Friday, August 11, 2023

အာနန္ဒစန္ဒြမင်းကျောက်စာကြောင်းရေ (၁-၂-၃)သို့မဟုတ် ဂါထာအမှတ် (၁-၂-၃) အဓိပ္ပာယ်

အာနန္ဒစန္ဒြမင်းကျောက်စာကြောင်းရေ (၁-၂-၃)သို့မဟုတ် ဂါထာအမှတ် (၁-၂-၃) အဓိပ္ပာယ် ************************************************************ စာကြောင်းရေ (၁) တွင်ပါသော “နွယ= အမျိုးအနွယ်(၀ါ)မျိုးရိုး” ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပြီး ၊ “ဇတွာ- စံစားသာ၊ ခံစားသော” ဟု ဖွင့်နိုင်ပါသည်။ တစ်ခြားသော စာလုံးများကို ဆက်စပ်၍ အဓိပ္ပါယ် ကို မဖတ်နိုင်ခဲ့ပါ။ စာကြောင်းရေ(၂) တွင်ပါသော ( တြိလောက) = “သုံးလောက” ဟု အဓိပ္ပါယ် ဖွင့်ဆိုပါသည်။ သြကာသလောက၊ သတ္တလောက ၊ သင်္ခါရလောက ကို ဆိုလိုပါသည်။ သြကာသလောက= မဟာပထ၀ီမြေကြီး၊ မဟာသမုဒ္ဒရာ၊ ထက်အောက် ၀န်းကျင် စကြာဝဠာတို့သည် သြကာသ လောကမည်၏။ သတ္တလောက = ဆိုသည်မှာ သတ္တ၀ါ ဟုဆိုအပ်သော လူ နတ် ဗြဟ္မာ ငရဲ တိရစ္ဆာန် ၊ ပြိတ္တာ၊ အသူရကယ်တို့ သည်လည်းကောင်း ၊ ဒုဂ္ဂတအဟိတ်၊သုဂတိအဟိတ်၊ဒွိဟိတ်၊တိဟိတ်ဟုဆိုအပ်သော ပုဂ္ဂိုလ် လေးယောက် ၊ အရိယာရှစ်ယောက် ဤ တစ်ကျိပ်နှစ်ယောက် အစုရှိသော ပုဂ္ဂိုလ်များသည်လည်း သတ္တလောကတွင် အကျုံးဝင်၏။ ကုန်း၌ကျက်စားသောသတ္တ၀ါ၊ ရေ၌ကျက်စားသော သတ္တ၀ါ၊ ကောင်းကင်၌ကျက်စားသော သတ္တ၀ါတို့ သည်လည်း သတ္တလောကမည်၏။ သင်္ခါရလောက = ဆိုသည်မှာ သြကာသလောက ပေါ်တွင် ပြုပြင်ဖြစ်ပျက်၍ နေကြကုန်သော သစ်ပင် ချုံနွယ် စသော ဗီဇဂါမ်၊ ဘူတဂါမ် အပေါင်း တို့သည်လည်းကောင်း၊ ပစ္စည်းဥစ္စာ အသုံးအဆောင်တို့သည်လည်းကောင်း၊ သင်္ခါရလောကမည်၏။ အကြမ်းအားဖြင့် ခန္ဓာငါးပါး၊အယတနတစ်ဆယ့် နှစ်ပါး၊ဓါတ်တစ်ဆယ့်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်တရားသည် သင်္ခါရလောက မည်၏။ ကျန်သောစာ လုံးများဖြစ်သော (က္တော) စာလုံးနှင့် (ဓိ) စာလုံးများကိုမူ မဖတ်နိုင်ခဲ့ပါ။ စာကြောင်းရေ(၃) (ဓမတး=တရားနှင့်စပ်ဆိုင်သော) ဟူသောစကားရပ်၊ (၀ိံ--- ဂတမ်)= ၀ိံဂါဓိကံဂတမ်= အနှစ်တစ်ရာထက်နှစ်ဆယ်ရှည်စေသော် စကားလုံးနှင့်၊ (ကရ-ရောင်ခြည်၊အလင်းရောင်) တို့ကို ဖတ်နိုင်ခဲ့သည်။ နောက်တစ်လုံးချင်း စာလုံးများဖြစ်ကြသော(ကျာ၊ တြာ၊ ထိ၊ မယ) တို့ကို