Tuesday, June 26, 2018

အာနန္ဒစန္ဒြကျောက်စာ ဂါထာအမှတ် 16/52/54 ကွဲလွဲချက်ကို ရှင်းလင်းတင်ပြခြင်း

 
===============================================

အာနန္ဒစန္ဒြမင်း ကျောက်စာကို အဓိပ္ပါယ်အပြည့်စုံဆုံး ဖေါ်ထုတ်ခဲ့သူမှာ အင်္ဂလန်နိုင်ငံ အောက်စဖို့စ်တက္ကသိုလ် ဘေလီယောကောလိပ်မှ အရှေ့တိုင်းပညာရပ်ဆိုင်ရာ ပါမောက္ခ E.H JOHNSTON ပင်ဖြစ်ပါသည်။ သို့သော် ပါမောက္ခဂျွန်စတင်သည် မိမိပြုစုရေးသားထားသော အာနန္ဒ စန္ဒြမင်းကျောက်စာ စာတမ်းကို အများပြည်သူသို့ ချပြနိုင်ရန် ထုတ်ဝေမှု မပြုခင် ကွယ်လွန်သွားခဲ့ သည်။ ထိုအခါ ပါမောက္ခဂျွန်စတင်၏ ရေးသားထားခဲ့သော စာတမ်းကို တက္ကသိုလ် ဘုတ်အဖွဲ့မှ ဆာရစ်ချက်စ်ဘန်းနှင့် ပါမောက္ခ ဂျီအိပ်(ခ်ျ)လပ်(ုစ)်တို့၏ အကူအညီဖြင့် တည်းဖြတ်သုတ်သင်ကာ Some Sanskrit Inscriptions of Arakan အမည်ဖြင့် ထုတ်ဝေခဲ့သည်ကိုတွေ့ရပါသည်။ ထိုစာ တမ်း ကို အခြေခံကာ ဆရာကြီး ဦးစံသာအောင်သည် မြန်မာနိုင်ငံမှ ပြည်သူများ သိရှိနားလည်စေရန် ရည် ရွယ်ချက်ဖြင့် မြန်မာဘာသာ သို့ပြန်ဆိုကာ “အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်း” အမည်ရှိသော စာအုပ်ကို 1975 ခုနှစ် ထုတ်ဝေ ဖြန့်ချီခဲ့ပေသည်။
ဆရာကြီးဦးစံသာအောင်သည် ပါမောက္ခဂျွန်စတင်၏ စာတမ်းကို ကျောက်စာ အက္ခရာ များနှင့်တကွ မြန်မာဘာသာသို့ ပြန်ဆိုသည့်အခါ တစ်ချို့သော စကားလုံးများ၌ မူရင်းကျောက်စာပါ အက္ခရာနှင့် ကွဲလွဲမှုရှိသည်ကို တွေ့ရပေသည်။ ဤဆောင်းပါးတွင် အာနန္ဒစန္ဒြမင်း ကျောက်စာ ဂါထာ အမှတ် (၁၆)(၅၂)(၅၄)တို့တွင် ကျောက်စာပါ အက္ခရာစာလုံးများ မြန်မာဘာသာသို့ ပြန်ရေး သည့် အခါ အက္ခရာများ ကွဲလွဲမှုရှိနေသည်ကို ရေးသားတင်ပြ သွားပါမည်။(ပုံ-၁)သည် အာနန္ဒစန္ဒြမင်း ကျောက်စာ ဂါထာအမှတ် (၁၆/၅၂/၅၄) မင်ကူး ဓါတ်ပုံမူများဖြစ်ပြီး (ပုံ-၂)မှာ ပါမောက္ခဂျွန်စတင်သည် အာနန္ဒစန္ဒြမင်းကျောက်စာပါ ဂါထာအမှတ်(၁၆/၅၂/၅၄)ကို သက္ကတဘာသာ အသံထွက်အတိုင်း အင်္ဂလိပ်အက္ခရာဖြင့် ဖလှယ်ထားသောပုံ ဖြစ်ပါသည်။(ပုံ-၃)သည် ဆရာကြီးဦးစံသာအောင်မှ အာနန္ဒ စန္ဒြမင်းကျောက်စာ ဂါထာအမှတ် (၁၆/၅၂/၅၄) မှ ကျောက်စာပါအက္ခရာကို လက်ရေးဖြင့် ရေးပြီး၊ ထိုကျောက်စာပါအက္ခရာကို ယနေ့သုံးအက္ခရာဖြင့် ဖလှယ်ထားသောပုံ ဖြစ်ပါသည်။
ယခုဖေါ်ပြသောပုံ(၁/၂/၃)တွင် အနီလိုင်းသားထားသော နေရာများသည် ကျောက် စာပါ အက္ခရာကို ဘာသာပြန်သည့်အခါ အက္ခရာကွဲလွဲမှု ရှိသည်ကို ပြထားသော နေရာများဖြစ်ပါသည်။
 



 
ကွဲလွဲချက်များကို မတင်ပြခင် ပါဠိဘာသာ နှင့် သက္ကတဘာသာတို့၌ စကားလုံးများအား ရေးသားပုံ ရေးသားနည်းများကို ဦးစွာ နည်းနည်းတင်ပြပါမည်။
ပါဠိဘာသာတွင် “ဓမ္မ” တရား ဟူသော စာလုံးကို သက္ကတဘာသာဖြင့် ရေးလျှင် “ဓရမ” ဟုရေးရသ လို သက္ကတဘာသာ၌ “ဓရမ” ဟုရေးထားသည်ကို ပါဠိ သို့ ပြောင်းလိုပါက “ဓမ္မ” ဟူ၍ ပြောင်းရ ပေ မည်။ ထိုအတူ ပါဠိတွင် “သဗ္ဗ” =အလုံးစုံသော စာလုံးကိုလည်း သက္ကတသို့ ပြောင်းယူရာတွင် “သရဗ” ဟူ၍ ရေးရမည် ဖြစ်သကဲ့သို့ ၊ သက္ကတလို “သရဗ” ရေးထားသည်ကို ပါဠိလိုပြောင်းလိုလျှင်လည်း “သဗ္ဗ” ဟူ၍ ပြောင်းယူရပေမည်။
ဥပမာ - သက္ကတလို “ဓရမ=တရား” ကို ပါဠိလို “ဓမ္မ=တရား” ဟု ပြောင်းယူရခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ (ပုံ-၄)
 

ထိုရေးနည်းအတိုင်းပင် သက္ကတလို “သရဗသတွာ” သည် သတ္တ၀ါအပေါင်း ဟု အဓိပ္ပါယ် ထွက်ပြီး ထိုသတ္တ၀ါအပေါင်း ကို ပါဠိ သို့ ပြောင်းမည်ဆိုလျှင် “သဗ္ဗသတ္တာ” သတ္တ၀ါအပေါင်း ဟူ၍ ပြောင်းယူရ ပေမည်။ ထိုအတူ သက္ကတ လို “သရဗဇနာ” သည် လူအပေါင်း ဟု အဓိပ္ပါယ်ထွက်သလို ထိုလူအပေါင်းကို ပါဠိလို ပြောင်းယူမည် ဆိုလျှင် “သဗ္ဗဇနာ(၀ါ) သဗ္ဗမနုဿ” ဟူ၍ ပြောင်းရပေမည်။ ဆိုလိုသည်မှ သက္ကတလို“သရဗ=အလုံးစုံ” ကို ပါဠိ “သဗ္ဗ=အလုံးစုံ” ကို အဓိပ္ပါယ်ဖေါ်ဆောင် အက္ခရာ သွင်းရာတွင် (ဗ) ဖြင့်သာ ပြောင်းယူရခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ (ပုံ-၅)
 
