Friday, November 19, 2021

တောင်ကုတ်မြို့နယ်မှ ဝေသာလီခေတ်ထိုး ငလုံးမော်ကျောက်စာ ( အေဒီ ၄-၆ ရာစု )

 



**********************************
အောက်မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီတို့ သိမ်းပိုက်ထားသည့်အချိန်၌ (ခရစ်နှစ် ၁၈၇၂) ခုနှစ်တွင် ဗိုလ်မှူးကြီး ဂျီအီးဖရိုင်ယာဆိုသူသည် ငလုံးမော်(ငလွမ်းမော်)ကျောက်စာကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ငလုံးမော်ရွာအနီး တောင်ပူဇာတစ်ခုရှိဂူတစ်ခုအတွင်းမှ ရရှိခဲ့သည်။ ဗိုလ်မှူးကြီး ဖရိုင်ယာ တာဝန်ပြီးဆုံး၍ ပြန်သည့်အခါ ထိုကျောက်စာ ကို အင်္ဂလန်နိုင်ငံသို့ ယူဆောင်သွားလေသည်။ သူကွယ်လွန်သွားသည့်အခါ ထို ငလုံးမော်ကျောက်စာမှာ ရွိင်ရွယ်အေ ရှားတစ်အသင်းသို့ ရောက်ရှိသွားလေသည်။ ယင်းငလုံးမော်ကျောက်စာကို အင်္ဂလန်နိုင်ငံ အောက်စဖို့စ်တက္ကသိုလ် ဘေလီယောကောလိပ်မှ ပါမောက္ခ အီး အိတ်ခ်ျ ဂျွန်စတင်သည် ရွိင်ရွယ်အေရှားတစ်အသင်းမှ ငှါးယူကာဖတ်ဖြစ်ခဲ့သည်။ ယခု ငလုံးမော်ကျောက်စာသည် အိန္ဒိ ယနိုင်ငံ ကာလကတ္တားပြတိုက်တွင်ရှိနေသည်ဟုသိရှိရသည်။ ငလုံးမော်ကျောက်စာ အတိုင်းအတာမှာ အလျား(၇-လက်မ၊ အနံ- ၅-လက်မခွဲ)ရှိပြီး၊ အထူုမှာ (၁-လက်မခန့် ) ရှိသည်။ ထိုကျောက်စာတွင် စာကြောင်းရေ (၇) ကြောင်းပါရှိပြီး၊ ဝေသာလီခေတ် အစောပိုင်းသုံး ဗြဟ္မီပွား အက္ခရာဖြင့် ရေးထိုးထားသည်။ ရေးထားသည့်ဘာသာစကားမှာ ပါဠိ သက္ကတရော ကျောက်စာတစ်ချပ်ဖြစ်သည်။ ခေတ်ကာလအား ဖြင့်(အေဒီ (၄-၆ ရာစု)ဖြစ်သည်။
ကျောက်စာတွင် ပထမ စာသုံးကြောင်းသည် ရခိုင်ဝေသာလီပြည်သားတို့၏ နှလုံးအိမ်မှာ ကမ္ဗည်းတင်ထားသော ယေဓမ္မာဂါထာတော်ဖြစ်ပြီး၊ စာကြောင်းရေး(၄)မှ စာကြောင်းရေ(၇)အထိမှာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော သူတို့သည် အမိအဖအား ရည်စူး၍ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းကို ရေးထိုးထားသော အလှူကျောက်စာဖြစ်သည်။
အလှူရှင်တို့သည် မြတ်ဗုဒ္ဓအဆုံးအမကို အလွန်သက်ဝင်ယုံကြည် ဆည်း ကပ်သောသူများဖြစ်ကြောင်းကို (ဥပါ သက၊ ဥပါသကော)ဟု ရေးထိုးသုံးနှုန်းထားသည်။ သာမန် အရပ်သားပြည်သူများမှ ဖြစ်နိုင် ဖွယ်ရှိသည်ဟုယူဆရသည်။
ကျောက်စာပါ အက္ခရာအရေးအသားများကို ကြည့်ရသည်မှာ အလှူရှင်သည် သူတို့နှင့် နီးစပ်သည့် သာမန် စာရေးတတ် သူ တစ်ဦး အား အကူအညီတောင်းကာ ရေးထိုးခဲ့ဟန်ရှိသည်။ ထိုသို့ ရေးထိုးခဲ့ ဟန် ရှိခြင်းေ ကြာင့် ငလုံးမော်ကျောက်စာ၌် အခြားသော ဝေသာလီခေတ် ယေဓမ္မာ ဂါထာ ပါကျောက်စာများနှင့် နှိုင်းယှဉ်ပါက ကွဲလွဲချက်များရှိနေသည်ကို တွေ့ရပါ သည်။
ကျောက်စာ၌ အချို့သော အက္ခရာစာလုံးများမှာ ရေးရန်ကျန်နေခဲ့သည့် စာလုံးများရှိနေသည့်အပြင် တစ်ချို့နေ ရာများမှာ အက္ခရာများ ပိုနေသည်ဟု ယူဆသည်။ တစ်ချို့မှာ သဒ္ဒါသတ်ပုံနည်းအရ အက္ခရာကွဲလွဲနေမှုများ ရှိကြ သည်။ တစ်ချိ့စာလုံးများမှာ သံပြောင်းပုံစံ ရေးးထိုးထားသည်ကိုတွေ့ရသည်။
ထိုကြောင့် ငလုံးမော်ကျောက်စာသည် သဒ္ဒါသတ်ပုံမှန် ကျောက်စာေ ရးထိုးတတ်သူ တစ်ဦးမှ စနစ်တကျရေးထိုး ခြင်းမဟုတ်ဟု ယူဆနိုင်သည်။ (သို့မဟုတ်) ဒေသိယျသုံး စကားလုံးများဖြင့် ရေးထိုးခြင်းလော စဉ်းစားစရြာ ဖစ်သည်။ ဤဆောင်းပါးကို ရေးရန်အတွက် ငလုံးမော်ကျောက်စာကို ပြန်လည် ဖတ်ရှုကြည့်ရာ၌ အောက်ပါအတိုင်း တွေ့ရှိသည်။ 
 
