အာနန္ဒစန္ဒြမင်းကျောက်စာပါ
မင်းဆက်များသက်တမ်း ဖေါ်ပြခြင်း
=================================
10.12.2017
အာနန္ဒစန္ဒြမင်းကျောက်စာ၌
ပထမမင်းဆက်တွင်မင်း(၁၅)ပါး ဒုတိယမင်းဆက်တွင်(၁၃)ပါး၊ တတိယမင်းဆက်တွင်(၉)ပါး ဟူ၍ မင်း ဆက် (၃) ဆက်ပါရှိပါသည်။ ပထမမင်းဆက်(၁၅)ပါး ကို ဂါထာ(၃)မှ ဂါထာ(၁၈)ထိ တွင်ဖေါ်ပြထားပြီး၊ ဒုတိယ မင်း ဆက် (၁၃) ကို ဂါထာ(၁၉)မှ ဂါထာ(၃၂) ထိတွင် ဖေါ်ပြထားပေသည်။ တတိယမင်းဆက်ကို ဂါထာ (၃၃)မှ ဂါထာ(၄၆) ထိတွင် ရေးသား ဖေါ်ပြထားသည်ကိုတွေ့ရပါသည်။
မင်းဆက်များ သက်တမ်းသည် ကျောက်စာအလိုအရ တွက်ချက်မည်ဆိုလျှင် ဘီစီ ( ၈) ရာစု မှ အေဒီ(၇) ရာစုအတွင်း မင်းဆက်များ ဖြစ်သည်ဟု ယေဘူယျ ပြောလိုပါသည်။ အာနန္ဒစန္ဒြ မင်း ကျောက်စာပါ ပထမ မင်းဆက်ကို ဘီစီ(၈)ရာစုက အဘယ်ကြောင့် ပြောနိုင်သနည်းဟူမူကား အာနန္ဒစန္ဒြမင်း ကျောက်စာ အောက် ဆုံးစာကြောင်းပါ (ဧကာဒဿမ=၁၁) ကို ခရစ်နှစ်ပြောင်း၍ [၁၁+၆၃၈= A.D 649 ] အောက်မှ အထက်သို့ ကျောက်စာပါ မင်းများ နန်းစံ နှစ်အတိုင်း ရေတွက်လာလျှင် ပထမ မင်းဆက်၏ အပေါ်ဆုံး မင်းသည် (B.C 770) အစဖြစ် နေသည် ကို တွေ့ရမည်ဖြစ်ပါသည်။ ဤသို့ ဖြစ်ရသည်မှာ ကျောက်စာပါ ပထမမင်း (၇)ပါး ၏ နန်းစံ နှစ် (၁၂၀) ကို ပါသည့်အတိုင်း ရေတွက် ယူလာသောကြောင့် ဖြစ်ပါသည်။ မင်းဆက်ဇယား(၁)ကို ကြည့်ပါ။ ဤကား အာနန္ဒစန္ဒြမင်း ကျောက်စာအလိုဖြစ်ပါသည်။
====================================================ပထမမင်းဆက်တွင် မင်း(၁၅)ပါးရှိသည့်အနက် နန်းစံနှစ် (၁၂၀) ပါသော မင်း(၇)ပါး ၊ နန်းစံနှစ် အတိ အကျပါသော မင်း(၈)ပါး ပါ ရှိသည်ကိုတွေ့ရပါသည်။ နန်းစံနှစ် အတိအကျပါသော မင်း(၈) ပါး၏ စုစု ပေါင်း နန်းစံနှစ်ကို ရေတွက်ကြည့်သော် နှစ်ပေါင်း (၂၂၀) နှစ် ဖြစ်ပေသည်။
ပထမမင်းဆက်တွင် နန်းစံနှစ် အတိအကျပါသော မင်း(၈)ပါး၏ နန်းစံနှစ် (၂၂၀) ကို မင်း (၈)ပါး နှင့်စားလျှင် မင်းတစ်ပါးစီ၏ ပျှမ်းမျှ နန်းစံနှစ်သည် (၂၇)နှစ် ခန့် ဖြစ်သည်ကိုတွေ့ရပါသည်။သို့ဖြစ်၍ နန်းစံနှစ် (၁၂၀) ပါသော မင်း(၇) ပါးတို့၏ နန်းစံနှစ်ကို (၂၇) နှစ် ထား၍ တွက်ယူမည်ဆိုပါက နန်းစံနှစ် (၁၂၀) ပါသော (၈)ပါး၏ စုစုပေါင်း နန်းစံနှစ်သည် (၂၇ x ၇= 189) ဟု နှစ် ဖြစ်သွားပေမည်။ ထိုအတိုင်းသာ တွက်ယူ မည်ဆိုပါက မယုတ်မလွန် လက်ခံနိုင်ဖွယ် ရှိသည်ဟု ယူဆပါသည်။ ဤသို့ ရေတွက်ယူမည်ဆိုလျှင် အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက် မှ နောက်ဆုံး အာနန္ဒစန္ဒြမင်းထိ မင်းတို့ ၏ သက်တမ်းသည် အောက်ပါ အတိုင်းဖြစ်ပေသည်။
