===================
နေပြည်တော် ဖေဖော်ဝါရီ ၁၇
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက
အမိန့်ကြော်ငြာစာ အမှတ် ၁၉/၂ဝ၁၅ ကို ထုတ်ပြန်ခဲ့ပါသည်။
ယင်းအမိန့်ကြော်ငြာစာတွင် ယာယီ သက်သေခံ လက်မှတ် သက်တမ်းသတ်မှတ်ခြင်း၊
သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံရေး စိစစ်မှု လုပ်ငန်းများ
ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း စသည့် အချက်များ ပါဝင်ပါသည်။
အများပြည်သူ စိတ်ဝင်စားနေသည့် ယာယီ သက်သေခံလက်မှတ် အကြောင်းနှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစစ်အေး၊ အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင် တို့၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။
မေး။ ။ အများပြည်သူ စိတ်ဝင်စားနေတဲ့ ယာယီသက်သေခံ လက်မှတ် အကြောင်းကို ရှင်းပြပေးပါ။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ။ ။ ယာယီသက်သေခံ လက်မှတ်ဆိုတာ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံ တင်ရေးနည်းဥပဒေ ၂ (င) မှာပါတဲ့ သက်သေခံ လက်မှတ်အစား ထုတ်ပေးထားတဲ့ သတ်မှတ်ထားတဲ့ ကာလ အပိုင်းအခြား တစ်ခုသာလျှင် အတည်ဖြစ်တဲ့ မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ်ကို ယာယီသက်သေခံ လက်မှတ်လို့ ခေါ်တာပါ။
ယာယီသက်သေခံလက်မှတ်ရဲ့ တကယ့်တရားဝင် အခေါ်အဝေါ်ကတော့ Temporary Identity Certificate လို့ ခေါ်တာပါ။ သို့သော်လည်းပဲ ဒီကတ်ပြားရဲ့အရောင်က အဖြူရောင်လေး ဖြစ်နေတဲ့အတွက် အများက white card လို့ သုံးနှုန်းခေါ်ဝေါ် ကြတာ ဖြစ်ပါတယ်။
ဒီယာယီသက်သေခံ လက်မှတ်တွေကို နိုင်ငံတော်အစိုးရက ဥပဒေနဲ့အညီ ထုတ်ပေး ထားတာပါ။ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ တွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ ၁၃-၁ (ဂ) မှာ ပါတဲ့ ပြဋ္ဌာန်းချက်အတိုင်း တရားဥပဒေနဲ့အညီ တရားဝင် ထုတ်ပေး ထားတာ ဖြစ်ပါတယ်။ ဒီကတ်ပြားကို ကိုင်ဆောင်ထားတဲ့သူတွေက ပြည်ထောင်စုမြန်မာနိုင်ငံတော် အချုပ်အခြာ အာဏာပိုင် နယ်မြေအတွင်း နေထိုင်သူများ ဖြစ်တယ်လို့ သက်သေခံနိုင်တယ် လို့လည်း ပြောလို့ရပါတယ်။ နောက်တစ်ချက်က ဘယ်လို ကတ်ပြားမျိုးပဲ ဖြစ်ဖြစ် တရားဝင် ကတ်ပြားတစ်မျိုးမျိုးကို ကိုင်ဆောင်ခြင်း မရှိသေးသူတွေ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ မြန်မာနိုင်ငံသားအဖြစ် စိစစ်ဖို့ ကျန်နေတဲ့သူတွေ၊ နောက်တစ်ခုက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ အထောက် အထားတွေ တင်ပြဖို့ အခက်အခဲရှိတဲ့ အတွက်ကြောင့် နိုင်ငံသား အရည်အချင်း သတ်မှတ်မှု မပြုနိုင်သေးတဲ့သူတွေနဲ့ ၁၉၄၈ ခုနှစ် နိုင်ငံခြားသား မှတ်ပုံတင်ရေး အက်ဥပဒေမှာပါတဲ့ နိုင်ငံခြားသားတွေ ကိုင်ဆောင် ရမယ့် မှတ်ပုံတင် တစ်မျိုးမျိုးကို ကိုင်ဆောင်ခွင့် မရှိသေးတဲ့သူတွေ၊ ဒီလိုလူမျိုးတွေကို ယာယီ သက်သေခံကတ်ပြား လက်မှတ် ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒီကတ်ပြားနဲ့ ပတ်သက်ပြီး သက်တမ်း သတ်မှတ်ချက် ရှိပါတယ်။ ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ၁၃-၃ မှာဆိုရင် သက်သေခံ လက်မှတ် အတည်ဖြစ်တဲ့ကာလကို