Friday, December 25, 2020

အင်္ဂလိပ်တို့ နည်းယူခဲ့ရသည့် ရခိုင်ဒင်္ဂါးများ

 


*******************************
 
မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ မြောက်ဦးမြို့တော်သည် ရခိုင်ကောဇာသက္ကရာဇ် ၇၉၂ မှ ၁၁၄၆ ထိ၊ ခရစ်နှစ် အေဒီ ၁၄၃၀ မှ ၁၇၈၄ ထိ၊ နှစ်ပေါင်း ၃၅၄ နှစ်ထိ အရှေ့/အနောက် ရန်ပြုလာသော စစ်ပွဲပေါင်း များစွာကို အနိုင်ယူ၍ ကာလရှည်စွာ အာရှတစ်ခွင် ဂုဏ်ထည်ဝင့်စွာ ရပ်တည်ခဲ့သော မြို့တော်ကြီး တစ်ခု ဖြစ်ခဲ့သည့်အပြင် မင်းနေမြို့တော်လည်းဖြစ်ခဲ့သည်။ ရခိုင်ဘုရင်များ နန်းစိုက်ရာ မြောက်ဦးနန်းတော်၏ ကြီးကျယ်ခန်းနား လှပဆန်းကြယ်ပုံကို ရတုဘုရင် နတ်သျှင်နောင်နှမ ခင်မနှောင်း ရေးစပ်သော မြောက်ဦးနန်းတော် ပိုဒ်စုံရတုကိုဖတ်ကြည့်က သိနိုင်သည်။
ထိုမြောက်ဦးမြို့တော်၌ စိုးစံအုပ်ချုပ်မင်းလုပ်ခဲ့ကြသော ရခိုင်ဘုရင်များမှာ မင်းပေါင်း (၄၈) ပါးထိ ရှိခဲ့သည်။ ရခိုင်ဘုရင်များဘုန်းမီးနေလတောက်ချိန်က ရခိုင်ပြည်၏ ဧရိယာသည် အနောက်ဘင်္ဂလား ဟူးဂလီမြစ်ထိ၊ တောင်ဘက် နာဂရေအငူထိ ရှည်လျားခဲ့ပြီး၊ ရခိုင်မြေပုံသည် ဆင်ဦးခေါင်းသဏ္ဍာန်ရှိ၏ဟု မှတ်သားဖူးပါသည်။ ထိုအချိန်က ရခိုင်ပြည်နယ်နမိတ် အ၀ိုင်းအ၀န်း၌ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ အေးချမ်းစွာ နေထိုင်ကြပြီး၊ သာယာဝပြောသော တိုင်းနိုင်ငံတစ်ခုအဖြစ် ရည်တည်ခဲ့သည်။
မြောက်ဦးခေတ် နန်းသက် လပိုင်းရှိသော ဘုရင်များမှအပ ရခိုင်ဘုရင်များသည် မိမိတို့၏ နန်းတက်ဘိသိက်အမည်ဖြင့် ရွှေ၊ငွေတို့ကို ဒင်္ဂါးအဖြစ်ခတ်နှိပ်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် ပေါ်တူဂီ၊ဒတ်ခ်ျ ၊ ပါရှန် တို့နှင် ကူးလူးဆက်ဆံ ရောင်းဝယ်ဖောက်ကားကာ စီပွးရေးကို ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်အောင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်။ မြောက်ဦးခေတ် ရခိုင်ငွေဒင်္ဂါးတစ်ပြား၏ ငွေလဲနှုန်းမှာ စတာလင်ပေါင် ၂၂ ပေါင်ထိ ပေါက်ဈေးရှိခဲ့သည်ဟု သိမှတ်ရသည်။ ယင်းကြောင့် မြောက်ဦးမြို့တော်သို့ ရောက်လာကြသော နိုင်ငံခြားသားများက မြောက်ဦးမြို့ကို အစ္စတာဒမ်၊ ဗင်းနစ်မြို့တို့နှင့် ခိုင်းနှိုင်းပြောဆိုရေးသားကြလေသည် ။
ဒင်္ဂါးခတ်လုပ်သည့်အခါ မိမိတိုင်းနိုင်ငံနယ်နမိတ်အတွင်းရှိ ပြည်သူလူထုများ နားလည်စေရန်နှင့် ကုန်သွယ်ဖက်တိုင်းနိုင်ငံများ နားလည်စေရန်၊ ဒင်္ဂါးပြားများတွင် ပါရှန်စာ၊ အာရဗီစာ၊ ရခိုင်စာ သုံးဘာသာထိ ရေးထိုးခပ်နှိပ်ကာ ထုတ်လုပ်သုံးစွဲခဲ့ကြသည်။