 
ကျောက်စာကြောင်းရေ(၁) ကို ဖတ်ရှုခြင်း
*****************************



စာကြောင်းရေ (၁)၌ မူရင်းကျောက်စာတွင် “ယေဓမ္မဟတုပြဘ ၀ ဟေတု” ဟု ရေးထိုးပါရှိသည်။ ရခိုင်ဝေ သာလီ ခေတ်တွင် ရေးထိုး ခဲ့ကြသော ယေဓမ္မာဂါထာပါ ကျောက်စာများ၌ “ယေဓမ္မေ ဟတုပြဘ၀ါဟေတု” ဟူ၍သာ အများ အားဖြင့်ရေးထိုးလေ့ရှိကြသည်ကို တွေ့ရသည်။

ထိုကြောင့် ငလုံးမောက်ကျောက်စာ ကြောင်းရေ(၁)တွင်ပါသော “ယေဓမ္မာဟေတုပြဘ ၀ ဟေတု” စာလုံးများ၌ (၀)အက္ခရာစာလုံးသည် “၀ါ” ဟူ၍သာ ဖြစ်သင့်ပါသည်။(-ာ) ရေးချထည့်ရန် ကျန်နေခဲ့သည်ဟု ယူဆသည်။ “ယေဓမ္မာ ဟေတုပြဘ၀ါ” ဖြစ်မှသာ အခြားသော ရခိုင်ဝေ သာလီခေတ်ေ ကျာက်စာပါ ယေဓမ္မာဂါထာများနှင့် ရေးထုံးနှင့် အညီ ဖြစ် ပေလိမ့်မည်။ ကျောက်စာကိုမူလရေးထိုးသူသည် (၀)စာလုံး ၌ (-ာ) ရေးချ ရေးရန် မေ့ကျန်ခဲ့ခြင်း ဖြစ်မည်ဟု ယူဆ ရ သည်။
 
