Wednesday, April 11, 2018

စတုတ္ထ သင်္ဂါယနာ များ


========
ယခုခေတ်အခေါ် သီရိလင်္ကာ ၊ ရှေးယခင် သီရိလင်္ကာကို သီဟဠဒီပ၊ သီဟိုဠ်ကျွန်း ၊ သီဠာမေဃ၊ ဒီပ၀င် မဟာဝင် သာရတ္တသင်္ဂဟစသော ကျမ်းများအရ သီရိလင်္ကာနိုင်ငံသည် ကကုဿန်ဘုရားလက်ထက်က သြဇာဒီပ၊ ကောဏဂုံဘုရားလက်ထက် ၀ရဒီပ၊ ကဿပဘုရားလက်ထက် မဏ္ဍဒီပ ၊ ဂေါတမဘုရားရှင်လက်ထက် သီဟဠဒီပ-သီလာမေဃ- တမ္ပဒီပ အမည်အသီးသီး ခေါ်တွင်ခဲ့ကြောင်း ၊ အာရဗီဘာသာဖြင့် ဆီလန်ဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာအားဖြင့် (CEYLE) စီလုံဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ သည်ကိုတွေ့ရပါသည်။
ယခု သီရိလင်္ကာ ဟုခေါ်သော တိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များအဖို့ ဘာသာရေးရှုထောင့်အနေဖြင့် အရေးပါလှသော နိုင်ငံတစ်ခုဖြစ်ပေသည်။ သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို အက္ခရာအားဖြင့် စတင်ဖြန့်ချီရာ လည်းတိုင်းနိုင်ငံလည်းဖြစ်ပေသည် ၊ကမ္ဘာပေါ်တွင် ဗုဒ္ဓဘုရားရှင်၏ ပိဋကတ်တော်များကို ပေထက် အက္ခရာတင် သော ပထမဆုံးသော တိုင်းနိုင်ငံတစ်ခုလည်းဖြစ်ပေသည်။ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် သုံးလီသုံးခါ ကြွတော်မူခဲ့သည့် တိုင်းပြည်ဖြစ်ကြောင်းလည်း တွေ့ရှိရပါသည်။
အသောကမင်း( BC 272-232) ၏ သားတော် မဟိန္ဒ ရဟန္တာတို့ သာသနာပြု စတင်လာခဲ့သော သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓသာသနာတော်သည် မည်မျှစည်ပင်ခဲ့သည်ကို အဌာကထာကျမ်းပေါင်းများစွာကို ရေးသားခဲ့သော အသျှင်ဗုဒ္ဓ ဃောသ က ဧက၀ါရံ ပုထုန ဘိက္ခူနာမနတ္ထိ- မြွက်ဆိုချက်အရဆိုလျှင် အခါတပါး၌ သီဟိုဠ်ကျွန်းတွင် ပုထုစဉ် ရဟန်းဟူ၍ မရှိကြောင်း အရိယာရဟန္တာများထွန်းကားခဲ့ကြောင်း ရေးသားထားရှိခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သိသာနိုင်ပေသည်။
စတုတ္ထ သင်္ဂါယနာ (သီဟိုဠ်)
စတုတ္ထ သင်္ဂါယနာတင်ရခြင်း အကြောင်းရင်း