ရက်အားဖြင့် ပိုင်းခြား သတ်မှတ်နိုင်တယ်လို့ အကြမ်းဖျင်း ဖော်ပြထားပါတယ်။ အဲတော့ ဒီကတ်ပြားကို ၁၉၉၅ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အစိုးရ လက်ထက်မှာစပြီး ထုတ်ပေးခဲ့တာပါ။ အဲဒီတုန်းက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ပြီးလို့ရှိရင် ဒီကတ်ပြားသက်တမ်း ကုန်ပြီလို့ ဆိုခဲ့ပါတယ်။ အစိုးရသက်တမ်း အဆက်ဆက် ယာယီသက်သေခံလက်မှတ် သက်တမ်း သတ်မှတ်ချက် တွေကလည်း ရှိခဲ့ပြီးသားပါ။ ဥပဒေအရ အတည်ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ အသက် (၁၈) နှစ်ပြည့်ပြီးတဲ့ ယာယီ သက်သေခံလက်မှတ် ကိုင်တဲ့သူတွေက မှတ်တမ်းမှတ်ရာတွေအရ တိတိကျကျ ပြောရင် ၅ သိန်း ၉ သောင်း ၁၆ ယောက်ရှိပါတယ်။ အဲဒီထဲမှာ ဘင်္ဂါလီ လူမျိုးတွေပါပါတယ်။ အိန္ဒိယ လူမျိုးတွေ ပါပါတယ်။ ပါကစ္စတန်လူမျိုး၊ တရုတ် လူမျိုးတွေ ပါပါတယ်။ နယ်စပ်ဒေသမှာ နေတဲ့ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးတွေလည်း ပါကြပါတယ်။ ဘာကြောင့်ဆိုတော့ နယ်မြေချင်း ထိစပ်နေတဲ့အခါ အသွင်သဏ္ဌာန်တို့၊ ဘာသာစကားတို့၊ ရုပ်ရည်တို့ တူတဲ့ အခါမှာ ခွဲခြားဖို့ ခက်နေသေးတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံသားအဖြစ် စိစစ်ဖို့ခက်နေသေးတဲ့ ပုဂ္ဂိုလ်တွေ ဒီနေ့အထိ ရှိနေဆဲဖြစ်ပါတယ်။
မေး။ ။ နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်တဲ့ ရည်ရွယ်ချက် ကိုလည်း သိပါရစေ။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ။ ။ ဒါကတော့ မြန်မာနိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို အားဖြည့်ပေးတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အခု နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာတဲ့အထိ အချို့က နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်မှု မရှိပါဘူး။ အခုလက်ရှိ အခြေအနေကတော့ အားလုံးသိတဲ့အတိုင်း နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်နေတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီး လေးလအကြာမှာ ၂ဝ၁၁ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး မိုးပွင့်စီမံချက်နဲ့ နိုင်ငံတစ်ဝန်းလုံးမှာ one stop service ဖြေလျှော့တဲ့နည်းနဲ့ ကွင်းဆင်း ဆောင်ရွက်ပေးတာ အခုဆိုရင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာမှာ အဆင့် ၇ ထိ ပြီးပါပြီ။ အခုဆိုရင် ပြည်သူ ၄ ဒသမ ၂ သန်းလောက်ကို ကတ်ပြားထုတ်ပေးပြီးပါပြီ။ အိမ်ထောင်စုဝင် လူဦးရေ စာရင်းဆိုရင် ခုနစ်သိန်းလောက် ထုတ်ပေးပြီး ဖြစ်ပါတယ်။ ယာယီသက်သေခံ လက်မှတ်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ ကတည်းက ထုတ်ထားတဲ့လူတွေ အစစ်မခံတာ ရှိတယ်။ ပုန်းရှောင်နေတာရှိတယ်။ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်တွေက ကြန့်ကြာနေ တယ်။ မိုးပွင့် စီမံချက်နဲ့ ကွင်းဆင်းပြီး တိုင်းရင်းသားတွေကို လုပ်ပေးသလို သွေးနှောတွေကိုလည်း ရုံးမှာလုပ်ပေးတယ်။ ကွင်းဆင်းပြီး လုပ်ပေးလို့ မရဘူး။ ဘာကြောင့်လဲ ဆိုတော့ မှတ်တမ်းမှတ်ရာနဲ့ အထောက်အထားနဲ့ စိစစ်ရတာ ဖြစ်ပါတယ်။ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံတော် အကျိုးစီးပွားနဲ့လည်း