ကျောက်စာကြောင်းရေ(၂) ကို ဖတ်ရှုခြင်း
*****************************
 




ငလုံးမော်ကျောက်စာ ကြောင်းရေ (၂) တွင် “တေသံ တထဂတ ဟျဝေါဒ တေသဉ္စယော” ဟု ရေးထိုးပါရှိသည်။
ဤစာကြောင်းရေး (၂) ပါ အက္ခရာစာလုံးများသည် အခြားသော ဝေသာလီခေတ် ကျောက်စာပါ ယေဓမ္မာဂါထာ ရေးထိုး နည်းအတိုင်း ဖြစ်သော်လည်း အနည်းငယ်ကွဲလွဲသည်။ ယင်းမှာ ရခိုင်ဝေသာလီေ ခတ်ကျောက်စာပါ ယေဓမ္မာဂါထာ များ တွင် အများအားဖြင့် (တထာဂတော) ဟု ရေးထိုးကြသော်လည်း ဤငလုံးမော်ေ ကျာက်စာ၌ (တထဂတ) ဟု ရေးထိုးထား သည်ကို တွေ့ရသည်။ ( ထ) စာလုံးတွင် (-ာ) ရေးချ မပါပေ။ ကျောက်စာရေးထိုးသူ မေ့ကျန်ခဲ့သည်လော့၊ ဒေသသုံး စကားသံ အတိုင်း ရေးထိုးခြင်းလား စဉ်းစားစရာဖြစ်သည်။
 
 
 
ကျောက်စာကြောင်းရေ(၃) ကို ဖတ်ရှုခြင်း
******************************
 



ငလုံးမော်ကျောက်စာကြောင်းရေ (၃)၌ “နိရောထ ဧ၀ံဝါဒိ မဟာဂြဏ” ရေးထိုး ပါရှိသည်။ ထို “နိရော ထ ဧ၀ံဝါဒိ မဟာဂြဏ” စာလုံး၌ အစ စာလုံးသုံးလုံြး ဖစ်သော“နိရောထ” စကားလုံး၌ (ထ) စာလုံးသည် အခြား သော ရခိုင်ဝေသာ လီခေတ် ယေဓမ္မာယေဂါထာများနှင့် ရေးထုံးမတူသည်ကို သတိပြုမိပါသည်။ ရခိုင်ဝေသာလီခေတ် ကျောက်စာပါ ယေဓမ္မာဂါထာများတွင် “နိရောဓ” ဟူ၍ သာ ရေးထိုးလေ့ရှိကြသည်။ ငလုံးမော်ကျောက်စာ၌ (နိရောဓ) ကို “နိရောထ” ဟူ၍ ရေးထိုးထားသည်မှာ ထူးခြားနေသည်။ (ဓ)နှင့် (ထ) သံပြောင်း စကား လုံးဖြင့် ရေးထိုးထားသည်။

စာကြောင်းရေ (၃) အလယ်လောက်တွင် “ဧ၀ံဝါဒိ” ဟူ၍စာလုံးပါရှိ သည်။ ထို “ဧ၀ံဝါဒိ” စာလုံးကို ရေးထိုးရာ ၌လည်း ကျောက်စာရေးထိုးသူသည် “ဧ ၀ါဒိ” ဟူ၍ (ဒ) စာလုံးတွင် (-ီ) ဆံခပ်မပါဘဲ ရေးထိုးထား၏။ ထို့အပြင် သူရေး ထိုးထားသော စာလုံးများကို ပြန်လည်စစ်ဆေးသောအခါ သတိပြု မိဟန်ရှိခြင်းကြောင့် (ဧ) နှင့် (၀ါ) စာလုံးကြား၌ (၀ံ) စာ လုံးရေးရန် ကျန်နေခဲ့ သည်ကို ထပ်မံရေးထိုးခြင်းဖြစ်သောကြောင့် ထို(၀ံ) စာလုံးမှာ (ဧ ၀ါ) စာ လုံးကြားတွင် အခြားသော စာလုံးများနှင့် တစ်တန်းတည်း ဖြစ်မနေဘဲ အောာက်ဘက်သို့ ရောက်နေခြင်းကို မြင်တွေ့နိုင်သည်။
နောက်တစ်ခါ ယင်းစာကြောင်းရေ (၃) အဆုံး၌ “မဟာ ဂြ ဏ” ဟုရေးထိုးပါရှိသည်။ ငလုံးမော်ကျောက်စာကြောင်းရေ(၃) ပါ “မဟာဂြဏ” ဟူသော စကားရပ်ကို ရခိုင်ဝေသာလီခေတ်ကျောက်စာပါ ယေဓမ္မာ ဂါထာများတွင် ယင်းကဲ့သို့ ရေးထိုးကြသည်ကို မတွေ့ရပေ။ အခြားသော ယေဓမ္မာဂါထာပါ ဝေသာလီခေတ် ကျောက်စာ များစွာတွင် ရေးလေ့ရေးထ ရှိကြသည်မှာ“မဟာဂြမဏ” ဟူ၍လည်းကောင်း၊ “မဟာဂြမဏော” ဟူ၍ လည်းကောင်း၊ ပါဠိ အလိုအားဖြင့်လည်း ရေးထိုးလေ့ရှိကြသည်မှာ“ မဟာ သာမဏ (သို့) မဟာသာမဏော ” ဟူ၍သာ ရေးထိုးပါရှိကြသည်။ ယခု ငလုံးမော်ကျောက်စာတွင်မူကား “ မဟာဂြဏ ” ရေးထိုးထားသည်ကို တွေ့မြင်နိုင်သည်။

