Thursday, January 17, 2013

အဆောက်အအုံ အနည်းဆုံးလေးခု ကို မြန်မာနိုင်ငံ ကြက်ခြေနီရုံးအသင်း နှင့် ထပ်ဆင့် ပတ်သက်သူများက စစ်တွေ၌ ငှားရမ်း

BY THAUNG KWRE

စစ်တွေ ၊ ၁၆ ဇွန်န၀ါရီလ ၂၀၁၃ ၊ CORAL ARAKAN NEWS ၊ [ သတင်း ]

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ (MRCS) နှင့် ဆက်စပ်ပတ်သက်၍ စစ်တွေမြို့၌ ရုံးခန်း နှင့် နေအိမ် အနည်းဆုံး လေးခု ငှားရမ်းကာ အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်မှာ တစ်ပတ်ကျော် နှစ်ပတ်မျှရှိပြီ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ပတ်ကျော်က စစ်တွေတွင် လှုပ်ရှားဆောင်ရွက်သူများ၏ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ရာ စစ်တွေ ICRC ဌာနခွဲ အကြီးအကဲ TATRICIA ALLIOT-CVICHARD က ခွင့်တောင်း တက်ရောက်ပြီး ၄င်းတို့၏ ဘက်မလိုက် သာတူညီမျှ ရပ်တည်အလုပ်လုပ်ရသည့် သဘောကို ရှင်းပြနိုင်ရန် ကြိုးစားခဲ့သည်။

အစည်းအဝေးတက်ရောက်သူ စစ်တွေ ဒေသခံများက တူရကီ လခြမ်းနီအဖွဲ့ကို ICRC ၏ နာမည်အောက်တွင် တွဲခေါ်လာပြီး ဘင်္ဂါလီများအတွက် လုပ်ကိုင်စေရန် ရှိသည် ဟု ကြားနေရသည်မှာ ဟုတ်မဟုတ် မေးမြန်းရာ၊ MS. TATRICIA ALLIOT-CVICHARD က ယင်းအချက်မှာ မဟုတ်မှန်ကြောင်း၊ မြန်မာနိုင်ငံအတွင်း၌ လှုပ်ရှားဆောင်ရွက်ရန် တူရကီ လခြမ်းနီအဖွဲ့ကို မိမိတို့(ICRC)က ခေါ်လာပိုင်ခွင့် မရှိကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ကသာ ခေါ်သွင်းလာနိုင်ခွင့် ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ MRCS နှင့် တူရကီလခြမ်းနီအဖွဲ့အကြား သဘောတူညီချက် တချို့ ရရှိထားပြီးဖြစ်သည် ဟု မိမိ ကြားသိထားကြောင်း ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် တူရကီလခြမ်းနီအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ) ၌ လက်မှတ်ရေးထိုး ခဲ့ကြပြီးဖြစ်သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပတ်သက်သည့် ရုံးခန်း(အဆောက်အအုံ) သုံးခုကို စစ်တွေမြို့ လမ်းမတော်(တောင်) ရပ်ကွက်တွင် ငှားရမ်း ဖွင့်လှစ်ထားပြီး ကျောင်းတက်လမ်းရပ်ကွက်တွင် ငှားရမ်းထားသော အဆောက်အဦး၌မူ နိုင်ငံတကာ ဗော်လံတီယာများ နေကြမည် ဟု ဆိုသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ တူရကီလူမျိုး နှစ်ဦးမှာ လမ်းမတော်(တောင်)ရပ်ကွက် ဘက်က အဆောက်အအုံ တစ်ခုတွင် နေကြမည် ဟု ဆိုသည်။
နှစ်ပေါင်း ဆယ့်ငါးနှစ်မျှ ဘင်္ဂါလီများကို မျက်နှာသာပေးကာ ဒေသခံတိုင်းရင်းသားများကို ခွဲခြားဆက်ဆံသောကြောင့် ကန့်ကွက် ဆန္ဒပြခြင်းခံရသည့် AZG (ခေါ်) နယ်စည်းမခြား ဆရာဝန်များအဖွဲ့-ဟော်လန် မှာ ရုံးခန်း၊ တည်းခိုဆောင် နှင့် သိုလှောင်ရုံများ ငှားရမ်းကာ လျှို့ဝှက် လှုပ်ရှားနေကြကြောင်း ကို အဆောက်အဦး ဓါတ်ပုံများနှင့်တကွ CORAL ARAKAN NEWS ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ဖော်ပြပြီး နောက်တစ်ရက်ကျော်အကြာ ၂၀၁၂-ခုနှစ် ဇွန်န၀ါရီလ (၁၀) ရက်နေ့ ညနေ ဆယ်နာရီ ငါးဆယ် (22:50) မှ စ၍တွင် CORAL ARAKAN ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ရီပို့လုပ်ခြင်းခံရကာ ဖယ်ရှားခြင်းခံခဲ့ရသည်။

