂိုဏ်းနှင့်ပေါင်းလျှင် ထိုမဟာသံဃိကဂိုဏ်းတွင်လည်း ( ၆) ဂိုဏ်းထိ ရှိလေသည်။
ထိုကြောင့် မြတ်ဗုဒ္ဓသာသနာတော်၌ ဒုတိယရာစု အတွင်းမှာပင် ထေရ၀ါဒဂိုဏ်းပေါင်း (၁၂) ဂိုဏ်း၊ မဟာသံဃိကဂိုဏ်းပေါင်း(၆)ဂိုဏ်းအားဖြင့် အိန္ဒိယပြည်တွင် စုစုပေါင်း ဂိုဏ်းကွဲ (၁၈)ခုထိ ရှိလာသည်။
ထိုသို့ ဂိုဏ်းပေါင်း (၁၈) ဂိုဏ်းကွဲပြီးနောက် ဟေမ၀တိကဂိုဏ်း၊ ရာဇဂိရိကဂိုဏ်း၊ ၊ သိဒ္ဓတ္ထိကဂိုဏ်း ၊ ပုဗ္ဗသေလိယဂိုဏ်း၊ အပရသေိယဂိုဏ်း ၊ ၀ါဇိယဂိုဏ်းဟူ၍ အာစရိယ၀ါဒကို အကြောင်းပြုကာ ဂိုဏ်းကွဲပေါင်း (၆) ခု ထပ်မံပေါ်ပေါက်လာကြကုန်၏။ ဤသို့လျှင် မူလ ထေရ၀ါဒ၊ မူလမဟာသံဃိကဂိုဏ်ကြီးများနှင့်တကွ နောက်ပွားဂိုဏ်း များအားလုံး ပေါင်းလိုက်လျှင် ဂိုဏ်းပေါင်း (၂၄) ထိ ရှိခဲ့ကြလေကုန်သည်။
တတိယ သင်္ဂါယနာ တင်ရခြင်းအကြောင်းရင်း
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သာသနာနှစ် (၂၃၅) နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသော ရဟန်းအတု(၆၀၀၀၀) ကျော်အထိ သာသနာအတွင်း အယောင်ဆောင်ပြီး ၀င်ရောက်လာကြသည်ကို အကြောင်းပြု၍ တင်ခဲ့ကြသည်။ အသောကမင်း (ဘီစီ272 -232) သည် ဗုဒ္ဓဘာသာဝင် မဟုတ်သော်လည်း နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်ဖြစ် လာခဲ့သည်။ အသောမင်းသည် ဗုဒ္ဓ ဘာသာဝင် ဖြစ်ပြီးနောက် ဗုဒ္ဓဘာသာကို အကြီးအကျယ် ချီးမြှောက်ခဲ့သောမင်းဖြစ်ပေ သည်။ ဤအခြေအနေကိုအခွင့်ကောင်းယူ၍ သာသနာ့ပြင်ပမှ တိတ္ထိတို့သည် ဗုဒ္ဓသာသနာအတွင်းသို့ဝင်၍ ရဟန်းပြုလုပ်ကြသည်။ ယင်းတိတ္ထိတို့သည် ဗုဒ္ဓဘာ သာကို ယုံကြည်၍ ၀င်ရောက်လာသူများ မဟုတ်ကြဘဲ အစားချောင် အနေချောင်သောကြောင့် ၀င်ရောက်လာကြခြင်းဖြစ်သည်။ သာသနာတော် တရားတို့ကိုလည်း မသင်ကြားကြပေ ၊ ထိုရဟန်းတု ရဟန်းယောင်တို့သည် ဗုဒ္ဓတရားနှင့် မစပ်ဆိုင်သော အယူဝါဒများကို ဗုဒ္ဓတရားအဖြစ် ဟောပြော နေကြသည်။
သံဃာစစ် သံဃာမှန်တို့သည် ဖော်ပြပါ ရဟန်းတုများနှင့် အပေါင်းအသင်းမပြုကြ ဥပုသ် ပါဝါရဏာ စသော သံဃာ ကံများမပြုလုပ်ကြချေ ။ အသောကရုံကျောင်းတိုက်ကြီး၌ နေထိုင်သော သံဃာတို့သည် ဤကဲ့သို့ အယူဝါဒကွဲပြား နေခဲ့သည်မှာ (၇) နှစ်တာမျှ ကြာမြင့်ခဲ့၏။ အသောကမင်းသည် ဤကဲ့သို့ မသန့်ရှင်း မစင်ကြယ် ဖြစ်နေသော ဗုဒ္ဓ သာသနာတော်ကို သန့်ရှင်းသောသာသနာတော် ဖြစ်စေရန် စီမံလေသည်။
ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် နှင့် အသောကမင်းတို့သည် ဗုဒ္ဓသာသနာအတွင်း ၀င်ရောက်နေကြသော ရဟန်းတု ရဟန်းယောင် ခြောက်သိန်းတို့ကို ၀ါဒရေးနှင့် ပတ် သက်၍ စစ်မေးသည်အခါ ရဟန်းအယောင်ဆောင်တို့သည် ဗုဒ္ဓ၀ါဒ အစစ်အမှန်ကို မဖြေကြားနိုင်ကြ။ ဗုဒ္ဓ၀ါဒမှ ပြင်ပ အယူဝါဒများကို ဗုဒ္ဓ၀ါဒ အဖြစ် ရောနှောဖြေဆိုကြသည်။ အသောကမင်း သည် ဤကဲ့သို့ စစ်မေးပြီးနောက် ဗုဒ္ဓ၀ါဒ အမှန်ကို မဖြေနိုင်သောကြောင့် ရဟန်းတု တိတ္ထိပေါင်း ( ၆၀၀၀၀) ခြောက်သောင်း ကို အ၀တ်ဖြူလဲ၍ လူထွက်စေပြီး သာသနာတော်ကို သန့်စင်စေသည်။ ကျန်ထေရ၀ါဒရဟန်းများထဲမှ ပိဋကတ်သုံးဖုံကို အာဂုံဆောင်သော တစ်ထောင်သောရဟန္တာတို့ကို ရွေးကောက်တော်မူသည်။ အသောကမင်းတရားသည် ဤကဲ့သို့ သာသနာတော် သန့်စင်ရေးကို ဆောင်ရွက်ပြီး နောက် ရှင်မဟာမေဂ္ဂလိ ပုတ္တ တိဿမထေရ် အမှုးပြုသော ရဟန္တာပေါင်း (၁၀၀၀) တစ်ထောင်တို့သည် ဗုဒ္ဓ၏ဓမ္မဒေသနာ သန့်စင်ရေးအတွက် တတိယအကြိမ် သင်္ဂါယနာ တင်ရ ပြန်သည်။-- ဤသင်္ဂါယနာတွင် ဓမ္မ၀ိနယ ပိဋကသုံးပုံ ပါဠိတော်များနှင့်အကွ အရှင်မဟာကဿပ စသော မထေရ်မြတ်ကြီးများ ဖွင့်ဆိုထားခဲ့သည့် အဌကထာများကိုပါ တစ်ရက်စာ၊ တစ်ရက်စာ ပိုင်း၍ ရွတ်ဆိုကြ၏။ ယခင်နှစ်ကြိမ်တင်တုန်းက အဘိဓမ္မာခုနစ်ကျမ်းတွင် ငါးကျမ်းမြောက် ကထာဝတ္ထကျမ်းကို အခြေခံမူရှစ်ချက်မျှသာ သင်္ဂါယနာတင်ခဲ့ကြသည်။ယခု သင်္ဂါယနာတွင် ကာ အဘိဓမ္မာခုနစ်ကျမ်းလုံး အပြည့်အစုံရှိလာခဲ့လေပေပြီ။ထိုအတူ ဒုတိယသင်္ဂါယနာတင်ပြီးသည့်နောက်ပိုင်း ပေါ်ပေါက်လာခဲ့ကြသည့် ရဟန္တာမြတ်တို့၏ ဟောကြားချက်တို့ကို ထေရဂါထာ၊ ထေရီဂါထာ၊ ထေရရအပါဒါန်၊ ထေရီအပါဒါန် တို့၌ ဆက်လက်သွတ်သွင်း၍ မှတ်တမ်းတင်းထားခဲ့ကြလေသည်။ --
-- တတိယ သင်္ဂါယနာ တင်သည့် ခုနှစ် - သာသနာနှစ် (၂၃၅) နှစ် နံယုန်လ္ဆန်း(၁)ရက်နေ့ မှ တပို့တွဲအတွင်း
ပြီးစီးသည်။(BC- 309 ) (ရခိုင်ရာဇ၀င်သစ်ကျမ်းစာ-123 သာသနာနှစ် ၂၃၄ ခုနှစ် တပို့တွဲလပြည့် မှ တန်ဆောင်မုန်းလပြည့်နေ့ထိ -၉ လ)
တင်သည့် နေရာ - အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည် အသောကာရာမကျောင်းတိုက်
အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ - အရှင်မဟာမောဂ္ဂလိပုတ္တိဿမထေရ်
ဝါ၀င်သည့် သံဃာဦးရေ - ရဟန္တာပေါင်း (၁၀၀၀)
အထောက်အပံ့ပြုသည့် ဘုရင်မင်း - သီရိဓမ္မာသောကမင်း
သင်္ဂါယနာ ကြာမြင့်ချိန် - ( ၉ ) လ၊
