ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားတွင် ရှေးဟောင်းကျောက်စာတိုင်းကြီး တစ်တိုင် ရှိပါသည်။ ထို ကျောက် စာတိုင်ကို အာနန္ဒစန္ဒြကျောက်စာတိုင်ဟုခေါ်ကြသည်။ ကျောက်စာကို ဒေ၀နာဂရီပွား အက္ခရာ တွင် သက္ကတ ဘာသာဖြင့် ရေးထိုးထားကျောက်စာဖြစ်ပေသည်။ စာကြောင်းရေ(၇၃) ပါရှိပေသည်။ ဂါထာအားဖြင့် (၆၅)ဂါထာနှင့် စကားပြေတစ်ပိုဒ်ရှိသည်။ ဂါထာ(၆၅)ပိုဒ်ရှိသည်ဟုဆိုသော်လည်း ဖတ်၍ မရသော အစ စာကြောင်းရေ (၁-၂-၃) ကို ထည့်သွင်း ရေတွက်ထားခြင်းမရှိပါ။ ထိုစာကြွင်းများ မပါ။
ဤကျောက်စာတွင် အာနန္ဒစန္ဒြမင်းကြီးသည် သူ၏ ဘိုးလောင်းတော် ဘေးလောင်းတော် ဆွေစဉ်မျိုးဆက် ဘုရင်များ ကို မှတ်တမ်းတင်ထားကာ သူ၏ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့မှုများနှင့် အများအကျိုးဆောင်ရွက် ခဲ့မှု၊ ဘာသာရေး ဆောင်ရွက်ခဲ့မှုများကို အသေးစိတ် မှတ်တမ်းတင်ရေးထိုးထားသော ရှားပါးကျောက်စာ တစ်ချပ်ဖြစ်ပါသည်။
ဤကျောက်စာကို အစအဆုံး အဓိပ္ပါယ် အပြည့်စုံဆုံး ဖတ်ခဲ့သောပုဂ္ဂိုလ်မှာ အင်္ဂလန်နိုင်ငံ အောက်စဖို့စ့် တက္ကသိုလ် ဘေလီယောကောလိပ်မှ အရှေ့ တိုင်းပညာရပ်ဆိုင်ရာ ပါမောက္ခ အင်္ဂလိပ်လူမျိုး E.H .Johnston ဖြစ်ပါ သည်။ ပါမောက္ခဂျွန်စတင်သည် ဤ ကျောက်စာကို (၁၉၃၅-၁၉၄၂) နှစ်အတွင်း ဖတ်ရှုခဲ့လိမ့် မည်ဟု ခန့်မှန်းကြပေ သည်။ ဂျွန်စတင်သည် အာနန္ဒစန္ဒြကျောက်စာတိုင်ကိုကြည့်ပြီး ကိုယ်တိုင်ဖတ်ယူခြင်း မဟုတ်ဘဲ ရန်ကုန်တက္ကသိုလ် မှ ပေးပို့သော မင်ကူးပုံ ၂ ပုံနှင့် ဓါတ်ပုံရိုက်ယူထားသော အခြားပုံ အချို့မှနေ၍ ဖတ်ခဲ့သည်ဟု ဆိုထားပါ သည်။ ပါမောက္ခဂျွန်စတင်သည် (၁၉၄၂) အောက်တိုဘာတွင် ကွယ်လွန်ခဲ့လေသည်။
ထိုအခါ ဤအာနန္ဒစန္ဒြကျောက်စာ၏ စာတမ်းသည် စာကြမ်းအဖြစ်သာ ရှိနေခဲ့ပေသည်။ ၄င်းစာတမ်းကို ဘေလီယောကောလိပ်မှ တာဝန်ရှိသူများက ပါမောက္ခ ဆာရစ်ချစ်ဘန်း နှင့် ပါမောက္ခ ဂျီအိပ်(ချ)လုပ်(စ်) ၏ အကူ အညီဖြင့် စာချောအဖြစ် တည်းဖြတ်ပြီး Ball.S.O.A.S .Vol xi, pt.2, pp 357-3385 . “Some Sanskrit Inscriptions of Arakan” ခေါင်း စဉ်ဖြင့် ထည့်သွင်းထုတ်ဝေခဲ့ပေသည်။
ဂျွန်စတင်၏ အာနန္ဒစန္ဒြကျောက်စာ စာတမ်းကို တည်းဖြတ်ထုတ်ဝေခဲ့သော ပညာရှင်များသည် ဂျွန်စတင်၏ စာတမ်းတွင် သက္ကတလို ရေးသားထားသော စာတမ်း၌ အာနန္ဒစန္ဒြမင်းကျောက်စာမှာ ပါသည့်အတိုင်း စာကြောင်းရေ(၇၃)ကြောင်း ရေးသားပါရှိသော်လည်း အင်္ဂလိပ်လို ဘာသာပြန်ရာ၌ စာကြောင်းရေအလိုက် နံပါတ် စဉ်တပ် ဘာသာမပြန်ဘဲ ဂါထာပိုဒ်အလိုက်သာ နံပါတ်စဉ်တပ်၍ ဘာသာပြန်ကြသည်ကို တွေ့ရ သည်။ ထိုကြောင့် အာနန္ဒစန္ဒြကျောက်စာ တွင် ပါသော ဂါထာအပိုဒ်(၆၅) နှင့် စကားပြေတစ်ပိုဒ်ကိုသာ အင်္ဂလိပ်လို ဘာသာပြန် ရေး သားထုတ်ဝေခဲ့သည်ကို တွေ့ရသည်။
အောက်ဆုံးစာကြောင်းတိုနှစ်ကြောင်းသည် ဂါထာ မဟုတ်သောကြောင့် ဘာ သာမပြန်ဘဲ ထားခဲ့ကြခြင်းလော့ စဉ်းစားမိပါသည်။ ဂျွန်စတင်၏ စာတမ်း သက္က္တတ လိုရေးသားထားရာ၌ အောက်ဆုံး စာကြောင်းများကို Line (72-73) ဟုသာ နံပါတ်တပ်ထားသည်ကိုသာ တွေ့ရပြီး အင်္ဂလိပ်လို ဘာသာပြန် ထားသည် ကို မတွေ့ရပေ။ ထိုစာကြောင်းများကို သက္ကတဘာသာဖြင့် ရေးသားထားခဲ့သည့်အတိုင်းသာ ဖေါ်ပြခဲ့ကြပြီး ဘာသာ ပြန်မှု မပြုခဲ့ကြချေ။ ကျောက်စာကို လေ့လာလိုက်စားသူ ပညာရှင်အများအပြား သည်လည်း ဂျွန်စတင်၏စာတမ်း အင်္ဂလိပ်လို ဘာသာပြန်ထားသော မူကိုသာ အဓိကထား လေ့လာကြ သူများသောကြောင့် အာနန္ဒစန္ဒြကျောက်စာ တွင် စာကြောင်း ရေ(၇၁)ကြောင်း ဂါထာ(၆၅)သာ ပါရှိသည် ဟု သိကြသည်၊ တစ်ချို့သောပညာရှင်များက တွေခဲ့ မြင်ခဲ့ကြသည် ၊ သို့သော် အနက် အဓိပ္ပါယ် မဖွင့် ဆိုခဲ့ကြပေ။
ယင်းနောက်တွင်ကား အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ပက်သက်၍ ဆောင်းပါးရေးသူ အတော်များများ ပေါ်ပေါက်ခဲ့ကြပြီးဖြစ်ပါသည်။ မွန်ဘိုကေသည် ယဉ်ကျေးမှုစာစောင်တွင် “သျှစ်သောင်း ဘုရားမှ သက္ကတကျောက် စာတိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးမင်းသုဝဏ် ၁၉၅၁-၅၂ နှစ်ထုတ် ဓည၀တီမဂ္ဂဇင်းတွင် “အာနန္ဒစန္ဒ ရ-ရှစ် ရာစုခေတ် ရခိုင်မင်းတစ်ပါး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆောင်းပါးများရေး သားခဲ့ကြသည်။
