ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Sunday, May 25, 2025
မိမိကိုယ်ကို ဝေဖန်ခြင်း
*********************
စေတီအပြို၊ ဂူပျက်အိုနှင့်၊
နှစ်အိုဆင်းတု၊ ရှေးကောင်းမှုတို့၊
ခြုံနွယ်ရစ်ပတ်၊ညောင်ပင်ကပ်၍၊
စိုစွတ်မိုးယို၊ မြွေကင်းခိုပြီး၊
ပိုးခိုအိမ်ဖွဲ့၊ ဂူလုံးပြည့်၏။
ငှက်ချီးထပ်ထပ်၊ ရေညှိကပ်၍ ၊
ပိုင်းပြတ်ကွဲအက်၊ မြေမှာခလျှက်၊
ဗုဒ္ဓရုပ်ပွါး၊ စေတီများတို့၊
ကျောက်များအသွင်၊ အုတ်ကျိုးသွင်ဖြင့်၊
မြင်လျှင်မသိ၊ မမှတ်မိအောင်၊
ဂုထိလစ်လျူ ၊ ပြုသူထဲမှာ၊
ငါလည်းပါဝင် နေပါတကား ။ ။..
မောင်ဖြူ (ကြွီတဲကျွန်း)
26.2.1996
ဂုဏ်ပြုပါသည် ဖိုးဖီးအမွှီ
*****************
* ၆၃၅၂၇၅၅ ရေးမည့်အစား၊
ဖိုးဖီးများက၊ နောင်သားလူငယ်၊
မှတ်မိလွယ်အောင်၊သင်္ချာဂဏန်း၊
ကိုယ်စားညွှန်းပြီး၊ ဥာဏ်ကွန့်စာတင်၊
လင်္ကာဆင်သည်။ သဇင်ပန်းခိုင် တမြိုင်မြိုင်၊
ရခိုင်ဘုရား၊ ရေတွက်ထားခဲ့။
** ၇၄၆၃၂၇၃ ရေးမည့်အစား၊
ဖိုးဖီးများက၊ နောင်သားလူငယ်၊
မှတ်မိလွယ်အောင်၊သင်္ချာဂဏန်း၊
ကိုယ်စားညွှန်းပြီး၊ဖရခိုင်ပြည်၊
လူဦးရေကို၊ စာပေတစ်ကြောင်း၊
မှတ်လို့ကောင်းအောင်၊ ကောင်းကောင်းဖွဲ့ဆို၊
လင်္ကာတိုသည်၊ နွားလားသင်းစု ခုနစ်စု။ ..
*** ၅၅၃၂၂၅ ၊ ရေးမည့်အစား၊
ရှေးလူများက၊ နောင်သားလူငယ်၊
မှတ်မိလွယ်အောင်၊ သင်္ချာဂဏန်း၊
ကိုယ်စားညွှန်းပြီး၊ မြို့တော်မြောက်ဦး၊
အိမ်ခြေစုကို၊ ဖေါ်ကျူးစာတင်၊
လင်္ကာဆင်သည်၊ ပန်းပဉ္ဇူကြိုင်ကြိုင်မွှီး ။
မောင်ဖြူ (ကြွီတဲကျွန်း)
3.1.1995
Monday, May 12, 2025
ကမ္ဘာ့အသေးဆုံး ဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲနိုင်ခဲ့သော ရှေးခေတ်ရခိုင်ဝေသာလီပြည်၊ အပိုင်း-၂
*************************************************************
ရခိုင်ဝေသာလီခေတ်လယ်သုံး နွားလားဥဿဘ/ သီရိဝစ္စဒင်္ဂါး (အေဒီ ၂၉၀-၅၂၀) ။
-----------------------------------------
ဝေသာလီခေတ်လယ်သုံး နွားလားဥဿဘ/ သီရိဝစ္စဒင်္ဂါးဆိုသည်မှာ အာနန္ဒစန္ဒြမင်းကျောက်စာအရ ဒုတိယမင်းဆက်မှ စန္ဒြဘွဲ့ခံမင်းများခပ်နှိပ်ခဲ့သော ဒင်္ဂါးများဖြစ်ကြသည်။ ဒုတိယမင်းဆက်ဆိုသည်မှာ ဒွင်္စန္ဒြမင်း - နန်းစံ (၅၅) နှစ်၊ ရာဇစန္ဒြမင်း - နန်းစံ (၂၀) နှစ်၊ ကာလစန္ဒြမင်း-နန်းစံ (၉) နှစ်၊ ဒေ၀စန္ဒြမင်း-နန်းစံ (၂၂) နှစ်၊ ယဇလိစန္ဒြမင်း- (၇) နှစ် ၊ စန္ဒြဗန္ဒုမင်း- (၆) နှစ်၊ ဘူမိစန္ဒြမင်း - နန်းစံ ( ၇) နစ်၊ ဘူတိစန္ဒြမင်း - နန်းစံ (၂၄) နှစ်၊ နီတိစန္ဒြမင်း- နန်းစံ (၅၅) နှစ်၊ ၀ီရစန္ဒြမင်း-နန်းစံ-(၃) နှစ်၊ ပြီတိစန္ဒြမင်း- နန်းစံ (၁၂) နှစ်၊ ပရိထိဝီစန္ဒြ - နန်းစံ (၇) နှစ်၊ ဓရိတိစန္ဒြမင်း -နန်းစံ (၃) နစ်၊ စုစုပေါင်း မင်း (၁၃) ပါးကို ဆိုလိုသည်။ စန္ဒြမင်း ဘွဲ့ခံမင်း(၁၃)ပါးတို့ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများကိုလည်း အားလုံး ရှာဖွေတွေ့ရှိပြီးဖြစ်ပါသည်။
စန္ဒြဘွဲ့ခံမင်းများသည် အေဒီ ၂၉၀ မှ အေဒီ ၅၂၀ အထိ၊ နစ်ပေါင်း (၂၃၀)အထိ စိုးစံအုပ်ချုပ်ခဲ့ကြ သည်။ စန္ဒြဘွဲ့ခံမင်းတို့၏ မင်းအမည်၊ နန်းစံနှစ်နှင့် ထိုမင်းတို့၏ လုပ်ဆောင်ချက်အသေးစိပ်အ ချက်အလ က်များ ကို အာနန္ဒစန္ဒြကျောက်စာကြောင်းရေ ( ၁၇) မှ (၃၀)၊ ဂါထာအားဖြင့်ဆိုလျှင် ဂါထာအမှတ် (၁၉)မှ ဂါထာအမှတ် (၃၂) အထိတွင် ရေးထိုးဖော်ပြထားသည်။
ဒုတိယမင်းဆက်မှ စန္ဒြဘွဲ့ခံမင်းများသည် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကို ခပ်နှိပ်ထုတ်လုပ်သုံးစွဲခဲ့ကြသည်။ အရွယ်အစားအားဖြင့် ဖော်ပြရသော် ကျပ်ပြည့်ဒင်္ဂါးမှ ရွေးကြီး၊ ရွေးလေး ဒင်္ဂါးများအထိ ခပ်နှိပ် သုံးစွဲခဲ့ကြောင်း တွေ့ရှိရသည်။
အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ စန္ဒြဘွဲ့ခံမင်းများ ခပ်နှိပ်ခဲ့သော ဒင်္ဂါးတို့၌ ရှေ့ဘက်တွင် ဘုရင့်တံဆိပ်တော်ဖြစ်သော “နွားလားဥဿဘ” ( လည်ပင်း ပုတီးကုံးပါ) သင်္ကေတအရုပ်ကို ထည့်သွင်း ခပ်နှိပ်ထားပြီး၊ နွားလားဥဿဘအရုပ်၏ အထက်တွင် မင်းအမည်ရေးထိုးပါရှိသည်။ ယခု ဖော်ပြထားသော ငွေဒင်္ဂါးငယ်၌ “နီတိ” ဟု ရေးထိုးပါရှိသည်။ ဒင်္ဂါးငယ်၏အလေးချိန်မှာ (၀.၃ ဂရမ်) ရှိပြီး၊ အချင်းမှာ (၀.၇) စင်တီမီတာ ရှိပါသည်။
ဤမျှသေးငယ်သော ငွေဒင်္ဂါးငယ် ရှေ့ဘက်တွင် နွားလားဥဿဘအရုပ်နှင့် မင်းအမည်ကို ရေးထိုးထည့်သွင်း ခခပ်နှိပ်ထားပြီး၊ ကျောဘက်တွင် ရခိုင်ဝေသာလီ နိုင်ငံတော်တံဆိပ်ဖြစ်သော “သီရိဝစ္စ” သင်္ကေတကို လက်ရာမြောက်စွာ ထည့်သွင်း ခပ်နှိပ်ထားခြင်းမှာ ရှေးခေတ်ရခိုင်ဝေသာလီပြည်သားတို့၏ ပညာကို လေးစားမိပါသည်။
ရခိုင်ဝေသာလီခေတ်၊ မြောက်ဦးခေတ်တို့တွင် ကြေးဒင်္ဂါး၊ ခဲဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲခြင်း အထောက်အထား များကို ယနေ့ထက်တိုင် အထောက်အထား တစ်ခုမှ မတွေ့ရသေးပေ။
ဤဆောင်းပါးတွင် ဖော်ပြသော ဒင်္ဂါးငယ်များမှာ အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ စန္ဒြဘွဲ့ခံမင်းတို့ ခပ်နှိပ်ခဲ့သော ပဲ ဒင်္ဂါးနှင့် ရွေး၊ ရွေးငယ် ဒင်္ဂါးငယ်များအကြောင်းကိုသာ ရေးသားဖော်ပြထားခြင်းသည်။
ယခုဖော်ပြသော နွားလားဥဿဘဒင်္ဂါးပြားငယ်မှာ အခြားသော ဒင်္ဂါးသမိုင်းမှတ်တမ်း စာအုပ်၊စာတမ်းများ ၌ မဖော်ပြရသေးသော ဒင်္ဂါးငယ်ဖြစ်ပါသည်။