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သာသနာနှစ် (၄၅၀) ရောက်သောအခါ သီဟိုဠ်ပြည်( ယခု သီရိလင်္ကာ) တွင်စတုတ္ထ သင်္ဂါယနာမတင်မီ အကြိုနှစ်များက သီဟိုဋ္ဌ်ကျွန်း၌ ၀ဋ္ဋဂါမဏိမင်း နန်းစံ၍ မကြာမီမှာပင် ကျည်းသား လူမျိုးတို့၏ ဗြဟ္မဏတိဿ သူပုန်ဘေးကြီး ဖြစ်ပွား၏ ၀ဋ္ဋဂါမဏိမင်းသည် သူပုန်ရန်ဘေးကြောင့် နန်းမှဆင်း ၍ ထွက်ပြေး ပုန်းအောင်း နေရသည်။ ထိုကာလမှာပင် မိုးကလည်းခေါင်သဖြင့် သီးနှံများပျက်ခဲ့ရာတစ်ကျွန်းလုံး ငတ်မွတ် ခေါင်းပါးပြီး ဒုဗ္ဘိက္ခန္တရကပ်ကြီး နှင့်ရင်ဆိုင်ကြရလေသည်။
မိုးခေါင်မှုနှင့် “ဗြဟ္မဏ တိဿ” သူပုန်ဘေးကြီး (၁၂)နှစ်ကြာ သောင်းကျန်းမှုကြောင့် လူအများ အငတ်ဘေး ကျရောက်ကာ တောထဲ၌ ပုန်းအောင်းနေရသောကြောင့် ရဟန်းသံဃာများသည် ဆွမ်းဘောဇဉ်ကို မဆိုထားနှင့် စားကောင်းစားရာ သစ်သီးသစ် ရွက်ကိုမျှ မှန်မှန် လှူနိုင်သူ မရှိသဖြင့် ကျမ်းတတ် အကျော်ဆရာတော် ရဟန်း သံဃာတို့သည် အစာအဟာရ ကို မျှမျှတတ မရကြသဖြင့် နှုတ်တိုက် အာဂုံဆောင် ထားသော ကျမ်းဂန်များ မေ့မည်စိုးသောကြောင့် ရေစိုသော သဲပေါ်တွင် လဲလျောင်း၍ ရင်မပူအောင် ရင်ဘတ်ပေါ် တွင် သဲတင်၍ ပိဋ္ဋကတ်တော် များကို ရွတ်အံ သရဇ္ဇျာယ်ခဲ့ကြရသည်။ နောင်အခါ ဤကဲ့သို့ဘေးဆိုးမျိုး ပေါ်ပေါက်လာလျှင် နှုတ်တိုက်အာဂုံဆောင်ရန် ခဲယဉ်းမည်စိုးရိမ်သဖြင့် ပေရွက်ပေါ်တွင် (ပါဠိဘာသာ)မဟုတ် သီဟိုဠ်ဘာသာ ဖြင့်ရေးသားကာ စတုတ္ထသင်္ဂါယနာတင် ခဲ့ကြခြင်း ဖြစ်သည်ကိုတွေ့ရပါသည်။
ဝဋ္ဋဂါမဏိမင်းသည် သူပုန်များရန်ကို ပြန်လည် နှိမ်နင်း နိုင်သဖြင့် ဒုတိယ အကြိမ် ထီးနန်းကိုစံမြန်းရပြန်သည်။ ထိုအခါ ပိဋကတ် ၃ ပုံကို နှုတ်ငုံ အာကုန်ဆောင်ခဲ့သော ရဟန္တာတို့သည် နှုတ်ဆင့်ကမ်းသယ်ဆောင်ရသဖြင့် တာဝန်ကြီးလှသည်။ အကယ်၍ ဘေးဒုက္ခ နှင့်ကြုံသဖြင့် ပြန်ဆိုခြင်း မပြုနိုင်လျှင် ဗုဒ္ဓတရားဒေသနာတော်များ ကွယ်ပျောက် သွားနိုင်သည်။