ဦးအောင်သာဦးလည်း ၁၉၆၆ ခုနှစ်ထုတ် ရခိုင်ယဉ်ကျေးမှုစာစောင်အတွဲ(၁) အမှတ်(၁)တွင် အာနန္ဒစန္ဒြ မင်းကျောက်စာနှင့် ပက်သက်၍ “ဝေသာလီ” တွင် ဆောင်းပါးကိုရေးခဲ့သည်ဟု သိရသည်။ မန္တလေးဝိဇ္ဇာသိပ္ပံ တက္က သိုလ် ပါဠိဌာနမှ ဆရာကြီးဦးမြင့်ဆွေ(သက္ကတ)သည် ၁၉၆၈ ခုနှစ် တတိယ အကြိမ် မြောက် သုတေသန ဆွေးနွေးပွဲ တွင် ဤအာနန္ဒစန္ဒြမင်းကျောက်စာအကြောင်းကို စာတမ်းဖတ် ခဲ့သည်ဟု သိရပါ သည်။ ယင်းနောက် ဆရာကြီး ဦးစံ သာအောင်သည် ဂျွန်စတင်၏ အင်္ဂလိပ်လို ရေး ထားသော အာနန္ဒစန္ဒြကျောက်မူ ကို အခြေခံကာ “အာနန္ဒစန္ဒြရှစ်ရာစု ရခိုင်ဝေသာလီမင်း” စာအုပ်ကို ၁၉၇၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။
ဤဆောင်းပါးတွင် အဓိက တင်ပြလိုသည်မှာ ရှေးရှေးက အာနန္ဒစန္ဒြမင်းကျောက်စာကို ဖတ်ခဲ့ကြသော ရေးသား ခဲ့ကြသော ပညာရှင်များသည် ဂျွန်စတင်၏ အင်္ဂလိပ်လို ဘာသာပြန်ရေးသားထားသည့် စာကြောင်းရေ (၇၁)ကြောင်းအပေါ်မှာသာ အမျိုးမျိုး ဝေဖန်ရေးသား တင်ပြကြပြီး အောက်ဆုံး စာကြောင်းရေ (၇၂-၇၃)ကို ယနေ့ထိ ပါမောက္ခဂျွန်စတင် မှ အပ မည်သည့် ပညာရှင် တစ်ဦးတစ်ယောက်မျှ ရေးသားဖေါ်ပြ ထားသည်ကို မတွေ့ရသေး ပေ။ ထိုကြောင့် အောက်ဆုံးစာကြောင်းရေ (၇၂-၇၃) စာကြောင်းများ၏ အဓိပ္ပါယ်ကို ဘာသာပြန် မရေးသား ခဲ့ကြ သည့်အတွက် အာနန္ဒ စန္ဒြမင်း ကျောက်စာေ ရးထိုးခုနှစ်ကို ခန့်မှန်းကြရာမှာ အိန္ဒိယမှ ယသောဝါရမန် ကျောက်စာနှင့် လက်ရေးလက်သား အတူတူဖြစ် သည်ဆိုပြီး ထိုကျောက်စာနှင့် မရှေးမနှောင်းတွင် ရေးထိုးခဲ့လိမ့်မည်ဟု ခန့်မှန်းရေး သားကြသည်ကို တွေ့ရသည်။ တစ်ဦးက ( 700-709 A.D) နောက်တစ်ဦးက (705-714 A.D) အခြားတစ်ဦးက လည်း (720-729 A.D) ဟု အမျိုးမျိုးခန့်မှန်းရေးသားကြပေသည်။ အာနန္ဒစန္ဒြကျောက်စာ အောက်ဆုံးတွင် စာ ကြောင်းတို နှစ်ကြောင်း ဖြစ်သော စာကြောင်းရေ(၇၂-၇၃) ကို အောက်တွင် ဖေါ်ပြထားသည်။ (ပုံ-၁)
