အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ (၆၅) ပါ "သီရိပတ္တန" ရှင်းလင်းချက်
**************************************************
မောင်ဖြူ-(ကြွီတဲကျွန်း)
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၆၅သည် ကျောက်စာ၏ စာကြောင်းရေ (၆၉-၇၀-၇၁)တွင်ရှိသည်။ ဤဂါထာတွင် အာနန္ဒစန္ဒြမင်း၏ ဘုန်းတန်ခိုး အာနုဘော်နှင့် ထင်ရှားကျော်ကြားသော ဂုဏ်သတင်းတို့ကြောင့် သီရိတာမြပတ္တန-သီရိပတ္တနပြည်ရှင်မင်းသည် မိမိရင်၌ဖြစ်သော “ဓေန္ဒာ” အမည်ရှိသော သမီးရတနာကို အခြား မရှိသောရတနာဥစ္စာမျာနှင့်တကွ အာနန္ဒစန္ဒြမင်းထံသို့ အလွန်ရိုသေလေးမြတ်စွာဖြင့် လာရောက်ဆက်သသည် ကို အကြောင်းခံ၍ အာနန္ဒစန္ဒြ မင်းကြီးသည် သီရိတာမြပတ္တနပြည်ရှင်မင်း၏ ပိုင်နက်နယ်မြေအတွင်း၌ ထာဝရ ကုသိုလ်ကောင်းမှုဖြစ်စေသော ရေကန်တစ်ကန် နှင့် ကျောင်းတစ်ဆောင်ကိုအလျင်အမြန် ပြီးမြောက်အောင် ပြု လုပ်စေသည်။ ကို ရေးထိုးထားသော ဂါထာဖြစ်သည်။
ဤဂါထာ (၆၅) သည် အာနန္ဒစန္ဒြမင်းကျောက်စာ၏ နောက်ဆုံး ဂါထာလည်းဖြစ်ပြီး ဂါထာ၏ အောက် တွင် စာကြောင်းတို (၇၂-၇၂) နှစ်ကြောင်းသာ ကျန်ရှိတော့သည်။ အာနန္ဒစန္ဒြမင်းထံသို့ သမီးကညာလာဆက်သောမင်း၏ တိုင်းပြည်ကို “ဂြီ့တာမြပတ္တန=သီရိတာမြပတ္တ န” ဟူသော စကားလုံးကို ဂါထာ (၆၂) တွင် တစ်ကြိမ် ရေးထိုးသုံးနှုန်းထားပြီး ယခုဤ ဂါထာ(၆၅) တွင်တစ် ကြိမ် “ဂြီ့ပတ္တန=သီရိပတ္တန” ဟု ရေးထိုးထားသည်ကိုတွေ့ရ၏။ ဂါထာ (၆၅) ၌ “သီရိ” နှင့် “ပတ္တန” ကြားတွင် “တာမြ” ဟူသော စကားတစ်လုံးသည် မူလကျောက်စာရေးထိုးသူ မှ ရေးရန် ကျန်ခဲ့သည်ဟု ယူဆရပါသည် ။ အဘယ်ကြောင့်ဆိုသော် သမီးတော် ဓေန္ဒာကို လာဆက်သောမင်း၏ တိုင်းပြည်ကို ဂါထာ (၆၂)တွင် “သီရိတာ မြပတ္တန” ဟု ရှေးစွာ ရေးသားဖေါ်ပြခဲ့ပြီး ဂါထာ(၆၅)တွင် “ ဂြီ့ပတ္တန=သီရိပတ္တန” ဟူ၍ ရေးသားထား သော ကြောင့် ဖြစ်သည်ကတစ်ကြောင်း၊ထိုဂါထာနှစ်ပုဒ်တွင် သမီးတော်အမည် ဓေန္ဒာ တူနေသောကြောင့် ဂါထာ (၆၂) ပါ “ ဂြီ့တာမြပတ္တန=သီရိတာမြပတ္တန ” နှင့် ဂါထာ(၆၅)ပါ “ဂြီ့ပတ္တန=သီရိပတ္တန” တို့သည် အတူတူပင် ဖြစ်သည်ဟု ဆိုလိုရခြင်းဖြစ်သည်။