ထို့ကြောင့် ဒေသနာတော် အရပ်ရပ်ကို စာပေဖြင့် မှတ်တမ်းတင်ထားနိုင်မှ စိတ်ချရမည်ဟု စဉ်းစားမိကြသည်။ ထို့ကြောင့် သီဟိုဋ္ဌ် သံဃာရဟန္တာ တို့သည် ပိဋကတ်တော်များကို ပေလွှာပေါ်၌ အက္ခရာစာဖြင့် မှတ်တမ်းပြု ၍ သင်္ဂါယနာတင်ကြရန် ဆုံးဖြတ်ကြသည်။ သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တာ မဟိန္ဒနှင့်သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့ပျိုးထောင်ခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန် အန္တရာယ် ကြောင့့်  ၀ိနည်းလေးစားသော ရဟန်းသံဃာတို့သည် ဒုက္ခရောက်ကြရသည်။ အချို့သံဃာတို့တွင်လည်း လွန်စွာ ချို့တဲ့လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာ ကြသည် ကို အကြောင်းပြုပြီး - အရှင်မဟာဓမ္မရက္ခိတ မထေရ် ဦးဆောင်သောရဟန္တာ (၅၀၀) တို့ ပါဝင်သော သံဃာထုကို ၀ဋ္ဋဂါ မဏိမင်းက အထောက်အပံ့ပြုကာ ပိဋ ကတ် တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ကြသည်။
သီဟိုဠ်သင်္ဂါယနာ မှတ်စုအကျဉ်း
=====================
စတုတ္ထ သင်္ဂါယနာ တင်သည့်ခုနှစ်- သာသနာနှစ်(၄၅၀) (BC -93 )
တင်သည့်နေရာ - သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ
အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ - အရှင်မဟာဓမ္မရက္ခိတမထေရ်
တင်ရာတွင် ပါဝင်သည့် သံဃာဦးရေ - ရဟန္တာပေါင်း (၅၀၀)
အထောက်အပံ့ပြုသည့် ဘုရင်မင်း - ၀ဋ္ဋဂါမဏိမင်း
ကြာမြင့်ချိန် - (၁) နှစ်
တင်သည့်ဘာသာ - သီဟိုဠ်ဘာသာ (ပါဠိဘာသာမဟုတ်)
တင်သည့်စနစ် - - ပေထက်အက္ခရာ
ပေရွက်ရေပေါင်း - (၆၃၄၅ ) ရွက်
သီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာကို သီဟိုဠ်ဘာသာဖြင့် ပေထက်အက္ခရာ တင်ခဲ့ကြောင်း ကို ဓမ္မပဒ အဌကထာနိဒါနကထာတွင် ….(ယာတမ္ပ ပဏ္ဏိ ဒီပမှီ ဒီပဘာသာယ သဏ္ဍိတာ ) ။ဟု ပါရှိကြောင်းကို ဗုဒ္ဓတရားတော် အထက်တန်းအဆင့် ကျမ်းတွင်၎င်း၊ သာသနာ(၂၅၀၀) ခရီးကျမ်းတွင်၎င်း၊ ရခိုင်စာပေခရီး ၊ စာ-၂၃ ၊တွင်၎င်း၊ ရခိုင်ညွန့်ဖူး အမှတ်(၄) စာ -၉၂ - ၉၃ တွင်၎င်း ၊ ရခိုင် ဝေသာလီသားတို့၏ သင်္ဂါယနာကို