အဓိပ္ပာယ် မဖတ်နိုင်ခဲ့ပါ။ မှတ်ချက် ။ စာကြောင်း (၃) မှာ “၀ိံ - - - ဂတမ်” စကားရပ်ကို အလယ်က စာလုံးများမပါဘဲ၊ အဘယ်ကြောင့် “တစ်ရာထက်နှစ်ဆယ်ရှည်ေ စသော်” ဟု ယူဆရသနည်းမေးစရာရှိသည်။ “၀ိံ - - - ဂတမ်” ကို “တစ်ရာ့နှစ်ဆယ်ရှည်စေသော်” ဟု ယူဆရခြင်းကို ရှင်းလင်းဖော်ပြပါမည်။ စာကြောင်းရေသုံးမှ “ ၀ိံ- - - ဂတမ် ” ရှင်းလင်းချက် *************************** စာကြောင်းရေ(၃)တွင် အဆုံးစာလုံးဖြစ်သော “ဂတမ်” ကို ဦးစွာရှင်းလင်းတင်ပြပါမည်။ “ဂတမ်” ဟူ သောစကားလုံးကို သက္ကတဘာသာဖြင့်အဓိပ္ပါယ်ဖွင့်လျှင် (ဂတမ်=တစ်ရာ=၁၀၀) ဖြစ်သည်။ ဤကဲ့သို့ (ဂတမ်= တစ်ရာ = ၁၀၀) ဟူသော အသုံးအနှုန်း စာလုံးများကို အာနန္ဒစန္ဒြမင်းကျောက်စာ၏ အခြား ဂါထာများဖြစ်သော (၅-၆-၇-၈ ) တွင်လည်း“ဂတမ်” စကားရပ်ဖြင့်အဆုံးသတ်ထားသည်ကိုတွေ့မြင်နိုင်ပါသည်။ (ပုံ- ၁)ရှုပါ။ နောက်တစ်ခါ ထို (ဂတမ်=တစ်ရာ=၁၀၀)ဆိုသော စာလုံးရှေ့မှာ (၀ိံ---) ပါသည်ကိုတွေ့ရပေမည်။ ထိုအက္ခရာစာလုံးကို အခြားအလားတူ အက္ခရာစာလုံးပါသော (ဂါထာ- ၆-၇-၈)တို့နှင့် တိုက်ဆိုင်၍ အက္ခရာစာလုံး များကို ဖော်လိုက်သောအခါ ( ၀ိံ ဂါဓိကံဂတမ်) ဖြစ်နိုင်သည်ကို တွေ့ရပေမည်။ ထို (၀ိံဂါဓိကံဂတမ်) ဟူသော စာလုံးကို အနက်အဓိပ္ပါယ် ဖွင့်ဆိုလိုက်သောအခါ “၀ိံဂါ” မှာ (နှစ်ဆယ်) ဖြစ်ပြီး၊ “ဓိကံ”မှာ(ပိုသည်၊ရှည်သည်)ဟု အဓိပ္ပါယ် ရရှိပေသည်။ ထိုကြောင့် အာနန္ဒစန္ဒြကျောက်စာပါ စာကြောင်းရေ (၃) ၌ အုပ်ချုပ်ခဲ့သော မင်းအမည်ကို မဖေါ်ထုတ်နိုင်သော်ငြားလည်း ထိုစာကြောင်းရေ(၃) ပါ “၀ိ (ံဂါဓိကံ) ဂတမ်” စကားရပ်မှာ မင်းတစ်ပါး နှစ်ပေါင်း (၁၂၀)ရှည်စေသော် ဟု ဖော်ပြနေကြောင်း ပေါ်လွင်ထင်ရှားနေသည်။ (ပုံ-၂) ထိုကြောင့် အာနန္ဒစန္ဒြကျောက်စာပါ ဂါထာ (၃) ဟုဆိုဆို၊ စာကြောင်းရေ (၃) ဟု ပြောပြော၊ ထိုစာ ကြောင်းပါ အကြောင်းအရာမှာ မင်းအမည်ပျက် မင်းတစ်ပါးမှာ ( အနှစ်တစ်ရာထက်နှစ်ဆယ်ရှည်စေသော် ) ဟု ရေးထိုးထားခြင်း ဖြစ်ပါကြောင်း အဓိပ္ပါယ်ဖွင့် ဆိုလိုက်ပါကြောင်း တင်ပြအပ်ပါသည်။ တစ်ချို့စာလုံးသက္ကတစာလုံးများမှာ ကွန်ပျူတာဖေါင့် မရှိသဖြင့် ပုံပါ စာလုံးများကို အတည်ယူကြပါရန်။ မောင်ဖြူ (ကြွီတဲကျွန်း)

No comments:

Post a Comment