တင်သည့်ဘာသာ - ပါဠိဘာသာ ၊ တင်သည့်အက္ခရာ - နှုတ်ထက်အက္ခရာ ၊
သင်္ဂါယနာတင်ပြီးသည့်အဆုံး၌ မြေကြီးသည် သည်းထန်စွာ အကြိမ်ကြိမ် လှုပ်လေသည်ဟုဆိုသည်။
[သီရိဓမ္မာသောကမင်းသင်္ဂါယနာတင်သည့်နှစ်ကို ရခိုင်ရာဇ၀င်သစ်ကျမ်းက သာသနာနှစ် ၂၃၄ခုနှစ် တပို့တွဲလပြည့်မှ တန်းဆောင်မုန်းလပြည်နေ့ထိ ပြသည်။
(ဗုဒ္ဓသမိုင်း - မေဃ၀တီ ဦးနာရဒ က အသောကနန်းစံနှစ်ကို ဘီစီ272-232 )ဟုဆိုသည်။
ဆရာကြီး ပါရဂူက ဘီစီ၂၇၀ သို့မဟုတ် ၂၆၉ ဘီစီမှ ၂၃၄ သို့မဟုတ် ၂၃၃ ဘီစီအထိ ထီးနန်းစိုးစံခဲ့သည် ဟုဆိုသည်။ ပညာရှိများဆင်ခြင်ကြကုန်။ ဤကားစကားချပ်တည်း]
သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေ လွှတ် ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာ တစ်ခုလုံး၏ (၅) ပုံ (၄) ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့သည်။ တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူ ကာ သာသနာပြု စေလွှတ် တော်မူပါသည်။
(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ- ၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွရောက်သည်။ အရှင်မဇ္ဈန္တိကမထေရ်သည် ကသ္မိရဂန္ဓာရတိုင်း တက္ကသိုလ်ပြည်သူတို့အား အာသိဝိသောပမသုတ် ဟောတော်မူပေသည်။ထိုအချိန်မှစ၍ ကသ္မိရဂန္ဓာရတိုင်း တက္ကသိုလ်ပြည် ပက်သျှဝါမြို့များ၌ သင်္ကန်းရောင်ဖြင့် တောက်ပကြရာ သာသနာတော်လည်း ထွန်းလင်းတောက်ပလေသည်။ အကျယ်ကို ဇမ္ဗူဒိပ ဣန္ဓိယနယ်ပုံကျမ်း(210) ရှု
၂။ မဟိံသကအရပ်=အရှင်ရေ၀တ(၀ါ) အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
(စန္ဒမာလာလင်္ကာရ-125)အရှင်ရေ၀တထေရ်။ မဟိံသကတိုင်းဟူသည် ရာဇဂြိုလ်ပြည်တောင်ဖက်၊ မဒရပ်ပြည်မြောက် အန္ဓက၀ိန္ဒ၊ သြရိယာန၊ဘင်္ဂလား စစ်တကောင်း၊ပင်းဝါ ၊ရခိုင် နယ် တစ်ဝန်းလုံးကိုဆိုလိုသည်။ ထိုအချိန်က ရခိုင်နိုင်ငံတော်၏နယ်နမိတ်သည် ယခု (အိန္ဒိယနိုင်ငံ mushidabet မြို့ထိ ကျယ်ဝန်းသည်) မင်းရာဇာကြီးစာတမ်းကိုရှုပါ။ အရှင်မဟာရေ၀တသည် မဟိံသကတိုင်းသားပြည်သူတို့အား ဒေ၀ဒူတသုတ်ကို ဟောတော်မူပေ၏။ ဤမဟိံသကတိုင်း အန္ဓက၀ိန္ဒတိုင်းသူ လူမျိုးတို့ကို အင်ကျင် အင်ကျယ်လူမျိုးတို့ဟူ၍ မှန်းနန်းရာဇ၀င်တွင်ဖေါ်ပြကြသည်။ {ယင်းသို့ဆိုသော် အင်ကျင် အင်ကျယ်လူမျိုးတို့သည် ရှမ်းမျိုးသုံးဆယ်တွင် ပါဝင်သူဖြစ်၍ လည်းကောင်း ၊မဟိံသက၊ အန္ဓက၀ိန္ဒ၊သြရိယာန၊ ဘင်္ဂလား၊ စစ်တကောင်း၊ပင်းဝါ စသောအရပ်ဒေသများသည်လည်းကောင်း၊ မန္ဒရာဇီ၊ ကျေးကုလား၊ဘင်္ဂလီ၊ ရခိုင် စသော လူမျိုးတို့ကိုသာယူရသင့်သည်ဟု လည်း ထိုစာအုပ်တွင်ဖေါ်ပြသည်ကိုတွေ့ရသည်။ မဟိံသကတိုင်း၏ အကျယ်ကို သိလိုမူ ဇမ္ဗူဒိပ ဣန္ဓိယနယ်ပုံကျမ်း(256) ရှု