ဆက်စပ်နေပါတယ်။ ယာယီသက်သေခံလက်မှတ် ကိုင်တဲ့လူတွေ ဆိုရင်လည်း ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်၊ ဗဟိုအဆင့်လုပ်ငန်း စိစစ်ရေး အဖွဲ့တွေ ဖွဲ့ပြီး စနစ်တကျ စိစစ်ပေးတယ်။ နှစ်ပေါင်း ၂ဝ ကျော်ထိ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့သူတွေ ကျန်နေတဲ့ အတွက်ကြောင့် ဒီအစိုးရ လက်ထက်မှာ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးနိုင်အောင် ဒီအမိန့်ကြော်ငြာစာကို နိုင်ငံတော်အကျိုးငှာ ပြည်သူတွေရဲ့ လိုလားချက်နဲ့အညီ ဆောင်ရွက်ပေးတာပါ။
မေး။ ။ အဲဒီ အမိန့်ကြော်ငြာစာထဲမှာ ယာယီသက်သေခံလက်မှတ် သက်တမ်း ကုန်ဆုံးရက်ကို ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့လို့ သတ်မှတ်ထားပြီးတော့ သက်တမ်း ကုန်ဆုံးတဲ့ လက်မှတ်များ အပ်နှံခြင်းကို ၂ဝ၁၅ ခုနှစ် မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အပ်နှံဆောင်ရွက်ရမယ်လို့ ပါရှိပါတယ်။ ကြားကာလ နှစ်လအတွင်းမှာ အချိန်လုံလောက်မှု ရှိပါ့မလားဆိုပြီး ပြည်သူအချို့က ပြောနေကြတဲ့အပေါ်မှာ သုံးသပ်ပေးပါဦး။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ။ ။ တကယ်တော့ အချိန်က လုံလုံလောက်လောက် ရှိပါတယ်။ ၁၉၄၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေမှာ ဆိုရင် ယာယီသက်သေခံလက်မှတ် သက်တမ်းကုန်ဆုံးပြီး ခုနစ်ရက်အတွင်းမှာ ပြန်လည် အပ်နှံရမယ်လို့ ဥပဒေမှာ ပါရှိပါတယ်။ အခု နှစ်လဆိုတဲ့အချိန်က လုံလုံလောက်လောက် ရှိတယ်လို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်သူတွေအတွက် နိုင်ငံတော်က စီစဉ်ပေးတဲ့ အချောမွေ့ဆုံး ကိစ္စတစ်ခု ဖြစ်ပါတယ်။
မေး။ ။ နိုင်ငံတော်သမ္မတရဲ့ ဥပဒေအကြံပေး ခေါင်းဆောင်တစ်ဦးအနေနဲ့ သမ္မတရဲ့ အမိန့်ကြော်ငြာစာ အပေါ်မှာ သုံးသပ်ပေး ပါဦး။
ဦးစစ်အေး။ ။ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားကို ပြန်ကြည့်ရင် နိုင်ငံရဲ့ အရှေ့ဘက်မှာ လူဦးရေ သန်းပေါင်း ၁၂ဝဝ ကျော်ရှိတဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိပါတယ်။ အနောက်ဘက်မှာ လူဦးရေသန်း ၁ဝဝဝ ကျော်ရှိတဲ့ အိန္ဒိယ နိုင်ငံရှိပါတယ်။ အနောက် တောင်ဘက်မှာ ကျွန်တော်တို့နဲ့ ယှဉ်လိုက်ရင် လူဦးရေ သုံးဆလောက် များတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိပါတယ်။ ဆိုလို တာက ပြည်ပက တရားမဝင် ဝင်ရောက်တဲ့ကိစ္စတွေကို ထိန်းချုပ်ဖို့ဆိုတာ အဓိကတော့ ဥပဒေရဲ့ issue ဖြစ်ပါတယ်။ နောက် တစ်ခုပြောရရင် နိုင်ငံတကာက ဒီကိစ္စဟာ (Human Right) လူ့အခွင့်အရေးကိစ္စလို့ ရှေ့တန်း တင်ပြီး ပြောလေ့ ရှိပါတယ်။ တကယ်ကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ state security အတွက် အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