အာနန္ဒစန္ဒြကျောက်တွင် အောက်ဆုံး၌ စာကြောင်းတို နှစ်ကြောင်းရေးထိုးပါရှိသည်ကို ပါမောက္ခဂျွန်စတင်၏ “Some Sanskrit Inscriptions of Arakan” စာတမ်းတွင် အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရပေ သည်။ အာနန္ဒစန္ဒြမင်းကျောက်စာကြောင်းရေ (၇၂-၇၃)ကို ပါမောက္ခဂျွန်စတင်မှ သက္ကတ ဘာသာရေးသားထားသည်ကို အင်္ဂလိပ်အက္ခရာဖြင့် အောက်ပါ အတိုင်း ရေးသားထားသည်။ (ပုံ၂)ရှု
(ပုံ-၂)
( ပုံ-၃)
အာနန္ဒစန္ဒြ ရှစ်ရာစု ရခိုင်ဝေသာလီမင်း စာအုပ်ကို ရေးသားခဲ့သော ဆရာကြီးဦးစံသာအောင်သည် ဂျွန်စတင်၏ “Some Sanskrit Inscriptions of Arakan” စာတမ်းပါ အောက်ဆုံးစာကြောင်းတို နှစ်ကြောင်းကို မြင်တွေ့ခဲ့ သူလည်းဖြစ်သည်။ ထိုအောက်ဆုံးစာကြောင်းများဖြစ်သော (၇၂-၇၃) ကို “ ဤစာ၏အောက်၌ ယင်းခေတ်နောက်ပိုင်း ၁၀ ရာစုက လက်ရေးမျိုးနှင့် ရေးထိုးထားသော စာကြောင်းတို ၂ ကြောင်းကိုတွေ့ရသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ယင်း စာကြောင်းများ ရေးထိုးထားသည်ကိုမသိပေ” ဟု မှတ်ချက်ပြုခဲ့သည်ကို တွေ့ရသည်။ (ပုံ-၄) ရှု
(ပုံ-၄)
အာနန္ဒစန္ဒြကျောက်စာပါ အောက်ဆုံးစာကြောင်းတို နှစ်ကြောင်းကို ဖေါ်ထုတ်တင်ပြခြင်း
(ပုံ-၅)
အာနန္ဒစန္ဒြကျောက်စာ အောက်ဆုံးစာကြောင်းများဖြစ်သော စာကြောင်းရေ (၇၂-၇၃)ကို ပုံမှာမြင်ရသည့် အတိုင်း ကျောက်စာပါ အက္ခရာစာလုံးများကို ကွန်ပျူတာဖြင့် အပေါ်မှ ထပ်၍ရေးပြီး ခွါချလိုက်သောအခါ ကျောက်စာပါ အက္ခရာစာလုံးများကို ရလာပါသည်။ (ပုံ-၅) ရှု
စာရေးသူသည် အပေါ်မှထပ်ကာ ရေးကူး ခွါချလိုက်ပြီး ရလာသော အက္ခရာစာလုံးများကို ယနေ့သုံး အက္ခရာများဖြင့် ဖလှယ်ထားသည်ကို (ပုံ-၆) လက်ဝဲဘက်ပါအတိုင်းရလာပေသည်။ ပါမောက္ခဂျွန်စတင် မှ အာနန္ဒ စန္ဒြမင်းကျောက်စာ၏ အောက်ဆုံးစာကြောင်းများဖြစ်သော စာကြောင်းရေ(၇၂-၇၃) သက္ကတ လို အင်္ဂလိပ်အက္ခရာဖြင့် ရေးသားထားသည်ကို ယနေ့သုံးအက္ခရာဖြင့် ဖလှယ်လိုက်သောအခါ (ပုံ-၆) လက်ယာဘက်ပါအတိုင်း ရလာပေသည်။