မြောက်ဦးခေတ်နှောင်းပိုင်း(အေဒီ-၁၆၂၂ )ထိတွင် တစ်ချို့သော အနောက်ဘက် ပိုင်နက်နယ်မြေများကို စွန့်လွှတ်လိုက်ရသည့်အခါ ရခိုင်ဒင်္ဂါးများကို ရခိုင်စာသီးသန့် တစ်ဘာသာဖြင့်သာ ခပ်နှိပ်သုံးစွဲခဲ့ကြသည်။
***
ကမ္ဘာ့မှာ နေမ၀င်အင်ပါယာကို တည်ထောင်ခဲ့သော အင်္ဂလိပ်လူမျိုးများ အိန္ဒိယ၊ မြန်မာတို့ကို ကိုလိုနီနယ်ပယ်အဖြစ်(၁၉ ရာစုမှ ၂၀ ရာစု) အလယ်လောက်ထိ သိမ်းပိုက်ကာ စိုးစံအုပ်ချုပ်ခဲ့ကြသည်။ အင်္ဂလိပ်လူမျိုးများ အုပ်ချုပ်ခဲ့ကြစဉ်ကလည်း ထိုလူမျိုးများသည် ကိုလိုနီနယ်မြေအ၀ိုင်း အ၀န်း အတွင်း နေထိုင်ကြသူများအတွက် ငွေဒင်္ဂါး၊ ရွှေဒင်္ဂါ၊ကြေးဒင်္ဂါးများကို ONE RUPEE, HALF RUPEE, ¼ Rupee, Two Annas, One Anna, Half Anna, One Quarter anna, 1/12 Anna, Pice ဟူ၍ တန်ဘိုးရေးကာ သွန်းလုပ်ပြီး ရူပီးငွေဒင်္ဂါးများအဖြစ် ခရစ်နှစ် ၁၈၃၅ မှ ၁၉၄၇ ထိ သုံးစွဲခဲ့သည်ကိုတွေရသည်။
ထိုရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးများကို အင်္ဂလိပ်စာ တစ်ခုတည်းဖြင့် ရေးသွင်းပြီး သွန်လုပ်ခဲ့ကြသောကြောင့် အုပ်ချုပ်ခံ အင်္ဂလိပ်စာမတတ်သော လူတန်းစားများသည် အစပထမပိုင်းတွင် ငွေတန်ဘိုးကို မသိနားမလည် ဖြစ်ခဲ့ကြသည်။ နောက်ကိုင်တွယ်သုံးစွဲဖန်များလာသောအခါမှ ငွေတန်းဘိုးကို အရွယ်အစား၊ ပုံများကိုကြည့်၍ တန်ဖိုးကို သိလာကြသည်။
ယင်းကဲ့သို့ ငွေဒင်္ဂါးပေါ်တွင်ပါသော စာများကို လူတိုင်းနားမလည်း
မဖတ်သော အခက်အခဲကို သိသော အင်္ဂလိပ်များသည် ငွေစက္ကူထုတ်လုပ်လာသောအခါ ထိုပြဿနာကို ပြေလည်စေရန် စဉ်းစားခဲ့ကြဟန်ရှိသည်။
အင်္ဂလိပ်အုပ်ချုပ်ခဲ့စဉ် အစောပိုင်းကာလများတွင် ရခိုင်ပြည်တွင်း၌ သုံးစွဲနေသော ဒင်္ဂါးများမှာ ခရုသင်းအမှတ်အသားဒင်္ဂါးများ၊ ရခိုင်ဝေသာလီဘုရင်အမည်နှင့် နွားရုပ်ပါဒင်္ဂါးများ၊ ရခိုင်ကောဇာ သက္ကရာဇ်နှင့် မင်းအမည်ပါ သုံးဘာသာထိုး၊ နှစ်ဘာသာထိုး၊ တစ်ဘာသာထိုး မြောက်ဦးခေတ် ရခိုင်ဒင်္ဂါးများ၊ ဘိုးတော်မောင်ဝိုင်းဒင်္ဂါးများကို သုံးစွဲလျှက် ရှိနေဆဲဖြစ်သည်။
အင်္ဂလိပ်များသည် မိမိတို့ ကိုလိုနီနယ်မြေများ၌ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေ သုံးစွဲရာတွင် ငွေဒင်္ဂါးများ၌ ဖြစ်ပေါ်ခဲ့သော ပြဿနာကို အဆင်ပြေချောမွေစေရန် ရခိုင်ပြည်တွင်း သုံးစွဲနေဆဲဖြစ်သော ရခိုင်ဒင်္ဂါးများထဲတွင် ပါရှန်စာ၊ အာရဗီစာ၊ ရခိုင်စာများဖြင့် ခပ်နှိပ်ထားသော ရခိုင်ဒင်္ဂါးများကို မြင်တွေ့ပြီး ၊ သူတို့ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေရာတွင် သုံးဘာသာထိုး ရခိုင်ဒင်္ဂါးများပါ နည်းစနစ်ကို အတုယူကာ ရိုက်နှိပ်ထုတ်ဝေခဲ့ဟန် ရှိလေသည်။
-
တစ်ဘာသာ၊ နှစ်ဘာသာ၊သုံးဘာသာထိုး ရခိုင်ဒင်္ဂါးများ (ပုံ-၁)

