ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
စစ်တကောင်းသား ဘင်္ဂါလီများ

- မောင်ခိုင်အောင် (စစ်တွေ)
စာရေးဆရာကြီးမောင်ထင် (ရခိုင်တိုင်းမင်းကြီး ဦးထင်ဖတ်) သည် ၁၉၆၀ ဇူလိုင်လ
ထုတ် မြ၀တီမဂ္ဂဇင်းတွင် "ရခိုင်ပြည်နယ်" အစီရင်ခံစာ ကို ရေးသားခဲ့သည်။
၎င်းအစီရင်ခံစာထဲတွင် ရခိုင်တို့သည် အိမ်ရှင်ဖြစ်၏။ စစ်တကောင်းသားတို့က
ဧည့်သည်တည်း။ သို့ရာတွင် ကျွန်ုပ်တို့ တိုင်းရင်းသားများ သည်
လူမျိုးမာနရှိကြသည်။ ရာဇ၀င်ကို ပြန်ကြည့်လျှင် ကျွန်ုပ်တို့သည်
သာကီဝင်မင်းမျိုးမှ ဆင်းသက်လာသည်ဟု ဆို၏။
ရခိုင်တို့သည်
မြန်မာအကြီးစားဖြစ်သည်။ ထို့ကြောင့် ရခိုင်သည် သာကီဝင် အကြီးစားဟု
ဆိုချိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆွေမျိုးကြီး သည် တော်ရုံတန်ရုံ
အလုပ် ကို အောက်ကျနောက်ကျအလုပ်ဟု ထင်သည်။ ဧည့်သည်လူမျိုးတို့ က ရေကြည်ရာ
မြက်နုရာ၌ နယ်သစ် တည်ရန် ရောက်လာကြသူများဖြစ်၍ ပိုက်ဆံရမည့် အလုပ်မှန်
သမျှကို အောက်ကျနောက် ကျ ဖြစ်သည် ဟု မယူဆကြချေ။ ထို့ကြောင့်
ဧည့်သည်တို့နေထိုင်ရာ ကုလားပန်ဇင်းမြစ်ဝှမ်း၏ အနောက်ဘက် ကမ်းခြေတွင်
လယ်ယာဥယျာဉ်၊ သီးနှံလုပ်ခင်း၊ နွားခြံ ဆိတ်ခြံတို့ သည် ရွှေပဒေသာပင်
မြေကပေါက်စေသောဝ်ဟူသည့် သဘောတရား အတိုင်း မြေမှ ပေါက်လာကြ၏။
၁၉၄၀-၄၁ ခုနှစ်၌ ဒုတိယကမ္ဘာစစ်ကြီးသည် မြန်မာနိုင်ငံတစ်ဝန်းလုံးကို တုန်လှုပ်ချောက်ချားအောင်ဖန်တီးခဲ့သည်။ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနယ်ရှိ အမျိုးသားများသည် ဆန်ကောထဲတွင် ထည့်၍လှိမ့်သော ဆီးဖြူသီးကဲ့သို့ လိမ့်ကြကုန်၏။
ထိုအချိန်က ရခိုင်တိုင်း၌ ဖြစ်ပျက်ခဲ့သမျှ တို့သည် မြန်မာပြည်၌ ဖြစ်ပျက်
ခဲ့သော နည်းအတိုင်းပင် ဗြိတိသျှတို့ အောင်မြင်စွာ ဆုတ်ခွာသော အချိန်သည်
တော်လှန်ရေးသမား မြန်မာတို့အတွက် အချိန်ကောင်း ဖြစ်၏။ ထို့ကြောင့်
ဗြိတိသျှစစ်ပြေးနှင့် အပေါင်းပါတို့သည် မြန်မာတို့ကို မယုံကြည်နိုင်ကြချေ။