(CORAL ARAKAN အတွက် သောင်းကြွယ် ရေးသားသည်။)

http://www.facebook.com/photo.php?fbid=539218662764379&set=a.537044512981794.123895.536963452989900&type=1&relevant_count=1

=======================

( MRCS နှင့် တူရကီလခြမ်းနီအသင်းတို့ နားလည်မှုစာချွန်လွှာ ရေးထိုးသည်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည့်သတင်း မူရင်းကို အောက်တွင် ကူးယူဖော်ပြထားပါသည်။)

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် တူရကီ လခြမ်းနီအသင်း ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

ရန်ကုန်၊ သြဂုတ်လ

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် တူရကီလခြမ်းနီအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၀) ရက် တနလာင်္နေ့ နံနက်(၁၁)နာရီတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ သာလှရွှေနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဌာနမှူးများ၊ တူရကီနိုင်ငံ သံအမတ်ကြီး H.E. Murat Yavuz Ates၊ တူရကီလခြမ်းနီအသင်းမှ ကိုယ်စားလှယ် Mr. Hakki Ersoy၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Programme Coordinator Ms. Jelma De la Pena၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ Cooperation and Communications Delegate Mr.Takanori Hosokawa ၊ သြစတြေလျကြက်ခြေနီအသင်းမှ Programme Advisor Ms. Samadhi Selina Marr တို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာသာလှရွှေမှ အဖွင့် အမှာစကားပြောကြားပြီး တူရကီနိုင်ငံ သံအမတ်ကြီး H.E. Murat Yavuz Ates မှ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အမှုဆောင်ညွှန်ကြားရေးမှူး/အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှနှင့် တူရကီလခြမ်းနီးအသင်းမှ ကိုယ်စားလှယ် Mr. Hakki Ersoy တို့မှ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ကနဦးလက်မှတ် ရေးထိုး ခဲ့ကြသည်။ ထို့နောက် တူရကီလခြမ်းနီအသင်းမှ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့ မည်သည့်လူမှုဂရုဏာ လုပ်ငန်းတွင်မဆို အသုံးပြုနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ တစ်သောင်းအား လှူဒါန်းခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် တူရကီလခြမ်းနီအသင်းအနေဖြင့် မည်သည့်လုပ်ငန်း ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မည်ဆိုသည်ကို အသေးစိတ် ဆက်လက်ဆွေးနွေးသွားကြမည် ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု ၏ သက်တမ်းကာလမှ ငါးနှစ်ဖြစ်ကြောင်း၊ ရေရှည်ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရန်လည်း ရည်ရွယ်ထားကြောင်း သိရှိရသည်။

အဆိုပါ နားလည်မှု စာချွန်လွှာအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ နှင့် တူရကီလခြမ်းနီ အသင်း ဥက္ကဌတို့မှ လာမည့် နိုဝင်ဘာလအတွင်း ထပ်ဆင့် လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment