Tuesday, January 29, 2013

မြန်မာနိုင်ငံ၏ ပထမဦးဆုံဆရာဝန် မွန်လူမျိုး မောင်ရှောလူး

     လူ့ဘ၀တွင် လူသားတို့ ကောင်းကျိုးကို ဆောင်နိုင်သော အလုပ်အမျိုးမျိုးရှိသည်။ ထိုအလုပ်အမျိုးမျိုးသည် သူဂုဏ်နှင့် သူ တင့်တယ်ကြသည်သာဖြစ်သည်။ ထိုသို့ တင့်တယ်သော အလုပ်အမျိုးမျိုးရှိကြသည့်အနက် စာရေးဆရာ အလုပ်နှင့် ဆရာဝန် အလုပ်ကို ကျွန်တော် အမြတ်နိုးဆုံးဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် စာရေးဆရာသည် လူသားတို့၏ စိတ်ရောဂါကို ကုသပေးနိုင်၍၊ ဆရာဝန်သည် လူသားတို့၏ ကိုယ်ရောဂါကို ကုသပေးနိုင်သောကြောင့် ပင်တည်း။ 

    သည်မွန်မြတ်သော အလုပ် နှစ်ရပ်အနက် မြန်မာနိုင်ငံ၌ စာရေးဆရာများ ပေါ်ထွန်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ သို့ရာတွင် အနောက်တိုင်း ခေတ်မှီ ဆေးပညာနည်းဖြင့် ကုသသော မြန်မာဆရာဝန်များ ပေါ်ထွန်းခဲ့သည်မှာမူ မကြာလှသေးပေ။ အနှစ် တစ်ရာခန့်သာ ရှိပေဦးမည်။ ယင်းသို့ ပေါ်ထွန်းသည့် ဆရာဝန်များအထဲတွင် မွန်လူမျိုး ဆရာဝန် ဒေါက်တာ ရှောလူး သည် ပထမဆုံးဖြစ်လေသည်။ တနည်းအားဖြင့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ဆေးပညာကို အစပြုခဲ့သူမှာ မွန်လူမျိုး ဒေါက်တာ ရှောလူးပင် ဖြစ်သည်ဟု ဆိုသင့်ပေသည်။
     သို့ရာတွင် ဒေါက်တာ ရှောလူးသည် အနောက်တိုင်း ဆေးပညာကို  ပထမဆုံး စတင် သင်ယူသူကား မဟုတ်ပေ။ ပထမဆုံး စတင် သင်ယူသူမှာ အမ္မရိုစ် ဒီရိုဇားရီးယိုး ဆိုသူ ဖြစ်သည်ဟု ဆိုသည်။ သူသည် မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံတွင် ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို လာရောက်ဆောင်ရွက်သော အီတာလျံ ဘုန်းတော်ကြီး ဖာသာ စင်ဂါမားနိုးသည် ၁၈၀၆ ခုတွင် အီတလီပြည်သို့ ပြန်သွားသည်။ သူနှင့်အတူ ဒီရိုဇားရီးယိုးသည် လိုက်ပါသွားက အီတလီ၌ ဆေးပညာရပ်များကို သင်ယူလေသည်။ သို့ရာတွင် ဘာကြောင့်ဟူ၍ မသိရ၊ ဒေါက်တာ ဒီရိုဇားရီးယိုးသည် အမိမြန်မာနိုင်ငံသို့ ပြန်ရောက်မလာခဲ့ပေ။
     အနောက်တိုင်း ဆေးပညာကို ပထမဆုံး သင်ကြားသူ မဟုတ်သော်လည်း ဆေးပညာ တတ်မြောက်၍ အမိမြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လာ အမှုထမ်းသူ (၀ါ) မြန်မာနိုင်ငံတွင် အနောက်တိုင်း ဆေးပညာမျိုးစေ့ကို စတင် ချခဲ့သူကား ဒေါက်တာ ရှောလူး ပင်ဖြစ်လေသည်။