ထို့ကြောင့် အချင်းချင်း ရန်တိုက်ပေးခဲ့၏။ ဗြိတိသျှဘက်တော်သားတို့ က
မြန်မာအမျိုးသား မဟုတ်သောသူတို့ကို ကာကွယ်ရေးအကြောင်းပြ၍
၎င်းတို့ယူမသွားနိုင်သော လက်နက်တို့ကို ပေးအပ်ခဲ့သည်။ လက်နက်အများအပြားကို
ရခိုင်အမျိုးသား မဟုတ်သူတို့ထံတွင် အပ်နှံခဲ့၏။
ထိုအချိန်တွင်
စစ်တွေခရိုင် အရေးပိုင်မှာ အိန္ဒိယပဋိညာဉ်ဝန်ထမ်း ဦးကျော်ခိုင် ဖြစ်သည်။
ဦးကျော်ခိုင်သည် မိမိဇာတိ ချက်ကြွေနယ်မြေကို ချစ်ခင်မြတ်နိုးသော
ပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ တာဝန်ကျေပွန်သော ပြည်သူ့ဝန်ထမ်းတစ်ဦးအဖြစ်
လည်းကောင်း၊ စစ်တွေခရိုင်၏ လုံခြုံရေးအတွက် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ရင်း
ဗြိတိသျှဘက်တော်သား စစ်ပြေးတို့လက်နက်နှင့် ကျဆုံးခဲ့ရသည်ကို မည်သူမျှ
ငြင်းနိုင်လိမ့်မည် မဟုတ်ပေ။
ကုလားပန်ဇင်း မြစ်ဝှမ်းဒေသအ၀င်ဝတွင် ဦးကျော်ခိုင်သည် သူချစ်မြတ်နိုးသော အမျိုးသားများအတွက် အသက်ကို ပေးခဲ့ရသည်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးလေ၏။ ဗြိတိသျှမဟာမိတ်တပ်သားတို့သည်
ရခိုင်တိုင်းသို့ ၀င်လာကြလေသည်။ ဗြိတိသျှမဟာမိတ်တို့ ၀င်လာသော
လမ်းပေါက်အတိုင်း အိန္ဒိယနိုင်ငံမှ လူမျိုးစုံတို့သည် မြန်မာပြည်ထဲသို့
အလုအယက် ၀င်လာကြသည်။ ၀င်လာသော လမ်းကြောင်းကား ကုလားပန်ဇင်း မြစ်ဝှမ်းမှ
အစပြုလေသည်။ စစ်တကောင်းအနွယ်တို့ ကုလားပန်ဇင်းမြစ်ဝှမ်းသို့ လာသော အခါ
နို့စားဆိတ်မတစ်ကောင်ကိုသာ ယူဆောင်ခဲ့ကြသည်။ ၎င်းတို့နှင့်အတူ ရှေးက
မြန်မာပြည်တွင် မနေထိုင်ဘူးသော အဆွေအမျိုးတို့လည်း ပါလာကြသည်။
မြန်မာနိုင်ငံ၌ ရဲဘော်ဖြူနှင့် ကွန်မြူနစ်တို့သည် တောခိုကြလေသည်။
ဤတောခိုသော ဂယက်သည် ရခိုင်တိုင်းကို အကြီးအကျယ်ရိုက်လေသည်။ ထိုအခါ
မူဂျာဟစ်လှုပ်ရှားမှုသည်လည်း ရောင်တော်ပြန်နှင့်ရောလွှတ်လေသည်။
စစ်ပြီးခေတ် စစ်တကောင်းနယ်သားတို့၏ ၀ါဒသည် နတ်မြစ်ဝ တစ်ဖက်ကမ်းရှိ