 
ကျောက်စာတွင်လည်း (ဗ) ဖြင့်သာ ရေးသားထားသည်ကို တွေ့ရပါသည်။ ထိုရေး နည်းအတိုင်းလည်း အာနန္ဒစန္ဒြမင်းကျောက်စာ၌ ရေးထားသည်များကို အများအပြား တွေ့ရပါသည်။
အာနန္ဒစန္ဒြမင်းကျောက်စာကြောင်းရေ (၁၄) ဂါထာအမှတ်(၁၆)တွင် အလုံးစုံသော ၊ခပ်သိမ်းသော ဟု အဓိပ္ပါယ်ရသည့် “သရဗ=သဗ္ဗ” ဟူသော အက္ခရာ စာလုံးကို ပါမောက္ခဂျွန်စတင်က မူရင်း အသံ အ တိုင်း “Sarva”ဟု အနက်အဓိပ္ပါယ် ဖွင့်ဆိုသည်ကိုတွေ့ရသည်။
ပါမောက္ခဂျွန်စတင် စာတမ်း၌ အဓိပ္ပါယ်ဖွင့်ဆိုသော “သရဗ=Sarva= ” ကို ဆရာကြီး ဦးစံသာအောင် မှ ယနေ့သုံး အက္ခရာဖြင့် ဖလှယ်ရာတွင် ထို “ သရဗ=Sarva=သရ၀ံ” ဟူ၍ ကျောက် စာပါ (ဗ) အက္ခရာကို (၀) အက္ခရာဖြင့် ဖွင့်ဆိုရေးထားသည်ကို တွေ့ရပါသည်။(ရ၀) အထက်မှ (ရ) အငယ်တစ်လုံး တင်ထားပါသည်။ (ပုံ-၃/၆)ရှုပါ။


အာနန္ဒစန္ဒြမင်းကျောက်စာ၌ အမှန်ရေးထိုးထားသည့် အက္ခရာက (သရဗ) သာ ဖြစ်ပြီး (သရ၀) မဟုတ်ပါကြောင်း ၊ ဆရာကြီးဦးစံသာအောင်သည် အင်္ဂလိပ်လို Vesali ကို ဝေသာလီ ဟု ဘာသာ ပြန်ဘိသကဲ့သို့၊ သက္ကတလို “Vimံśã=ဗိံဆ့” ကို ( ၀ိံသ=၂၀) ဟု ပါဠိလိုတိုက်ရိုက် အဓိပ္ပါယ် ကောက်ယူသွားမိသည်ဟု ထင်မြင်မိပါသည်။ ထိုကြောင့် ဆရာကြီးသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ “သရဗ=Sarva” ကို (သရ၀) ဟု (ဗ) ကို (၀) အဖြစ် သက္ကတလို (ဗိံဆ့ ) ပါဠိသံ ( ၀ိံသ) အဖြစ် တစ်ခါတည်း အဓိပ္ပါယ် ပြန်လိုက်ခြင်းဖြစ်မည်ဟု သုံးသပ်မိပါသည် ။ မှတ်ချက်- MP သည် ဦးမောင်ဖြူကို ရည်ညွှန်းပြီး၊ John သည် ဂျွန်စတင်ကို ရည်ညွှန်းပါသည်။ U.S.T.A သည် ဆရာကြီးဦးစံသာအောင်ကို ရည်ညွန်းပါသည်။

 
 
ပါမောက္ခဂျွန်စတင်စာတမ်းမူကို ဆရာကြီးဦးစံသာအောင်မှ သက္ကတ ( ဗ) အသံ ကို ပါဠိ (၀) အသံ သို့ တိုက်ရိုက်ပြောင်း၍ ဘာသာပြန်ထားသော အာနန္ဒစန္ဒြကျောက်စာမှ ဂါထာအချို့ကို နမူနာ သက်သေ ထား၍ ရေးသားတင်ပြ လိုက်ရပါသည်။(ပုံ-၇)
 
 
မောင်ဖြူ (ကြွီတဲကျွန်း)
26.6.2018 - 9း40 PM
ကိုးကား
အာနန္ဒစန္ဒြမင်ကူးဓါတ်ပုံမူ
E.H Johnston. Some Sanskrit Inscriptions of Arakan
ပါမောက္ခ ဦးစံသာအောင်- အာနန္ဒစန္ဒြရှစ်ရာစုရခိုင်ဝေသာလီမင်း၊
ဦးမြင့်ဆွေ (သက္ကတ) မဟာဝိဇ္ဇာ(လန်ဒန်)- သက္ကတသဒ္ဒါကျမ်း
ဦးဟုတ်စိန်-ဘိ.အေ(ဂုဏ်ထူး) ဘီ.အယ်(လ်) ပဒတ္ထမဉ္စူသာ ပါဠိမြန်မာအဘိဓါန် ၊
ဦးရွှေမောင် M.A (သက္ကဋ) ရှေးဟောင်းသက္ကတသဒ္ဒါကျမ်း

No comments:

Post a Comment