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။ အကျယ်ကိုသိလိုမူ ဇမ္ဗူဒိပ ဣန္ဓိယနယ်ပုံကျမ်း(260) ရှု
၎။ အပရန္တတိုင်း -ဖရိုဒပြည် =အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။ အပရန္တတိုင်းကို မှန်နန်းရာဇ၀င်တွင် စကုမြို့ ၊ လယ်ကိုင်းမြို့များဖြစ်ကြောင်း ရေးသားဖေါ်ပြသည်။ ယင်းသို့ရေးသားသော် အပရန္တတိုင်းဟူသည် မဇ္ဈိမဒေသအနေက်ဖက် ဖရိုဒပြည်များကိုသာ ယူလေဟု ရခိုင်ရာဇ၀င်သစ်ကျမ်းတွင် ရေးသားဖေါ်ပြသည်။ အကျယ်ကို ဇမ္ဗူဒိပ ဣန္ဓိယနယ်ပုံကျမ်း(p-234) ရှု
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။ မဟာရဋ္ဌတိုင်းဟူသည် အိန္ဒိယပြည်၏ အနောက်တောင်ဖက် ပဉ္စ၀တီမြို့၊ ဒေသြဂိရိမြို့များဟုသိပါလေ၊ အကျယ်ကို ဇမ္ဗူဒိပ ဣန္ဓိယနယ်ပုံကျမ်း(p-248) ရှု
၆။ သာမညယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။ သာမညယောနကတိုင်းဟူသည် မဟာရဋ္ဌတိုင်းအနီး အိန္ဒိယပြည်၏ အနောက်တောင်ဖက် ရောရုကပြည်များကို ဆိုလိုသည်။ ဤသာမညယောနကတိုင်းကိုလည်း မှန်းနန်းရာဇ၀င်စသည်တို့၌ သံလွင်မြစ်အရှေ့အနောက် ၊ယွန်းပန်းသေးတို့နေရာ လကွန်းမြို့များကို ဖေါ်ပြကြသည်တွေ့ရသည်။ ယင်းသို့ရေးသားသော်လည်း မဟာရဋ္ဌတိုင်းအရှေ့တောင်ဖက်အနီး ရောရုကပြည်ကိုသာ အတည်ယူပါဟု (စန္ဒမာလာလင်္ကာရ ရေး စာ125 တွင်ရေးသားဖေါ်ပြသည်၊ အကျယ်ကိုသိလိုမူ ဇမ္ဗူဒိပ ဣန္ဓိယနယ်ပုံကျမ်း(p-217-241) ရှု
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။ အိန္ဒိယပြည်၏ အနောက်မြောက်ထောင့် ဟိမ၀န္တာတောင်အရပ်တ၀ိုက် စိန့်တိုင်း ငါးရပ်ကို ဆိုလိုသည်။ အကျယ်ကိုသိလိုမူ ဇမ္ဗူဒိပ ဣန္ဓိယနယ်ပုံကျမ်း(p-226) ရှု