လွတ်လပ်ရေး မတိုင်ခင် ၁၉၄၇ ခုနှစ်မှာ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေဆိုတာ ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေရဲ့ ထူးခြားချက်ကတော့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင်ကြီးကိုယ်တိုင် စတင်ရေးဆွဲဆောင်ရွက်ခဲ့ တာ ဖြစ်ပြီးတော့ နိုင်ငံ့ခေါင်းဆောင်တွေအကုန်လုံး ပါဝင်ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တော်တော်လေး အငြင်းပွားခဲ့တာ ရှိပါတယ်။ သို့သော်လည်း နိုင်ငံ့အတွက် အလွန်အရေးကြီးတဲ့ ဥပဒေ တစ်ခုကို ပြဋ္ဌာန်း သတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါတွေက ဥပဒေပြဋ္ဌာန်းတဲ့ background တွေ ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေပြဋ္ဌာန်း ပြီး ၁၉၅၁ ခုနှစ်မှာ နည်းဥပဒေပြဋ္ဌာန်းပါတယ်။ ဒီအမိန့်ကြော်ငြာစာဟာ ဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီဥပဒေတွေရဲ့ထူးခြားချက်ကတော့ ဒီဥပဒေကို နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းခဲ့တာပါ။ နည်းဥပဒေ ပြဋ္ဌာန်းတာနဲ့ အမိန့်ကြော်ငြာစာတွေ အားလုံးကို နိုင်ငံတော်သမ္မတကိုပဲ အာဏာလွှဲအပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီ အမိန့် ကြော်ငြာစာ ထုတ်တဲ့အခါ သမ္မတကိုယ်တိုင်ရေးပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး ဥပဒေကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်တာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေး ခဲ့ကြပါတယ်။ နောက်ဆုံး လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တာတော့ ဒီဥပဒေဟာ ပြင်ဆင်စရာ ဖြည့်စွက်စရာ မလိုဘဲနဲ့ နိုင်ငံအတွက် လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ‘ဒီဥပဒေတွေကို အကြောင်းပြုပြီး သမ္မတက အမိန့်ကြော်ငြာစာကို ထုတ်ပြန် လိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ နှစ်ပေါင်း ၂ဝ ကျော် မပြတ်မသား ဖြစ်နေတဲ့ အခြေအနေကို အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေးမှာ ကဏ္ဍတစ်ခုအဖြစ် သွားဖို့ လိုအပ်ပါပြီ။ တကယ့် ဥပဒေရဲ့ အနှစ်သာရက ယာယီသက်သေခံလက်မှတ် ထုတ်ပေးထားပြီးလို့ရှိရင် ကာလအပိုင်းအခြားတစ်ခု ပေးထားပါတယ်။ ဒီကာလပြည့်ပြီ ဆိုတာနဲ့ ခုနစ်ရက်အတွင်း ပြန်လာပြီး သက်တမ်းတိုးတာ၊ စိစစ်ခံတာ၊ စိစစ် ဆောင်ရွက်တာကို ခံယူရပါမယ်။ အဲဒါကို နှစ်ပေါင်း ၂ဝ လောက် ကင်းကွာနေပြီ။ ဘယ်လိုအခြေအနေတွေ ရှိတယ်ဆိုတာကို စိစစ်ကြဖို့လိုပါပြီ။ နှစ်ပေါင်းများစွာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ဒီကိစ္စကို ပြုပြင်ပြောင်းလဲမှု အနေနဲ့ ပြတ်ပြတ်သားသားလုပ်ဖို့ လိုအပ်နေပါပြီ။ ဒီလို လုပ်ဆောင်တဲ့အခါ တစ်စုံ တစ်ယောက် နစ်နာ သွားမယ်၊ နိုင်ငံသားတွေ နစ်နာသွားမယ် ဆိုတာမျိုးကို သမ္မတကြီးက ထည့်သွင်း စဉ်းစားထားပါတယ်။ ဒါကြောင့် termination ကို မတ်လ ၃၁ ရက်နေ့ အထိ သတ်မှတ်ပေးတယ်။ လာအပ်ဖို့ကိစ္စကို မေလမှာ အပ်ရမယ်လို့ နှစ်လခွာပြီး သတ်မှတ် ထားပါတယ်။ ဒါကို ကိုင်ဆောင်ထားသူတွေက လိုက်နာကြရမယ်။ ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်မယ့်ဌာနက အစီအစဉ်တွေ ရှိပြီးသားဖြစ်ပါတယ်။