    ဒေါက်တာရှောလူးသည် မော်လမြိုင် ဇာတိဖြစ်သည်။ အဖမှာ ဦးရွှေသက်၊ အမိမှာ ဒေါ်ဖွားလှ ဖြစ်သည်။ ခရစ်ယန် ဘာသာဝင် မွန်လူမျိုးများ ဖြစ်ကြသည်။ မောင်ရှောလူးကို ၁၈၃၉ ခုတွင် ဖွားမြင်သည်။ ထိုအချိန်၌ မော်လမြိုင်မြို့ အပါအ၀င် တနင်္သာရီနယ်သည် အင်္ဂလိပ် လက်အောက်၌ ကျရောက်နေပြီ၊ အထက်မြန်မာနိုင်ငံကိုမူ သာယာဝတီမင်း စိုးစံနေသည်။ မောင်ရှောလူးသည် ထူခြားသူဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် ဗဟုသုတကို လိုလားသည်။ အထူးသဖြင့် အနောက်တိုင်း ခေတ်မှီ ပညာရပ်များကို သင်ယူလိုသည်။ ထို့ကြောင့် အသက် ၁၇ နှစ်အရွယ်တွင် အိန္နိယပြည် ကာလကတ္တားမြို့သို့ စွန့်စားသွားရောက်ကာ ခေတ်မှီ ပညာရပ်များကို ဆည်းပူးလေသည်။ ထိုအချိန်၌ တနင်္သာရီ နယ်သာမက ရန်ကုန်အပါအ၀င် အောက်မြန်မာနိုင်ငံ တရပ်လုံးကို အင်္ဂလိပ် ပိုင်နေပြီ။ အထက်မြန်မာနိုင်ငံကိုမူ မင်းတုန်းမင်း စိုးစံနေသည်။ မောင်ရှောလူးသည် ကာလကတ္တားတွင် ၂နှစ်ခန့် ပညာဆည်းပူ အပြီးတွင် ၁၈၅၇ ခု၊ စစ်ပါရီပုန်ကန်မှုကြီးနှင့် ကြုံတွေ့လေသည်။ စစ်ပါရီများမှာ အင်္ဂလိပ် လက်အောက်၌ အမှုထမ်းနေသော အိန္နိယ စစ်သားများဖြစ်သည်။ နယ်ချဲ့ အင်္ဂလိပ် လက်အောက်၌ နေရသည်မှာ ဆင်းရဲ ဒုက္ခရောက်လှသဖြင့် သူတို့က ဦးဆောင်လျှက် အိန္နိယ အမျိုးသားများက နယ်ချဲ့ကို ပုန်ကန်ခြင်းဖြစ်သည်။ ပုန်ကန်မှု ပြင်ထန်သဖြင့် ဘေးအန္နရယ်ရှိလာသည်။ မောင်ရှောလုမှာ ပညာသင်ကောင်းဆဲ ဖြစ်သဖြင့် အိန္နိယမှလည်း မခွာလို၊ ဆက်လက်နေထိုင်ရန်လည်း မဖြစ်နှင့်၊ အခက်အခဲ ကြုံနေရသည်။ သို့ဖြင့် သူသည် ကာလကတ္တား သင်္ဘောဆိပ်၌ ယောင်လည်လည် ဖြစ်နေသည်။ ထိုအခိုက် အမေရိကန်ပြည်သို့ သွားမည့် သင်္ဘောတစင်းသည် ကာလကတ္တားသို့ ခေတ္တ ၀င်ဆိုက်လာသည်။ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံ သုံဆယ်မြို့၌ ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသော ဆရာမကြီး မစ်မာရီယာအင်ဂေါ ပါလာသည်။ ဆရာမကြီးသည် အားလပ်ခွင့်ရသဖြင့် အမေရိကန်သို့ ခေတ္တပြန်ခြင်း ဖြစ်သည်။ သူနှင့် မောင်ရှောလုတို့ တွေ့ကြသည်။ မောင်ရှောလု သူ့ကို အကြောင်းစုံပြောပြသောအခါ သူသည် ပညာလိုလားသော သူငယ်လေးအပေါ် ကရုဏာ သက်သွားသည်။ 