မယူတောင်တန်းဒေသနှင့် တောပန်ဇင်းမြစ်ဝှမ်းဒေသတို့ကို နယ်သစ်အဖြစ်ဖြင့်
အခြေစိုက်ရန်ဟူသော ၀ါဒဖြစ်၏။
"အိမ်ရှင်ကို မျောက်နှင်သည်" ဆိုသော
ရခိုင်စကားပုံရှိသည်။ နိုင်ငံတကာတွင် ရွှေ့ပြောင်းလူသားများသည်
အကြောင်းအမျိုးမျိုးကြောင့် နေရာအနှံ့ အခြေချ နေထိုင်လျက်ရှိကြသည်။
သို့သော် ထိုသူများက ရှေးပဝေသဏီကပင် နေထိုင်လာ ပိုင်ဆိုင်လာသည်ဟု
မီဒီယာများကိုသုံးကာ ကြေညာလာလျှင်၊ ဒေသခံလူမျိုးများအဖြစ်
ကြွေးကြော်လာလျှင် မိမိတို့အား နေထိုင်ခွင့်၊ စားသောက်လုပ်ကိုင်ခွင့်
ပေးထားသည့်အစိုးရအား မဟုတ်မမှန် လုပ်ဇာတ်ခင်း သိက္ခာချပါလျှင်၊
အိမ်ရှင်အစိုးရကို လက်နက်ကိုင်ပုန်ကန်ရန် ပြင်ဆင်လာလျှင် လူ့သမိုင်းသည်
ကျေးဇူးတရားကင်းသည့် ဇာတ်လမ်း ဖြစ်လာရတော့သည်။ ဤဇာတ်မျိုးတစ်ခုသည်
မြန်မာနိုင်ငံတွင် ကိုလိုနီဝါဒဆိုးမွေအဖြစ် ဖြေရှင်းမရ ကျန်ခဲ့ပေသည်။
ဗြိတိသျှသိမ်းပိုက်ချိန်မှ စတင်ကာ အားကောင်းလာသော တရားမ၀င် စစ်တကောင်းသား
ဘင်္ဂါလီအနွယ်များသည် "ရိုဟင်ဂျာ"ဟု နာမည်အတုအယောင်မှည့်ခေါ်ကာ
ရခိုင်ပြည်နယ်ကို သူတို့၏ မူလတိုင်းပြည်အဖြစ် တောင်းဆိုသည်အထိ
ဖြစ်လာခဲ့သည်။ ဗြိတိသျှ အုပ်ချုပ်ရေးယန္တရား၏ ပြန်တမ်းများ၊ ဂေဇက်တီယားများ
သမိုင်းမှတ်တမ်းများတွင် Chittagonian Bergali ဟူ၍သာရှိပြီး၊"ရိုဟင်ဂျာ"ဟူ၍
တစ်စွန်းတစ်စမှ မတွေ့ရှိရချေ။ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရမှ
တရားဝင်ထုတ်ပြန်ထားသော တိုင်းရင်းသားမျိုးနွယ်စုများထဲတွင်
"ရိုဟင်ဂျာ"မပါဝင်ချေ။ ဤသမိုင်း နောက်ခံဖြစ်ရပ်မှန်ကို
ဗြိတိသျှသမိုင်းဆရာကြီးများ သိနိုင်ပါလျက် ရေငုံနှုတ်ပိတ်နေကြ သည်မှာလည်း
ထူးဆန်းနေသည်။ သမိုင်းကို ရေရေရာရာ မသိဘဲ လူ့အခွင့်အရေးပြဿနာနှင့်
ချဉ်းကပ်ကာ "ရိုဟင်ဂျာ"အား နိုင်ငံကြီးတချို့ အားပေးထောက်ခံနေခြင်းမှာ
စိတ်ပျက်ဖွယ်ရာ အကျည်းတန် အရုပ်ဆိုးမှု ဖြစ်သည်။
