by တို့ဗမာအစည်းအရုံး Dobama Asiayone on Friday, January 4, 2013 at 11:52pm ·
ပြည်နယ်
ခေါင်းဆောင်တဦး ဖြစ်သူ မျိုးချစ်ကြီး "ဆမား ဒူဝါး ဆင်းဝါးနောင်"
အကြောင်းကို ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ ဖြန့်ချီရေးက တတိယ
အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥသြရဲ့ 'တချိန်က ထင်ရှားခဲ့သော
ပုဂ္ဂိုလ်ကြီးများ' စာအုပ်ကနေ ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ခေါင်းဆောင်ကြီး ဖြစ်ခဲ့သူမှာ ဆမားဒူဝါး ဆင်းဝါးနောင် ဖြစ်သည်။
ဆမား ဒူဝါး ဆင်းဝါးနောင်သည် မြစ်ကြီးနားခရိုင် ဆမားထုတွင် မွေးဖွားသည်။ အဘ ဆမားဒူဝါး ဂွမ်းဆိုင်းလီ၊ အမိ ဆမားဒူဂျွန်မရွမ်ထုတို့ ဖြစ်သည်။ ဆမားဒူဝါး ဆင်းဝါးနောင်ကို ၁၂၇၆ ခု၊ တပိုတွဲလဆုတ် ၃ ရက် (၁ - ၂ - ၁၉၁၅) တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း အားလုံး ၃ ယောက်ရှိသည့် အနက် ဒုတိယမြောက် သားဖြစ်သည်။ အစ်ကိုကြီးမှာ ကွယ်လွန်သွားပြီ ဖြစ်၍ နှမ တဦးမှာ မြစ်ကြီးနားတွင် ရှိသည်။

ဆမားကြီးသည် မျိုးချစ်စိတ် ပြင်းထန်သူ တယောက် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းတို့နှင့် အတူ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူ တယောက် ဖြစ်သည်။ ပင်လုံစာချုပ် လက်မှတ် ရေးထိုးရာတွင် ပါဝင်ခဲ့သော ရှေ့တန်းရောက် ပြည်နယ် ခေါင်းဆောင် တဦးလည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် အကြံပေး အဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)၏ ခန့်အပ်ခြင်း ခံရသော ပုဂ္ဂိုလ်များတွင် တဦး အပါအဝင်လည်း ဖြစ်သည်။
ဆမားကြီးသည် ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ် အထိ ကာလအတွက် ကချင်ပြည်နယ် ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ဖဆပလ အစိုးရ လက်ထက် ၁၉၅၄ ခုနှစ်၊ ၁၉၅၅ ခုနှစ်တွင် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဝန်ကြီး အဖြစ် ဆောင်ရွက် လုပ်ကိုင်ခဲ့ရသည်။ ၁၉၅၆ ခုနှစ်တွင် တာဝန်များကို မယူဘဲ ခေတ္တမျှ အနားယူခဲ့သည်။ ဆမားကြီးသည် ၁၉၅၇ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသော အခါ ဦးနု ခေါင်းဆောင်သော သန့်ရှင်း ဖဆပလ ဘက်မှ ဝင်ရောက် အရွေးခံသည်။ ယင်း ၁၉၅၇ ခုနှစ်မှ ၁၉၅၈ ခုနှစ်များတွင် အထက် ဖော်ပြခဲ့ပြီးသော ဝန်ကြီး နေရာ၌ပင် ပြန်လည် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဆမားကြီးသည် ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ အဟောင်းအရ ပြည်နယ် အလိုက် သမ္မတ တင်မြှောက်ရာတွင် သမ္မတကြီး အဖြစ် လျာထားခြင်း ခံခဲ့ရသော ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သည်။
ဆမား ဒူဝါး ဆင်းဝါးနောင်သည် ပြည်ထောင်စု တော်လှန်ရေး အစိုးရ လက်ထက် ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာ သံမတ်ကြီး အဖြစ်နှင့် ခန့်အပ်ခြင်း ခံရသည်။ ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာပြည်သို့ ပြန်လာခဲ့ပြီး ၁၉၆၈ ခုနှစ်၊ ဇန်ဝါရီလမှ ၁၉၆၉ ခုနှစ်၊ မေလအထိ သီဟိုဠ်ဆိုင်ရာ (ယခု သီရိလင်္ကာ နိုင်ငံ) မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် မြန်မာပြည်သို့ ပြန်လာပြီး အငြိမ်းစား ယူခဲ့သည်။
ဆမား ဒူဝါး ဆင်းဝါးနောင်တွင် ပထမဇနီး ကချင် အမျိုးသမီးနှင့် သားသမီး ၂ ယောက်ရရှိသည်။ ဒုတိယဇနီး မြန်မာ အမျိုးသမီး ဒေါ်အုန်းရီနှင့် သားသမီး ၆ ယောက် ရရှိခဲ့သည်။တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား ညီညွတ်ရေးတွင် ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ခဲ့သော မျိုးချစ် ခေါင်းဆောင် တဦး ဖြစ်ခဲ့သူ ဆမား ဒူဝါး ဆင်းဝါးနောင်သည် နှလုံးရောဂါကြောင့် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ရာမှ အသက် ၅၇ နှစ် အရောက် ၁၉၇၁ ခု၊ အောက်တိုဘာလ ၁၈ ရက် နံနက် ၅ နာရီ ၃၅ မိနစ်အချိန် တနင်္လာန့တွင် ရန်ကုန် ဆေးရုံကြီး၌ပင် ကွယ်လွန် အနိစ္စ ရောက်သွားရှာသည်။ အလောင်းကို မြစ်ကြီးနားသို့ ပို့၍ သဂြိုဟ်သည်။
Source: https://www.myanmarisp.com/20080816/PB/pol0071/

No comments:
Post a Comment