     ထို့ကြောင့် အမေရိကန်၌ ပညာ ဆက်လက်ဆည်းပူးလိုပါက စီစဉ်ပေးမည့် အကြောင်း ပြောသည်။ မောင်ရှောလုမှာ ၀မ်းသာမဆုံးပြီ။ သို့သော် သူတို့ နှစ်ဦးတွင် ငွေမရှိ။ လောလောဆယ် မောင်ရှောလု အမေရိကန်သို့ လိုက်ပါရန် သင်္ဘောခမရှိ၊ မတတ်နိုင်ပြီ။ နောက်ဆုံး ဆရာမကြီးက သင်္ဘောကပ္ပတိန်ကို အကြိုးအကြောင်း ပြောပြ တောင်းပန်သည်တွင် မောင်ရှောလူးသည် သင်္ဘော စားသောက်ခန်း၌ စားပွဲထိုးအဖြစ် ဆောင်ရွက်ရင်း လိုက်ပါခွင့်ရလေသည်။ 
     ထိုခေတ် အမေရိကန်သို့ သင်္ဘောခရီးဖြင့် သွားလာရသည်မှာ မလွယ်ကူ။ စူးအက်တူးမြောင်းလည်း မပေါ်သေး။ သင်္ဘောကလည်း ယခုခေတ်ကဲ့သို့ ခေတ်မမှီ။ အပြောကျယ်လှသည့် သမုဒ္ဒရာကြီးကို တရွေ့ရွေ့ ကူးဖြတ်ခဲ့ရသည်။ ထို့ကြောင့် ၄လ ကြာသောအခါတွင်မှ အမေရိကန်ပြည် နယူးယောက်မြို့သို့ ဆိုက်ရောက်လေသည်။
    ဆရာမကြီး၏ ဆောင်ရွက်ပေးချက်အရ နယူးယောက်မြို့မှ ကုန်သည်တဦးနှင့် လူဝီစဗက်ရှိ တက္ကသိုလ် (ယခု ဗတ်ကနဲ တက္ကသိုလ်) မှ သီအိုလိုဂျီ ပါမောက္ခတစ်ဦးက မောင်ရှောလူးကို ကူညီထောက်ပံ့ကြသည်။ မောင်ရှောလူးသည် သူလိုချင် တောင့်တသော ပညာရပ်များ ဆည်းပူးနိုင်ရန် ကြိုးပမ်းရာ ၁၈၅၉ ခုနှစ်တွင် လူဝီစဗတ်ရှိ တက္ကသိုလ်သို့ ၀င်ခွင့်ရသွားသည်။ ထိုတက္ကသိုလ်တွင် ဂရိဘာသာ၊ လက်တင်ဘာသာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဖီလိုဆိုဖီ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ နိုင်ငံရေး ဘောဂဗေဒ၊ နက္ခတ္တဗေဒ၊ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ စသည်တို့ကို မောင်ရှောလု လေ့လာ ဆည်းပူးသည်။ သူသည် ထိုခေတ် အမေရိကန် ကျောင်းသားများ နည်းတူ ကျောင်းတက်ရင်း တဖက်က အလုပ်လုပ်သည်။ ပါမောက္ခ တစ်ဦးအိမ်တွင် တနာရီ ၁၀ ဆင့်နှုန်းဖြင့် အလုပ်ဝင်လုပ်သည်။ ထိုစဉ်က အမေရိကန်ပြည်မှာ ကုန်ပစ္စည်း ပေါသည်။ ယခု ကော်ဖီတခွက်လျှင် ၉၉ ဆင့်ပေးရသော်လည်း ထိုစဉ်က ၁၀ ဆင့်သာ ပေးရသည် ဆိုသည်။ မောင်ရှောလူးသည် ကျောင်းပိတ်ရက်များတွင် အခြားမြို့နယ်များသို့ လှည့်လည် သွားရောက်ကာ မြန်မာနိုင်ငံအကြောင်း၊ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အကြောင်း တရားဟောပြောသည်။ ထိုအတွက် ဥာဏ်ပူဇော်ခ ငွေများ ရသေးသည်။ ဤသို့ ပညာသင်နေစဉ် အတွင်း မောင်ရှောလူးသည် အမေရိကန်ပြည်တွင်းစစ်နှင့် ကြုံတွေ့ပြန်သည်။ ငွေဝယ်ကျွန် ပြသနာနှင့် စပ်လျဉ်း၍ လင်ကွန်း ဦးဆောင်သော မြောက်ပိုင်းသားများနှင့် တောင်ပိုင်းသားများ တိုက်ခိုက်ကြသည်။ တိုက်ပွဲများ အနှံ့အပြား အပြင်းအထန် ဖြစ်ပွားသည်။ မည်သို့ပင်ဖြစ်စေ မောင်ရှောလူးကား မတုန်မလှုပ်၊ အားမလျှော့။ ပညာကို ကြိုးပမ်း၍ ဆက်လက် သင်ယူသည်။ သို့ဖြင့် ၅နှစ် အကြာတွင် ထိုတက္ကသိုလ်မှ ဘီအေဘွဲ့ ရခဲ့လေသည်။
     ဘီအေ အောင်သော်လည်း မောင်ရှောလူးသည် မရပ်တန့်သေး။ ဆေးပညာကို ဆက်လက် ဆည်းပူးရန် ကြိုးပမ်းပြန်သည်။ တကယ့် ပုဂ္ဂိုလ်ထူးပါ တကား။
     
      စင်စစ် သူ့နှလုံးသား၌ အနောက်တိုင်း ခေတ်မှီ ဆေးပညာကို သင်ယူလျှက် ဝေဒနာရှင် လူသားများကို ဆေးဝါး ကုသလိုသော ဆန္နသည် ငယ်စဉ်ကပင် ပေါ်ပေါက်ခဲ့သည်။ သူငယ်စဉ်က မော်လမြိုင်၌ ဒေါက်တာ ဂျပ်ဆင်နှင့် တရပ်တည်း အတူနေထိုင်ခဲ့ဖူးသည်။ သူ့မိဘများနှင့် ဒေါက်တာ ဂျပ်ဆင်သည် အလွန်ခင်မင် ရင်းနှီးသည်။ သူ့မိဘများသည် ခရစ်ယာန် ဘာသာဝင်အဖြစ် အဦးဆုံး ခံယူသော မြန်မာများအထဲတွင် အပါအ၀င်ဖြစ်သည်။ တနေ့တွင် ဒေါက်တာ ဂျပ်ဆင်သည် နာမကျန်းဖြစ်ရာမှ အသည်းအသန် ဝေဒနာ ခံစားရသည်။ ထိုအချိန်၌ မော်လမြိုင်တွင် သူ့ဝေဒနာကို ပျောက်ကင်းအောင် ကုသပေးနိုင်မည့် ဆရာဝန်များမရှိ၊ မြန်မာနိုင်ငံတွင်လည်း မရှိ။ ထို့ကြောင့် ဆွေမျိုး မိတ်သင်္ဂဟများက ဂျပ်ဆင်ကို သင်္ဘောဖြင့် တင်ကာ နိုင်ငံခြားသို့ ခေါ်ဆောင်သွားကြသည်။ ဤအချင်းအရာကို မောင်ရှောလူး ကောင်းစွာ မြင်တွေ့ခဲ့ရသည်။ တဖန် လမ်းခရီး၌ ဒေါက်တာဂျပ်ဆင် ကွယ်လွန်သွားသည်ကိုလည်း သူကြားသိလိုက်ရသည်။ ထိုကတည်းက သူ့နှလုံးသား၌ ဆရာဝန်လုပ်လျှက် လူအပေါင်း၏ အသက်ကို ကယ်တင်လိုသော စိတ်ကောင်းစိတ်မြတ်များ ပေါ်ပေါက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ထို့ကြောင့် သူသည် အိုင်ဟိုင်ရိုးပြည်နယ် ကလိဗလင်း ကုသိုလ်ဖြစ် ဆေးရုံရှိ ဆေးကောလိပ်တွင် ဆေးပညာကို ဆက်လက် သင်ယူလေသည်။ ၃နှစ် အကြာ ၁၈၆၇ခုတွင် မောင်ရှောလူးသည် ဆေးအတတ်ကို ကောင်းစွာ အောင်မြင် တတ်ကျွမ်းလေသည်။ ဆေးပညာ အမ်ဒီဘွဲ့ ရလေသည်။ ထိုနှစ်မှာပင် ဗက်ကနဲတက္ကသိုလ်ကလည်း သူ့ကို အမ်အေဘွဲ့ ချီးမြှင့် ပြန်လေသည်။ 