စစ်တကောင်းဘင်္ဂါလီတို့ ရခိုင်ဒေသတွင်းသို့ အလုံးအရင်းနှင့် ၀င်လာမှုသည်
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲနောက်ပိုင်းတွင် စလာခဲ့သည်။ စစ်ပွဲတွင်
အင်္ဂလိပ်တို့ဘက်မှ ၀င်ရောက်ကူညီခဲ့သူ သော်တလီမောင်ညိုအား နတ်မြစ်ဝဲယာကို
အုပ်ချုပ်ခွင့် ဆုလာဘ် အင်္ဂလိပ်တို့ပေးခဲ့သည်။ သူတို့အနွယ်များသည်
ဆက်တိုက်လိုလို လယ်ယာမြေတိုးချဲ့ရေးအတွက် စစ်တကောင်းသားများကို
ငှားရမ်းခေါ်ယူခဲ့ကြသည်။ နတ်မြစ်အနောက်ဘက်ကမ်းမှစကာ
မောင်တောမြို့နယ်တစ်ခုလုံး လယ်မြေချဲ့ထွင်မှုကြောင့်
နတ်မြစ်အရှေ့ဘက်ကမ်းသို့ ရောက်လာကြသည်။ အင်္ဂလိပ်များက ဒေသခံရခိုင်များ
မလုပ်ကိုင်သော အလုပ်ကြမ်းများ၊ ကူလီ၊ မြေတူး၊ စပါးရိတ်တို့အတွက်
စစ်တကောင်းဘင်္ဂလီများကို ခေါ်သွင်းကြသည်။ အလုပ်အကိုင်အဆင်ပြေ၍ တံခါးမရှိ၊
ဓါမရှိ ၀င်လာခဲ့ကြသည်။ စူးအက်တူးမြောင်းဖွင့်လှစ်၍ စပါးဈေးတက်လာသောအခါ
ရခိုင်လယ်ယာမြေ စီးပွားရေး စန်းပွင်ခဲ့သည်။ လယ်မြေတိုးချဲ့ခြင်းနှင့်အတူ
လယ်ကူလီများ၊ ရာသီချိန်စပါးရိတ်လုပ်လားများ လှိမ့်ဝင်လာသည်။
လူဝင်မှုများပြားလာမှုနှင့်အတူ မောင်တော-ဘူးသီးတောင် ရထားလမ်းဖောက်ရာ၊
ဈေးပေါသော ဘင်္ဂါလီလုပ်သားတို့ကို ခေါ်သုံးပြန်သည်။ ၁၉၃၅ ခုနှစ်
ခွဲရေးတွဲရေးပြဿနာတွင် ခွဲရေးနိုင်သဖြင့်၊ ဦးစော-ဆာကား စာချုပ်အရ
ကုလားဝင်ရောက်မှုကို သုံးနှစ်ခွင့်ပြုရာ၊ လူလှိုင်းများလှိမ့်ဝင်လာပြီး
လူသူမဲ့လယ်စပ်တောခြေများတွင် ကုလားရွာများ တည်ရှိလာသည်။ မူလ
ကုလားရွာငယ်များမှာလည်း နှစ်ဆ၊သုံးဆထိ ကြီးလာသည်။အိမ်ခြေလျော့သော
ရခိုင်ရွာများတွင် ကုလားတို့ ၀င်ရောက်နေထိုင်ကြသည်။ ကျန်းမာရေးဌာန၏
အစီရင်ခံစာ (၁၉၃၀-၃၁) အရ ဘင်္ဂါလီကူလီ ၄၀၀၀၀ ခန့် ၀င်ရောက်လာပြီး အချို့မှာ
လုံးဝပြန်မသွားကြတော့ပေ။ ဗြိတိသျှ အာဏာပိုင်များသည် ပြဿနာ၏အတိမ်အနက်ကို
ရိပ်မိလာသည့်အတွက် ဂျိမ်းအီစတာ၊ ဦးတင်ထွဋ်၊ တက္ကသိုလ် ပါမောက္ခ ဒေဆိုင်း