နွားလားဥဿဘဒင်္ဂါးငယ်ကို ရခိုင်ရှေးဟောင်းဒင်္ဂါးများကို မြတ်နိုးစွာ ထိန်းသိမ်းထားသူ ရခိုင်လူငယ်တ စ်ယောက်ဖြစ်သော ကိုစောကျော် + မ၀တ်ရီ တို့မှ စေတနာဖြင့် ပေးကမ်းလှူဒါန်းထားသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ရှေ့တွင် ရေးသားခဲ့သော ခရုသင်းဒင်္ဂါးအကြောင်းပါ ဒင်္ဂါးငယ်ကိုလည်း ဤမိသားစုမှ လှူဒါန်းထားခြင်းဖြစ်ပါသည်။ ဝေသာလီခေတ် ကျပ်ပြည့်ဒင်္ဂါးများနှင့် မူး မတ် ဒင်္ဂါးများအကြောင်းကို အသေးစိတ် အကျယ်သိလိုပါက “ရခိုင်ပြည်သုံးဒင်္ဂါးနှင့် ခေတ်ပြိုင်ဒင်္ဂါးများ” စာအုပ်၊ စာမျက်နှာ (၈၄ မှ ၁၆၁)အထိကို ကြည့်ပါ။
တတိမင်းဆက်မှ မင်းတို့ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများရှေ့ဘက်၌ ဘုရင့်တံဆိပ်တော် ဖြစ်သော “နွားလားဥဿဘ” အမှတ်သင်္ကေတကို ထည့်သွင်းခပ်နှိပ်ထားသော်လည်း ထိုနွားလားဥဿဘ လည်ပင်းတွင် ပုတီးကုံးမပါရှိပေ။ ကျောဘက်တွင် ရခိုင်ဝေသာလီနိုင်ငံတော်တံဆိပ်ဖြစ်သော သီရိဝစ္စ သင်္ကေတကို ထည့်သွင်းခပ်နှိပ်ထားသည်။
တတိယမင်းဆက်မှ ဒင်္ဂါးများအကြောင်းကို အကျယ်မရေးတော့ပါ။ အသေးစိတ် အကျယ်ကို သိလိုပါက “ရခိုင်ပြည်သုံးဒင်္ဂါးနှင့်ခေတ်ပြိုင်ဒင်္ဂါးများ” စာအုပ်၊ စာမျက်နှာ (၁၇၅-၂၀၈)အထိ ကို ကြည့်ပါ။
၁ ကျပ် = ၁၆ ပဲ=၁၂၈ ရွေး။
ငါးမူး = ၆၄ ရွေး
၁မတ်သား ၃၂ ရွေး
၁ မူးသား ၁၆ ရွေး
၁ ပဲ = ၈ ရွေး
၂ ပြား ၄ ရွေး
မောင်ဖြူ (ကြွီတဲကျွန်း)
ကမ္ဘာ့အသေးဆုံး ဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲနိုင်ခဲ့သော ရှေးခေတ်ရခိုင်ဝေသာလီပြည် (အပိုင်း-၁)
*******************************************************************
ကမ္ဘာပေါ်တွင် ရှေးခေတ်က ယဉ်ကျေးမှုမြင့်မားသော လူမျိုးစုများသည် ဘုရင်စနစ်၊ မြို့ပြစနစ်၊ အုပ်ချုပ်စနစ်များကို ဖော်ဆောင်ကာ ယဉ်ကျေးမှုမြင့်မားခဲ့စေရန် ကြိုးစားအားထုတ်လုပ်ကိုင် ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ထိုလူမျိုးစုများသည် ဘာသာစကား အဆင့်အတန်း မြင့်မားစေခြင်းငှါ စာပေများကို တီထွင်ခဲ့ကြသလို၊ တိုင်းပြည်နှင့် လူမျိုး သာယာဝဖြိုး တိုးတက်စေရန်အတွက် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါး၊ ခဲဒင်္ဂါး၊များကို ခပ်နှိပ်သုံးစွဲခဲ့ကြသည်။ ဒင်္ဂါးဆိုသည်မှာလည်း အချုပ်အခြာအာဏာပိုင်ဆိုင်ခဲ့သော တိုင်းပြည်နှင့် ဘုရင်တို့သာ ခပ်နှိပ်သုံးစွဲနိုင်သော သင်္ကေတတစ်ခုဖြစ်သည်။
ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါး၊ ခဲဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲခဲ့ကြရာတွင်လည်း မိမိဒေသနှင့် ကိုက်ညီသော ဒင်္ဂါးပြား အရွယ်အစား အမျိုးမျိုးကို တန်ဖိုးသတ်မှတ်ကာ ခပ်နှိပ်သုံးစွဲခဲ့ကြသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံနယ်နိမိတ်အတွင်း၌ ရှေးဟောင်းယဉ်ကျေးမှုထွန်းကားခဲ့သော ဒေသများမှာ ရခိုင်၊ မွန်၊ ပျူ၊ မြန်မာ၊ တနင်္သာရီ၊ထားဝယ် မြို့ပြနိုင်ငံများဖြစ်ကြသည်။ ထိုရှေးဟောင်း မြို့ပြနိုင်ငံ တိုင်းပြည်များတွင် ၊ ရွှေဒဂ်ါး၊ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါး၊ ခဲဒင်္ဂါးများ ခပ်နှိပ်သုံးစွဲခဲ့ကြသည်။
ဤဆောင်းပါးတွင် ထိုမြို့ပြနိုင်ငံများထဲမှ ရှေးခေတ် ရခိုင်ဝေသာလီမြို့ပြနိုင်ငံသုံး လက်သည်းခွံထက်ငယ်သော၊ တစ်နည်း ကုလားပဲခြမ်း အရွယ်မျှလောက်သာရှိသော ငွေဒင်္ဂါးများကို မိမိရှာဖွေတွေ့မိထား သမျှအကြောင်းအရာများကို တင်ပြသွားပါမည်။
ရှေးခေတ်ရခိုင်ဝေသာလီပြည်ဆိုသည် လက်ရှိ ကျောက်တော်နှင့်မြောက်ဦးမြို့နယ်ကြား ဒေသတွင် အေဒီ ၁ ရာစုမှ အေဒီ ၁၀ ရာစုအထိ နန်းတော်ကြီးတည်ဆောက်ကာ မြို့ပြနိုင်ငံအဖြစ်တည်ထောင်၍ စိုးစံအုပ်ချု ပ်ခဲ့သော တိုင်းပြည် နိုင်ငံတော်တစ်ခုဖြစ်သည်။
ရှေးက ရခိုင်ဝေသာလီမြို့ပြနိုင်ငံတော်၏ အာဏာစက်သက်ရောက်ခဲ့သော ပိုင်နက်နယ်မြေများမှာ အနောက်ဘက်တွင်၊ အိန္ဒိယနိုင်ငံ ဟူးဂလိမြစ်အရှေ့ဘက်၊ အနောက်ဘင်္ဂေါဒေသ၊ လက်ရှိ ဘင်္ဂလားဒေခ်ျ့ နိုင်ငံတစ်ခုလုံးနီးပါးဖြစ်ပြီး၊ အရှေ့ဘက်တွင် ရခိုင်ရိုးမအထိဖြစ်သည်။ တောင်ဘက်တွင် ဒွါရာဝတီ ခေါ် သံတွဲမြို့အထိဖြစ်ကြောင်းကို ထိုဒေသတို့၌ တွေ့ရှိရသော ကျောက်စာ၊ အုပ်ချုပ်စာ၊ ကြေးနီပြားစာ၊ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများနှင့် ရုပ်ဝတ္ထုများက သက်သေခံ နေသည်။
ထိုရှေးခေတ် ရခိုင်ဝေသာလီပြည်တွင် အာနန္ဒစန္ဒြမင်းကျောက်စာအရ ပထမမင်းဆက်တွင် မင်း (၁၅)ပါးအထိ စိုးစံအုပ်ချုပ်ခဲ့ကြပြီး၊ ထိုမင်းတို့အုပ်ချုပ်ခဲ့သော ကာလမှ ဘီစီ ၂ ရာစုမှ အေဒီ ၂၉၀ ကာလအထိဖြစ်သည်။
ပထမမင်းဆက်သည် ခရုသင်း/သီရိဝစ္စ အမှတ်သင်္ကေတပါသော ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကိုခပ်နှိပ်သုံးစွဲခဲ့ကြသည်။
ဒုတိယမင်းဆက်မှာ စန္ဒြဘွဲ့ခံမင်းများဖြစ်ကြပြီး၊ မင်း(၁၃)ပါးရှိသည်။ ထိုမင်းတို့သည် အေဒီ ၂၉၀ မှ အေဒီ ၅၂၀ အထိ၊ စိုးစံအုပ်ချုပ်ခဲ့သည်။ ဤမင်းဆက်သည် နွားလားဥဿဘ/သီရိဝစ္စ အမှတ်သင်္ကေတပါသော ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲခဲ့ကြသည်။
တတိယမင်းဆက်တွင် မင်း(၉)ပါး ပါရှိသည်။ ထိုမင်းတို့သည် အေဒီ ၅၂၀ မှ အေဒီ ၆၄၉ အထိ စိုးစံအုပ်ချုပ်ခဲ့ကြသည်။ တတိယမင်းဆက်သည်လည်း နွားလားဥဿဘ/သီရိဝစ္စ ဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲခဲ့ကြသည်။
၁။ ခရုသင်း / သီရိဝစ္စ ဒင်္ဂါး၊ ပထမမင်းဆက်(အေဒီ ၇၀-၂၉၀)၊
၂။ နွားလားဥဿဘပုတီးကုံးပါ / သီရိဝစ္စ ဒင်္ဂါး၊ ဒုတိယမင်းဆက် ( အေဒီ ၂၉၀-၅၂၀)၊