     မောင်ရှောလု အဖို့ ပညာစုံပြီ။ သူ သင်ကြားလိုသော ပညာရပ်များကို သင်ကြားပြီးပြီ။ မောင်ရှောလူး ဘ၀မှ ဒေါက်တာ ရှောလူး ဘ၀ကိုလည်း ခံယူရရှိပြီ။ ထို့ကြောင့် အမိမြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်လေသည်။ မပြန်မီ သူသည် ထိုနှစ် အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စု သမ္မတကြီး အင်ဒရူး ဂျွန်ဆင်နှင့် သွားရောက်တွေ့ဆုံသည်။ သမ္မတ ဂျွန်ဆင်မှာ လင်းကွန်း ကွယ်လွန်ပြီးနောက် သမ္မတ ရာထူးကို ဆက်ခံရသူ ဖြစ်သည်။ ၁၇ ဆက်မြောက် သမ္မတပင် ဖြစ်သည်။ ဒေါက်တာ ရှောလူးကို သမ္မတ ဂျွန်ဆင်သည် ၀မ်းမြောက်ဝမ်းသာ လက်ခံတွေ့ဆုံသည်။ စင်စစ် ဒေါက်တာရှောလူးသည် အမေရိကန် နိုင်ငံသို့ ပညာဆည်းပူးရန် လာရောက်သည့် ပထမဆုံးသော မြန်မာကျောင်းသားပင် ဖြစ်လေသည်။ ဒေါက်တာ ရှောလူးက သမ္မတကြီးအား မိမိ အမိနိုင်ငံသို့ ပြန်တော့မည့်အကြောင်း ပြောပြသည်။ ဤတွင် သမ္မတကြီးက မင်းတုန်းမင်းထံသို့ ဒေါက်တာ ရှောလူး အတွက် ထောက်ခံစာ တစ်စောင် ရေးပေးလိုက်လေသည်။
     ၁၈၆၇ ခုနှစ် မကုန်မီပင် ဒေါက်တာ ရှောလူးသည် အမိမြန်မာနိုင်ငံ သို့ ပြန်လာခဲ့သည်။ လမ်းတွင် လန်ဒန်၊ ပဲရစ်၊ အေသင်၊ သီဟို (သီရိလင်္ကာ)၊ ကာလကတ္တား စသည် တို့သို့ ခေတ္တ ၀င်ရောက်ခဲ့သေးသည်။ ဒေါက်တာရှောလူး သည် မြန်မာနိုင်ငံသို့ ရောက်သော် ရတနာပုံမြို့သို့ တက်သွားကာ မင်းတုန်းမင်းကြီးထံမှောက် အခစားဝင်သည်။ မင်းတုန်းမင်းကြီးသည် သူ့ကို ကောင်းစွာ လက်ခံစကားပြောသည်။ သမ္မတ ဂျွန်ဆင်၏ ထောက်ခံစာကိုလည်း ၀မ်းမြောက်ဝမ်းသာ လက်ခံယူသည်။ ထို့နောက် ဒေါက်တာ ရှောလူးကို သားတော်တစ်ပါးကဲ့သို့ ပြုစုစောင့်ရှောက်ကာ မြောက်ဥယျာဉ်တော်၌ ထားသည်။ ဒေါက်တာ ရှောလူးသည် ရက်ပေါင်း ၂၀ ခန့် စည်းစိမ် ချမ်းသာ ခံစား၍ နေခဲ့သည်။ ထို့နောက် မင်းတုန်းမင်းကြီးအား သူ့ကို ဤသို့ ချီးမြှောက်သည်ကို ၀မ်းသာ ကျေးဇူးတင်ကြောင်း။ သို့သော် သူသည် စည်းစိမ်ခံ၍ မနေလို၊ သူသင်လာသော ပညာများကို အသုံပြုလျှက် ဆရာဝန်နှင့် ကျောင်းဆရာအလုပ် လုပ်လိုကြောင်း လျှောက်ထားသည်။ မင်းတုန်းမင်းကြီးကလည်း ကြည်သာစွာ ခွင့်ပေးသည်။ သူ့ကို လက်ဆောင်များ ပေးကာ အောက်မြန်မာနိုင်ငံသို့ ပြန်လွှတ်လိုက်လေသည်။ 