ပထမမင်းဆက်သည် (B.C -120) ၀န်းကျင်မှ (အေဒီ ၂၉၀ ) ထိ
ဒုတိယမင်းဆက်သည် ( အေဒီ-၂၉၀ မှ ၅၂၀ ) ထိ
တတိယမင်းဆက်သည် (အေဒီ ၅၂၀- ၆၄၉) ထိ ဖြစ်ပါသည်။
ထိုကြောင့် အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းတို့၏ သက်တမ်းသည် ယုတ္တိ ယုတ္တာ လူတို့လက်ခံနိုင် သော သဘောအရ ပြောရလျှင် (B.C 120 ၀န်းကျင် မှ A.D 649) ထိ ဖြစ်ပေသည်။ သို့မဟုတ် ဘီစီ ၂ ရာစု အစပိုင်းမှ အေဒီ ၇ ရာစု အလယ်ပိုင်းထိ ဖြစ်ပေသည်။ ဇယား(၂) ကိုကြည့်ပါ။
ကျောက်စာပါမင်းအားလုံးကို အခြေခံကာ တွက်ယူခြင်း
အာနန္ဒစန္ဒြမင်းကျောက်စာ တစ်ခုလုံး တွင် နန်းစံနှစ် အတိအကျပါသော မင်းပေါင်း (၃၀) ရှိပါသည် ။ ထိုမင်းတို့၏ စုစုပေါင်း နန်းစံနှစ်ကို ရေတွက်၍ တွက်ယူထားသော နည်းဖြင့် ဖေါ်ပြပါမည်။
ပထမမင်းဆက် နန်းစံနှစ်အတိအကျပါ မင်း (၈)ပါး နန်းစံနှစ် - ၂၂၀
ဒုတိယမင်းဆက် နန်းစံနှစ်အတိအကျပါ မင်း (၁၃)ပါး နန်းစံနှစ် - ၂၃၀
တတိယမင်းဆက် နန်းစံနှစ် အတိအကျပါ မင်း (၉)ပါး နန်းစံနှစ် - ၁၂၉
------------- --------------
စုစုပေါင်း မင်း နှင့် နန်းစံနှစ် ၃၀ -- ၅၇၉
အထက်ပါ နန်းစံနှစ် အတိအကျပါသော မင်းဆက် (၃)ဆက်၏ နန်းစံနှစ် ( ၅၇၉ )နှစ် ကို မင်းပေါင်း ၃၀ နှင့် စားလျှင် မင်းတစ်ပါး၏ ပျှမ်းမျှနန်းစံနှစ်သည် (၁၉) နှစ် ခန့် ဖြစ်သည်ကို တွေ့ရပေမည်။ ထိုကြောင့် ပထမမင်းဆက်တွင် နန်းစံနှစ် (၁၂၀) ပါသော မင်း(၇)ပါးအား မင်းတစ်ပါးစီကို နန်စံ(၁၉ ) နှစ်ထား၍ သတ်မှတ်တွက်ချက်ယူမည်ဆိုလျှင် ထိုမင်းတို့၏ နန်းစံနှစ်သည် (၁၉ x ၇ = ၁၃၃) နှစ်ဖြစ်ပေ သည်။
ဤကဲ့သို့တွက်ယူလျှင် အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်များ၏ သက်တမ်းသည် (ဘီစီ ၆၃ မှ အေဒီ ၆၄၉) ထိ ဖြစ်ပေသည်။ သို့မဟုတ် (ဘီစီ ၁ ရာစုမှ အေဒီ ၇ ရာစု )ထိ ဖြစ်ပေ သည်။ ဇယား (၃) ကို ကြည့်ပါ။
မောင်ဖြူ (ကြွီတဲကျွန်း)
No comments:
Post a Comment