ထိုကြောင့် ငလုံးမော်ကျောက်စာ ကြောင်းရေ (၃)တွင် (မဟာဂြ-ဏ) စကားလုံး၌ (ဂြ နှင့် ဏ ) စာလုံး နှစ်လုံး ကြားတွင် (မ) စာလုံးတစ်လုံး ရေးရန် ကျန်နေခဲ့သည်ဟု ယူဆရသည်။ သို့မဟုတ် “မဟာ ဂြ ဏ” ဟူသော စကား ရပ် သည် ဒေသိယျ စကားသံဖြင့် ရေးထိုးခြင်းလား တွေးစရာဖြစ်သည်။
 
ကျောက်စာကြောင်းရေ(၄) ကို ဖတ်ရှုခြင်း
*****************************
 
 


ငလုံးမော်ကျောက်စာကြောင်းရေ (၄) ပါ စာလုံးများကို ရှေးကသုတေသီတို့က (ဥပါသက မဤဂါ ဥပါသ) ဟု ဖတ်ရှုဖော်ပြခဲ့ကြသည်။ စာရေးသူ ဖတ်ရှုရရှိသည်မှာ “ဥပါသက မ ဒးလာ ဥပါသ” ဟူ၍ ဖတ်ရှု ရရှိသည်။ ဤစာကြောင်းရေ (၄) ၌ ရှေးကသုတေသီတို့ (ဥပါသက မဤဂါ ဥပါသ) ဟူ၍ဖတ်ခဲ့သော စာလုံးများအား သုံးသပ်ရလျှင် အသောကခေတ် ဗြဟ္မီအက္ခရာတွင် “ဤ” စာလုံးကို (းး ) ဟုရေးထိုးကြသလို၊ အေဒီ ၄- ၅ ရာစုထိုးဂုပ္ပ တခေတ်၌ အက္ခရာများတွင်လည်း “ဤ” စာလုံးကို (.J.) ဟူ၍ ရေးထိုးကြသည်။ ရခိုင်ဝေသာလီခေတ် (အေဒီ ၆၄၉) ၌ ရေးထိုးခဲ့သော အာနန္ဒစန္ဒြမင်း သင်္ဂါ ယနာတင် မော်ကွန်းကျောက်စာတွင်လည်း “ဤ” စာလုံးကို ( -ံ့- ) ဟူ၍ ရေးထိုးသည်။

ရှေးကသုတေသီတို့ ဖတ်ခဲ့သော “ဥပါသက မ ဤ ဂါ ဥပါသ” ၌ (ဤ) ဟူ၍ ဖတ်ထားသောစာလုံးမှာ “ ဒ ” ဟု ထင်ရှားစွာပေါ်နေသောကြာင့် စာရေး သူအနေဖြင့် ထိုစာလုံးကို (ဤ) ဟူ၍ မယူဆပေ။ ( ဒး) ကို ရေး ထားခြင်းသာ ဖြစ် သည်ဟု ယူဆသည်။