နောက်တစ်ခုက ဒီဥပဒေတွေဟာ အင်္ဂလိပ်လက်ထက်ကတည်းကမို့ ခေတ်မမီဘူးလို့လည်း ပြောလို့ မရဘူး။ တကယ် ဟာကွက်တွေ ဘယ်လောက်ရှိတယ်ဆိုတာ international norm (စံ) တွေနဲ့ ကင်းကွာပြီလား၊ Human Right တွေနဲ့ ကင်းကွာပြီလား ဆိုတာ ပြန်ပြီး သုံးသပ် ရမယ်။ ဒါကို ပြန်ပြီး သုံးသပ်ဖို့အတွက် နောက်ဆုံးအပိုဒ်မှာ ပညာရှင်တွေနဲ့ပူးပေါင်းပြီး အမြန်ဆုံး ဆောင်ရွက်ဖို့အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးမယ်။ ပြည်သူတွေကို သမ္မတကြီးက အသိပေးထားပြီး ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စနစ်တကျ ဖြေရှင်း ဆောင်ရွက်သွားဖို့ အစီအမံတွေရှိတယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြ လိုပါတယ်။
မေး။ ။ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ အတွေ့အကြုံ ကြွယ်ဝတဲ့သူ တစ်ယောက် အနေနဲ့ သမ္မတရဲ့ အမိန့်ကြော်ငြာစာ အပေါ်မှာလည်း သုံးသပ်ပေးပါဦး။
ဦးလှမောင်။ ။ဒုက္ခသည်အစစ်တွေ ရောက်ရှိနေတာလည်း နိုင်ငံတကာမှာ ရှိပါတယ်။ နောက်ပြီး အကြောင်း အမျိုး မျိုးကြောင့် ရောက်ရှိနေတာတွေလည်း ရှိပါတယ်။ အဲဒီပုဂ္ဂိုလ် တွေကို နိုင်ငံတကာမှာတော့ လူသားချင်း စာနာ ထောက်ထားမှု အနေနဲ့ အကူအညီ ထောက်ပံ့မှုတွေ ပေးလေ့ရှိပါတယ်။ အဲဒီလို ထောက်ပံ့ပေးမယ့် ကိစ္စတွေကိုလည်း နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ပေးမယ်ဆိုရင် သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေကို လူ့အခွင့်အရေး အရ လူတစ်ဦးချင်းရဲ့ကိစ္စကို ပြန်လည် ဖြည့်ဆည်းပေး မှာဖြစ်တဲ့အတွက် ဒီကိစ္စမှာလည်း ဆုံးရှုံးနစ်နာစရာမရှိဘူးလို့ ထင်မြင်မိပါတယ်။
နောက်တစ်ခုက နိုင်ငံတွင်းမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာ အဖွဲ့အစည်းများကပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာခဏ ဝေဖန် သုံးသပ်တာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာယီ သက်သေခံ ဖြစ်သွားတာတွေ ရှိတယ်။ ဒီလူတွေက ဘာမှမစစ်ဆေးဘဲနဲ့ အချိန်တွေ သိပ်ကြာမြင့်နေပြီ ဆိုပြီးတော့ ဒါမျိုးတွေရှိပါတယ်။ ပြန်အပ်တဲ့သူတွေကို မိုးပွင့်စီမံချက်နဲ့ အရှိန်အဟုန် တိုးမြှင့်ပြီး လုပ်သွားမှာ ဖြစ်တယ်။ အချက်အလက်တွေကို ထပ်ညှိပြီး စိစစ်ပြီး လုပ်သွားမယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေကလည်း မကြာမီ အချိန် ကာလအတွင်း နိုင်ငံသား သက်သေခံ လက်မှတ် ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘက်က ထုတ်ပြန်တဲ့ အမိန့် ကြော်ငြာစာ ရယ်၊ ဝန်ကြီးရှင်းပြတာတွေကို အခြေခံပြီး ပြောရမယ်ဆိုရင် ဒီလိုထုတ်ပြန် လိုက်တာဟာ WIN-WIN SITUATION အဖြစ် မျှမျှတတ ညီညီမျှမျှနဲ့ အဘက်ဘက်က အကျိုးအမြတ် ရရှိနိုင်တယ်လို့ ယုံကြည်တဲ့အတွက် ဒါဟာကောင်းမွန် မွန်မြတ်တဲ့ ထုတ်ပြန်ချက် ဖြစ်တယ်လို့ မှတ်ချက်ပြုလိုပါတယ်။
မေး။ ။ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး တစ်ယောက်အနေနဲ့ သမ္မတရဲ့ အမိန့် ကြော်ငြာစာအပေါ် သုံးသပ်ပေးပါဦး။
