ခတ္တာနန် – လာမည့်နိုဝင်ဘာလအတွင်း
ရန်ကုန်မြို့၌ကျင်းပမည့် ပျူလူမျိုးနှင့်ပျူနိုင်ငံတော်
သုတေသနစာတမ်းဖတ်ပွဲကို မွန်တိုင်းရင်းသားများက ယမန်နေ့တွင်ကန့်ကွက်စာ
ရေးသားပေးပို့ခဲ့သည်။
ယင်းကန့်ကွက်စာကို ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၊
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ပျူနိုင်ငံတော်
သုတေသနစာတမ်းဖတ်ပွဲကျင်းပရေးကော်မတီဥက္ကဌ ဒေါက်တာချစ်စံဝင်းထံသို့
ပေးပို့ခဲ့သည်ဟု သိရသည်။
“ကျနော်တို့
မွန်တွေရဲ့သုဝဏ္ဏဘုမ္မိ သထုံပြည်ကို ပျူနိုင်ငံတော်ထဲ ဆွဲသွင်းတဲ့
ပြောဆိုရေးသားချက်တွေကို ကန့်ကွက်တယ်၊ ထင်းရှားနေတဲ့မွန်သမိုင်းတွေကိုလည်း
ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့မှေးမှိန်အောင် လုပ်ဆောင်နေတယ်၊
အဲဒီပျူစာတမ်းဖတ်ပွဲကို မွန်တွေလုံးဝအသိအမှတ်မပြုဘူး၊” ဟု
မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ(၂) နိုင်တင်အောင်က ပြောသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မွန်ဓမ္မာရုံတွင် အထင်ကရမွန်ဆရာတော် ၁၁
ပါး၊ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊
မွန်ဒီမိုကရေစီပါတီ၊ ဒေသအသီးသီးမှ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊
ရှင်စောပုမွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းနှင့်
မွန်စာပေပညာရှင်များပါဝင်သော ၃၇ ဦးကော်မတီပါ မွန်သုတေသနအသင်း
ယမန်နေ့တွင်ဖွဲ့စည်း၍ ကန့်ကွက်စာ ရေးသားပေးပို့ခြင်း ဖြစ်သည်။
အဆိုပါကန့်ကွက်စာတွင် အချက် ၇ ချက်ပါဝင်ပြီး အောက်တိုဘာ ၁၂ နေ့ထုတ်
ကြေးမုံသတင်းစာပါ “မြန်မာနိုင်ငံ၏ယဉ်ကျေးမှုအတိုးတက်ဆုံး၊ အထွန်းကားဆုံး
ရှေးဟောင်းပျူမြို့ပြများ သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပမည်”
သတင်းဖေါ်ပြချက်တွင် “မြန်မာနိုင်ငံအတွင်း၌
ပျူလူမျိုးတို့ပြန့်နှံ့စွာနေထိုင်ခဲ့သည့် မြေဧရိယာအကျယ်အဝန်းသည်
ယနေ့မြန်မာနိုင်ငံ၏အကျယ်အဝန်းမျှရှိပြီး တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊
သရေခေတ္တရာ၊ ဓညဝတီ၊ သုဝဏ္ဏဘူမိ(သထုံ)
အစရှိသောမြို့ပြနိုင်ငံကြီးများထူထောင်၍ နေထိုင်ခဲ့ကြောင်း” ရေးသားချက်ကို
အဓိကရည်ညွှန်းသည်ဟု သိရသည်။
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊
အငြိမ်းစားညွှန်ကြားရေးမှူး နိုင်မောင်တိုးက
“သူတို့ဘယ်လိုဆွဲခေါ်လာသလဲဆိုတော့ ပျူဆိုတာ ဗမာဖြစ်တယ်၊ ရခိုင်ပြည်ဓညဝတီနဲ့
သထုံပြည်သုဝဏ္ဏဘူမိဟာ ပျူတွေအရင်ဦးဆုံးရောက်ခဲ့တယ်၊ ဒါကြောင့် ဒီဒေသတွေမှာ
ဗမာတွေအစောဆုံးဝင်ရောက်ခဲ့တယ်လို့ အဲဒီလိုအဓိပ္ပါယ်ရအောင်
ဖန်တီးနေတာဖြစ်တယ်” ဟု ပြောသည်။
အထက်ပါ ပြောဆိုရေးသားမှုများသည် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုထိခိုက်စေသဖြင့် ဒို့တာဝန်အရေးသုံးပါးကို
ထိခိုက်နေသည်ဟုလည်း သူကဆက်ပြောသည်။
အောက်တိုဘာလ ၂၉ ရက် ယမန်နေ့ မွန်သမိုင်းသုတေသနအသင်း ဖွဲ့စည်းခဲ့ရာတွင်
ဥက္ကဌအဖြစ် နိုင်မောင်တိုး
အတွင်းရေးမှူးအဖြစ်နိုင်ခင်မောင်လေး(အငြိမ်းစားမွန်ပြည်နယ်ပြတိုက်မှူး)
တို့ကိုရွေးချယ်ခဲ့သည်။
ထို့အပြင် နေပြည်တော်ရောက် မွန်လွှတ်တော်အမတ်များကလည်း အထက်ပါကြေးမုံ
သတင်းစာရေးသားချက်ကို သက်ဆိုင်ရာ ယဉ်ကျေးမှုဝန်ကြီးသို့
မေးခွန်းများမေးမြန်းရန် ပြင်ဆင်နေကြသည်ဟု သိရသည်။
ကုိးကား။ http://burmese.monnews.org/?p=5689

No comments:
Post a Comment