     ဒေါက်တာ ရှောလူးသည် ရန်ကုန်သို့ ရောက်သောအခါ အလုပ်လုပ်ရန် ကြိုးပမ်းသည်။ သို့သော် အင်္ဂလိပ်အစိုးရက သူတို့ထံတွင် အလုပ်လုပ်ခွင့် မပေးပေ။ မင်းတုန်းမင်းကြီး၏ မြှောက်စားခြင်း ခံခဲ့ရသူ ဖြစ်သဖြင့် မယုံကြည် ဟု ဆိုကာ အလုပ်မပေးခြင်းဖြစ်သည်။ သို့ဖြင့် ဒေါက်တာ ရှောလူးသည် မော်လမြိုင်သို့ ပြန်ကာ မုတ္တမတွင် ကိုယ်ပိုင်ကျောင်းဖွင့်လျက် ကျောင်းသား ၃၀ ကို စာသင်ပေးသည်။ ထို့နောက် ၆လ အကြာတွင် မော်လမြိုင် အေဘီအမ်ကျောင်း၌ ဆရာဝင်လုပ်သည်။ ၁၀ နှစ်ကြာသည်။ ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မာရီယာအင်ဂေါကို ကျေးဇူးဆပ်သည့်အနေဖြင့် သုံဆယ်ရှိ ဆရာမကြီး၏ ကျောင်းတွင် ၃နှစ်တိတိ ဆရာ ၀င်လုပ်သည်။ အာဏာပိုင်တို့က သူ၏အရည်အချင်းကို လည်းကောင်း၊ သူ၏ စေတနာကို လည်းကောင်း သိရှိကြသဖြင့် သူ့ကို ပညာရေးဖက်တွင် အမှုထမ်းရန် ရာထူးကြီးများ ပေးသည်။ ဒေါက်တာ ရှောလူးသည် လက်မခံခဲ့။ ကျောင်းဆရာအလုပ်ကို ကျေနပ်အောင် လုပ်ပြီးပြီ ဖြစ်၍ ဆရာဝန်အလုပ်ကိုသာ လုပ်ချင်နေသည်။ ဆေးဖက်တွင်ကား အင်္ဂလိပ်အစိုးရက သူ့ကို နေရာမပေးပေ။ ဆေးဖက်တွင် လစ်လပ်သော နေရာမရှိ ဟု ဆိုထားသဖြင့် မရခဲ့။ ထို့ကြောင့် သူသည် မော်လမြိုင်သို့ ပြန်ကာ အမေရိကန် သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မစ်ချယ် ထံတွင် အကူ ဆရာဝန်အဖြစ် ၀င်ရောက် လုပ်ကိုင်သည်။ ၁၀ နှစ် လုပ်ကိုင်ပြီးသောအခါ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ ဆေးကုသည်။ တစ်ဖက်ကလည်း မော်လမြိုင် အစိုးရကျောင်းနှင့် နော်မယ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ကာ ပညာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလေသည်။