၃။ နွားလားဥဿဘ/သီရိဝစ္စ ပုတီးကုံးမပါ။ တတိယမင်းဆက် (အေဒီ ၅၂၀ မှ - ၁၀ ရာစု) တို့ဖြစ်ကြသည်။
ပထမမင်းဆက်မှာ အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ (၃)မှ စာကြောင်းရေ (၁၇)အထိ၊ ဂါထာအားဖြင့် ဖော်ပြရမည်ဆိုလျှင် ဂါထာအမှတ် (၃)မှ ဂါထာအမှတ် (၁၈)အထိ ဖြစ်သည်။
ပထမင်းဆက်မှ မင်းတို့ခပ်နှိပ်သုံးစွဲခဲ့သောဒင်္ဂါးများမှာ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများဖြစ်ကြသည်။ အမျိုးအစားအားဖြင့် ကျပ်၊ မတ်၊ မူး၊ ပဲ၊ ရွေးစိတ် ဒင်္ဂါးများအထိကို ခပ်နှိပ်ခဲ့ပြီး ရောင်းဝယ်ဖောက်ကားခဲ့ကြမည်ဟု ယူဆရသည်။ ပထမမင်းဆက်မှမင်းတို့ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများရှေ့ဘက်တွင် ဘုရင့်တံဆိပ်တော် “န၀ရတ်ကျောက်စီ ခရုသင်း” အမှတ်သင်္ကေတကို ပုံဖော်ထားပြီး၊ ကျောဘက်တွင် “ရခိုင်ဝေသာလီနိုင်ငံတော်တံဆိပ်” ကို ခပ်နှိပ်ထားသည်။ တစ်ချို့သော သုတေသီများက ကျောဘက်ပါ သင်္ကေတကို “သီရိဝစ္စ” အမှတ်သင်္ကေတဟု ဖော်ပြကြသည်။
ဤဆောင်းပါးတွင် ပထမမင်းဆက်မှ အသေးဆုံးသော န၀ရတ်ကျောက်စီ ခရုသင်းဒင်္ဂါးများကို ဖော်ပြသွားပါ သည်။ ထို ခရုသင်း အသေးဆုံး ဒင်္ဂါးမှာ အလေးချိန်အားဖြင့် (၀.၃)ဂရမ်ခန့်သာ ရှိပြီး၊ ဒင်္ဂါး၏အချင်းမှာ (၀.၈) စင်တီမီတာခန့်သာရှိပါသည်။
နည်းပညာ မထွန်းကားသေးသော လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်နီးပါးက ရခိုင်ဒေသတွင် ဤမျှလောက် သေးငယ်သော ငွေဒင်္ဂါးပြား အသေးလေးပေါ်၌ ဘုရင့်တံဆိပ်တော်ဖြစ်သော “ခရုသင်း နှင့် သီရိဝစ္စ” အမှတ်သေင်္ကတကို ထင်ရှားစွာ ထည့်သွင်း ခပ်နှိပ်ထားသည်မှာ အလွန်ချီးကျူးအံ့သြဖွယ်ကောင်းလှပါသည်။ အာနန္ဒစန္ဒြမင်းဆက်ကျောက်စာပါ ပထမမင်းဆက်မှ ခပ်နှိပ်ခဲ့သော အသေးဆုံး ငွေဒဂ်ါးပြားကို ကုလားပဲခြမ်းဖြင့် နှိုင်းယှဉ်ပြထားပုံ (ပုံ -၁-)
ဤခရုသင်း အမှတ်သင်္ကေတပါသော ငွေဒင်္ဂါးများကို အာနန္ဒစန္ဒြမင်းကျောက်စာ၊ ပထမမင်းဆက်ပါ ဂါထာ (၁၀ မှ ၁၇) အထိ၊ မင်းအမည်အားဖြင့်ဖော်ပြရသော် “ စန္ဒောဒယမင်း မှ လင်္ကီမင်း” အထိ စိုးစံအုပ်ချုပ်စဉ်ကာလ (အေဒီ ၇၀-၂၉၀) အတွင်း အတွင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးပြားများ ဖြစ်ကြသည်။
ဤရခိုင်ဝေသာလီခေတ်ဦးသုံး “ ခရုသင်း/သီရိဝစ္စ” သင်္ကေတအမှတ်အသားပါ ဒင်္ဂါးများမှာ နွားလားဥဿဘ အမှတ်သင်္ကေတပါသော ဒင်္ဂါးထက် ရှေးကျသော ဒင်္ဂါးများဖြစ်ကြသည်။
အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်မှ မင်းတို့ခပ်နှိပ်ခဲ့သော န၀ရတ်ကျောက်စီ ခရုသင်း ကျပ်ပြည့်ဒင်္ဂါးများအကြောင်းကို အသေးစိတ် အကျယ်ကို သိလိုပါက “ရခိုင်ပြည်သုံးဒင်္ဂါးနှင့်ခေတ်ပြိုင်ဒင်္ဂါးများ” စာအုပ်၊ စာမျက်နှာ (၄၈-၈၂) ကို ကြည့်ပါ။
ဆက်လက်၍ မကြာမီ ကမ္ဘာ့အသေးဆုံး နွားလားဥဿဘ/သီရိဝစ္စ အသေးဆုံး ဒင်္ဂါးများအကြောင်းကို တင်ပြသွားပါမည်။
Sunday, March 23, 2025
မင်းဘာကြီး- မင်းဘင် / သီရိသူရိယစန္ဒမဟာဓမ္မရာဇာ (ရခိုင်သက္ကရာဇ် ၈၉၃-၉၁၅) (အေဒီ ၁၅၃၁-၁၅၅၃)
**********************************************
မင်းဘာကြီးဒင်္ဂါးများ၏ အလေးချိန်- (၉.၂၄ မှ ၁၀.၂၀ ဂရမ်)ထိရှိကြပြီး၊ အချင်းမှာ (၂၈ မှ ၂၉ မီလီမီတာ) ထိရှိကြသည်။ ဒင်္ဂါးနှစ်ဘက်စလုံး၌ ပါရှန်စာဖြင့် ရေးထိုးခပ်နှိပ်ထားသည်။ ရှေ့ဘက်စာ ကို ( La ilah ala / Allag Mohammed / rasul / Allah)=( လာ အိုင်လဟ် အလာ/အလ္လာဟ်မိုဟမ္မဒ်။ ရာဆူလ်/အလ္လာဟ်)ဟူ၍လည်းကောင်း၊ ကျောဘက်ပါစာကို - (Al - sultan / Muina / rahman Taj / Shah al - sultan/ bin Sikandar)= (အလ်ဆူလတန်/မိုင်န/ရဟ်မန်တာဂ်ျ/သျာအလ်-ဆူလတန်/ဘင် ဆီကန်ဒါ)ဟူ၍လည်းကောင်း အိန္ဒိယဒင်္ဂါးသုတေသီ မီချီနာက ဖော်ပြသည်။
သံတွဲစား ဘစောသီရိသည် မင်းခေါင်ရာဇာအား အလုံးအရင်းဖြင့် တိုက်ခိုက် လုပ်ကြံပြီး လျှင် မြောက်ဦးနန်းတော်ကို သိမ်းပိုက်ခဲ့သည်။ ဤမင်းကို မင်းဘာကြီး/မင်းဘင်/ သီရိသူရိယစန္ဒမဟာ ဓမ္မရာဇာ ဟူ၍ ခေါ်ဝေါ်ကြသည်။ ပါရှန်အခေါ်အဝေါ်အားဖြင့် ဇဘောက်သျှာ ဟုခေါ်တွင်သည်။
မြောက်ဦးခေတ်တွင် ဘုန်းတန်ခိုးအကြီးထွားဆုံးသော မင်းတစ်းပါးလည်းဖြစ်သည်။ ဤမင်း သည် မင်းရာဇာ၏သားတော်ဖြစ်ပြီး မင်းရာဇာလက်ထက်ကပင် စစ်သူကြီးရာထူး၌ ခန့်အပ်ခံရသူဖြစ် သည်။ သို့ဖြစ်၍ စစ်ထိုးခြင်းအတတ်ကို ငယ်စဉ်ကပင်တတ်ကျွမ်းနေသည်။ ရွှေမြို့တော်နှင့်ရွှေနန်းတော် တွင် ရန်သူများသဖြင့် သံတွဲမြို့သို့ သွားရောက်နေရာ သံတွဲမြို့ကို စားရနေသည်။ သံတွဲမြို့မှ တဆင့် မြောက်ဦးမြိုသို့ စစ်ချီပြီး သိမ်းပိုက်ခြင်းဖြစ်လေသည်။
နန်းတက်ပြီးနောက် (ရခိုင်သက္ကရာဇ် ၈၉၄ ခု၊ ခရစ်နှစ် ၁၅၃၂) ခုတွင် အနေုာက်ဘက် ဘင်္ဂ လားရှိ ဒက္ကား အပါအ၀င် ဘင်္ဂါ(၁၂)မြို့ကို တိုက်ခိုက်သိမ်းယူခဲ့သော မင်းတစ်ပါးလည်းဖြစ်သည်။
မင်းဘာကြီးသည် အိန္ဒိယပြည် မဟာဗောဓိတွင် သက်တော်(၄၀) ပြည့် ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး၊ ကမ္ဗည်းကျောက်စာ ရေးထိုးစိုက်ထူထားခဲ့သည်။ (ရခိုင်သက္ကရာဇ် ၈၉၆) ခုနှစ်တွင် စစ်ချီလာ သောပေါ်တူဂီရေတပ်ကို နှိမ်နှင်းအောင်မြင်တော်မူသည်။ ဤသို့လျှင် ကုလားနှင့် ပေါ်တူဂီကို အောင် မြင်တော်မူသဖြင့် (ရခိုင်သက္ကရာဇ် ၈၉၇၊ ခရစ်နှစ် ၁၅၃၆) ခုနှစ်တွင် မြောက်ဦးမြို့၌ ရန်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရန်အောင်ဇေယျ (ခေါ်)သျှစ်သောင်းပုထိုးကြီးတော်ကို တည်ထားကိုးကွယ်တော် မူသည်။
