ဗမာရာဇ၀င်လာ ဗေဒါသည် လူသားလား ၊ တိရိစ္ဆာန်လား
XXXXXXXXXXXXXXXXXXXXXXXXXXXXXX
ဗမာရာဇ၀င်တွင် ဗေဒါ၏မိခင်ကို ခြေလေးချောင်းထောက်၍ သွားသည့်သမင်ဟုရေးသားကြသည်။ ရခိုင်ရိုးမတောင်တန်း၌ ယခုတိုင်တွေ့ရှိရသည်မှာ ချင်းလူမျိုးတို့တွင် ဒရယ်မျိုး၊ဖွတ်မျိုး၊ဆတ်မျိုး၊သမင်မျိုးဟူ၍ မျိုးနွယ်စုလေးရှိသည်ကိုယခုတိုင် တွေ့ရှိနိုင်၏။ ထိုလေးမျိုးတွင် သမင်ဟူသောချင်းမျိုးသည် အလွန်လှပ၏ အပြောအဆိုနုညံ့သိမ်မွေ့၏ ရတနာသုံးပါးကိုလည်းအလွန်ကြည်ညို၏၊ ထိုသမင်အမျိုးတို့ကို စုံစမ်းကြည့်ရာ မိဘစဉ်လာအားဖြင့် အမှတ်အသားပြု၍ သက်ကြီးစကားသက်ငယ်ကြားဟူသကဲ့သို့ မျိုးရိုးစဉ်ဆက် အစဉ်အတိုင်း သူတို့မှာ မှတ်သားပြောဆိုလာကြသော စကားများရှိလေသည်။
ထိုသူတို့သည် ရှေးအခါက သရေခေတ္တရာ ပြည်မြို့၏ အနီးတ၀ိုက်တွင် နေခဲ့ကြောင်း၊ ထိုစဉ်အခါက ထိုပြည်၏ အိမ်ရှေ့မင်းသားမှအဖြစ်မှ တောရပ်ဆောက်တည်လာသော ရသေ့ကြီးကို သမင်မျိုးနွယ် ချင်းလူမျိုးတို့သည် ကြည်ညိုလေးစားစွာဖြင့် မှီဝဲဆည်းကပ်ကိုးကွယ်ကြကြောင်း၊ သူတို့သည် ရသေ့ကြီးကို ကျောင်းသင်္ခန်းများဆောက်၍ ကိုးကွယ်ကြကြောင်းတို့ကို အစဉ်အလာမှတ်သားထားသော လက်ဆင့်ကမ်း စကားများရှိသည်ကိုတွေ့ရသည်။
ရသေ့ကြီးကိုလုပ်ကျွေးရန်အတွက် ချင်းမကလေး “မာလာ”ကိုထားကြောင်း ၊သမင်မျိုး ချင်းမကလေး “မာလာ”သည် ရသေ့ကြီး၏ လိုအပ်သော ဝေယျာဝိစ္စများကို လုပ်ပေးရင်း သမင်မျိုးချင်းမကလေး “မာလာ” နှင့်ရသေ့ကြီးတို့သင့်မြတ်ကာ ဗေဒါကို မွေးဖွားကြောင်း ၊ဗေဒါကိုမွေးဖွားပြီး တစ်လခန့်ကြာသောအခါ မိခင် “မာလာ” သေဆုံးသွားကြောင်း၊ ရသေကြီးသည် သမင်မျိုးနွယ် ချင်းမကလေး “မာလာ” သမီး မဗေဒါကို ဆိတ်နို့်တိုက်၍ မွေးစားကြကြောင်းကြားဖူးသည်ကို သမင်မျိုးချင်းတို့သည် ယခုတိုင် သက်ကြီးစကားသက်ငယ်ကြား လက်ဆင့်ကမ်း ပြောကြားလျှက်ရှိနေကြသည်ကို ၁၃၀၅ ခုနှစ် ချင်းတောင်တန်းမှာ သာသပြုနေခဲ့သဖြင့် ထိုအကြောင်းကို ချင်းလူမျိုးတို့ထံမှ ကြားသိခဲ့ရကြောင်း၊ ယခုတိုင် သမင်းမျိုးချင်းများကို သွားရောက်၍ စုံစမ်းလျှင်လည်း သိနိုင်ပေသည်။ ကိုယ်ပိုင်စာပေအက္ခရာမရှိသော သမင်မျိုး ချင်းလူမျိုးတို့သည် မိမိမျိုးနွယ်တို့၏ ရှေးကဖြစ်ခဲ့ဖူးသော အကြောင်းအရာများကို ၀တ္ထုသဖွယ် ပုံပြင်သဖွယ်လုပ်၍ လက်ဆင့်ကမ်းလာကြောင်းတွေ့ရှိရသည်။