တို့နှင့် စုံစမ်းရေး ကော်မရှင်တစ်ခုကို ၁၉၃၉တွင် ဖွဲ့ခဲ့သည်။ ကော်မရှင်က
စိုးရိမ်စရာ အခြေအနေကိုတင်ပြပြီး၊ လူဝင်မှုကြီးကြပ်ရေးကို လိုအပ်သလို
စိစစ်တင်းကျပ်ရန် အကြံပေးခဲ့သည်။ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားလာသောကြောင့်
အကောင်အထည်မဖော်နိုင်ဘဲ ခန့်မှန်းထားသည့်အတိုင်း ဗြိတိသျှတို့အဆုတ် ၁၉၄၂
တွင် အဓိကရုဏ်းဖြစ်ပွားကာ၊ လူ ၂ သောင်းခန့် သေဆုံးခဲ့ရသည်။ ရခိုင်တို့မှာ
အိမ်ပစ် မြေပစ် ပြေးခဲ့ရပြီး၊ ၎င်းနေရာတွင် ဘင်္ဂါလီများ အစား
ဝင်ရောက်နေထိုင်ခဲ့ကြသည်။ ထိုရွာများသည် မူဆလင်ရွာများ ဖြစ်သွားခဲ့သော်လည်း
ဗုဒ္ဓဘာသာစေတီ၊ ဘုရားကျောင်း၊ သိမ်နေရာတို့ ယခုထိ တွေ့နိုင်သေးသည်။
၁၉၄၈ လွတ်လပ်ရေးရပြီးစ ကာလတွင်၊ ရောင်စုံပုန်ကန်မှု များနှင့်
ပြည်တွင်းစစ်ဖြစ်လာသောအခါ၊ မူဆလင်တို့ အခွင့်ကောင်းယူကာ တစ်စခန်းထလာခဲ့သည်။
ရခိုင်အမျိုးသားများ ပြည်နယ်တောင်းသကဲ့သို့ သီးခြားပြည်နယ်တစ်ခု
တောင်းဆိုလာပြီး၊ လက်နက်ကိုင် ပုန်ကန်ရန် ခြိမ်းခြောက်လာခဲ့သည်။
ရခိုင်ပြည်နယ်အား ဖဆပလအစိုးရမှ ခွင့်မပြုသည့်အတွက်၊ ရခိုင်လူထုသည် ဖဆပလအား
မထောက်ခံတော့ဘဲ၊ ရခိုင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (ရတည)အား
ထောက်ခံမဲပေးခဲ့ကြသည်။ ဘင်္ဂါလီမူဆလင်တို့ကား "မူဂျာဟမ်"နာမည်နှင့်
ဆူပူသောင်းကျန်းခဲ့ကြသည်။ ၁၉၅၁ အလယ်သံကျော်ညီလာခံ (မောင်တောမြို့နယ်)တွင်
ရခိုင်မြောက်ပိုင်းကို သီးခြားမူဆလင်ပြည်နယ်အဖြစ် တောင်းဆိုခဲ့လေသည်။
ဝန်ကြီးချုပ်ဦးနု၏ ကိုင်တွယ်မှုပျော့သောကြောင့်
ရခိုင်တက္ကသိုလ်ကျောင်းသားများ ရုပ်ပြောင်များဆွဲကာ ရှုတ်ချ
လှောင်ပြောင်ခဲ့ကြသည်။
သို့သော် မြန်မာ့တပ်မတော်၏
နယ်ခြားစောင့်တပ်ရင်း (BTF)ကို ရခိုင်အမျိုးသား ဗိုလ်မှူးသာကျော်
(နိုင်ငံတော်ကောင်စီဝင်ဟောင်း ကွယ်လွန်) ဦးဆောင်မှုနှင့် စေလွှတ်ကာ
သောင်းကျန်းသူတို့အား ချေမှုန်းခဲ့သည်။ မူဂျာဟမ်တို့သည် စစ်ပြီးခေတ်တွင်