ယင်းအချိန် အရှေ့ဘက်၌ ခေတ်ပြိုင်အားဖြင့် တောင်ငူမင်းတရားရွှေထီးသည် ဘုန်းလက် ရုံးပေါက်မြောက်၍ မြန်မာနိုင်ငံအ၀ှမ်းနှင့် ပဲခူးဟံသာဝတီနိုင်ငံတို့ကို အစိုးရပြီဟူ၍ ကျော်ကြားနေသဖြင့် မလွဲမသွေ မိမိတို့၏တိုင်းပြည်သို့လည်း တစ်နေ့စစ်ရောက်လာအံ့ဟု ရှည်မျှော်တွေး၍ မင်းနေပြည်တော် မြောက်ဦးမြို့ကို အခိုင်အခံတည်ဆောက်လေသည်။
မင်းဘာကြီးသည် မြောက်ဦးမြို့ကို ရန်သူများ မချဉ်းကပ်နိုင်အောင် ခိုင်ခံစွာ စီရင်တည်လုပ် သောကြောင့် “စောမွန်ပြင်ပြု၊ မင်းဘာတည်ကေ ရွှေမြောက်ဦး” ဟု လင်္ကာစာချိုးလေးဖြင့် မှတ်တမ်း
ပြုခဲ့ကြသည်။
မင်းဘာကြီးတွေးထင်ထားသည့်အတိုင်း တောင်ငူဘုရင်မင်းတရားရွှေထီးသည် (သက္ကရာဇ် ၉၀၆ တွင်တစ်ကြိမ်၊ ၉၀၇ တွင်တစ်ကြိမ်၊ ၉၀၈ တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ် လာရောက်တိုက်ခိုက် ခဲ့သည်။
ပထမအကြိမ် သံတွဲမြို့မှပင် စစ်ရှုံး၍ ပြန်ရသည်။ နောက်ဆုံးတစ်ကြိမ်တွင်မူကား လောင်း ကြက် အထိရောက်ခဲ့သည်။ ကုလားကိုလည်းကောင်း၊ ပေါ်တူဂီကိုလည်းကောင်း အောင်နိုင်ထားသော ဘုရင်မင်းဘာကြီးသည် လက်ရုံးရည် နှလုံးရုည် အပြည့်ရှိသည်။ စစ်ထိုးရာတွင်ကျွမ်းကျင်သည်။ သူ၏ သားတော် အိမ်ရှေ့မင်း မင်းတိက္ခာ/ ဒီဃာ အား ရေတပ်ဗိုလ်ချုပ်ခန့်၍ ရေကြောင်းတိုက်ခိုက်စေသည်။
သားတော်မင်းဖလောင်းအား ရိုးမတောင်မှ ပတ်ပြီးလျှင် အစားရိက္ခာများကို သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း ပြုလုပ်စေသည်။ တပင်ရွှေထီးလည်း စစ်တိုက်၍မနိုင်ချေ။ ရခိုင်ရေတပ်တို့၏ ၀ိုင်းရံပိတ်ဆို့ ထားခြင်းကိုခံရပြီး အဖမ်းခံရလေသည်။
မင်းဘာကြီးသည် တပင်ရွှေထီးအား သတ်ဖျတ်ဖျက်ဆီးခြင်းမပြုဘဲ အမတ်ကြီးမဟာပညာ ကျော်ကို ယင်းမင်းအားဆုံးမစေလျက် ကတိသစ္စာပြုစေပြီးမှ ပြန်လွှတ်လိုက်သည်။ဟု(ရခိုင်ဒင်္ဂါးများစာ အုပ်- စာ ၄၀-၄၁) ဖော်ပြသည်။]
“မှန်နန်းရာဇ၀င်တွင်မူ မင်းတရားရွှေထီးသည် ရခိုင်ကို တစ်ကြိမ်တည်းသာလာသည်။ ရခိုင် မြို့သည် တောင်ထိပ်မှာလည်းဖြစ်သည်။ မြို့ရိုး အရန်အတားများလည်း ခိုင်ခံသည်။ ကျုံးမြောင်းလည်း ကျယ်သည်။ လက်နက်ကရိယာလည်း ထူထပ်လှသည်ဖြစ်သောကြောင့် ကြိမ်ဖန်များစွာ လုပ်ကြံသော် လည်း မြို့ကိုမရချေ။ ထို့နောက် ရခိုင်ဘုရင်၏သားက မှူးမတ်တို့နှင့်တိုင်ပင်၍ လက်ဆောင် ပဏ္ဍာများ ဖြင့် အမတ်နှစ်ယောက်ကို စေလွှတ်ပြောဆိုကြောင်း၊ ယင်းနောက် ဆရာတော်လေးပါးတို့ လျှောက်ထား ၍ တရားသဖြင့် ပြေငြိမ်းစေရန် မေတ္တာရပ်ခံစေကြောင်း ဖော်ပြသည်။
“ဘုရင်မင်းဘာကြီးသည် သံတွဲမြို့တွင် အံတော်စေတီ၊ နံတော်စေတီ၊ဆံတော်စေတီများကို ပြည်လည် ပြုပြင်မွမ်းမံသည်။ ကျောက်ဖြူမြို့တွင် ကျောက်တစ်လုံးစေတီ၊ မိုဃ်းစဲကျွန်းတွင် ကျောက် တောင်ကြီးကို ထွင်းဖောက်၍ ရုပ်ပွားဆင်းတု လေးဆူတို့ကို တည်ထားတော်မူသည်။ တောင်အနှံ့တွင် လည်း ရေသတ္တ၀ါ၊ ကုန်းသတ္တ၀ါတို့၏ အရုပ်များကို ထုလုပ်စေသည်။ မြောက်ဦးမြို့တွင် ဘုရားအုပ် စေ တီ၊ ဂူကြီးဘုရား၊ရွှေတောင်စေတီ၊ သိမ်ကြီးရွှေဂူစေတီ၊ ကုလားမြို့စေတီ၊ ရွှေဂူဘကီး၊ ဦးမြ၀ါစေတီ၊ တို့ ကို တည်ထားတော်မူသည်။ ယခုတိုင်အောင် ထင်ရှားကျော်ကြားလျက်ရှိသော ရခိုင်ပြည်နယ်၏ ကျက် သရေဆောင် သျှစ်သောင်ပုထိုးတော်ကြီးသည်လည်း ဘုရင်မင်းဘာကြီး၏ ကောင်းမှု ကုသိုလ်ပင်ဖြစ် လေသည်။ ယင်းသျှစ်သောင်းပုထိုးတော်နှင့်ကပ်လျက် အံတော်စေတီကိုလည်း တည်ထားကိုးကွယ်၏။ မင်းစောအိုလက်ထက်ကတည်ထားခဲ့သော လင်ဗန်းပြောက်စေတီကိုလည်း မင်းဘာကြီးတည်သည်ဟု တစ်ချို့သော ရခိုင်ရာဇ၀င်များ၌ တွေ့ရသည်။
မင်းဘာကြီးထုတ်လုပ်ခဲ့သော ဒင်္ဂါးများတွင် စစ်တကောင်းမင်းဘင် ဟူ၍ ရခိုင်စာတစ်ဘက်၊ ပါရှန်စာဖြင့်တစ်ဘက်၊ ရေးထိုးထားသော ဒင်္ဂါးငယ်များကိုလည်းကောင်း၊ မင်းဘင်သင်္ခယာ ဟူ၍ရခိုင်စာ ဖြင့်တစ်ဘက်၊ ပါရှန်စာဖြင့်တစ်ဘက် ရေးထိုးထားသော ဒင်္ဂါးငယ်များကိုလည်းကောင်း တွေရှိရသည်ဟု ရခိုင်ဒင်္ဂါးများ (စာ-၄၁)တွင် ဖော်ပြသည်။” ကိုတွေရသည်။ “ဖေယာ [(A.P Pyayre )သည် စစ်တကောင်းမင်း “မင်းရဲသင်္ခယာ”ဒင်္ဂါးကို မြောက်ဦးဘုရင် မင်းဘာကြီးဒင်္ဂါးဟူ၍ လွဲမှားစွာဖော်ပြခဲ့သည်။ ယင်းမှားယွင်းချက်ကို ဆရာကြီးဦးစံသာအောင် ရေးသား ခဲ့သော “ရခိုင်ဒင်္ဂါးများ-၁၉၇၉” စာအုပ်အထိ ဆက်လက်ဖော်ပြခဲ့သည်ကိုတွေ့ရသည်။
“အိန္ဒိယဒင်္ဂါးသုတေသီ Mr Vasent Choudiary နှင့် Michael Mitchiner တို့၏ ကြိုးစားအား ထုတ်မှုကြောင့် ထိုမင်းရဲသင်္ခယာဒင်္ဂါးသည် အနောက်ဘုရင် စစ်တကောင်းမင်းအဖြစ် အမှန်တရား ပေါ် ထွက်လာခဲ့သည်။”(မြောက်ဦးရွှေမြေမဂ္ဂဇင်း၊အမှတ်၁။ စာ-၁၂၆/၁၂၈)
“မင်းဘာကြီးနှင့် ပက်သက်၍ ကျောက်စာအထောက်အထားမှာ- မြောက်ဦးမြို့ အလယ်နိမ္ဗူ ဇာဘုရားတွင် အမိန့်တော်ပြန်တမ်း ကျောက်စာတစ်ချပ်တွေ့ရသည်။ ထိုကျောက်စာသည် ယခု မြောက် ဦးမြို့ ရှေးဟောင်း သုတေသနပြတိုက်တွင် သိမ်းဆည်းထားသည်။ ထိုကျောက်စာတွင် သက္ကရာဇ် ၉၀၆ ခုနှစ်တွင် ဘုရင်မင်းမြတ်သည် သံဃာတော်များကို ဆွမ်းကျွေးပြီး လယ်မြေများကို ရေစက်ချ လှူဒါန်း ခဲ့ သည်။ ယင်းသို့လှူဒါန်းကြောင်းကို မင်းမှုထမ်း မင်းစေကြီး ပွင့်ရွှေဘစံ ကို အမိန့်တော်ချမှတ်စေသည်ဟု ရေထိုးပါရှိသည်။ ထိုကျောက်စာသည် ကျိုးပြတ်နေသော်လည်း စာကြောင်းရေ (၁၉) ကြောင့်ခန် ကျန် နေသေးသည်။