၈။ သုဝဏ္ဏဘုမ္မိတိုင်းအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။ သုဝဏ္ဏဘုမ္မိတိုင်းတိုင်းသည် အိန္ဒိယပြည်၏ အနောက်တောင်ထောင့် ယခု ဘုံဘေအနီးတ၀ိုက်ကိုဆိုလိုသည်ဟု စန္ဒမာလာလင်္ကာရ ၏ ရခိုင်ရာဇ၀င်သစ်ကျမ်းတွင်ဖေါ်ပြသော်လည်း မှန်းနန်းရာဇ၀င်၌ သုဝဏ္ဏဘုမ္မိတိုင်းတိုင်း သထုံပြည်ဖြစ်ကြောင်းရေးသားဖေါ်ပြသည်။ ယင်းသို့ရေးသားကြသော်လည်း သုရဋ္ဌတိုင်း၊ သုဝဏ္ဏဘုမ္မိတိုင်း အိန္ဒိယပြည်၏ အနောက်တောင်အရပ် ဘုံဘေအနီးတ၀ိုက်ကို ယူလေဟု အရှင်စန္ဒမာလာလင်္ကာရကို အခိုင်အမာဆိုထားသည်။ အကျယ်ကိုသိလိုမူ ဇမ္ဗူဒိပ ဣန္ဓိယနယ်ပုံကျမ်း(p-254) ရှု
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ်ကို ဣဋ္ဋိယ၊ ဥတ္တိယ၊သမ္ဗလ၊ ဘဒ္ဒသေန မထေရ်လေးပါး နှင့်တကွ ကြွရောက် သာသနာပြုခဲ့ကြသည်။--( ပုံ တတိယသင်္ဂါယနာတင်ခဲ့သည့်နေရာ)
ကျမ်းကိုး
(၁) (မေဃ၀တီ-ဦးနာရဒ) ဗုဒ္ဓသမိုင်း(သို့မဟုတ်)အမှတ်တရဒိုင်ယာရီ
(၂) မောင်အံ့( မဟာဝိဇ္ဇာ-ဘုံဘေ)ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး-
(၃) ( ပါရဂူ) ရာဇာနှင့်သာသနာ ၂၀၀၉ ခုနှစ်သြဂုတ်လ
(၄) ) ( ဦးလှထွန်းဖြူ) ဗုဒ္ဓဂေါတမနှင့် စန္ဒာသူရိယ
(၅) ) (လှသောင်း-Dip in B.Dh )ဗုဒ္ဓဃောသ ရှာပုံတော်နှင့် အခြားဆောင်းပါးများ
( ၆) ဝေသာလီခေတ် ) ဗုဒ္ဓအနုပညာ
(၇) ဆဌသံင်္ဂါယနာ
(၈) ကျီးသဲလေးထပ်ဆရာတော် ၊မြန်မာပြန် သီဟိုဠ်ရာဇ၀င်-ဇမ္ဗူဒီပစာတမ်း၊ ပညာရွှေအိုးစာပေ၊ 1993.ဒီဇင်ဘာ
(၉) ဓမ္မာစရိယဦးဌေးလှိုင်။ နိကာယ်အဌကထာကြီးများတွင် အရှင်ဗုဒ္ဓဃောသစံတင်ပြဌာန်းထားတော်မူသော
သီဟိုဠ်ခေတ် စံတော်ဝင်အရိယာများ။ 1981 ခု- ဇန်န၀ါရီ။ဗုဒ္ဓအသံစာပေ၊ကမ္ဘာအေး၊ရန်ကုန်
(၁၀) ပရိယတ္တိ သာသနဟိတ ဓမ္မစရိယ ရွှေကျင်နာယက ဆရာတော် ၊အသျှင်သံဝရာဘိဝံသ ရေးသည့်
ဗုဒ္ဓနိုင်ငံတော် (တတိယတွဲ)2008-တတိယအကြိမ်
(၁၁) ၀ဏ္ဏသီရိ- သင်္ဂါယနာသုံးတန်(သင်္ဂါယနာတင်ပုံဇာတ်လမ်းစုံ) ၊2009-မေလ (ဒုတိယအကြိမ်)
(၁၂) ဦးနု- ဗုဒ္ဓသာသနာ ။ 1958 –
(၁၃) အရှင်စန္ဒမာလာလင်္ကာရ - ရမ်းဗြဲတောင်ကျောင်းဆရာတော်ဘုရားကြီး -ရခိုင်ရာဇ၀င်သစ်ကျမ်း -၁၂၉၃ ခုနှစ် တပို့တွဲလ ကို - ရာပြည့်စာအုပ်တိုက် 2014 ထုတ်
(၁၄) သင်္ဂီတိ သင်္ဂါယနာသမိုင်းအကျဉ်း ၊ဒေါက်တာ ဥာဏိသရ။ သုတေသနနှင့် ကျမ်းပြုဌာန ၊ သီတဂူဗုဒ္ဓတက္ကသိုလ်2008 ။
(၁၅) ရခိုင်ယဉ်ကျေးမှု ဝေသာလီခေတ် အတွဲ(၁) အမှတ်(၁) 1966 (ဦးအောင်သာဦး B.A, B.E.S)
(၁၆) ပထမမောင်းထောင်ဆရာတော် ဥာဏာဘိဝံသဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇာဂုရု၏၊ (သာသနာဝံသစာတမ်း)ဦးသန်းထိုက်(သုတေသန)ရန်ကုန် -ရှေ့ရပ်စာပေ 2010

No comments:

Post a Comment