နောက်တစ်ခါ ထိုစာကြောင်းရေ (၄)မှာပင် (ဤ) နှင့် ကပ်လျက်ရှိေ နသော စာလုံးကို ရှေးကသုတေသီတို့ “ ဂါ ” ဟူ၍ရေးသားဖော်ြ ပခဲ့ကြသည်။ ကျောက်စာတွင်ပါရှိသည်မှာ (ဂါ) မဟုတ်ဘဲ၊ ( လာ ) စာလုံးသာ ဖြစ်သည်ဟု မှတ်ချက်ပြုလိုသည်။ ထို့ကြောင့် ငလုံးေ မ်ာကျောက်စာကြောင်းရေ (၄) ပါ စာလုံးများမှာ “ဥပါသက မဒးလာ ဥပါသ” ဖြစ်သည်။
 
 
 ကျောက်စာကြောင်းရေ (၅)ကို ဖတ်ရှု ခြင်း
******************************
 



ငလုံးမော်ကျောက်စာကြောင်းရေ (၅) ပါစာလုံးများကို ရှေးကသုတေသီတို့ ( ကသကောမ၀မ္မမကာရ )ဟု ဖတ်ရှုဖော် ပြခဲ့ကြသည်။ စာရေးသူသည် ထို စာလုံးများကို ကွန်ပျူတာဖြင့် ပုံကြီးချဲ့ကာ ကျောက်စာ တစ်လုံးချင်းစီကို ထွင်းယူပြီး ယနေ့ခေတ်သုံးအက္ခရာဖြင့် ဖလှယ်လိုက်သော အခါ “က သကော မစမ္မမ ကရိ” ဟူသော စာလုံးများကို ရရှိသည်။

ဤစာကြောင်းရေ (၅) ၌ ရှေးကသုတေသီတို့ ဖော်ပြခဲ့သော ( မ၀မ္မမ ) စာလုံးများပါ (၀) အက္ခရာသည် (စ) အက္ခရာ ဖြစ်သည်ဟု ယူဆသည်။ ယင်းအပြင် ရှေးကပညာရှင်တို့ (ကာရ) ဟုဖတ်ထားခဲ့သော စာလုံးကို စာရေးသူသည် (ကရိ)ဟူ၍သာ ဖတ်ရှုရရှိသည်။ ယင်းမှာ စာကြောင်းရေ (၅)၌ ရှေးက သုတေသီများဖတ်ရှုမှုနှင့် မတူကွဲပြားသော ခြားနား ချက်တို့ဖြစ် ကြသည်။ စာရေးသူအနေဖြင့် ငလုံးမော်ကျောက် စာေ ကြာင်းရေ(၅)ကို “က သကော မစမ္မမ ကရိ” ဟူ၍သာ ဖတ်ရှု ရသည်။
 
ကျောက်စာကြောင်းရေ (၆)ကို ဖတ်ရှု ခြင်း
****************************
 
 


ငလုံးမော်ကျောက်စာကြောင်းရေ (၆)ပါ စာလုံးများကို ရှေးကသုတေ သီတို့က (ယိ= မာတပိတ ကု) ဟု ဖတ်ရှုဖော်ပြ ခဲ့ကြသည်။ စာရေးသူသည် ငလုံးမော်ကျောက်စာကြောင်းရေ (၆)ပါ စာလုံးများကို ကွန်ပျူတာဖြင့် ပုံကြီးချဲ့၍ ဖတ်ရှုသော အခါ“သိး မာတပိတု ကု” ဟူ၍ ဖတ်ရှုရရှိသည်။ “သိး မာတပိတု ကု” စာလုံးများ၌ (သိး) စာလုံးသည် “ တိ” ဟူသော စာလုံးကို (သိး >တိး> တိ ) ဟူ၍ သံပြောင်း စာလုံးအဖြစ် ဒေသိယျ အသံဖြင့် ရေးထိုးထားသည်ဟု ယူဆရသည်။ သို့မှသာ စာကြောင်းရေ (၆)ပါ အစစာလုံးဖြစ်သော “သိး>တိ>တိ” စာလုံးသည် စာကြောင်းရေ(၅)ပါ နောက်ဆုံးစာလုံးဖြစ်သော “ကရိ” နှင့် ဆက်စပ်နိုင် မည်ဖြစ်သလို၊ “သိး” နောက်၌ရှိသော ( မာတာပိတု ကုသလ) စကားရပ်နှင့် လည်း အဓိပ္ပာယ် ဆက်စပ်ပေါ်လွင်သွားမည်ဖြစ်သည်။ (ကရိတိ မာတာပိတု ကုသလ=အမိအဖအတွက် ကုသိုလ်ပြုသည်။) ဟူ၍ ဖြစ်သည်။