ဦးဇော်အေးမောင်။ ။ နိုင်ငံတော်သမ္မတ သက်တမ်းကို သတ်မှတ်ပေးတာ မရှိခဲ့တဲ့အတွက် အဲဒီယာယီ သက်သေခံ လက်မှတ် ကိုင်ပြီး ၁၉၈၂ ခုနစ် နိုင်ငံသား စိစစ်ရေးဥပဒေအရ ဘယ်သူမှ နိုင်ငံသားအဖြစ် အစစ်ဆေးမခံဘဲ ဖြစ်နေကြတယ်။ အဲဒီအပေါ် ဒီအမိန့် ကြော်ငြာစာက ထွက်ပေါက်တစ်ခုပဲ။ တိုင်းရင်းသားတွေ စိုးရိမ်ပူပန်နေတဲ့ ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင် သူက တစ်သက်လုံး ဒီလိုသွားတော့မလားဆိုပြီး တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုအတွက်လည်း လက်တွေ့ကျတဲ့ ထွက်ပေါက် တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း ယာယီသက်သေခံ လက်မှတ်ကိုင်ပြီး တကယ်နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်သူတွေ ကလည်း အခွင့်အရေး မရ ဖြစ်နေတယ်။ အဲဒီအပေါ်မှာ နိုင်ငံတော် သမ္မတကြီးက ACTION PLAN တစ်ခု ရအောင် ကြော်ငြာချက် ထုတ်လိုက်တယ်လို့ ကျွန်တော်မြင်တယ်။ ဒီအမိန့်ကြော်ငြာစာ ထွက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ ရခိုင် တိုင်းရင်းသား တော်တော်များများက ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်။ ဒီအပေါ်မှာ တချို့ တိုင်းရင်းသားတွေက စိုးရိမ်မှုတွေရှိလာတယ်။ ယာယီသက်သေခံ လက်မှတ် ကိုင်ထားတဲ့ အထဲမှာ ရှမ်းပြည်နယ်ထဲက ကိုးကန့် တို့၊ ''ဝ''တို့လည်း ရှိတယ်။ ဒါကို အပ်လိုက်ပြီးရင် ငါတို့ ဘာအထောက်အထားမှမရှိဘဲ WITHOUT PERSON ဖြစ်သွားမှာ ကြောက်တယ်။ အမှန်ကတော့ ဒီဟာသည် တကယ်နိုင်ငံသား ဖြစ်သင့် ဖြစ်ထိုက်သူဟာ ဖြစ်ကို ဖြစ်သွားမယ်။ နောက်ပြီး ရခိုင်တိုင်းရင်းသားတွေ ဘက်က ဘာတစ်ခု စိုးရိမ်လဲ ဆိုတော့ တပ်မတော်အစိုးရလက်ထက်မှာ ယာယီသက်သေခံ လက်မှတ်ထုတ်ပေးလိုက်တယ်။ ဒီ ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်သူဟာ ကျွန်တော်တို့ ရခိုင်ပြည်နယ်နဲ့ကျတော့ တစ်ဖက်နိုင်ငံက ခိုးဝင်လာတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေပေါ့။ ဒီရွှေ့ပြောင်း နေထိုင်သူတွေဟာ ကျွန်တော်တို့နဲ့ အသားအရောင်၊ ဘာသာစကား၊ ယဉ်ကျေးမှု ဘာမှ မတူဘူး။ ဒီလူတွေဟာ အလွယ်တကူ နိုင်ငံသား ရသွားမလားလို့ စိုးရိမ်နေကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်ကိုယ်တိုင်ပင်လျှင် စိုးရိမ်ခဲ့တယ်။ ကျွန်တော်လည်း စာရွက် စာတမ်းတွေ ဖတ်ကြည့်လိုက်တော့ စိုးရိမ်စရာမလိုဘူးလို့ သိလာတယ်။ ယာယီ သက်သေခံ လက်မှတ်အပ်တဲ့အခါမှာ သူ့လုပ်ငန်းစဉ်က အပ်တဲ့သူကလည်း ပူစရာမလိုဘူး။ အပ်လိုက် တာနဲ့ လက်ခံရရှိကြောင်း အထောက်အထား တစ်ခု ထုတ်ပေးမယ်။ ဟိုဟာက သက်တမ်း သေသွားပြီ။ ပုံစံတွေဖြည့်ရမယ်။ သူကိုယ်တိုင် အင်တာဗျူး လုပ်ရမယ်။ ပုံစံတွေဖြည့်ပြီး တိုင်းလည်း မရသေးဘူး။ အဲဒီပုံစံမှာ လိမ်ညာဖြည့်ရင် ၁၉၈၂ ခုနှစ် ဥပဒေအရ ရာဇသတ်ကြီး ဥပဒေအရ အရေးယူလို့ရတယ်။ ယာယီ သက်သေခံလက်မှတ် ကိုင်ထား သူဟာ အဓိကက ဒေသစကား တစ်မျိုးမျိုး ပြောတတ်ရမယ်။ စကားမပြောတတ်ရင် PASS မဖြစ်ဘူး။ အဲဒါကို ရခိုင်တိုင်းရင်းသားတွေ မသိကြဘူး။ အဲဒါကို ရခိုင်တိုင်းရင်းသားရော၊ ကျန်တိုင်းရင်းသားတွေကိုရော အသိပညာ ပေးချင်ပါတယ်။ လွယ်လွယ် ကူကူ နိုင်ငံသား ဖြစ်ဖို့ ထုတ်ပေးထားတဲ့ အမိန့်မဟုတ်ပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ သေသေချာချာ စိစစ်ပြီးမှ ထုတ်မှာဖြစ်ပါတယ်။ မြို့နယ်အဖွဲ့တစ်ခုတည်းက ထုတ်မှာလား ဆိုတော့ မဟုတ်သေးဘူး။ မြို့နယ် နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူဆိုင်ရာ စုံစမ်းရေးအဖွဲ့က သေချာ ကျကျနန စုံစမ်းစစ်ဆေးပြီး ငယ်စာရင်းတွေနဲ့ တိုက်မယ်။ သူတို့ရဲ့တွေ့ရှိချက်တွေ ကို