ဆန်းစစ်ချက် -စောမင်းနွယ်(မြောက်ဦး) ရေးသားသည့် ဦးရာဇ်မြေ မဂ္ဂဇင်း စာမျက်နှာ (၁၃၂) လေ့လာတွေ့ရှိရပါသည်။ ၄င်းအပြင် တောင်တွင်းဆရာတော် ခင်ကြီးဖျော်ရေးသော ကလျာဏီ ကျောက်စာ ၊ မြန်မာပြန် စာအုပ်၊ စာမျက်နှာ ( ၁၄၄၊၁၄၅) တွင်လည်း သာသနာနှစ် ၉၅၆-ခုတွင် အရှင်မဟာ ဗုဒ္ဓဃောသ မထေရ်မြတ်သည် သီဟိုဠ်ဘာသာ ပိဋကတော်တို့ကို မာဂဓဘာသာသို့ ပြန်ဆိုခြင်းနှင့် သင်္ဂဟအဌကထာ (အဌကထာအကျဉ်း) တို့ကို စနစ်တကျ တည်းဖြတ်သန့်စင်၍ ပေထက်တင်ခြင်းကို ပြုလုပ်ခဲ့သည်ဟု ဖေါ်ပြထားသည်ကိုတွေ့ရပါသည်။
ဤသို့ သီဟိုဠ်တွင် သီဟိုဠ်ဘာသာဖြင့် စတုတ္ထသင်္ဂါယနာတင်ပွဲကို အိန္ဒိယရှိ ပြည်ထောင်မင်းများက အိန္ဒိယတိုက်ပြင်ပတွင်ဖြစ်သောကြောင့် အသိ အမှတ်မပြုကြ ပေ။ ထိုနောက် နောင် နှစ်ပေါင်း(၁၅၀)ခန့်အကြာ သာသနာသက္ကရာဇ် ၆၀၀ကျော် ၊ AD 1- ရာစု တွင် အိန္ဒိယနိုင်ငံ၊ ကသ္မီရတိုင်း၊(ကဿမီယာနယ်) ဇလန္ဓရမြို့၌ ကနီသျှကာမင်းလက် ထက်၊ တွင် ကြေးပုရပိုက် ၌ သက္ကဋဘာသာဖြင့် ရေးထိုးကာ နောက်ထပ်တစ်ခါ စတုတ္ထအကြိမ်ဆိုပြီး သင်္ဂါယနာတင်ခဲ့ဟုလည်းတွေ့ရှိရပါသည်။
စတုတ္ထ သင်္ဂါယနာ (အိန္ဒိယ)
စတုတ္ထအကြိမ် သင်္ဂါသနာ (ကနိသျှကမင်း)
======================
ဗုဒ္ဓသာသနာတော်အတွင်း ပေါ်ပေါက်နေသော အဘိဓမ္မာ အယူအဆ အမျိုးမျိုးကို စုစည်း လျက် အသွင်တစ်မျိုးတည်း ဖြစ်စေရန်အတွက် ပါရသွမထေရ်၏ ညွှန်ကြားချက်အရ ကနိရှကဘုရင်သည် စတုတ္ထ သင်္ဂါယနာတင်သည်။ သို့သော် ထိုစတုတ္ထသင်္ဂါယနာကို ထေရ၀ါဒဗုဒ္ဓဘာသာက အသိအမှတ်မပြု ပေ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့၏ စတုတ္ထ သင်္ဂါယနာမှာ လင်္ကာဒီပ သီဟိုဠ်ကျွန်း၌ တင်သည်။ ရွှင်ကျန်၏ ခရီးသွားမှတ်တမ်းအရ ကနိရှကမင်းကြီး၏ စတုတ္ထ သင်္ဂါယနာကို ကနိရှကပူရ (ကရှမိရ်)၌ တင်သည်။
ယင်းသင်္ဂါယနာတင်ပွဲတွင် ပါဝင်ဆင်နွှဲရန်အတွက် ပညာရှင်ရဟန်း အပါး ၅၀၀ ကို အိန္ဒိယနိုင်ငံ နေရာအ သီးသီးမှ ပင့်ဖိတ်သည်။ ယင်း သင်္ဂါယနာတင်ပွဲ၌ ၀သုမိတြမထေရ်က သဘာပတိအဖြစ်လည်းကောင်း၊ သာကေတမှ ကြွရောက်လာသော မဟာက၀ိအဿဃောသမထေရ်က ဒုတိယ သဘာပတိအဖြစ် လည်း ကောင်း အသီးသီး ဆောင်ရွက်ကြသည်။ သင်္ဂါယနာ၏ အဓိကလုပ်ငန်းမှာ အချင်းချင်းဝါဒကွဲပြားနေခြင်းကို
ပယ်ဖျောက်ရန်အတွက် ပိဋကတ်သုံးပုံနှင့် ပတ်သက်၍ ၀ိဘာသာအမည်ရှိ ဋီကာကျမ်း ရေးသားပြုစု ရန် ဖြစ်သည်။ ရွှင်ကျန်က ဤသို့ ဆိုထားသည်။ ယင်းသင်္ဂါယနာ၌ သုတ္တန်ကျမ်းများနှင့် ပတ်သက်၍ ဥပဒေသ အမည်ဖြင့် ဂါထာပေါင်း ၁၀၀,၀၀၀ ရှိသော အဋ္ဌကထာကိုလည်းကောင်း၊ ၀ိနည်းပိဋကတ်နှင့် ပတ်သက်၍ ၀ိနယ၀ိဘာသာ သျှက္ကရအမည်ဖြင့် ဂါထာ ၁၀၀,၀၀၀ ရှိသော အဋ္ဌကထာကိုလည်းကောင်း၊ အဘိဓမ္မာ
ပိဋကတ်နှင့် ပတ်သက်၍ ၀ိဘာသာသျှတ္တရ အမည်ဖြင့် ဂါထာပေါင်း ၁၀၀,၀၀၀ ရှိသော အဋ္ဌကထာကို လည်းကောင်း ရေးသားသည်
သင်္ဂါယနာ တင်ပြီးသောအခါ ကနိရှကဘုရင်သည် အဋ္ဌကထာကျမ်းအားလုံးကို ကြေးပြားပေါ်၌ ရေးထွင်းပြီးလျှင်ကျောက်အိုးများထဲတွင် ထည့်သည်။ ပုထိုးတစ်ဆူတည်ပြီး ပုထိုးအတွင်း၌ အဋ္ဌကထာ ကျမ်းစာ ကြေးပြားများ ထည့်ထားသော ကျောက်အိုးများကို ဌာပနာ ထားလိုက်သည်ဟူ၍လည်း ရွှင်ကျန်က ဆိုထား သည်။ ၀ိဘာသာကို လက်ခံကြသူများဖြစ်ခြင်းကြောင့် မူလသဗ္ဗတ္ထိဝါဒီတို့၏ ဒုတိယအမည်မှာ ဝေဘာသိက
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့၏ စတုတ္ထ သင်္ဂါ ယနာမှာ လင်္ကာဒီပသီဟိုဠ်ကျွန်း၌ တင်သည်။ ရွှင်ကျန် ၏ ခရီးသွားမှတ်တမ်းအရ ကနိရှကမင်းကြီး၏ စတုတ္ထသင်္ဂါယနာကို ကနိရှကပူရ (ကရှမိရ်)၌ တင်သည်။ ယင်းသင်္ဂါယနာတင်ပွဲတွင် ပညာရှင်ရဟန်း အပါး ၅၀၀ ကို အိန္ဒိယနိုင်ငံ နေရာအသီး သီးမှ ပင့်ဖိတ်သည်။
သင်္ဂါယနာတင်ရခြင်းအကြောင်းရင်း။
သင်္ဂါယနာတင်ရခြင်းအကြောင်းရင်းမှာ အချင်းချင်း ၀ါဒကွဲပြားနေခြင်း ကို ပယ်ဖျောက်ရန်အတွက် ပိဋကတ်သုံးပုံနှင့် ပတ်သက်၍ ၀ိဘာသာအမည်ရှိ ဋီကာကျမ်း ရေးသားပြုစု ရန်ဖြစ်သည်။
သင်္ဂါယနာတင်သည့်ခုနှစ် သာသနာနှစ် (၆၂၂ ) (ခရစ် 78- A.D)
ဦးဆောင်သံဃာ=(၁) ၀သုမိတြမထေရ် သဘာပတိ၊ မဟာက၀ိအဿဃောသမထေရ် (ဒု-သဘာပတိ )
ပါဝင်သည့် စာပေပရိယတ္တိပညာရှင်ရဟန်းသံဃာ- (၅၀၀)
နေပြည်တော်မှာ ပုရုရှပူမ ရ (ပေရှာဝါ)ဖြစ်သည်။
နေရာ- အိန္ဒိယပြည်၊ ကသ္မီရတိုင်း (ကဿမီယာနယ်) ဇလန္ဒရမြို့
အချိန် (၆)လ ကြာမြင့်သည်။
သင်္ဂါယနာတင်သည့်ပစ္စည်း - ကြေးပြားပေါ်တွင်တင်သည်။
အထောက်အပံ့ပြုသည့်မင်း ၊ ကနိရှကမင်း
တင်သည့်ဘာသာ - ( သက္ကဋဘာသာ)
ဤသင်္ဂါယနာကိုလည်း ထေရ၀ါဒဂိုဏ်းအဖွဲ့များက အသိအမှတ်မပြုကြပေ။
အဘယ်ကြောင့်ဆိုသော် ။ ဗုဒ္ဓတားမြစ်ထားသော သက္ကဋဘာသာဖြင့် ရေးကြသောကြောင့်ဖြစ်ပေသည်။
ထိုကြောင့်
(က) သီဟိုဠ်ကျွန်း တွင် သီဟိုဠ်ဘာသာဖြင့် တင်ခဲ့သော သင်္ဂါယနာတင်ပွဲကို တောင်ပိုင်း သင်္ဂါယနာဟုလည်းကောင်း၊
(ခ) အိန္ဒိယနိုင်ငံတွင် ကနီသျှကာမင်း တင်ခဲ့သော သင်္ဂါယနာတင်ပွဲကို မြောက်ပိုင်း သင်္ဂါယနာတင်ပွဲ ဟုလည်းကောင်း ခေါ်ဝေါ်သည်ဟု တွေ့ရပါသည်။
ထိုသို့ သီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာကို ပေထက်အက္ခရာတင်ပြီး နှစ်ပေါင်း(၅၀၀)၀န်းကျင်လောက် ကြာသော (သာသနာနှစ် ၁၀ ရာစု) (ခရစ် 5 ရာစု) သို့ရောက်သောအခါမှ အိန္ဒိယပြည်၌ ပရက္ကမဗာဟု မင်းကြီးလက်ထက်သို့ရောက်လာသည် အချိန်တွင် အနောက်မစ္ဆိမဒေသ၏ စာပေအဆင့်အတန်း အခြေအနေမှာလည်း တိုးတက်မှုရှိလာပြီးဖြစ်နေသည်။ ထိုမင်းလက်ထက်တွင် အရှင်မဟာဗုဒ္ဓဃောသ မထေရ် သည် အိန္ဒိယမှ သီဟိုဠ်ပြည်သို့ ကြွ ရောက်ခဲ့ပြီး သီဟိုဠ်ဘာသာနှင့် ရှိသော ပိဋကတ်တော်များကို (ပါဠိ-မာဂဓ)ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်ဟုဆိုသည်၊
ဤသို အထက်ပါရေးသားဖေါ်ပြချက်များအရဆိုလျှင် ပထမ စတုတ္ထသင်္ဂါယနာကို သီဟိုဠ်နိုင်ငံတွင် ပါဠိဘာသာဖြင့် မဟုတ်ဘဲ သီဟိုဠ်ဘာသာဖြင့် သာ တင်ခဲ့ကြသည်မှာ ထင်ရှားနေပေသည်။
ဒုတိယစတုတ္ထသင်္ဂါယနာကို သက္ကဋဘာသာဖြင့် ကနိသျှကမင်းက တင်ခဲ့ပေသည်။ ထိုကြောင့် သာသနာသက္ကရာဇ် (၆၂၂) ထိ အချိန်တွင် သင်္ဂါယနာ ငါးကြိမ်ရှိနေပြီ။ ၄င်းတို့မှာ နှုတ်တိုက်အာဂုံ သင်္ဂါယနာအဖြစ် ပထမ၊ဒုတိယ၊တတိယသင်္ဂါယနာ တို့ဖြစ်ပြီး စတုတ္ထအကြိမ်တွင် သီဟိုဠ်ဘာသာဖြင့်ပေထက်အက္ခရာတစ်ကြိမ် ၊ ကြေးပြားတွင် သက္ကဋဘာသာဖြင့် တစ်ကြိမ် စုစုပေါင်း သင်္ဂါယနာ ၅ ကြိမ်ထိ ရှိနေပြိးဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
တတိယအကြိမ် စတုတ္ထသင်္ဂါယနာ(ရခိုင်ဝေသာလီ) ကြိုးတန်းပိဋကတ် ကို ဆက်လက်တင်ပြပါမည်။
မောင်ဖြူ (ကြွီတဲကျွန်း)
ကျမ်းကိုးကား။
1။ ဗုဒ္ဓဂေါတမနှင့် စန္ဒာသူရိယဘုရင်( ဦးလှထွန်းဖြူ)
2။ သာသနာ-၂၅၀၀ ခရီး (မောင်အံ့ -ဘုံဘေ)
3။ ကလျာဏီကျောက်စာ မြန်မာပြန်( တောင်တွင်းဆရာတော် ခင်ကြီးပျော်)
4။ ရခိုင်သုတပဒေသာ 2009 စက်တင်္ဘာစာအုပ်(ဦးအောင်ချစ်)
5။ ရခိုင်စာပေခရီး (အသျှင်ကောသလ- ဂဝေသီ)
6။ ရခိုင်ညွန့်ဖူး အမှတ်(၄)
7။ ဦးရစ်မြေမဂ္ဂဇင်း သင်္ဂါယနာဆန်းစစ်ချက် (စောမင်းနွယ်-မြောက်ဥိး)
8။(မေဃ၀တီ-ဦးနာရဒ) ဗုဒ္ဓသမိုင်း(သို့မဟုတ်)အမှတ်တရဒိုင်ယာရီ
9။( ပါရဂူ) ရာဇာနှင့်သာသနာ ၂၀၀၉ ခုနှစ်သြဂုတ်လ
10။ (လှသောင်း-Dip in B.Dh )ဗုဒ္ဓဃောသ ရှာပုံတော်နှင့် အခြားဆောင်းပါးများ
11။ ကျီးသဲလေးထပ်ဆရာတော် ၊မြန်မာပြန် သီဟိုဠ်ရာဇ၀င်-ဇမ္ဗူဒီပစာတမ်း၊ ပညာရွှေအိုးစာပေ၊ 1993.ဒီဇင်ဘာ
12။ ဓမ္မာစရိယဦးဌေးလှိုင်။ နိကာယ်အဌကထာကြီးများတွင် အရှင်ဗုဒ္ဓဃောသစံတင်ပြဌာန်းထားတော်မူသော
သီဟိုဠ်ခေတ် စံတော်ဝင်အရိယာများ။ 1981 ခု- ဇန်န၀ါရီ။ဗုဒ္ဓအသံစာပေ၊ကမ္ဘာအေး၊ရန်ကုန်
13။ ပရိယတ္တိ သာသနဟိတ ဓမ္မစရိယ ရွှေကျင်နာယက ဆရာတော် ၊အသျှင်သံဝရာဘိဝံသ ရေးသည့်
ဗုဒ္ဓနိုင်ငံတော် (တတိယတွဲ)2008-တတိယအကြိမ်
14။ ၀ဏ္ဏသီရိ- သင်္ဂါယနာသုံးတန်(သင်္ဂါယနာတင်ပုံဇာတ်လမ်းစုံ) ၊2009-မေလ (ဒုတိယအကြိမ်)
15။ သင်္ဂီတိ သင်္ဂါယနာသမိုင်းအကျဉ်း ၊ဒေါက်တာ ဥာဏိသရ။ သုတေသနနှင့် ကျမ်းပြုဌာန ၊ သီတဂူဗုဒ္ဓတက္ကသိုလ်2008 ။
16။ ပထမမောင်းထောင်ဆရာတော် ဥာဏာဘိဝံသဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇာဂုရု၏၊ (သာသနာဝံသစာတမ်း)ဦးသန်းထိုက်(သုတေသန)ရန်ကုန် -ရှေ့ရပ်စာပေ 2010

No comments:

Post a Comment