ရှေးကသုတေသီတို့ ရေးသားဖော်ပြခဲ့သော (ကာရယိ= မာတပိတ ကုသလ) ဆိုလျှင် ( ယိ= ) စာလုံးသည် သူ့ရှေ့ စာလုံးဖြစ်သော (ကရိ) နှင့် ကပ်၍လည်း အဓိပ္ပာယ် မဖွင့်ဆိုနိုင်သလို၊ နောက်စာလုံးဖြစ်သော ( မာတ ပိတု) နှင့် ကပ်၍လည်း အဓိပ္ပာယ်ဖွင့်ဆို၍ ရနိုင်မည်မဟုတ်ပေ၊ (ယိ=) တစ်လုံးတည်ြး ဖင့်လည်း သီးခြားအဓိပ္ပာယ် မဖွင့်ဆိုနိုင်ဟု ယူဆရသည်။

ထို့အပြင် ငလုံးမော်ကျောက်စာကြောင်းရေ (၆)၌ “ မာတပိတု ”ဟူ၍ ပါရှိသည်။ ပါဠိအလိုအားဖြင့် အမိအဖ ကို ရေးကြရာ၌ “မာတာပိတ (သို့) မာတာပိတု” ဟူ၍သာ ရေးထိုးကြသည်။ ကျောက်စာတွင် ( မာတပိတု) ဟု ရေးထိုးထား သည်မှာလည်း ရေးထုံးတစ်မျိုး ဖြစ်နေသည်။
နောက်ကွဲလွဲချက်တစ်ခုမှာ ရှေးကသုတေသီတို့က ကျောက်စာပါ “ မာတပိတု ” စကားရပ်ပါ စာလုံးများ၌ အဆုံးဖြစ်သော (တ) စာလုံးတွင် (-ု) တစ်ချောင်းငင် မပါဘဲ (မာတပိတ) ဟုဖော်ပြခဲ့ကြသည်။

ကျောက်စာတွင် အဆုံးစာလုံးဖြစ်သော (တ) တွင် (-ု) တစ်ချောင်းငင် ပါရှိသည်။ ထို့ကြောင့် စာကြောင်းရေ (၆)ပါ စာလုံးအပြည့်အစုံမှာ “သိး မာတပိတု ကု” ဖြစ်သည်။ 
 
စာကြောင်းရေ (၇) ကို ဖတ်ရှုခြင်း
************************ 


 
ငလုံးမော်ကျောက်စာကြောင်းရေ (၇)တွင် ရေးထိုးပါရှိသည်မှာ “သလ” ဖြစ်သည်။ ဤစာကြောင်းရေ(၇)တွင် ရှေးက ဖတ်ခဲ့သော သုတေသီများနှင့် စာရေးသူ၏ အမြင်မှာ ကွဲလွဲချက်မရှိ ဘဲ အတူတူပင်ဖြစ်ပါသည်။

နောက်ထပ် ဖြည့်စွက်၍ စာကြောင်းရေ(၄-)ပါ “ဥပါသက မဒးလာ” ဟူသော စကားရပ်ကို အနည်းငယ် ထပ်မံ တင်ပြရသော် (ဥပါသက မဒးလာ) ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ “ မဒးလာ ” သည် အလှူရှင်ယောက်ျား အမည် ဖြစ်ပြီး၊ ထိုအလှူရှင် ပုဂ္ဂိုလ်သည် “ဥပါသက=ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူ၊ သီတင်းသည်” ဖြစ်ကြောင်း ကို ဖော်ပြသည်။