ထိုကျောက်စာတွင် အမတ်တော်၊ စစ်တကောင်းစား၊သံတော်ဆင့်၊ မင်းစေကြီး၊ သံတော်ချ နေမျိုး၊အမတ်တော် ကုလားအတွင်းစစ်ချီ၊ စစ်ကဲ၊ အမတ်တော် ငရွှေစင် စသည့် မြောက်ဦးခေတ်ရာထူး ဂုဏ်ထူးအမည်များ ရေးထိုးပါရှိသည်ကိုတွေ့ရသည်။ ကျောက်စာပါ (သက္ကရာဇ် ၉၀၆) ခုနှစ် နှင့် ဘုရင် မင်းမြတ်ဟူသော စကားရပ်သည် မြောက်ဦးခေတ် မင်းဘာကြီး (ရခိုင်ကောဇာ ၈၉၃-၉၁၅)၊ အတွင်း အ ကျုံးဝင်နေသောကြောင့် ရခိုင်ဘုရင် မင်းဘာကြီးကို ရည်ညွှန်းကြောင်း သိနိုင်ပေသည်။
မင်းဘာကြီးရေးထိုးခဲ့သော နောက်ကျောက်စာတစ်ချပ်မှာ ကုလားကဘုရားကျောက်စာဖြစ် သည်။ ထိုကျောက်စာသည်လည်း ကျိုးပြတ်နေသောကျောက်စာတစ်ချပ်ဖြစ်သည်။ မူလက စာကြောင်း ရေမည်မျှရှိမည်ကို မသိရပေ။ လက်ရှိ ကျောက်စာတွင် စာကြောင်းရေ (၂၄) ကျန်ရှိနေသေးသည်။ ကျောက်စာပါ စာသားများအရ သက္ကရာဇ် ၉၀၇ ခုနှစ်တွင် သင်ခန္ဓဘုရားနှင့် (သက္ကရာဇ် ၉၁၁)ခုနှစ်တွင် သာရမုနိကုန်းမြင့်မိုရ်ထက်တွင် မဟာစူဠသောဠဿ ဘုရားနှစ်ဆူကိုတည်ထားကြောင်းကို ရေးထိုးထား သော အလှူမှတ်တမ်းကျောက်စာတစ်ချပ်ဖြစ်သည်။ ယခုအခါ ယင်းကျောက်စာမှာ ပျောက်နေသည်။
ထိုကျောက်စာ၌ ပထမဆုံးသော စကာကြောင်းတွင် - ရက္ခာဓိပတိ ၊
ဒုတိယ စာကြောင်းတွင် - မင်းစိုးရာဇာ ဘုန်းလုက်ရုံးတန်(ခိုး)
တတိယစာကြောင်းတွင် - အဓိပတိဖြစ်သော ရွှေနန်းသခင် ဘုရားရှင်မင်းပင်၊
ပဉ္စမစာကြောင်းတွင် - သက္ကရာဇ် ၉၀၇ ခု၊ တပို့တွဲ
ဆဌမစာကြောင်းတွင် - သက္ကရာဇ် ၉၁၁ ဤဘုရားမြတ်ကို တည်သော” ဟူသော ကျောက်စာပါ စကားရပ်များကြောင့် ရခိုင်ရာဇ၀င်လာ မင်းပင်၊ မင်းဗာကြီး၊မင်းဘာကြီး၊ရေးထိုး ခဲ့သောကျောက်စာဖြစ်ကြောင့်နှင့် ထိုမင်းတည်ထားခဲ့သော ဘုရားဖြစ်ကြောင်းနှင့် သိနိုင်သည်။
[နောက်ကျောက်စာတစ်ချပ်မှာ သက္ကရာဇ် ၉၁၅ ခုနှစ် တော်သလင်းလဆန်း ငါးရက်၊ စနေ့ နေ့ ဟု ရက်စွဲပါသော သီရိသူရိယဓမ္မရာဇာ (ခေါ်) မင်းဘာကြီး ကျောက်စာဖြစ်သည်။ ထိုကျောက်စာကို ဒုက္ကသိန်ပုထိုးတော်ကြီးအနီး ဘူးခင်းရေတွင်းတူးရာမှ စတင်တွေ့ရှိသည်။ ယခုမြောက်ဦး ရှေးဟောင်းသု တေသနပြုတိုက်တွင် ထိန်းသိမ်းထားသည်။
ထိုကျောက်စာတွင် သီရိသူရိယဓမ္မရာဇာမင်းသည် (သက္ကရာဇ် ၉၁၅ ) ခုနှစ် တော်သလင်း လဆန်း ငါးရက်၊ စနေ့နေ့တွင် ဒုက္ကန်ကျောင်းတွင် လယ်မြေများလှူတန်းသည်ကို ရေးထိုးထားသော အ လှူ ကမ္ဗည်းကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် သျှစ်သောင်းပုထိုးတော်ကြီးကို(သျှစ်သောင်း)ဟူ ၍ (သ) အက္ခရာဖြင့် ရေးသားထားသည်ကိုတွေ့ရသည်။ ယင်းအပြင် ထိုကျောက်စာ၌ မင်းတို့၏သချိုင်း ကိုခေါ်ဝေါ်သော (လုပ်တိုင်း) ဆိုသော ဝေါဟာရကိုလည်းကောင်း၊ မြောက်ဦးခေတ်သမိုင်းတွင် အရေးပါ သည့် မြောက်မြင်းမိုရ်( မြောက်မြင့်မိုရ်နန်း=လွှတ်တော်) ဟူသော စကားရပ်များ ပါရှိသည်။
မြောက်ဦးခေတ်တွင် မြောက်ဦးနန်းတော်ထဲတွင် လွှတ်တော်တစ်ခု၊ စစ်ရေးဆိုင်ရာ နှင့် လျှို့ ၀ှက်ကိစ္စရပ်များကို မဲခွဲဆုံးဖြတ်ရသည့် တောင်မြင့်မိုရ်လွှတ်တော်တစ်ခု၊ ဘာသာရေး၊ သာသနာဆိုင်ရာ ကိစ္စများကို ဆွေးနွေးဆုံးဖြတ်ရသည့် မြောက်မြင့်မိုရ် လွှတ်တော်တစ်ခု၊ စုစုပေါင်း လွှတ်တော်သုံးရပ် ရှိ ကြောင်းသိရသည်။ ရခိုင်ကျောက်စာပေါင်းချုပ်- စာ -၉၄-၉၇]
နောက်ကျောက်စာတစ်ချပ်မှာ ထုက္ကန်သိမ်ဘုရားတွင် စတင်တွေ့ရှိသော ဘုရင်မင်းဘာကြီး အလှူမှတ်တမ်းကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် မင်းဘာကြီးဘွဲ့အမည်ကို “တြိလောကကျနာ -----ရာဇာရက္ခာဓိပ္ပတိ(ရွှေ)နန်းသခင်ဘုရား” ဟူ၍သုံးနှုန်းထားသည်။ ရေးထိုးခုနှစ်မှာ(သက္ကရာဇ် ၉၁၅) ခု၊ တော်လလင်းလဆန်း ငါးရက် နေ့စွဲဖြင့် ရေးထိုးထားခြင်းကြောင့် အထက်ကဖော်ပြခဲ့သော ကျောက် စာနှင့် တဆက်စပ်တည်း ရေးထိုးခဲ့သော ကျောက်စာဖြစ်မည်ဟု ယူဆရသည်။ ခုနှစ် သက္ကရာဇ်၊လ၊ရက် တို့ တူညီနေသောကြောင့် ကျောက်စာ ၂ချပ်သည် မင်းတစ်ပါးတည်း ရေးးထိုးခြင်းဖြစ် ကြောင်း သိနိုင် သည်။ ယခု ထိုကျောက်စာကို မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်၌ ထိမ်းသိမ်းထားသည်။ (ကျောက်စာပေါင်းချုပ်၊စာ-၉၉)]
ကျမ်းကိုး ၁။ ဦးစံသာအောင်၊ဦး။ (၁၉၇၉)။ ရခိုင်ဒင်္ဂါးများ။ (စာ- ၄၀-၄၁၊ )
၂။ ဦးဦးသာထွန်း၊ ဦးကျော်ထွန်းအောင် (၂၀၁၇)။ ရခိုင်ကျောက်စာပေါင်းချုပ်။ (စာ- ၈၁၊၈၂၊၈၃၊၈၇၊၉၀၊၉၄၊ ၉၇၊၉၉ )
၃။ အောင်ဇံ (၂၀၁၄) ။ရှေးရခိုင်သမိုင်းများအပေါ် ယခုခေတ်သမိုင်းသုတေသီတို့၏အမြင်။
၎။ မြောက်ဦးရွှေမြေမဂ္ဂဇင်း၊အမှတ်၁။(စာ-၁၂၆/၁၂၈) )
Saturday, March 22, 2025
ရခိုင်ဘုရင် မင်းရာဇာ (အေဒီ ၁၅၀၁-၁၅၁၃)
********************************
မင်းရာဇာ ( Sikandar) ဒင်္ဂါးများ အချင်းမှာ (၂၆ မီလီမီတာ မှ ၂၈ မီလီမီတာ)အထိ ရှိကြ ပြီး၊ အလေးချိန်မှာ (၈.၄၆ ဂရမ် မှ ၉.၆၄ ဂရမ်)အ ထိ ရှိကြသည်။ ဒင်္ဂါးနှစ်ဘက်စလုံးတွင် ပါရှန်စာဖြင့် ရေးထိုးခပ်နှိပ်ထားသည်။ ဒင်္ဂါးမျက်နှာဘက်ပါ ပါရှန်စာကို အိန္ဒိယ ဒင်္ဂါးသုတေသီ မီချီနာ က -
( La Ilah ala/ allah Mohammed/ rasul allah/ khalad allah/ [mulkahu]) လာ အလ္လာဟ် အလာ/ အလ္လာဟ် မိုဟမ္မဒ်/ ရာဆူအလ္လာဟ်/ ခါလဒ် အလ္လာဟ်/ (မူလ်ခါဟ) ဟူ၍လည်းကောင်း၊
ဒင်္ဂါးကျောဘက်စာကို-
(Sultan rahman/ ** tr Sikamdar (Shah)/bin( uncertain)/ (al-Sulan) (ဆူလတန်ရာဟ်မန် /** ဆီကန်ဒါသျာ / ဘင်--- / အလ် ဆူလတန်) ဟူ၍လည်းကောင်း ဖွင့်ဆိုသည်။ (ပုံ - ၁၁၂)