အာနန္ဒစန္ဒြမင်းကြီးသည် တိုင်းခြားဘုရင်မင်းတစ်ပါးမှ သမီးတော် လာရောက်ဆက်သသည်ကို ဂုဏ်ယူ ဟန်သဘောရှိလေသည်။ ထို့ကြောင့် ယင်းအကြောင်းအရာတစ်ခုတည်းကို ဂါထာ(၆၂) နှင့် (၆၅)တို့၌ တစ်ခါစီ နှစ်ကြိမ်တိုင်တိုင် ရေးထိုးထားသည်က သက်သေခံနေသည်။
အထက်ဖေါ်ပြထားသော ပုံသေးသည် အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၆၂) နှင့် ဂါထာ(၆၅)တွင်ပါသော “ဂြီတာမြပတ္တန=သီရိတာမြပတ္တန နှင့် ဂြီပတ္တနာ=သီရိပတ္တနာ” မင်ကူးဓါတ်ပုံမူဖြစ်ပါသည်။
တာမြပတ္တန အမည် စကားရပ်နှင့်ပက်သက်၍ ဆရာကြီး ဦးအောင်သာဦး၏ ရခိုင်ဝေသာလီခေတ်ယဉ်ကျေးမှု ၁၉၆၆ ခု (စာ-၃၀)တွင် “သုတေသီပညာယှိတချို့က တမ္မရပတ္တနသည် တမ္မရလိပ္ပတိ ပင် ဖြစ်သည်ဟု ယူဆကြ၏။ ၄င်းနေရာ၌ ယခု တိုင် တည်ယှိသောမြို့ကို ယခုအခါ တမ်လုတ်မြို့ဟုတွင်၏။ထိုမြို့သည် ဂင်္ဂါမြစ်ဝကျွန်းပေါ် အနောက် ဘက် ပင်လယ်ကမ်းခြေ၌တည်ယှိ၍ ရှေးခေတ်အခါက ပင်လယ်ကူးသင်္ဘောများ ၀င်ထွက်ဆိုက်ကပ်ရာ သ င်္ဘော ဆိပ်မြို့တမြို့ ဖြစ်ခဲ့ဘူးပေသည်။ ခရစ် သကရာဇ် အေဒီ ငါးရာစုက အိန္ဒိယပြည်သို့ လာရောက်၍ ဗုဒ္ဓ ကျမ်းစာများကို လေ့လာခဲ့သော တရုပ်ခရီသည် ဖါဟိန်းသည် ထိုတမ်လုက်မြို့၌ ၂ နှစ်တိုင်တိုင် နေထိုင်လျှက် ဗုဒ္ဓကျမ်းစာများကို လေ့လာခဲ့ဘူး၏ ။ ထိုမြို့မှ တဖန် သီဟိုဠ်ကျွန်းသို့ ခရီးဆက်ခဲ့ကြောင်း ၄င်း၏မှတ်တမ်း၌ တွေ့ရ၏။ တမ်လုက်မြို့သည် ယင်းအချိန်က ပင်လယ်ဆိပ်ကမ်းမြို့ကြီး တမြို့ဖြစ်ခဲ့ဘူးသော်လည်း ယခုအခါ ပင်လယ်မှ ကုန်းတွင်းသို့ မိုင် (၃၀)ခန့် ရောက်ယှိနေခဲ့ပြီ။ ” ဟု ရေးသားဖေါ်ပြထားသည်။
ဆရာကြီးဦးမြင့်ဆွေ ၏ အာနန္ဒစန္ဒြသက္ကတကျောက်စာ ဆောင်းပါးရှည်တွင်
“တာမြပတ္တနသည် တာမြလိပ္တိ မြို့ဖြစ်ပြီး ဘင်္ဂလားနယ်အတွင်း၌ရှိသည်။ယခုအခါ တာမ္လုက်(Tamluk) အမည်နှင့် တည်ရှိပြီး အတော်ရှေးကျသည့် မြို့ဖြစ်ဟန်ရှိ၏။ပတ္တန ဟူသောစကားရပ် သည် Pattra > Pattara ပတ္တြ မှ ရွေ့လာသောပုဒ် ဖြစ်တန်ရာ၏၊ ပတ္တြ သည် စာရေးသော အရွက်၊အပြားအဓိပ္ပါယ်ရှိသည်” ဟုရေးသား ထားသည်။