 
-
ထို့ကြောင့် အင်္ဂလိပ်တို့ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေရာ၌ 1858 နှစ်ထုတ်သော တစ်မျက်နှာရိုက် ငွေစက္ကူများတွင် အင်္ဂလိပ်၊ ဟိန္ဒူ၊ အာရဗီ သုံးဘာသာဖြင့် ထုတ်ဝေပြီး၊ နောက်ပိုင်းကာလများတွင် အုပ်ချုပ်ခံ ပြည်သူများ နားလည်း ဖတ်တတ်စေရန် ငွေစက္ကူပေါ်တွင် ဘာသာစကား၊ငါးမျိုး၊ခုနစ်မျိုး၊ ကိုးမျိုးထိ ငွေတန်ဘိုးကို ရေးသွင်းကာ ရိုက်နှိပ်ထုတ်ဝေ သုံးစွဲခဲ့ကြသည်ကိုတွေ့ရသည်။
-
အင်္ဂလိပ်ခေတ် သုံးဘာသာ၊ခုနစ်ဘာသာ၊ကိုးဘာသာထိုး ငွေစက္ကူများ(ပုံ- ၂-၃)
 

 

 
*
ထို့ကြောင့် နေမ၀င်အင်ပါယာ ဧကရာဇ်ဘုရင်များသည်ပင် ငွေစက္ကူထုတ်လုပ်ရာ၌ ရခိုင်ဘုရင်တို့၏ အမြော်အမြင်ကြီးမားစွာဖြင့် ရခိုင်+ပါရှန်+အာရဗီ သုံးဘာသာထိုး ရခိုင်ရွှေဒင်္ဂါး ငွေဒင်္ဂါးများမှ နည်းယူကာ ထိုသူတို့၏ ငွေစက္ကူများကို ရိုက်နှိပ်ထုတ်လုပ်ခဲ့ဟန်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
 
မောင်ဖြူ(ကြွီတဲကျွန်း)
23.12.2020

No comments:

Post a Comment