ဤကဲ့သို့ သမင်မျိုးချင်းလူမျိုးတို့၏ စကားတို့ကိုထောက်လျှင် ဗမာရာဇ၀င်လာ ဗေဒါ၏မိခင် သမင်မသည် ခြေလေးချောင်းထောက်၍ သွားသော တိရိစ္ဆာန် သမင်မျိုး မဟုတ်၊ သမင်းမျိုးချင်းမလေး ဗေဒါသာဖြစ်လိမ့်မည်။ သို့သော် ဗမာရာဇ၀င် ကိုရေးသား ခဲ့ကြသော ရာဇ၀င်ဆရာကြီးများသည် ထိုတောနယ်တောင်တန်းဒေသသို့ ရောက်ခဲ့ဖူး ဟန် မတူပေ၊ ဗေဒါ၏မိခင်သည် သမင်မဟု ဆိုလျှင်ပင် တိရိစ္ဆာန်သမင်းမျိုး၊ ခြေလေး ချောင်းပါသော သမင်မျိုးဟု ကောက်ချ ဆွဲရေးသားခဲ့ဟန်တူပေသည်။ ချင်းလူမျိုးနွယ် စုတွင် သမင်းမျိုးတည်းဟူသော ချင်းမျိုးနွယ်စုရှိနေသည်ကိုလည်း သိခဲ့ဟန်မတူချေ။
ဗမာရာဇ၀င်ပါ တိရိစ္ဆာန်သမင်မနှင့် အိမ်ရှေ့မင်းသားမှဖြစ်သော ရသေ့ကြီးတို့ ဇာတ်လမ်းသည် တိရိစ္ဆာန်သမင်မနှင့် ရသေ့ကြီးတို့၏ သံဝါသအမှုကို လူကြား ကောင်းလေအောင် ရသေ့ကြီး၏ ကျင်ငယ်ရည်ကိုသောက်၍ ခြေလေးချောင်းပါသော တိရိစ္ဆာန်သမင်မမှာ ပဋိသန္ဓေရသည်ဆိုခြင်းမှာ ယုတ္တိယုတ္တန် အလွန်ကင်းမဲ့သော စကားသာဖြစ်သည်။ ဤစကားကို ငါတို့ဗမာလူမျိုးမှတစ်ပါး လောကဓါတ်ပညာ ၌ ထင်ရှားသော နိုင်ငံခြားသားများနှင့် ပညာရှိအပေါင်းတို့သည်လည်း လားလားမျှ ယုံမည် မထင်၊ယုံမည်မဟုတ်၊ ၄င်းစာကိုတွေ့လျှင် ရယ်ဘွယ်သာမြင်ကြပါလိမ့်မည်။
ထိုအပြင် ဗေဒါကို ဗမာရာဇ၀င်၌ ဗေဒါ၏မိခင် သမင်မသည် ဗေဒါကိုမွေးဖွားပြီးနောက် ကလေးငို သံကြား၍ ထိတ်လန့်ကာ ထွက်ပြေးလေသည်ဟု ရေးသားကြပြန်၏ ဤစကားသည် လည်း လုံးဝယုတ္တိကင်းမဲ့သောစကားသာဖြစ်ပေသည်။ ရသေ့ကြီး၏ သီလအားကောင်း သောကြောင့် ရသေ့၏လက်ညိုးမှ နို့်တစ်ပုလင်းထွက်သည်ဆိုလျှင် ရသေ့ထက် သီလ သမာဓိ ပညာအားကောင်းသော ရဟန်းတော်များလက်မှ နို့ဆယ်ပုလင်းထွက်ရန် အကြောင်းရှိလေသည်။ ထို့ကြောင့် ရသေ့ကြီးလက်ညိုးမှ နို့ထွက်သောစကားသည် သဘာဝယုတ္တိမရှိသော စကားသာဖြစ်ချေသည်။ မိမိကလေးငိုသံကြား၍ မိခင်သမင်မထွက်ပြေးသွားကြောင့် ကလေးကိုနို့တိုက်ရန်မရှိသည့် ရသေ့ကြီး၏ အခက်အခဲကို ရာဇ၀င်ဆရာက ပရိကပ္ပ ကြံဆ၍ ရေးသားဟန်လက္ခဏာသာ ရှိလေသည်။
သမင်မျိုးနွယ်စုဝင် ချင်းလူမျိုးတို့၏ပြောစကားအရဆိုလျှင် မွေးဖွားပြီးတစ်လလောက်မှာ မိခင် မာလာ သေဆုံးသောအခါ ဆိတ်နို့နှင့်မွေးစားသည်ဟူသောစကားသည် သဘာဝယုတ္တိအားဖြင့် သင့်လျော်၏။ ထို့ကြောင့် ဗေဒါ၏မိခင်သည် ခြေလေးချောင်းပါသောတိရိစ္တာန်သမင်မ မဟုတ်ချေ၊ ချင်းမျိုးနွယ်စုဝင် သမင်မျိုးထဲမှဖြစ်သော လူသားမျိုးနွယ် မာလာ၏သမီး လူသားစစ်စစ် မဗေဒါ သာဖြစ်ကြောင်း သံသယမရှိ ယုံကြည်အပ်တော်သည်သာလျှင်တည်း။
မောင်ဖြူ (ကြွီတဲကျွန်း)11.10.2014 7း41 AM
ကျမ်းကိုး
မာရယုရာဇ၀ံသအကျဉ်းချုပ် နှင့် ဗေဒါရာဇ၀င် ကောက်နှုတ်ချက်
စာတမ်းပြုစုပြီး အင်္ဂလန်က တက္တသိုလ် တခုခုမှာ သွားတင်ကြည့်ပါ့လား။ ဒေါက်တာ ဘွဲ့လေးဘာလေးရနိုင်တယ်။ အရေမရ အဖတ်မရ ပါးစပ်ရာဇဝင်ကို အားအားယားယား သုတေသန လာလုပ်နေ။ သိကြားမင်း ခွေးရေပုရပိုက်က အစစ် ဟုတ်မဟုတ် ထပ်ပြီး သုတေသနလုပ်ဖို့ အကြံပေးချင်တယ်။
ReplyDelete