မင်းရာဇာဒင်္ဂါးကို ဘင်္ဂလားဒေခ်ျ့နိုင်ငံ (Cox Bazar) ရခိုင် အခေါ် ဖလောင်းချိတ်မြို့သစ်မှရ ရှိသည်ဟု ဖော်ပြထားသည်။ မင်းရာဇာသည် ပြည်သူတို့၏ စီးပွားချမ်းသာကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုဘဲ၊ မင်းစည်းစိမ်၌သာ ခံစားနေပြီး၊ အပျော်အပါးလိုက်စားသည်။ နှစ်တိုင်းသံတွဲသို့ ဆင်ဖမ်းထွက် တော်မူသည်။ ဤမင်းလက်ထက် ပြည်သူတို့ ဆင်းရဲကြလေသည်။ မင်းရာဇာသည် မြောက်ဦးနန်းတော် ၌ (၁၂ နှစ်)တိုင်တိုင် နန်းစံမင်းလုပ် အုပ်ချုပ်ခဲ့သည်။ မင်းရာဇာသည် ရခိုင်ဗုဒ္ဓဘာသာဝင် မင်းတစ်ပါး ဖြစ်သည်နှင့်အညီ မြောက်ဦးမြို့ရှိ “ထင်တော်မူဘုရား” ကို တည်ထားကိုးကွယ်ခဲ့သည်။
ဤမင်းလက်ထက် မြောက်ဦးမြို့ကို နန်းသက်ကုန်ပြီဟူ၍ ဝေသာလီမြို့ကို ပြန်လည်တည် ထောင်တော်မူသည်။ ပုရိန် သက်တို့ ပုန်ကုန်၍ ဝေသာလီနန်းမှ ဆင်းပြေးရလေသည်။
ကျမ်းကိုး
ဦးစံသာအောင်၊ဦး။ (၁၉၇၉)။ ရခိုင်ဒင်္ဂါးများ။ (စာ-၃၆၊ ပုံ ၂၂ ခ)
Mitchiner,Michael.(P-108/ Photo 242)
စလင်္ကာသူ/သိင်္ဂသူမင်း ။ (၈၅၆-၈၉၃)(အေဒီ ၁၄၉၄-၁၅၀၁)
*******************************************
စလင်္ကာသူမင်းသည် မြောက်ဦးခေတ်တွင် ထင်ရှားသော တေဇာရာမ ကျောင်းတိုက်နှင့် တေဇာရာမစေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်။ ဤမင်း၏ သမီးတော်ဖြစ်သော အနော်ဇာမင်း သမီးသည် အနော်မာဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့သည်။ စလင်္ကာသူမင်းဒင်္ဂါး၏ အချင်းမှာ(၂၆-၂၇ မီလီမီတာ)အထိရှိပြီး၊ အလေးချိန်( ၉.၆ မှ ၁၀.၄ ဂရမ်) အထိရှိသည်။စလင်္ကာသူမင်း ဒင်္ဂါးတွင်လည်း နှစ်ဘက်စလုံးသည် ပါရှန်အက္ခရာများဖြင့် ရေးထိုး ထားသည်။ ပါရှန်အက္ခရာဖြင့် စလင်္ကာသူမင်းကို(Sikandar shah) ရေးထားသည်ဟု ဆိုကြသည်။
စလင်္ကာသူမင်းသည် ဖြတ်သန်းလာသောအတွေ့အကြုံများအရ အခြားသူများပုန်ကုန်မှု မပြု နိုင်အောင် ကိုယ်ရံတော်တပ်သားများကို မြို့တွင်း မြို့ပြင်တို့၌လှည့်ပတ်စေ၍ အချိန်မလပ် မပြတ်စောင့် ကြပ်စေသည်။ လက်ဝဲ လက်ယာ ကိုယ်ရံတော်တပ်သားများကိုလည်း အချိန်တိုင်း အဆင့်သင့်ဖြစ်နေ စေရန် စီမံထားသည်။ သက်ကောက်ဒေါလျာသျှာ ဆိုသည်မှာ ( Sikandar shah) ကို ရခိုင်မှုပြု အသံထွက်ထား သော စကားရပ် ဖြစ်ဟန်တူလေသည်။
စလင်္ကာသူ မင်းလက်ထက်သည် သရက်အုပ် ၀ရစ်တောင် ဘုရားကျောက်စာကို ရေးထိုးခဲ့ သည်။ ထိုကျောက်စာသည် “ရက္ခ၀ဏ္ဏ” တစ်ဘက်၊ ပါရှန်အက္ခရာတစ်ဘက် ၊ ရခိုင်+ပါရှန် နှစ်ဘာသာ ဖြင့် ရေးထိုးထားသော ရှားပါး ကျောက်စာတစ်ချပ်ဖြစ်သည်။
ထိုကျောက်စာတွင် ရခိုင်အက္ခရာဖြင့် ရေးထိုးထားသောဘက်၌ ( သက္ကရာဇ် ၈၅၇ ခုနှစ် နံ ယုန်လပြည့် တနင်္ဂနွေနေ့) တွင် “ကာဒီဖောက်ကျီ” ကို ဆင်ဖြူရှင်မင်းသည် သနား၍ ဘုရားရှင်ထံတွင် လယ်မြေများ၊ကျွန်များလှူဒါန်းကြောင်း၊ ကောင်းမှုကိုဖျက်သောသူကား အသက်မရှည်ဖြစ်စေသတည်း၊ သားစဉ်မြေးဆက် ဖြစ်ပါစေသတည်း။ ဟူ၍ ကျိန်စာပါရေးထိုးထားသည်။
ကျောဘက်တွင် ပါရှန်အက္ခရာဖြင့် ရေးထိုးထားသော စာကြောင်းများကို မင်ကူးယူပြီး၊ ပါရှန် အက္ခရာတတ်ကျွမ်းသော ပညာရှင်များ ဖတ်ရှုနိုင်ရန် သက်ဆိုင်ရာသံရုံးများ၊ တက္ကသိုလ်များသို့ ပေးပို့ခဲ့ သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားစာကိုမျှ မရရှိခဲ့ပေ။ မြောက်ဦးမြို့ ရှေးဟောင်းသုတေသ နပြတိုက်သို့အကြောင်းတိုက်ဆိုင်၍ လည်ပတ်ရန်ရောက်ရှိလာကြသော ပါရှန်အက္ခရာကို ကျွမ်းကျင်စွာ ဖတ်ရှုနိုင်သည့် သံမှူးများ၊ စစ်သံမှူးများ၊ တက္ကသိုလ်မှ ပါမောက္ခများပင်လျှင် ကျောက်စာတွင် ရေးထား သော စာတစ်လုံးချင်းစီ၏ အသံထွက်ကိုသာ ဖတ်ရှုနိုင်ကြပြီး၊ အဓိပ္ပာယ်ကိုမူ မဖော်ထုတ်နိုင်ခဲ့ကြပေ။
ထိုပုဂ္ဂိုလ်များအဆိုအရ ပဟေဠိသဘော၊ လျှိုဝှက်စာသဘော၊ စကားဝှက်များဖြင့် ရေးသား ထားခြင်းဖြစ်မည်ဟု မှတ်ချက်ပြုကြသည်။
ဒေသခံများ၏ အစဉ်အဆက်ပြောဆိုသော စကားများအရ မြောက်ဦးခေတ်တွင် အစ္စလာမ် ဘာသာဝင် မော်လ၀ီတစ်ဦးသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီး သူပိုင်ဆိုင်သမျှ ရွှေ၊ ငွေ ၊ ဥစ္စာ ရတနာ များကို ဘုရားတွင်လှူဒါန်းခဲ့သည် ဟု ပြောစမှတ်ပြုကြသည်။
ကျောက်စာတွင်ပါရှိသော ကာဒီဖောက်ကျီ ဆိုသူမှာ အစ္စလာမ်ဘာသာဝင်တစ်ဦး၏ နာမည် ဖြစ်မည်ဟု ယူဆရသည်။ ကာဒီဖောက်ကျီသည် ရခိုင်ဘုရင် စလင်္ကာသူမင်းနှင့် မည်သို့ ဆက်နွယ်မှုရှိ သည်ကိုမူ ယနေ့ထိ အထောက်အထားတစ်စုံတစ်ခုမျှ မတွေ့ရသေးပေ။ ကျောက်စာကြောင်းရေ (၂-၃)တွင် ရေးထိုးပါရှိသော “ကာဒီဖောက်ကျီ ကို ဆင်ဖြူသျှင် သနားသည်” ဆိုသော စကားရပ်အရ စလင်္ကာသူမင်းသည် ကျေးကျွန်အဖြစ် လက်ခံခြင်းသာ ဖြစ်ဟန် ရှိသည်။ ကျောက်စာပါ “ကာဒီဖောက်ကျီကို ဆင်ဖြူရှင်မင်းသနားသည်” ဟူသော စကားရပ် နှင့် အရပ် ဒေသတွင် အစဉ်အဆက် ပြောစမှတ်ပြုလာသော စကားရပ်ကိုထောက်ချင့်ခြင်းအားဖြင့် အစ္စလာမ် ဘာ သာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော ကာဒီဖောက်ကျီ ကို အကြောင်းပြုကာ ဆင်ဖြူရှင်ရခိုင်ဘုရင် စလင်္ကာသူမင်းသည် ထောက်ပံ့ လှူဒါန်းခြင်းဖြစ်မည်ဟု ယူဆရသည်။
ဤကျောက်စာနှင့်ပက်သက်၍ ၁၉၉၆ ခုနှစ်တွင် မြောက်ဦးရှေး/သု ပြတိုက်သို့ ရောက်ရှိခဲ့ သော Mr. Stephan Van galen ဆိုသူ ပြင်သစ်လူမျိုးအား ပြတိုက်ညွှန် / မှူး ဦးကျော်ထွန်းအောင် က ကျောက်စာဖတ်နိုင်သူကို ရှာဖွေဖတ်ရှုပေးရန် အကူအညီတောင်းခံခဲ့သည်။ Stephan ထံမှ ပါရှန် ဘက် ခြမ်းမှ စာကိုဖတ်ရှုထားသော စာတစ်စောင်ကို ဒေါက်တာကျော်မင်းထင်မှတဆင့် လက်ခံရရှိခဲ့သည်။ ထိုပြန်စာ၌ “ဆင်းရဲနွမ်းပါးနိမ့်ကျသော ကုန်သည်ကာဝါလ်ခန် နှင့် ၄င်း၏သားမယားများကို ထုတ် ပြန်သည့် ဘုရင့်အမိန့်တော်ပြန်တမ်းပင်ဖြစ်သည်။ ကာဝါလ်ခန်သည် သူ၏မယားနှင့် သားများကို လွတ်လပ်သော တိုင်းသူပြည်သားများအဖြစ် နေခွင့်ပြုရန် ရခိုင်ဘုရင် မန်ဆာသျှာ၏ သား လက် အောက်ခံ စူလတန်ဘုရင်ခံ နာဆာ ထံတွင် တောင်းခံခဲ့လေသည်။ ရခိုင်ဘုရင်၏သားတော် ဘဟ် မာစ်သည် Kabdes Manik, Haba Mani နှင် Rangaz Jahan ၏သား၊ သက်သေများ ရှေ့မှောက် တွင် ကင်းလွတ်ခွင့်ပေးခဲ့သည်” ဟူ၍ ရေးထိုးထားကြောင်း သိရသည်။ Stephan Van Galen ၏ မှတ် ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
“Farman of the King for the humble kawal khan trader, and his son and wife. Kawal Khan has Sought the assistance of sultan Nasir son of Mansur Shah(Persion name for the Arakannse King?)The wife of kawal khan and his sons are to bo free people.The son of Bahmud of RaKhaing will give the wife in the presence of the witnesses Kabdes Manik. Huba Manik, son of Rangaz Fahan.Dated the 19th of Ramadan AH 900 (ie 1494- 1495 AD)” ဟူ၍ ရခိုင်ကျောက်စာပေါင်းချုပ်၊ စာ-၅၉-၆၁ ၌ ဖော်ပြသည်။
စလင်္ကတာသူမင်းဒင်္ဂါး (ပုံ - ၁၁၁)
တေဇာရာမကျောင်းတော်နှင့် တေဇာရာမစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့သော စလင်္ကာသူမင်းကို ထိုမင်းခပ်နှိပ်ခဲ့သော ဒင်္ဂါးပါ ပါရှန်စာကြောင့် ဘင်္ဂလီမူဆလင်မင်း ဖြစ်သည်ဟု ပြောနေကြသူများ အရှက်တရား နည်းနည်းရှိကြပါစေ။ ပယောဂမှန်ရင် တုန်ဆင်းစေရမည်။
ကျမ်းကိုး ဦးစံသာအောင်၊ဦး။ (၁၉၇၉)။ ရခိုင်ဒင်္ဂါးများ။(နှာ-၃၆)(ပုံ -၂၄ ခ)
၃၄။ ဦးဦးသာထွန်း၊ ဦးကျော်ထွန်းအောင် (၂၀၁၇)။ ရခိုင်ကျောက်စာပေါင်းချုပ်။ (နှာ-၅၉-၆၁)
မင်းဒေါလျာ(ခ) မင်းသုဒ္ဓေါလျှာ(ခ) မောခုသျာ (ရခိုင်သက္ကရာဇ် ၈၄၄-၈၅၄၊ အေဒီ ၁၄၈၂-၁၄၉၂)
*********************************************************************
မင်းဒေါလျာသည် ဖခမည်းတော် ဘစောဖြူမင်းအားး ပုန်ကန်၍ နန်းတက်လာသူဖြစ်သည်။ ဤမင်းလက်ထက် (အေဒီ ၁၄၈၇) ခုနှစ်တွင် စစ်တကောင်းကို သိမ်းယူနိုင်ခဲ့ပြီး၊ တရိပူရ ကိုလည်းတိုက် ခိုက်အောင်မြင်ခဲ့သည်။ မင်းဒေါလျာနတ်ရွာစံပြီးနောက် စစ်တကောင်းသည် ရခိုင်၊ ဆူလတန်အင်ပါယာ၊ တရိပူရတို့ အားပြိုင်ရာဒေသဖြစ်သောကြောင့် ရခိုင်တို့ စစ်တကောင်မြို့ကို လက်လွှတ်ရပြီး၊ ရာမူး၊ ပင်းဝါအထိ ဆုတ်ပေးလိုက်ရသည်။
မင်းဒေါလျာသည် မြောက်ဦးမြို့ လက်ဆည်ကန်အနီး တောင်တန်းထိပ်၌ ဗုဒ္ဓစာပေကျမ်း ဂန်လာ သုံးဆယ့်တစ်ဘုံ တည်ရှိမှုကို အကြောင်းပြု၍ လျောင်းတော်မူဘုရားတစ်ဆူကို ၀ိုင်းရံလျှက် တံ တိုင်းပတ်လည် မုခ်ဂူငယ်များ၌ ဗုဒ္ဓဆင်းတုတော် (၃၁) ဆူကို တည်ထားခဲ့သော ဗုဒ္ဓဘာသာဝင် မင်းတစ်ပါးဖြစ်သည်။
မင်းဒေါလျာသည် ဒင်္ဂါးနှစ်မျိုး ထုတ်လုပ်ခဲ့၏။ ပထမဒင်္ဂါးမှာ ဆင်ဖြူတော်မရမီက ခပ်နှိပ်သောဒင်္ဂါးဖြစ်ပြီး၊
ဒုတိယဒင်္ဂါးမှာ ဆင်ဖြူတော် ရပြီးသောအခါ ခပ်နှိပ်သော ဒင်္ဂါးဖြစ်သည်။ ထို့ကြောင့် ပထမဒင်္ဂါးကို မင်းဒေါလျာ ဟု
ဖော်ပြကြပြီး၊ ဒုတိယဒင်္ဂါးကို ဆင်ဖြူရှင်မင်းဒေါလျာ ဟုဖော်ပြကြသည်။ မင်းဒေါလျာနောက်ပိုင်း ဆက်ခံသောမင်းများ
သည် ဒင်္ဂါးများကို ရာမူးပင်းဝါ ဒင်္ဂါးစက်ရုံမှ ခပ်နှိပ်ခဲ့ကြသည်။
မင်းဒေါလျာဒင်္ဂါးများ၏ (အချင်းမှာ ၂၆ မီလီမီတာ မှ ၂၉ မီလီမီတာ)ထိရှိကြပြီး၊ အလေး ချိန်မှာ (၉.၆ ဂရမ် မှ ၁၀.၀၄ ဂရမ်) အထိ ရှိကြသည်။ ဆင်ဖြူသျှင် မင်းဒေါလျာ ဒင်္ဂါးနှစ်ဘက် စလုံးတွင် ဆင်ဖြူသျှင် ဘစောဖြူ ဒင်္ဂါးကဲ့သို့ ပါရှန်စာဖြင့် ရေးထိုးခပ်နှိပ်ထားသည်။ မင်းဒေါလျာမင်း ဆင်ဖြူတော် မရမီက ခပ်နှိပ်ခဲ့သော ဒင်္ဂါးတွင် ရှေ့ဖက်၌ - (Kalima+chatsanah ) ကလီမာ + ခတ်ဆနဟ် ဟူ၍လည်းကောင်း၊ ကျောဖက်၌ - Al-sultan/ bin al-sultan / taj al-dunya wa al- din/ abu al- faith Dhal(ia)/ (Bin ***) အလ် ဆူလတန်/ဘင်-အလ်ဆူလတန်/တဂ်အလ်ဒန်ည၀ါအလ်ဒင်/အဘူအလ်ဖတိဟ်ဒဟ်လီယာ/(ဘင်***) ဟူ၍ လည်းကောင်း ဖွင့်ဆိုကြသည်။
ဆင်ဖြူတော်ရပြီး ခပ်နှိပ်သည့် မင်းဒေါလျာ ဒင်္ဂါး ရှေ့ဘက်၌ပါသောစာကို - (Al- sultan/ bin al – sultan/ taj al- dunya/ wa al- din) = “ဆူလတန်/ ဘင်-အလ်ဆူလတန်/ တဂ်ျ အလ် ဒန် ည/ ၀ါအလ်ဒင်” ဟူ၍လည်းကောင်း၊ ကျောဘက်၌ ပါသောစာကို-(Abu al-nasr/ Saheb Fil/ Dauliya muzaffar/ Shah al- sultan)= “အဘူ အလ် နာစ်/ ဆဟိဘ်ဖိလ်/ ဒအူလီယာမူဇဖ်ဖား/သျှား အလ်ဆူ လတန်” ဟူ၍လည်းကောင်း ဖော်ပြကြသည်။
လျောင်းတော်မူဘုရားနှင့် (၃၁)ဘုံဘုရားကို တည်ထားခဲ့သော ရခိုင်မင်းတစ်ပါးကို ထိုမင်းခပ်နှိပ်ခဲ့
၌ ပါရှန်စာ ရေးထိုးပါရှိခြင်းကြောင့် ငါတို့မူဆလင်မင်းဖြစ်သည်ဟု ရေးသားပြောကြားဖော်ပြနေသူများ
အရှက်တရားနည်းနည်းရှိကြပါလို့ ပြောပါရစေ။
ကိုးကား -၁။ စံသာအောင် ၊ဦး။ (၁၉၇၉)။ ရခိုင်ဒင်္ဂါးများ။ (နှာ-၃၄-၃၅)
၂။ အောင်ဇံ။ ရခိုင်မဂ္ဂဇင်း (အမှတ်-၃၀)။ မြောက်ဦးခေတ်ဦး ရခိုင်မင်းတို့၏ ဒင်္ဂါးများ(စာ-၁၉၁-၁၉၂)
၃။ အောင်ဇေယျ(ဓည၀တီ)။ ရက္ခပူရကြေးမုံကျမ်း၊ (စာ-၂၉၀)
၎။ Mitchiner,Michael.(2000).The Land Water ( p-107)
Friday, March 21, 2025
ဘစောဖြူမင်း (မြောက်ဦးခေတ်) (ရခိုင်သက္ကရာဇ် ၈၂၀-၈၄၄) (ခရစ် ၁၄၅၈ နှစ်မှ ၁၄၈၂)
*******************************************************************
ဘစောဖြူမင်းဒင်္ဂါးသည် (ရခိုင်သက္ကရာဇ် ၈၂၀-၈၄၄) ၊ (ခရစ် ၁၄၅၈ နှစ်မှ ၁၄၈၂) ကာလ အတွင်း မြောက်ဦးထီးနန်းတွင် (၂၄)နှစ်တိုင်တိုင် စိုးစံခဲ့သော ရခိုင်ဘုရင်တစ်ပါးဖြစ်သည်။ ထိုမင်း ဒင်္ဂါး မှာ( အချင်း ၂၇ မှ ၃၀ မီလီမီတာ) အထိရှိကြပြီး၊ (အလေးချိန် ၁၀. မှ ၁၀.၁၈ ဂရမ်) အထိ ရှိကြသည်။