       ဒေါက်တာ ရှောလူးသည် အိမ်ထောင် နှစ်ဆက် ကျဖူးသည်။ ရန်ကုန် အစိုးရကျောင်း၌ ဆရာ လုပ်နေစဉ် အင်္ဂလပ် စစ်ဗိုလ် ကပ္ပတိန်တစ်ဦး၏ သမီး မစ်လူစီပရရား နှင့် ရှေးဦးစွာ အိမ်ထောင်ကျသည်။ ကလေး ၇ ယောက်ရသည်။ အငယ်ဆုံး သတ္တမမြောက် ကလေးငယ်ကို မီးဖွားစဉ် ကွယ်လွန်သွားရှာသည်။ ထို့ကြောင့် ၂ နှစ်အကြာတွင် ဒုတိယ အိမ်ထောင် ဒေါ်ရွှေနှင့် လက်ထပ်လေသည်။ ကလေး ၃ ယောက် ရရှိသည်။
     သူသည် ပညာကို ကြိုးစားသင်ယူသည့် နည်းတူ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်သူဖြစ်သည်။ ကျန်မာရေးကလည်း အထူးကောင်းမွန်သည်။ ၇၄ နှစ် အရွယ်အထိ သန်တုန်း မြန်တုန်းပင်။ ၁၉၂၉ ခု၊ အသက် ၉၀ အရွယ်တွင်ကား ကွယ်လွန်သွားရှာလေသည်။ သူ့ဇာတိ ဖြစ်သော မော်လမြိုင်မှာပင် ကွယ်လွန်သွားလေသည်။
      သူ ကွယ်လွန်သော်လည်း သူ့အမည်ကား မသေ။ သူ့ဇွဲ၊ သူ့ သတ္တိကား မကွယ်။ သူ့လုပ်ငန်းကား မမှိန်။ ယနေ့ မြန်မာ ဆရာဝန်များ၏ ဖခင်ကြီးအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ခေတ်မီ ဆေးပညာကို မြန်မာနိုင်ငံ၌ အဦးဆုံး မျိုးစေချခဲ့သူ အဖြစ် လည်းကောင်း။ မြန်မာနိုင်ငံနှင့် မွန်လူမျိုးတို့၏ ဂုဏ်ကို ဆောင်ခဲ့သူအဖြစ် လည်းကောင်း၊ ဒေါက်တာ ရှောလူးသည် ထင်ရှားဆဲပင်။


 မှတ်ချက်။
 ၁။ မင်းသုဝေ ရေးသားသော ပထမ မြန်မာများ စာအုပ် (ဒု-ကြိမ်ထုတ်) ပထမမြန်မာများ စာအုပ်မှ တဆင့်ဖေါ်ပြခြင်းဖြစ်သည်။
 ၂။  ဆရာကြီး ဂျပ်ဆင်အားဖြင့် မြန်မာပြည်တွင် ပထမဆုံး ခရစ်တော်ကို လက်ခံခဲ့သာ မိသားစုမှ ပေါက်ဖွားလာပြီ။ ပထမဆုံးသော မြန်မာလူမျိုး  Bucknell University, Lewisburg  အမေရိကန်ပညာသင်။ ပထမဆုံးသော အနောက်တိုင်း ဆေးပညာသင် မြန်မာလူမျိုး ဆရာဝန်။ ပထမဆုံးသော အမေရိကန်သမ္မတနှင့် တွေ့ဆုံသူ မြန်မာလူမျိုး.. ဖြစ်ပါသည်။
 ၃။ ခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားစေသည့် ဖြစ်ရပ်မှတ်တမ်းဖြစ်ပါသည်။ ခရစ်တော်ကိုသာ ကိုးစားပြီး ငွေမရှိသော်လည်း အမေရိကန်ပြည်တွင် တက္ကသိုလ်ပညာ ပြီးစီးအောင်မြင်ခဲ့သည်။ အမေရိကန် နှင့် မြန်မာပြည်တွင် ဘုန်းတော်ထင်ရှားစေသော တရားဟောဆရာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်များ .. မှာလည်း ဘုရားကျေးဇူးတော်ပင်ဖြစ်ပါသည်။ ယခုခေတ် အမေရိကားရောက် မြန်မာလူငယ်များအတွက် ဦးဆောင်လမ်းပြ တဦးဖြစ်ပါသည်။

No comments:

Post a Comment