ဆရာကြီး ဦးစံသာအောင်က သူ၏ အာနန္ဒစန္ဒြရှစ်ရာစု ရခိုင်ဝေသာ လီမင်းစာအုပ်(စာ-၂၁၃) တွင် “တာမြပတ္တန မင်း မနောဓီရသည် အာနန္ဒ စန္ဒြမင်းအား သမီးကညာ လာဆက်သပြီး မဟာမိတ်ပြုသော မင်းဖြစ် သည်။ “တာမြပတ္တန”ကား မည်သည့်ပြည် မည်သည့်မြို့တော်ဖြစ်သည်ကိုမသိပေ” ဟု ရေးသားထားသည်။
“ဂြီ့တာမြပတ္တန-ဂြီ့ပတ္တန” စကားရပ်ကို ကျွန်ုပ်၏ယူဆချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
“သီရိတာမြပတ္တန” သည် = “သီရိ+တာမြ+ပတ္တန” ကို ပေါင်းစပ်ထားသော စကားရပ်ဖြစ်သည်။
သီရိ=ကျက်သရေ၊တင့်တယ်၊လှပ
တာမြ= ကြေးနီ
ပတ္တန(ရ) = အပြား၊အရွက်
သီရိတာမြပတ္တန စကားရပ်၏ အဓိပ္ပါယ်သည် “ လှပသောကြေးနီပြားထွက်ရာမြို့(၀ါ) လှပသော ကြေးနီပြားမြို့” ဟု အဓိပ္ပါယ် ဖွင့်ဆိုရမည်ဖြစ်သည်။
တာမြပတ္တနသည် မည်သည့်ဒေသကို ဆိုလိုကြောင်း မှတ်ချက်မပြုလိုပေ။
ပါမောက္ခဂျွန်စတင် ရေးသားခဲ့ သော Some Sanskrit Inscriptions of Arakan. ၌ အင်္ဂလိပ် သာဘာဖြင့် ရေးသားထားရာတွင် ဂါထာ (၆၅) အထိ ဘာသာပြန်ထားသည်ကိုသာ တွေ့ရ၏။ ပါမောက္ခ ဂျွန်စတင်၏ သက္ကတ လို ရေးသားထားသောမူတွင် ဂါထာပုဒ်(၆၅)နှင့် စာကြောင်းတို နှစ်ကြောင်းပါရှိ သေးသည်။ သက္ကတလိုရေးသားထားသော အောက်ဆုံးစာကြောင်း(၇၂-၇၃)နှစ်ကြောင်းကို ဂါထာမမည် သောကြောင့် ဘာသာမပြန်ခဲ့ခြင်း ဖြစ်ဟန်တူ၏။ ထို ဘာသာမပြန်ခဲ့သော အောက်ဆုံး စာကြောင်းတို နှစ် ကြောင်းသည် ဤကျောက်စာအတွက် အလွန်အရေးပါသော စာကြောင်းတိုနှစ်ကြောင်းဖြစ်သည်။ စာကြောင်းရေ(၇၂) သည် ရေးထိုးပြီးစီးကြောင်းကို ရေးသားထားသော စာကြောင်းဖြစ်ပြီး၊ စာကြောင်းရေ ၇၃ သည် ကျောက်စာရေးထိုးခုနှစ်ကို ရေးထိုးထားသော စာကြောင်းဖြစ်သည်။
ကိုးကား -
အာနန္ဒစန္ဒြမင်း ကျောက်စာကြောင်းရေ ၇၂/၇၃ မင်ကူးဓါတ်ပုံမူ၊ ကုန်သာကျောင်းဆရာတော်- ရာဇမတန်ကျမ်း၊ ၈ကြောင်းပေမူ၊၁၂၀၈ ဦးမြင့်ဆွေ -အာနန္ဒစန္ဒြသက္ကတကျောက်စာ
ဦးမြင့်ဆွေ- သက္ကတသဒ္ဒါကျမ်း၊
ဦးအောင်သာဦး- ရခိုင်ဝေသာလီခေတ်ယဉ်ကျေးမှု
ဦးစံသာအောင်- အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်း
ဦးဟုတ်စိန်-ပဒတ္ထမဉ္စူသာ ပါဠိမြန်မာအဘိဓါန်

No comments:
Post a Comment