ဒင်္ဂါးမျက်နှာ နှစ်ဘက်စလုံး၌် ပါရှန်စာဖြင့် ရေထိုးခပ်နှိပ်ထားသည်။ ဒင်္ဂါးရှေ့ဘက်၌-
“Al-muwayidu ba- tayid/ al-rahman khalitat allah/bi-al-hujat wa al –burhan" (အလ် မူဝါယိဒူ ဘ-တယိဒ်/ အလ်-ရဟ်မန် ခါလိဖတ် အလ္လာဟ်/ ဘီ အလ်-ဟူဂျတ် ၀ါအလ်ဘာဟန်) ဟူ၍လည်းကောင်း၊ နောက်ဘက်၌-
“Nasir al-dunya/ wa al- din abu/ al- mujahid Mahmud/ shah al- sultan” ( နဆား အလ် -ဒူည/၀ါ အလ် ဒင် အဘူ/ အလ် မူဂျဟဒ် မဟ်မဒ် / သျာ အလ် ဆူလတန်) ဟူ၍ လည်းကောင်း ဖွင့်ဆိုကြသည်။
ဘစောဖြူမင်းသည် သူ့ဖမည်းတော် မင်းခရီ နတ်ရွာစံပြီးနောက် ရခိုင်ပြည်မြောက်ဦးရွှေနန်း တော်၌ မင်းဖြစ်လာသည်။ သူ့ဖခမည်းတော်လက်ထက် ရခိုင်တို့၏ အနောက်ဘက်ပိုင်နက်မှာ ပင်းဝါအ ထိ သိမ်းယူနိုင်ခဲ့သည်။
ဘစောဖြူမင်း နန်းတက်လာပြီးနောက် ( အေဒီ-၁၄၅၉ ) ခုနှစ်တွင် ဘင်္ဂလားဒေသမှ စစ်တ ကောင်းအထိကို တိုက်ခိုက်အောင်မြင်ခဲ့သော်လည်း ကြာရှည်စွာ မထိန်းချုပ်နိုင်ခဲ့ဟု နိုင်ငံခြားမှတ်တမ်း များ၌ဖော်ပြကြသည်။ ရခိုင်သမိုင်း ရာဇ၀င် မှတ်တမ်းများ၌ ဘစောဖြူမင်းသည် စစ်တကောင်းကို မည် သည့်ကာလထိ ထိန်းချုပ်ခဲ့ကြောင်း အတိအကျဖော်ပြထားသည်ကို မတွေ့ရပေ။ ဘစောဖြူမင်းသည် ရတနာစံရွေး၊ရတနာသိင်္ဂ၊ ဗောဓိရွှေဂူ၊သုံးကျိပ်တစ်ဆူ၊ရတနာမှန်ကင်း၊ ရွှေကြာသိမ်ဘုရား၊တက္ကသီလာဘုရား၊မင်္ဂလာတပ်တော်ရာစေတီတို့ကိုတည်ထားကာ ကုသိုလ်ကောင်း မှုများပြုလုပ်ခဲ့သော ဗုဒ္ဓဘာသာဝင်မင်းတစ်ပါးဖြစ်သည်။
လေးမြှားအတတ်၌ သူမတူအောင် တစ်ဘက်ကမ်းခတ် ကျွမ်းကျင် တတ်မြောက်သောမင်း လည်းဖြစ်သည်။ ဤမင်းလက်ထက်တွင် သီဟိုဠ်ကျွန်းမှ ပိဋကတ်သုံးပုံ အစုံဆက်သလာသည်။ ယင်းအပြင် ဘစောဖြူ ထီးနန်းစံနေသည့်(သက္ကရာဇ် - ၈၂၀-၈၄၄) ကာလအတွင်း အကျုံး ၀င်သော အလှူကမ္ဗည်းကျောက်စာတစ်ချပ်ကိုလည်း မြောက်ဦးမြို့၊ နန်းကျားကျေးရွာ နန်းကျားဘုရား သိမ်တော်အတွင်း တွေ့ရှိရသည်။ ထို့ကြောင့် ဤကျောက်စာကို ဘစောဖြူမင်း ရေးထိုးခဲ့သော ကျောက် စာဟု ယူဆနိုင်ဖွယ်ရှိသည်။ အကြောင်းမှာ ထိုကျောက်စာ၌
[ “ သကြစ်ရာဇ် ၈၃၀၊ ဆင်ဖြူသျှင်မင်း၊ လေတစ်ဘက်လှူတောမူ၊ တောင်လည်းလောင်ကြက်အဖျာထိ”] ဟူသော စကားလုံးများကို ရေးထိုးပါရှိရာ၊ ကျောက်စာပါ “ဆင်ဖြူသျှင်မင်း” ဟူသောစကားရပ်နှင့် “သကြစ် ၈၃၀” ဟူသောစကားရပ်တို့ကြောင့် ကုသိုလ်ပြုလုပ်ရေးထိုးသူမှာ တိုင်းပြည်၏ဘုရင်မင်း
ကို ညွှန်းဆိုကြောင်း သိနိုင်သည်။
ဤကျောက်စာပါ စကားရပ်ကြောင့် ဘစောဖြူမင်းသည် မြောက်ဦးခေတ်တွင် ဆင်ဖြူသျှင်ဘွဲ့ကို အစောဆုံးခံယူသော မင်းတစ်ပါးဖြစ်သည်ဟု မှတ်ယူနိုင်သည်။ ဘစောဖြူမင်းလက်ထက်တွင် ရခိုင် စာဆိုတော် ဗဒူမင်းညို ပေါ်ထွန်းခဲ့သည်။ဗဒူမင်းညိုသည် ဘစောဖြူမင်း၏သမီးတော် မှောက်တော်မင်း သမီးအတွက် ပုခက် ယိုင်းယင်လွဲရာ၌ သီဆိုရန် မှောက်တော်မင်းသမီးဧချင်းကို ရေးစပ်ခဲ့သည်။ ယင်း ဧချင်းကို ရခိုင်မင်းသမီးဧချင်းဟူ၍လည်း ခေါ်ကြသည်။
ဗဒူမင်းညိုရေးစပ်ခဲ့သော မှောက်တော်ဧချင်းသည် ရခိုင်ရာဇ၀င်ကို လင်္ကာဖြင့် ရေးစပ်ကာ သီဆိုထားသော ရခိုင်ရာဇ၀င်လင်္ကာတစ်ခုဟုလည်း မှတ်ယူနိုင်သည်။
ဘစောဖြူမင်းဒင်္ဂါးကို အင်္ဂလိပ်လူမျိုး အေ ပီ ဖေယာ (A.P Pyayre )၏ ဒင်္ဂါးသမိုင်းစာအုပ်၌ ပါရှန်စာနှစ်ဖက်ပါသော ရခိုင်ဒင်္ဂါးဟူ၍ အစောဆုံးအသိအမှတ်ပြုခဲ့သည်။ ရှေးဟောင်းဒင်္ဂါးများကို လေလံတင်ရောင်းချသော ကမ္ဘာကျော် လေလံဝက်ဆိုက်တစ်ခုဖြစ် သော www. numisbids.com.၌ ဘစောဖြူမင်း၏ ဒင်္ဂါးအလေးချိန်ကို (၁၀. ၅၁ ဂရမ်)ဖော်ပြထားသည် ကိုတွေ့ရပြီး၊ ဘုရင်ဘစောဖြူ၏ ပါရှန်ဘွဲ့အမည်ကိုလည်း “Nasir al-Din Mahmud, နဆား အလ်- ဒင် မဟမ္မဒ်” ဟု ရေးသားဖော်ပြထားသည်။ ဘစောဖြူမင်းဒင်္ဂါးသည် ယနေ့အထိ တွေ့ရှိရသမျှသော မြောက်ဦးခေတ်၌ သုံးစွဲခဲ့သောဒင်္ဂါး များတွင် အစောဆုံးဒင်္ဂါးဖြစ်သည်။
ရတနာစံရွေး၊ရတနာသိင်္ဂ၊ ဗောဓိရွှေဂူ၊သုံးကျိပ်တစ်ဆူ၊ရတနာမှန်ကင်း၊ ရွှေကြာသိမ်ဘုရား ၊တက္ကသီလာဘုရား၊မင်္ဂလာတပ်တော်ရာစေတီတို့ကိုတည်ထားခဲ့သော ပါရှန်စာ နှစ်ဖက်ရေးထိုးပါရှိသော မြောက်ဦးခေတ် ရခိုင်ဘုရင်ဒင်္ဂါးများကို မြေမရှိ၊ နိုင်ငံမရှိ၊ မင်းမရှိသော ဘင်္ဂလီများက ရခိုင်မြေသည် ငါတို့ဘိုးဘွားပိုင်မြေဖြစ်သည်ဟု ပြောဆိုမည်ဆိုလျှင် ဘင်္ဂလီခေါ်တောမင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးတစ်ပြား၊ ကျောက်စာတစ်ချပ်၊ စေတီတစ်ဆူ၊ ဆင်းတုတစ်ဆူလောက် သက်သေပြပေးကြပါ။ ဘင်္ဂလီမိတ်ဆွေတို့
ကျမ်းကိုး-
၁။ ဦးစံသာအောင်၊ဦး။ (၁၉၇၉)။ ရခိုင်ဒင်္ဂါးများ။(စာ-၃၄၊ပုံ-၂၁ -ခ)
၂။ ဦးအောင်ဇေယျ -ဓည၀တီ။ (၂၀၀၃)။ ရက္ခပူရကြေးမုံကျမ်း၊(စာ -၂၆၃-၂၉၂)
၃။ ဦးဦးသာထွန်း၊ဦးကျော်ထွန်းအောင်။(၂၀၁၇)။ ရခိုင်ကျောက်စာပေါင်းချုပ်။ ရန်ကုန်။ မင်္ဂလာစာပေ။
၎။ အောင်ဇံ ။ရှေးရခိုင်သမိုင်းများအပေါ် ယခုခေတ်သမိုင်းသုတေသီတို့၏အမြင်။ မြောက်ဦးရွှေမြေမဂ္ဂဇင်း၊အမှတ်၁။(စာ-၁၂၆/၁၂၈) )
၅။ အောင်ဇံ။ ရခိုင်မဂ္ဂဇင်း (အမှတ်-၃၀)။ မြောက်ဦးခေတ်ဦး ရခိုင်မင်းတို့၏ ဒင်္ဂါးများ(စာ-၁၉၁)
၆။ Mitchiner,Michael. The Land of Water Coinage and History of Bangladesh And Later Arakan.(p-107)
၇။ https://www.numisbids.com/n.php?p=lot&sid=723&lot=1140
Subscribe to:
Posts (Atom)