အသစ်တည်ဆောက်ပေးထားသော ရခိုင်ရွာ (၆၀) အနက်၊ (၄၄) ရွာကို စီးနင်းဖျက်ဆီးကာ၊
လူသတ်၊ လုယက်၊ မုဒိမ်းမှုများ ကျူးလွန်ခဲ့ကြသည်။ တပ်မတော်၏
တိုက်ခိုက်ချေမှုန်းမှုကြောင့် မူဂျာဟစ်တို့ ပြိုကွဲ ရှုံးနိမ့်ကာ၊
ခေါင်းဆောင် ကာဆိန်းနှင့်အဖွဲ့တို့သည် တစ်ဖက်နိုင်ငံ (အရှေ့ပါကစ္စတန်၊ ယခု
ဘင်္ဂလားဒေခ်ျ)ထဲသို့ ထွက်ပြေးသွားခဲ့ရပြီး၊ ဘင်္ဂါလီမူဆလင်တို့၏ ခွဲထွက်ရေး
လှုပ်ရှားမှု နိဂုံးတိုင်ခဲ့ရသည်။
မျက်မှောက်ကာလတွင်
"တိုင်းရင်းသားလူနည်းစု ရိုဟင်ဂျာ"ဟု သမိုင်းနောက်ခံဇာစ်မြစ်ကို နားမလည်ဘဲ၊
လက်ရှိအခြေအနေကို တိကျစွာမသိဘဲ၊ ပြည်ပမီဒီယာတချို့၊ နိုင်ငံတကာ
အဖွဲ့အစည်းအချို့က ထောက်ခံပေးနေကြသည်။ အင်အားကြီးနိုင်ငံများပင်လျှင်
သွယ်ဝိုက်ပါဝင်နေသည်။ အမှန်မှာ သူတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်
တိုင်းရင်းသားလူနည်းစုမဟုတ်ဘဲ၊ တိုင်းရင်းသား မဟုတ်သော လူများစု
ဖြစ်နေပေပြီ။ ဒေသခံဇာတိ ရခိုင်များနှင့် တိုင်းတစ်ပါးမှ ၀င်လာသော
စစ်တကောင်းဘင်္ဂါလီတို့ လူဦးရေအချိုးမှာ လုံးဝပြောင်းပြန်
ဖြစ်သွားခဲ့ချေပြီ။ ၉၅-၅ မှ ၅-၉၅% ဖြစ်သွားခဲ့ပြီ။ လက်ရှိအစိုးရသစ်အတွက်
ခက်ခဲလေးလံရှုပ်ထွေးသော ပြဿနာ တစ်ခုဖြစ်သည်မှာ အမှန်ပင်။ ဤပြဿနာကို
အမှန်တကယ်သိသူမှာ ပြဿနာဖန်တီးရှင် ဗြိတိသျှကိုလိုနီအရာရှိကြီးများ၊ ဗြိတိသျှ သမိုင်းဆရာများနှင့် ကိုလိုနီအမွေဆိုးကို ရှောင်လွှဲမရ လက်ခံလိုက်ရသော ရခိုင်အမျိုးသားတို့သာ ဖြစ်ပေလိမ့်မည်။
မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကြီးမားသော စာရေးဆရာကြီး၊ ပြည်ထောင်စု အုပ်ချုပ်ရေးအရာရှိကြီး၏ ၀ါကျများကို ပြန်ကိုးကားရလျှင်ကား...
"စစ်တကောင်းနယ်သားတို့၏ ၀ါဒသည် နတ်မြစ်တစ်ဖက်ကမ်းရှိ မယူတောင်တန်းဒေသနှင့်
တောပန်ဇင်းမြစ်ဝှမ်းဒေသတို့ကို နယ်သစ်အဖြစ်ဖြင့် အခြေစိုက်ရန် ၀ါဒဖြစ်၏။"
မောင်ခိုင်အောင် (စစ်တွေ)
No comments:
Post a Comment