တိုင်းဒေသကြီး/ပြည်နယ်ရဲ့ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းရေး အဖွဲ့ကို တင်ရမယ်။ ပြီးရင် ဗဟိုအဖွဲ့ ကလည်း သေချာအနုလုံ ပဋိလုံ စိစစ်မှာ ဖြစ်ပါတယ်။ အကုန်လုံး အဆင့်ဆင့်ပြီးမှ ဗဟိုကို တက်လာမယ်။ ပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့က ယာယီသက်သေခံ လက်မှတ်ကိုင်ထားသူဟာ နိုင်ငံသား ဖြစ်သင့်သလား၊ နိုင်ငံသား ပြုရသင့်သလားဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ရခိုင်တိုင်းရင်းသား အပါအဝင် တိုင်းရင်းသား ပြည်သူတွေကို အသိပေးလိုတာက ဒီလုပ်ငန်းစဉ်မှာ မှန်ကန်တဲ့သူဆိုရင် မှန်မှန်ကန်ကန် ရသွားမယ်။ မမှန်ကန်တဲ့သူကတော့ မမှန်ကန်သလို ဖြစ်မှာပါ။ အဲဒါကြောင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်တဲ့ အမိန့် ၁၉/၂ဝ၁၅ ဟာ ကျွန်တော်တို့နိုင်ငံမှာ စိန်ခေါ်မှု တစ်ခုဖြစ်နေတဲ့ ဝှိုက်ကတ် (ခေါ်) ယာယီ သက်သေခံ လက်မှတ်အတွက် အကောင်းဆုံးသော ကြေညာချက်ဖြစ်တယ်လို့ ယုံကြည်တယ်။ အကောင်းဆုံးသော ရလဒ်ရမယ်လို့လည်း ယုံကြည်တယ်။ အဲဒီအတွက် တိုင်းရင်းသား၊ နိုင်ငံသားတွေ အားလုံးက အပြုသဘောနဲ့ ကူညီပေးဖို့လိုတယ်။ အဲဒါမှ ကျွန်တော်တို့ နိုင်ငံမှာ တွေ့နေရတဲ့ ပဋိပက္ခ ပြေလည် သွားမှာ ဖြစ်တယ်။ ပြေလည်သွားမှ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းတွေ ရရှိလာမှာဖြစ်တယ်။
မေး။ ။ အခုဆိုရင် နိုင်ငံတော်သမ္မတရဲ့ အမိန့်ကြော်ငြာစာနဲ့ ပတ်သက်ပြီး စုံစုံလင်လင် သိရှိရပါပြီ။ အဲဒီအပေါ် လ.ဝ.က အနေနဲ့ ကလည်း ရှေ့ဆက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်ကို သိချင်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ။ ။ ယာယီသက်သေခံလက်မှတ်တွေ လာအပ်တဲ့အခါ အအပ်ခံနိုင်ဖို့ လက်ခံရေးစခန်းတွေ ဖွင့်ပြီး ဆောင်ရွက်သွားဖို့ စီမံ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒုတိယအဆင့် အနေနဲ့ကလည်း ယာယီသက်သေခံ လက်မှတ် ကိုင်တဲ့သူတွေ ဘာဆက်လုပ်ရမလဲ၊ ဘယ်နေ့မှာ အပ်ရမလဲ၊ ဘယ်နေ့မှာ သက်တမ်းကုန်သွားမလဲ ဆိုတာ သိအောင် မီဒီယာ လုပ်ငန်းစဉ်အပါ ကွင်းဆင်း ဟောပြောတဲ့ လုပ်ငန်းစဉ် အဆုံး နည်းပေါင်းစုံနဲ့ သိအောင် ဆောင်ရွက်သွားပါမယ်။ ယာယီ သက်သေခံ လက်မှတ်နဲ့ ဆက်စပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေအပေါ်မှာ ဝေဖန်သုံးသပ် အကြံပြုနိုင်ဖို့ လေ့လာ သုံးသပ် အကြံပြုရေး ကော်မရှင်ကို ဖွဲ့မယ်။ ဒီအတွက်လည်း ပြင်ဆင်နေပါပြီ။ ဥပဒေအရ လိုအပ်ချက်တွေ၊ နည်းဥပဒေအရ လိုအပ်ချက်တွေ၊ ထပ်ဖြည့်ပေးမယ့်ကိစ္စတွေ စသည်ဖြင့် ဒီလိုပေါ်ပေါက်လာမယ့် အချက်တွေမှာလည်း ကျွန်တော်တို့ ဒီဥပဒေ အကောင် အထည်ဖော်ပြီး တိတိကျကျ အကောင်အထည်ဖော်သွားပေးမယ်ဆိုပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပေးထားပါတယ်။ ဒါတွေ တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ ပြောပြလိုပါတယ်။