စာကြောင်းရေ(၅) တွင် အလှူရှင် အမျိုးသမီးကို ကိုယ်စားပြုသော စာလုံးကို ရေးထိုးဖော်ပြရာ၌ “ ဥပါသကော ” ဟု ရေးထိုးရမည့်အစား “ဥပါ(သက)သကော” ရေးထားသည်ကိုတွေ့နိုင်ပေသည်။ (ဥပါသကသကော မစမ္မမ) စာလုံး၌ “သက” စာလုံး နှစ်လုံးသည် ကျောက်စာရေးထိုးစဉ်က ပို၍ ရေးထိုးမိသော အက္ခရာများဖြစ် မည်ဟုယူဆရသည်။။

အဘယ်ကြောင့်ဆိုသော် ပါဠိဘာသာတွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော အမျိုးသမီး ကို ရေးမည်ဆိုလျှင် “ဥပါသကော (သို့မဟုတ်)ဥပါသိကာ” ဟူ၍သာ ရေးထုံးရှိသည်ကို တွေ့ရသည်။

ဥပါသက= ရတနာသုံးပါးကို ဆည်းကပ်သောသူ၊ သီတင်းသည်၊
ဥပါသကော= ရတနာသုံးပါးကို ဆည်းကပ်သောသူမ၊ သီတင်းသည်မ၊
 
 
 
သို့ဖြစ်၍ ငလုံးမော်ကျောက်စာတစ်ချပ်လုံးကို တစ်ဘက်ပါအတိုင်း အဓိပ္ပာယ်ကို ပြန်လည်ဖွင့်ဆိုပါသည်။ 
 
 



မြတ်စွာဘုရားသည် ရှေးကပြုခဲ့ဖူးသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသောအကျိုးတရားကို ဟောတော်မူ၏။ ထို အကျိုးတရား၊ အကြောင်းတရားတို့၏ ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ၏။ ရဟန်းတို့၏ အဓိပတိ ဖြစ်သော မြတ်စွာ ဘုရားသည် ဤသို့ အယူရှိတော်မူသည်။

ဥပသက- ရတနာသုံးပါးကို ဆည်းကပ်သောသူ၊ မဒးလာ- မဒးလာ မည်သောသူနှင့် ၊ ဥပသကော- ရတနာ သုံး ပါးကို ဆည်းကပ်သော မစမ္မမ- မစမ္မမ မည်သောသူတို့သည်၊ မာတပိတု>မာတာပိတု- အမိအဖတို့အား (ရည်မှန်း၍)၊ ကုသလ- ကုသိုလ် ကောင်းမှုကို၊ ကရိသိး>ကရိတိ- ပြုလုပ်သည်။

ယနေ့ထက်တိုင် ရခိုင်လူမျိုးတို့တွင် ယောက်ျားအမည်၌ (မဒးလာ > မဒ်းလာ > မဲလှ) ဟူသောအမည်ကို မှည့် ခေါ်နေကြသေးသလို၊ အမျိုးသမီး အမည်များ၌လည်း ( မစမ္မမ > မစမ်မမ > မစံမမ ) ဟူသော အမည်တို့ကို မှည့်ခေါ် လေ့ရှိနေသေးကြောင်း တွေ့ရသည်။
 
 

[ဆရာကြီး ဦးစံသာအောင် ရေးသားခဲ့သော “ အေဒီ ၆ ရာစု နှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ” စာအုပ်၊ (စာ-၁၁၄-၁၁၅)တွင် ဖော်ပြထားသော ငလုံးမော်ကျောက်စာအကြောင်းကို ယှဉ်တွဲ၍ လေ့လာနိုင်ရန် ဖော်ပြလိုက်ပါသည်။ 

ဆရာကြီး ဦးစံသာအောင် ဖော်ပြခဲ့သော ငလွမ်းမော်ကျောက်စာ နှင့် အက္ခရာဖလှယ်ထားပုံ
 

 
 စာကြောင်းရေ ၁ မှ ၃ အထိသည် ယေဓမ္မာဂါထာတော်ဖြစ်သည်။ ယင်းစာကြောင်းများတွင် တစ်ချို့စာလုံးများ ချွတ် ယွင်း ကျကျန်လျက် ရှိသည်။ သို့ရာတွင် လိုရင်းအဓိပ္ပာယ်ကို ကောက်ယူ၍ ရသည်။ စာကြောင်းရေ ၄ မှ ၇ အဆုံး ထိမှာ “ဥပါသကမဤဂါ၊ ဥပါသကသကောမ၀မ္မ တို့သည် အမိအဘတို့၏ ကုသိုလ်ကောင်းမှု အကျိုးငှါ ပြုလုပ်လှူဒါန်း သည်ကို ရေးထိုးခြင်းဖြစ်သည်” စာကြောင်းရေ ၄ ၌ ပါရှိသော ဤ ကို ရေးပုံမှာဆန်းနေပါသည်] ဟူ၍ဖော်ပြထားည်။

နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ ငလုံးမောက်ကျောက်စာသည် ယနေ့လူသားတို့ အလှူဒါနပြုလုပ်ကြရာ၌ အမိအဖကို ရည်စူး၍ပြုလုပ် သည် ဟူသော စကားရပ်အသုံးအနှုန်းကို အစောဆုံးသုံးနှုန်းသော ကျောက်စာများ၌ တစ်ချပ် အပါအ၀င်ဖြစ်သည်။ စာရေးသူ ပြန်လည် ဖတ်ရှု အဓိပ္ပာယ်ဖွင့်ဆို ထားခြင်းကို အားလုံးမှန်သည်ဟု မပြောလိုပါ။ ရေးသား တင်ပြထားသော ကျောက်စာပါအက္ခရာများ ကိုသော်လည်းေ ကာင်း၊ အကြောင်းအရာများကိုေ သ်ာလည်းကောင်း၊ ကျိုး ကြောင်းဆီေ လျာ်မှု ရှိ မရှိ မူရင်းကျောက်စာနှင့် တိုက်ဆိုင်စစ်ဆေး ကြည့်ရှု၍ မှား၏ မှန်၏ကို စာဖတ်သူများသာ ခွဲခြား ဆုံးဖြတ်ကြပါရန် ရေးသားတင်ပြလိုက်ရပါသည်။

မောင်ဖြူ(ကြွီတဲကျွန်း)

ကျမ်းကိုး-
၁။ စံသာအောင်၊ဦး။(မဟာဝိဇ္ဂာ-ဟားဗတ်)။ -(၁၉၇၄)။ အေဒီခြောက်ရာစုနှင့်ယင်းမတိုင်မီ 
ရခိုင်ပြည်သုံးအက္ခရာများ။ ရန်ကုန်မြို့။
၂။ စံသာအောင်၊ဦး။(မဟာဝိဇ္ဇာ-ဟားဗတ်)။- (၁၉၇၅)၊ အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်း။ရန်ကုန်မြို့။
၃။ အောင်သာ၊ဦး။- (၁၉၆၆) ။ ရခိုင်ယဉ်ကျေးမှု ဝေသာလီခေတ်၊ အတွဲ ၁၊ အမှတ် ၁။ ရန်ကုန်မြို့၊ လမ်းညွှန်စာပေ။
၎။ ဟုတ်စိန်၊ဦး၊ဘီအေ-ဂုဏ်ထူး၊ဘီ အယ်- (၁၉၉၉)။ ပဒတ္ထမဉ္ဇူသာ ဟူသော ပါဠိမြန်မာအဘိဓာန်။ ပြန်လည်ပုံနှိပ်ခြင်း၊ရန်ကုန်မြို့၊
၅။ ရွေှ့အောင်၊ဦး၊(M.A.သက္ကတ)- (၁၉၈၉)။ ရှေးဟောင်းသက္ကဋသဒ္ဒါကျမ်း၊ ပါဏိနိ သိဒ္ဓန္ထကော်မုဒိပါဌ် နိဿယအဓိပ္ပါယ်။ ရန်ကုန်။
၆။ မြင့်ဆွေ၊ဦး။မဟာဝိဇ္ဇာ(လန်ဒန်)။- (၁၉၈၃)။ သက္ကတသဒ္ဒါကျမ်း။ ရန်ကုန်မြို့။
၇။ E.H.Johnston,1944, Bulletin of the School of Oriental and African Studies, University of London,Vol.11,No.2,P 357-385. “Some Sanskrit Inscriptions of Arakan.”
၈။ ကိုယ်တိုင်ဖတ်ရှု လေ့လာတွေ့ရှိမှု၊
 

 
 

 

No comments:

Post a Comment