(ပုံ-၆)
ဤကဲ့သို့ ပါမောက္ခဂျွန်စတင်၏ အင်္ဂလိပ်လိုရေးသားထားသော သက္ကတမူကို ယနေ့သုံးအက္ခရာဖြင့် ဖလှယ်ထားသည့်မူနှင့် အယနာစာပီအဖွဲ့ မှ ကျောက်စာပါ သက္ကတဘာသာဖြင့် ရေးသားထားသော အက္ခရာများကို ယနေ့သုံးအက္ခရာများဖြင့် ဖလှယ်ပြီး ရလာသော စာလုံးများကို အဓိပ္ပါယ်ကို သိရှိစေ ဖို့အတွက် သက္ကတ အဘိဓါန် ကျမ်း ၊ ပါဠိအဘိဓါန်ကျမ်းများဖြင့် ညှိယူလိုက်သောအခါ
စာကြောင်း (၇၂) ပါ “သီရိကီက္တိသံပုရဏ္ဏ၀ိဇယ” ကို အဓိပ္ပါယ်ဖေါ်သော်
သီရိ=ကျက်သရေရှိစွာ၊
ကီက္တိ=ပေါ်လွင်ထင် ရှား၍၊
သံပုရဏ္ဏ=ပြည့်စုံစွာ ၊
ဝိဇယ= ပြီးမြောက်အောင်မြင်သတည်း။
တစ်ဆက်စပ်တည်းဆိုလျှင် (ကျက်သရေရှိစွာ ပေါ်လွင်ထင်ရှား၍ ပြည့်စုံစွာ ပြီးမြောက်အောင်မြင်သတည်း) ဟု အဓိပ္ပါယ်ကို ဖေါ်ယူရရှိလေသည်။
စာကြောင်းရေ(၇၃) “ဧကာဒဿမဗ္ဒေ” =ဧက+ဒဿ ၊စာလုံးနှစ်လုံးကို ပေါင်းစပ်ထားသောစကားလုံးဖြစ်ပေသည်။
“ဧက” သည် တစ်(၁) ၊
“ဒဿ” သည် တစ်ဆယ်(၁၀)
ထိုကြောင့် တစ် နှင့် တစ်ဆယ်ကို ပေါင်းလျှင် ဧကာဒဿမ = တစ်ဆယ့်တစ် (၁၁) ဟူသော အဓိပ္ပါယ်ကို ဖေါ်ယူရရှိ လေသည်။ (ပုံ-၇)ရှု
(ပုံ-၇)
ဤ (၁၁) ဂဏန်းသည် မည်သည့်ဂဏန်းနည်း၊ ကျောက်စာရေးထိုးခုနှစ်လား ၊ ကျောက်စာရေးထိုး ခုနှစ် ဆို လျှင် ရှေးခေတ်ရခိုင်ပြည်တွင် မည်သည့် သက္ကရာဇ်နည်း သာသနာသက္ကရာဇ်လား၊ ကောဇာသက္ကရာဇ် လား ဆန်းစစ် သုတေသနပြုဖို့လိုလာပြီ။ ထို(၁၁) ဟူသောဂဏန်းကို အနီးစပ်ဆုံးအဖြေမှန် တစ်ခုရရှိဖို့ အတွက် အာနန္ဒစန္ဒြမင်းကျောက်စာမှ ဂါထာမဟုတ်ဘဲ စကားပြေတစ်ပုဒ်ကို စတင်ခြေရာခံမိပါသည်။ ထိုဂါထာပိုဒ်တွင် ရေးထားသည့် စာသားတစ်ခု၏ အဓိပ္ပါယ်ကား ( အာနန္ဒစန္ဒြမင်းသည် မိမိ၏ ကိုယ်ပိုင် ဥစ္စာဖြင့် မင်းဖြစ်သည့် ပထမနှစ်မှစ၍ န၀မနှစ်မြောက်သည်အထိ ဘာသာရေး၊လူမှုရေးများကို လုပ်သည်) ဟု စာတစ်ကြောင်း ပါ ရှိပေ သည်။ (ပုံ-၈ ရှုပါ)
(ပုံ-၈)
အထက်ပါ စကားရပ်အတိုင်းဆိုလျှင် အာနန္ဒစန္ဒြမင်းကြီးသည် ကျောက်စာ ရေးထိုးသည့် အချိန်တွင် နန်း သက်(၉)နှစ်ရှိနေပြီးဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။ သူသာ ကျောက်စာရေးထိုးချိန်တွင် နန်းသက် (၂၀) ရှိနေမည်ဆိုပါက (မင်းဖြစ်သည့်ပထမနှစ်မှ နှစ်ဆယ်နှစ်မြောက်သည်အထိ) ဟု မလွဲမသွေ ရေးထိုး ခဲ့ဖြစ်ပေသည်။ ယခုသော် (မင်းဖြစ်သည့်ပထမနှစ်မှ န၀မနှစ်မြောက်သည်အထိ) ရေးထားသောေ ကြာင့် ကျောက်စာရေးထိုးချိန်တွင် အာနန္ဒစန္ဒြမင်းကြီးသည် ဧကန်အမှန် နန်းသက်(၉)နှစ် ဖြစ်နေသောကြောင့်သာ ဤသို့ ရေးထိုးခဲ့ခြင်းဖြစ်ပေသည်။
ကျောက်စာအောက်ဆုံးတွင် (၁၁-ခု) ဟုရေးထိုးခြင်းမှာ အိန္ဒိယတွင် သက သက္ကရာဇ်ဖြို (78 A.D) နှင့် ကိုက်ညီသော ရခိုင်ရာဇ၀င်လာ သူရိယ စိတြမင်းသက္ကရာဇ် (၆၂၂) ကိန်းကို ဖြိုပြီးရေတွက်လာသော (၅၆၂)ကိန်း ကို သီရိစန္ဒြမင်းသည် (၂)အကြွင်းထားကာ သက္ကရာဇ်ဖြိုခဲ့ သည်ကို ရခိုင်သမိုင်းရာဇ၀င်လေ့ လာသူတိုင်း သိရှိကြပြီးဖြစ်ပေသည်။ ရခိုင်ရာဇ၀င်လာ နောက်ဆုံးသက္က ရာဇ်ဖြို ခဲ့သည့် သီရိစန္ဒြမင်းနှင့် အာနန္ဒစန္ဒြ မင်း၏ဖခင် သီရိဓမ္မစန္ဒြမင်းတို့ အမည်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် တူညီနေပေသည်။ အကြွင်း(၂) ဂဏန်းသည်လည်း တိုက်ဆိုင်စွာပင် တူညီနေပေသည်။ ထိုအကြွင်း(၂) မှ စတင် ရေတွက်လာပြီး အာနန္ဒစန္ဒြ မင်းကြီး နန်းစံ(၉) နှစ်ကို ပေါင်းသော် (၁၁-ခု) ဖြစ်နေသည် ကလည်း တိုက်ဆိုင်နေပေသည်။ ထိုကြောင့် ကျောက်စာရေးထိုးပြီးချိန်တွင် tအာနန္ဒစန္ဒြမင်းကြီးသည် ကျောက်စာရေထိုးပြီးစီးနှစ်ကို ( ဧကာဒဿမဗ္ဒေ=၁၁) ဟု ရေးထိုးခြင်းဖြစ်ပေလိမ့်မည်၊ ထို(၁၁) ဂဏန်းမှ ရေတွက်လာသော သက္ကရာဇ်သည် ယနေ့ရခိုင်တို့ သုံးစွဲနေသော ကောဇာသက္ကရာဇ်ဟု ယူဆပါကြောင်း ရေးသား တင်ပြလိုက်ရပေသည်။
( ရခိုင်ရာဇ၀င်လာ သီရိစန္ဒြ မင်းအမည်သည် နာမည်မပြည့်စုံကြောင်း၊ မင်းအမည်မဟုတ်ကြောင်း ကို သီးသန့် ဆောင်းပါးတစ်ပုဒ်ဖြင့် ရှင်းလင်းရေးသားတင်ပြပေးပါမည်။ ဤကားစကားချပ်)
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့(ရန်ကုန်)
No comments:
Post a Comment