ဦးစစ်အေး။ ။ ဒီကြေညာချက်ဟာ နိုင်ငံရေးအရ ကိုင်တွယ်ဖြေရှင်းလိုစိတ် ရှိတယ်ဆိုတာကို ပြသတာဖြစ်ပါတယ်။ ပြည်သူတွေ အားလုံး အကျိုးအတွက်၊ နိုင်ငံ့ အကျိုးအတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒါကို ကာယကံရှင် ကိုယ်တိုင်ရော ပြည်သူတစ်ရပ်လုံး ကရော နားလည်ပြီး တစ်ခဲနက် ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီလိုပဲ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူမှုရေး အဖွဲ့အစည်းတွေကလည်း အခုလို ကမကထ လုပ်ပြီး ဆောင်ရွက်မှုအပေါ်မှာ သိုင်းဝိုင်းပြီးတော့ လိုတဲ့ အကူအညီတွေ ပံ့ပိုးပြီး ဝိုင်းဝန်း ဆောင်ရွက်ဖို့ လိုပါတယ်။ ပြည်သူပါဝင်ဖို့က အဓိက အရေးကြီးပါတယ်။ ပြီးတော့မှ နိုင်ငံတကာရဲ့ အသိုင်းအဝိုင်းက ဝိုင်းပြီး ပံ့ပိုးထောက်ပံ့ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းချက်အတိုင်း အားလုံး အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။
မေး။ ။ ဖြည့်စွက်ပြောချင်တာများ ရှိရင်လည်း ပြောပြပေးပါ။
ဦးလှမောင်။ ။ အခုလို အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်တဲ့ ကိစ္စဟာ လူမျိုးစု နှစ်ခုကြား နောက် နယ်ခြားမှာရှိတဲ့ ပုဂ္ဂိုလ်တွေရောပေါ့လေ နည်းနည်းလေး ပြဿနာဖြစ်နေတဲ့ ဒီနိုင်ငံသားဖြစ်မှု ပြုမှုကိစ္စလေးတွေဟာ တော်တော်လေး ရှင်းလင်း ပြီးတော့ အချိန်တို အတွင်းမှာ ပြတ်ပြတ်သားသားနဲ့ ရှင်းလင်းသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စဟာ သမ္မတကြီး က အချိန်မီ ထုတ်ပြန်လိုက်တဲ့အတွက် ဒီကိစ္စက အင်မတန် ကောင်းမြတ်တဲ့ ကိစ္စတစ်ခုဖြစ်တယ်ဆိုတာ ဖြည့်စွက်ပြောကြား လိုပါတယ်။
ဦးဇော်အေးမောင်။ ။ အဓိကတော့ နိုင်ငံတော်ရဲ့အကျိုး၊ ပြည်သူရဲ့အကျိုးကို ဆောင်ရွက် ခဲ့တဲ့ ကိစ္စဖြစ်တယ်။ အထူးသဖြင့် အဓိက ရည်ရွယ်ခဲ့တာကတော့ ဒီအစိုးရအဖွဲ့သစ် လက်ထက်မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ သိသိသာသာ ဆောင်ရွက် လာတာ တွေ့ရတယ်။ တတ်နိုင်သမျှ သိသိသာသာ ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ် တွေကို အထောက် အကူပြုနိုင်တဲ့ ဒီအမိန့် ကြော်ငြာစာကို ထုတ်ခဲ့ရတာဖြစ်တယ်။ တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း ယာယီသက်သေခံ လက်မှတ် ကိုင်ထားတဲ့သူတွေ အပေါ်မှာ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် တည်ဆဲ ၁၉၈၁ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်ပေးပါလို့ တောက်လျှောက်ပြောတယ်။ ဒီပြည်သူတွေရဲ့ လိုလားချက်ကို ဖြည့်ဆည်း ပေးတယ်။ နောက်တစ်ခု နိုင်ငံတကာ ပိုင်းကလည်း ဒီလိုပြောနေကြတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ဘက် ကိစ္စတွေမှာဆိုရင် ဒီဘင်္ဂါလီတွေ အပေါ်မှာ နိုင်ငံသား စိစစ်ရေး ကိစ္စတွေ တတ်နိုင်သမျှ လုပ်ပေးပါလို့ နိုင်ငံတကာကလည်း ဒီလိုပြောနေကြတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အဓိက လိုအပ်ချက် တစ်ခုအနေနဲ့ရော သူတို့ပြည်သူတွေရဲ့ ဆန္ဒကို ဦးထိပ် ပန်ဆင်တဲ့ အနေနဲ့ရော အမိန့်ထုတ်ပြန် ကြေညာချက်ကို ကျွန်တော်တို့က အကောင် အထည်ဖော်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့လုပ်ငန်းအပေါ်မှာ နားလည်ပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ ဒီနေရာကတစ်ဆင့် ပြည်သူတွေအားလုံးကို ပန်ကြား လိုပါတယ်။
https://www.facebook.com/photo.php?fbid=1400756146900651&set=a.1380149318961334.1073741828.100008988372812&type=1&theater

No comments:
Post a Comment